အခန်း ၆၀၉
Vol. 30 Ch. 609
အခန်း (၆၀၉)
ရွာသူကြီးသည် အနီးရှိ တံခါးတိုင်ကို လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထုရိုက်လိုက်ရာ သူ၏မျက်နှာထက်တွင် နောင်တရရိပ်များ အထင်အရှား လွှမ်းမိုးနေချေသည်။
“အဲ့ကောင်ကိုသာ ငါမိလို့ကတော့ အပိုင်းပိုင်း အစအစဖြစ်အောင် ဆွဲဖြဲပစ်ဦးမည်”
စီဒန်ဟွာက သက်ပြင်းတစ်ချက်ကို ဖွဖွချရင်း ရွာသူကြီးအား ဖြောင်းဖျလေသည်။
“ရွာသူကြီးလည်း ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အပြစ်မတင်ပါနဲ့တော့၊ ထိုမိစ္ဆာကျင့်ကြံသူကိုသာ ဖမ်းမိခဲ့ရင် သူစုပ်ယူသွားတဲ့ ဝိညာဉ်တွေအားလုံးကို ပြန်ထွေးထုတ်လာစေမယ့် နည်းလမ်း အာဟိုင်မှာ ရှိတယ်လို့ ပြောပါတယ်”
“တကယ်လား”
ရွာသူကြီးသည် ဝမ်းသာအားရဖြင့် ချင်ယွမ်ဖုန်း၏ ပုခုံးနှစ်ဖက်ကို ဖမ်းကိုင်လိုက်မိတော့သည်။
“တကယ်ပါ”
ချင်ယွမ်ဖုန်းက စိတ်မကောင်းစွာဖြင့် ပြုံးလျက် ပြန်လည်ပြောကြားလေသည်။
“ဒါပေမဲ့ အဓိက သတ်မှတ်ချက်ကတော့ ထိုမိစ္ဆာကျင့်ကြံသူကို အရင်ဆုံး ဖမ်းမိဖို့ပါပဲ”
“ကောင်းပြီ၊ စိတ်မပူပါနဲ့၊ ငါ အခုချက်ချင်းပဲ သတင်းဖြန့်ပြီး သူ့ရဲ့ ပုံတူပန်းချီကို လှည့်လည်ကြည့်ရှုစေပါ့မယ်၊ ဒီလိုမုန်းတီးဖို့ကောင်းတဲ့ ကောင်ကို မရရအောင် ဖမ်းဆီးရမယ်”
ရွာသူကြီးက ခက်ထန်သော လေသံဖြင့် ဆိုလေသည်။
“အဲ့လိုဆိုရင် အကောင်းဆုံး ဖြစ်ပေလိမ့်မယ်”
ချင်ယွမ်ဖုန်းကလည်း သဘောတူညီစွာဖြင့် ဆို၏။
ထိုသို့ သူတို့စကားဆိုနေကြစဉ်အတွင်း အနီးနားမလှမ်းမကမ်းနေရာတစ်ခုမှ လူရိပ်တစ်ခုက သူတို့အား စောင့်ကြည့်နေသည်ကိုမူ မည်သူမျှ သတိမပြုမိကြချေ။
ကိစ္စရပ်များ ပြီးဆုံးသွားသည့်နောက်တွင် စီဒန်ဟွာသည် ချင်ယွမ်ဖုန်းကို ခေါ်ဆောင်၍ ပြန်ရန် ပြင်ဆင်လေသည်။
ရွာသူကြီးက ဆေးနတ်ဘုရား နှစ်ဦးအား ရွာတွင် ကျွေးမွေးလိုသဖြင့် အတတ်နိုင်ဆုံး တောင်းပန်တားဆီးသော်လည်း သူတို့ကမူ ယဉ်ကျေးစွာဖြင့်ပင် ငြင်းပယ်ခဲ့ကြသည်။
မထွက်ခွာမီတွင် ချင်ယွမ်ဖုန်းသည် ရုတ်တရက် ခေါင်းကို လှည့်ကြည့်ကာ မလှမ်းမကမ်းရှိ အိမ်ခြေများကြားမှ ထောင့်စွန်းတစ်ခုကို စိုက်ကြည့်မိပြီးမှ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်လေသည်။
မိမိတို့အား စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ သူအမြဲ ခံစားနေရသော်လည်း လှည့်ပတ်ကြည့်ရှုသည့်အခါတွင်မူ မည်သည့်အရာကိုမျှ မတွေ့ရှိရပေ။
သူတို့ ထွက်ခွာသွားပြီးသည့်နောက်တွင် ချင်ယွမ်ဖုန်း သတိပြုမိခဲ့သော နေရာမှ လူရိပ်တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့ရာ ထိုသူ၏ မျက်ဝန်းများထဲတွင် အမုန်းတရားအဆိပ်အတောက်များ ပြည့်နှက်နေချေသည်။
“ဖီတယ်ယွမ် ထံမှ မုန်းတီးမှု တစ်ရာ ရရှိသည်”
ချင်ယွမ်ဖုန်းသည် ထိုကဲ့သို့သော အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လျင်မြန်စွာ လှည့်ကြည့်မိသော်လည်း စီဒန်ဟွာနှင့် သူ၏သမီးငယ်မှတစ်ပါး အခြားမည်သူမျှ ရှိမနေချေ။
“အာဟိုင်၊ ဘာဖြစ်လို့လဲ”
ချင်ယွမ်ဖုန်း၏ ဇဝေဇဝါ ဖြစ်နေသော မျက်နှာအမူအရာကို မြင်သောအခါ စီယန်ရုက စိုးရိမ်တကြီး မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း ဆို၏။
“ဘာမှမဟုတ်ပါဘူး၊ ငါ နည်းနည်းပင်ပန်းသွားလို့ အကြားအာရုံ မှားယွင်းတာ ဖြစ်နိုင်တယ်”
“ဒါဆိုရင်လည်း မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ရမယ်လေ”
စီယန်ရုက ကြင်နာသနားစွာဖြင့် ပြောကြားလေသည်။
“စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး”
ချင်ယွမ်ဖုန်းက ပြုံးလျက် ပြန်လည်ပြောဆိုလိုက်၏။
ထိုရွာမှ ထွက်ခွာလာပြီးနောက် သူတို့သည် အနီးနားရှိ ပင်လယ်ကျွန်းငယ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြရာ ထိုနေရာသည် စည်ကားလှသော ဈေးတစ်ခုဖြစ်ပြီး ကျွန်းပေါ်တွင် အသက်ဝင်ဆုံးသော နေရာလည်း ဖြစ်ပေသည်။
စီယန်ရု အနှစ်သက်ဆုံး နေရာသည် အရာခပ်သိမ်းကို ရောင်းချနေသည့် ထိုစည်ကားလှသော ဈေးပင် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည်လည်း စိတ်ကြည်လင်လာခဲ့ပြီး စည်ကားလှသော ပတ်ဝန်းကျင်ကြောင့် သူ၏ စိုးရိမ်ပူပန်မှုအချို့ကို ယာယီအားဖြင့် မေ့ပျောက်သွားစေသည်။
ထိုသို့ လျှောက်လှမ်းလာရင်း သူတို့သည် ကုန်သည်ကြီးများအသင်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြရာ ကုန်သည်အသင်းသည် ကြီးမားလှသည်မဟုတ်သော်လည်း အတွင်းရှိ ပစ္စည်းများမှာမူ အလွန်စုံလင်လှပြီး ရတနာလက်နက်များ၊ ဝိညာဉ်ဆေးပင်များနှင့် စိတ်ကူးကြည့်နိုင်သမျှ အရာအားလုံး ရှိနေချေသည်။
ချင်ယွမ်ဖုန်းသည် ထိုရတနာလက်နက်များကို ကြည့်ရှုရင်း မသိစိတ်မှ ငေးမှိုင်သွားမိသည်။
“အာဟိုင်၊ ဘာဖြစ်လို့လဲ၊ ရတနာလက်နက်တစ်ခု လိုချင်လို့လား၊ ငါ ဖေဖေ့ကို ဝယ်ခိုင်းပေးမယ်လေ”
စီယန်ရုက ဆို၏။
ချင်ယွမ်ဖုန်းက လက်ကို အလျင်အမြန် ယမ်းခါလိုက်ရင်း ပြောသည်။
“မဟုတ်ပါဘူး၊ ငါ့မှာလည်း ရတနာလက်နက်တစ်ခု ရှိခဲ့ဖူးသလိုမျိုး ဝေဝေဝါးဝါး မှတ်မိနေလို့ပါ”
“တကယ်လား၊ အာဟိုင်ရဲ့ ရတနာလက်နက်က ဘယ်လိုမျိုး ဖြစ်မလဲမသိဘူးနော်”
စီယန်ရုက စူးစမ်းလိုစိတ်ဖြင့် တွေးတောနေမိတော့သည်။
ချင်ယွမ်ဖုန်း၏ ပိုင်ဆိုင်မှုများမှာ အလွန်ပင် ရိုးရှင်းလှရာ သူ၏လက်တွင် ဝတ်ဆင်ထားသော လက်စွပ်တစ်ကွင်းနှင့် လည်ပင်းတွင် ဆွဲထားသော ကြေးညိုရောင် တံခါးငယ် ပုံစံတူ နှစ်ခုမှတစ်ပါး အခြားမရှိချေ။
“အော်... ဟုတ်သားပဲ၊ ဖေဖေပြောတာတော့ မင်းလက်က လက်စွပ်က သိုလှောင်လက်စွပ်တစ်ကွင်း ဖြစ်ရမယ်တဲ့၊ အလွန်ချမ်းသာတဲ့ လူတွေပဲ အဲဒါကို ပိုင်ဆိုင်နိုင်ကြတာလေ”
စီယန်ရုက ပြုံးလျက် ဆိုသည်။
“ထိုသို့လော”
ချင်ယွမ်ဖုန်းက ခေါင်းကို ကုတ်ရင်း ပြောချေသည်။
“ဒါပေမဲ့ အခု ငါ အဲဒါကို ဘယ်လိုမှ ဖွင့်လို့မရဘူး ဖြစ်နေတယ်”
“ကိစ္စမရှိပါဘူး၊ ဖေဖေပြောတာတော့ မင်းရဲ့ အတွင်းဒဏ်ရာတွေ ပျောက်ကင်းသွားရင် မင်းရဲ့ ခွန်အားအချို့ ပြန်လည်ကောင်းမွန်လာလိမ့်မယ်တဲ့၊ အဲဒီကျရင် မင်း ဖွင့်နိုင်မှာပါ”
စီယန်ရုက နှလုံးသွင်းကာ ဆို၏။
“နားလည်ပါပြီ”
ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုသည်။
အမှန်စင်စစ်တွင်မူ စီယန်ရုနှင့် စီဒန်ဟွာတို့ ယခင်က ပြောဆိုခဲ့ကြသည်များကို ချင်ယွမ်ဖုန်း ကြားသိခဲ့ပြီး ဖြစ်ချေသည်။
စီဒန်ဟွာ၏ မူလစကားအရမူ သူ၏အတွင်းဒဏ်ရာများသည် ပြင်းထန်လွန်းလှသဖြင့် ဒဏ်ရာများ ပျောက်ကင်းသွားလျှင်ပင် သာမန်လူတစ်ဦးအဖြစ်သာ ရှိနေနိုင်တော့မည်ဖြစ်ပြီး မည်သည့်အခါမျှ ပြန်လည်ကျင့်ကြံနိုင်တော့မည် မဟုတ်ပေ။
ယခု စီယန်ရု ပြောနေသည်မှာ ချင်ယွမ်ဖုန်းကို နှစ်သိမ့်ရုံသက်သက်သာ ဖြစ်ပေသည်။
စီဒန်ဟွာသည် ကုန်သည်ကြီးများအသင်းသို့ ရောက်ရှိသောအခါ ပင်လယ်သားရဲများကို အမဲလိုက်ရာမှ ရရှိခဲ့သော ပစ္စည်းများနှင့် မိစ္ဆာအနှစ်သာရလုံးများကို ရောင်းချပြီး နေ့စဉ်သုံး ပစ္စည်းအချို့ကို ဝယ်ယူလေသည်။
ချင်ယွမ်ဖုန်းနှင့် စီယန်ရုတို့သည် ကျွန်းပေါ်တွင် လှည့်လည်သွားလာရင်း မကြာမီတွင် ထူးခြားသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ဆေးဖော်စပ်သူတစ်ဦးသည် အပြင်ဘက်တွင် ဆေးဖော်စပ်ပြသနေရာ လူအများအပြား ဝန်းရံကြည့်ရှုနေကြချေသည်။ သို့သော်လည်း ထိုဆေးဖော်စပ်သူသည် ဒုတိယအဆင့် ဆေးဖော်စပ်သူမျှသာ ဖြစ်ပြီး သူ၏ဆေးဖော်စပ်မှု အတတ်ပညာမှာလည်း အလွန်ပင် ညံ့ဖျင်းလှပေသည်။
ချင်ယွမ်ဖုန်းသည် မသိစိတ်မှ ဆွဲဆောင်ခြင်းခံလိုက်ရသဖြင့် စီယန်ရုကို ဆွဲခေါ်ကာ ရှေ့သို့ သွားရောက်ကြည့်ရှုလေသည်။
မည်သည့်အကြောင်းကြောင့်ရယ်မသိ၊ ထိုဆေးဖော်စပ်သူ၏ ဆေးဖော်စပ်မှု နည်းစနစ်များသည် ချင်ယွမ်ဖုန်း၏ မျက်စိထဲတွင် ဟာကွက်များဖြင့် ပြည့်နှက်နေသကဲ့သို့ မြင်တွေ့နေရပြီး သူသည် ကံကောင်းခြင်းသက်သက်ဖြင့်သာ ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်ခြင်း ဖြစ်ချေသည်။
“အာဟိုင်၊ ဘာဖြစ်လို့လဲ”
စီယန်ရုက မေးမြန်းသည်။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းလိုက်ရင်း ဆို၏။
“ဘာမှမဟုတ်ပါဘူး၊ ငါလည်း အရင်က ဆေးဖော်စပ်ခြင်းအတတ်ပညာကို တတ်ကျွမ်းခဲ့ဖူးသလိုမျိုး ရင်းနှီးမှုကို ခံစားနေရလို့ပါ”
“တကယ်လား”
စီယန်ရုသည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်ရင်း ဆိုလေသည်။
“ဒါဆိုရင် အာဟိုင်ကလည်း ဆေးဖော်စပ်သူတစ်ယောက် ပေါ့လား”
ထိုစကားသည် ပတ်ဝန်းကျင်ရှိ လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်မှာ အမှန်ပင် ဖြစ်ချေသည်။
သူတို့ကိုလည်း အပြစ်ဆို၍ မရပေ၊ အကြောင်းမူကား အခြေမဲ့ကျွန်းစုပေါ်တွင် ကုန်းတွင်းပိုင်းနှင့် အဆက်အသွယ် ပြတ်တောက်နေသည်မှာ ကြာမြင့်ပြီဖြစ်ရာ ဤနေရာတွင် ဆေးဖော်စပ်သူများကို အလွန်မွန်မြတ်လှသည်ဟု သတ်မှတ်ကြပြီး ဒုတိယအဆင့် ဆေးဖော်စပ်သူတစ်ဦးပင်လျှင် အလွန်တန်ဖိုးရှိလှသော တည်ရှိမှု ဖြစ်ပေသည်။
သူတို့သည် ဝင်ပေါက်တွင် ထိုသို့ ထင်ထင်ရှားရှား ဆေးဖော်စပ်ပြသနေခြင်းမှာလည်း ဆေးဖော်စပ်သူဟူသော အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ရန်နှင့် ဆေးဖော်စပ်သူများ မည်မျှအစွမ်းထက်ကြောင်း လူအများအား ပြသလိုခြင်းကြောင့် ဖြစ်ချေသည်။
သူတို့သည် အနည်းငယ် ကြွားဝါလိုခြင်းမျှသာ ဖြစ်ပေသည်။
စီယန်ရု၏ အသံကို ကြားသောအခါ ဆေးဖော်စပ်နေသော ဆေးဖော်စပ်သူသည် မျက်မှောင်ကြုတ်သွားမိပြီး သူ၏ ဆေးမီးဖိုအတွင်းမှ ဆေးလုံးသည် အသံအက်အက်တစ်ခုကို မြည်ဟီးစေခဲ့သည်။
ဆေးမီးဖို ပေါက်ကွဲသွားချေပြီ။
“လူတိုင်းက ကိုယ့်ကိုယ်ကိုယ် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်နိုင်တယ်လို့ တကယ်ပဲ ထင်နေကြတာလား”
ထိုဆေးဖော်စပ်သူက သူ၏နှုတ်ခမ်းထက်တွင် လှောင်ပြုံးတစ်ခုဖြင့် အေးစက်စွာ ဆိုလေသည်။
“မင်းတို့က ငါ့ရဲ့ ဆေးဖော်စပ်မှုကို နှောင့်ယှက်လိုက်လို့ ငါ့ရဲ့ ဒီဒုတိယအဆင့် ဆေးလုံး ပျက်စီးသွားရပြီ၊ ပြောစမ်း၊ မင်းတို့ ဘယ်လိုလျော်ကြေးပေးမလဲ”
စီယန်ရုသည် မှင်တက်သွားမိရင်း ဆိုသည်။
“နင် ဘာသာနင် ဆေးဖော်စပ်တာ ရှုံးနိမ့်သွားတာလေ၊ အဲဒါ ငါတို့နဲ့ ဘာဆိုင်လို့လဲ”
“လျှောက်မပြောနဲ့၊ မင်းတို့က ငါ့ကို နှောင့်ယှက်လိုက်တာ ထင်ရှားနေတာပဲ၊ အဲ့လိုမဟုတ်ရင် ဒီဆေးလုံးက အောင်မြင်စွာ ဖော်စပ်ပြီးသား ဖြစ်နေပြီ”
ဆေးဖော်စပ်သူက ခက်ထန်စွာ ဆိုလေသည်။
စီယန်ရုသည် ဒေါသထွက်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ဘဲ ဖြစ်ရရာ ချင်ယွမ်ဖုန်းကလည်း သူတို့ မနှောင့်ယှက်ခဲ့လျှင်ပင် ထိုဆေးလုံးသည် ပေါက်ကွဲသွားမည်ဖြစ်ကြောင်း မြင်တွေ့ခဲ့ရချေသည်။
“မင်းရဲ့ ဆေးဖော်စပ်တဲ့ နည်းလမ်းကိုယ်တိုင်က ပြဿနာရှိနေတာကို ဘာဖြစ်လို့ ငါတို့ကို အပြစ်ပုံချနေရတာလဲ”
ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် ဆိုလိုက်၏။
“ငါ့ရဲ့ ဆေးဖော်စပ်မှုနည်းစနစ်က ပြဿနာရှိနေတယ် ဟုတ်လား”
ဆေးဖော်စပ်သူသည် ချက်ချင်းပင် ထရပ်လိုက်ပြီး ဆိုသည်။
“ဒီလိုစကားမျိုးကို ပြောဝံ့အောင် မင်းက ဘာကောင်မို့လို့လဲ”
“ငါက အမှန်တရားကို ပြောပြရုံသက်သက်ပါပဲ”
ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလေသည်။
“ချွေကျား ထံမှ မုန်းတီးမှု တစ်ရာ ရရှိသည်”
ချင်ယွမ်ဖုန်းသည် ထိုအသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် လန့်ဖျန့်သွားမိသည်။ ထိုအသံသည် သူ၏ နားရွက်အနီးနားမှပင် ထွက်ပေါ်လာသကဲ့သို့ ခံစားရချေသည်။
“ဘယ်သူလဲ”
ချင်ယွမ်ဖုန်းသည် လျင်မြန်စွာ လှည့်ကြည့်လိုက်သော်လည်း သူ၏နောက်တွင် အံ့အားသင့်နေသော စီယန်ရုကိုသာ တွေ့ရှိရချေသည်။
ဈေးသို့မလာမီကလည်း ချင်ယွမ်ဖုန်းသည် ဤအသံမျိုးကို ကြားခဲ့ဖူးပြီး အသံနှစ်ခုကြားရှိ တစ်ခုတည်းသော ကွဲပြားချက်မှာ အမည်နာမသာ ဖြစ်ပေသည်။
“မင်းနာမည်က ချွေကျား လား”
ချင်ယွမ်ဖုန်းသည် စိတ်လှုပ်ရှားသွားမိပြီး လျင်မြန်စွာ လှည့်၍ မေးမြန်းလိုက်ချေသည်။
“စကားလမ်းကြောင်းကို လွှဲမနေနဲ့”
ဆေးဖော်စပ်သူသည် ခက်ထန်စွာ ပြောဆိုရင်း ချင်ယွမ်ဖုန်း၏ စကားကို မသိစိတ်မှ ဝန်ခံလိုက်ရာ ထိုသူက ဆက်လက်၍ ဆိုသည်။
“အော်... ဟုတ်သားပဲ၊ ဒီမိန်းကလေးငယ်က မင်းကလည်း ဆေးဖော်စပ်သူတစ်ယောက်လို့ ပြောနေတယ် မဟုတ်လား၊ ဒါဆိုရင် မင်းလည်း ဆေးဖော်စပ်ပြပြီး ငါ့ကို သက်သေပြပါလား”