အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁) - ရတနာလက်ဆောင်ပေးခြင်း
လေငြိမ်ပုလဲကို ရရှိပြီးနောက် ချိုးယွီနင်နှင့် အခြားသူများသည် အလျင်စလို ထွက်မသွားကြဘဲ ရှဲ့ဖုန်းတောင်ကြားတွင် ခေတ္တအနားယူရန် ဆုံးဖြတ်လိုက်ကြသည်။
ချန်လော့နှင့် ပိုင်ယီယီတို့သည် မီးပုံရှေ့တွင် ထိုင်နေကြ၏။
ပိုင်ယီယီက ချန်လော့ကို လှည့်ကြည့်လိုက်ပြီး တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့ထံသို့ သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်ပေသည်။
ချန်လော့သည် သူ၏လက်ထဲသို့ ရောက်လာသော မမျှော်လင့်ထားသည့် အရာကြောင့် အံ့အားသင့်သွားသည်။
"ယီယီ… မင်း ဘာဖြစ်လို့လဲ"
"ဒါက ပြန်လည်အားဖြည့်ဖို့အတွက် ဆေးလုံးတချို့ပါ… အစ်ကိုချန်လော့ ယူထားလိုက်ပါ… ကျွန်မဆီမှာ အများကြီး ကျန်ပါသေးတယ်"
ချန်လော့သည် ပိုင်ယီယီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ စိတ်အာရုံကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းကြည့်လိုက်ရာ အံ့အားသင့်သွားခဲ့ရသည်။
ဤသိုလှောင်အိတ်ထဲတွင် ပြန်လည်အားဖြည့်ဆေးလုံး အလုံးနှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့် ပါဝင်ပြီး အများစုမှာ အဆင့်နှစ် ဆေးလုံးများ ဖြစ်သော်လည်း ၎င်းတို့၏ စုစုပေါင်းတန်ဖိုးမှာ မနည်းလှပေ။အားဖြည့်ဆေးလုံးများအပြင် အခြားပစ္စည်းများလည်း ပါဝင်ပြီး ကာကွယ်ရေး မှော်လက်နက်တစ်ခုပင် ပါဝင်နေသေး၏။
ပိုင်ယီယီသည် သူမ၏ ရတနာအများစုကို ချန်လော့အား ပေးလိုက်ခြင်း ဖြစ်ပုံရသည်။
ချန်လော့သည် ဤပစ္စည်းများကို ကြည့်ရင်း အချိန်အတော်ကြာ တွေးတောနေပြီးနောက် ပိုင်ယီယီကို ပြုံးပြလိုက်ကာ ငြင်းဆန်ခြင်း မပြုတော့ချေ။
ထိုအချိန်တွင် ချိုးယွီနင်သည် ချန်လော့၏ အနီးသို့ လျှောက်လာပြီး သစ်သားသေတ္တာငယ်တစ်ခုကို ကမ်းပေးလိုက်သည်။
"အစ်ကိုချန်… ဒီပစ္စည်းတွေကို ယူထားလိုက်ပါ"
ချန်လော့သည် ခေတ္တမျှ ကြောင်အမ်းသွားပြီး ထိုသစ်သားသေတ္တာငယ်ကို ယူကာ ဖွင့်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားရတော့သည်။
သေတ္တာငယ်ထဲတွင် ဆေးလုံး ဆယ်လုံးခန့် ရှိနေသည်။ ဤဆေးလုံးများသည် ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ပြန်လည်ပြည့်ဖြိုးစေနိုင်သော အဆင့်(၃) ပြန်လည်အားဖြည့်ဆေးလုံးများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပေသည်။
ထို့အပြင် သူ မသိသော အဆင့်(၄) ဆေးလုံး သုံးလုံးပင် ပါဝင်နေသေးပြီး ထိုဆေးလုံးများသည်လည်း ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်းရန် အသုံးပြုခြင်းဖြစ်မည်ဟု သူ ခန့်မှန်းမိသည်။
ပို၍ အရေးကြီးသည်မှာ ဤဆေးလုံးများသည် အလွန် အရည်အသွေးမြင့်မားပုံရပြီး တန်ဖိုးကြီးမားမည်မှာ အသေအချာပင်။
ချန်လော့သည် ဤဆေးလုံးများကို မြင်တွေ့ရသဖြင့် သဘာဝကျကျပင် ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်မူ ထိုသို့ မပြသခဲ့ပေ။
"ဒါ… ဒါက အရမ်းတန်ဖိုးကြီးလွန်းပါတယ်"
ချန်လော့က အလျင်အမြန် ငြင်းဆန်လိုက်ပြီး သေတ္တာကို ပြန်ပေးရန် ဟန်ပြင်လိုက်သည်။
ချိုးယွီနင်က ခေါင်းခါပြလိုက်သည်။
"ကျွန်တော့်ဆီမှာ ကျန်ပါသေးတယ်… လောက်ပါတယ်… အစ်ကိုချန်… ဒီဆေးလုံးတွေကိုသာ ယူထားလိုက်ပါ"
"ဒါပေမဲ့ ဒီဆေးလုံးတွေကို ငါ့ကိုပေးတာက နှမြောစရာကြီး ဖြစ်နေလိမ့်မယ်"
"ငါ့ရဲ့ ဝိညာဉ်စွမ်းအင်က အားနည်းတယ်… ဆေးလုံးကို သုံးပြီး ဝိညာဉ်စွမ်းအင်ကို ပြန်ဖြည့်ရင်တောင် ဆေးလုံးရဲ့ အပြည့်အဝ စွမ်းအားကို ထုတ်သုံးနိုင်မှာ မဟုတ်ဘူး… ဆေးလုံးကို အလဟဿ ဖြစ်စေသလိုပဲ"
ချန်လော့၏ စကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။
"အစ်ကိုချန်… ခင်ဗျားကိုယ်ခင်ဗျား အထင်မသေးပါနဲ့… အရင်က ခင်ဗျားသာ အကြိမ်ကြိမ် ဝင်မပါခဲ့ရင် လျူချီက လေပြေတောင်ပံငှက်ဘုရင်ရဲ့ သတ်ဖြတ်တာကို ခံရလောက်ပြီ"
"အစ်ကိုချန်က ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားလို့ ဝင်မပါနိုင်ခဲ့တာလေ၊ ကျွန်တော်တို့ဆီမှာ ဒီဆေးလုံးတွေ ရှိနေရင် ဒီလိုမျိုး နောက်တစ်ကြိမ် ဖြစ်လာမှာကို ရှောင်ရှားနိုင်ပြီ… ဘယ်လိုလုပ် အလဟဿ ဖြစ်တယ်လို့ သတ်မှတ်လို့ရမှာလဲ"
ချိုးယွီနင်၏ အတင်းအကျပ် တိုက်တွန်းမှုကို မြင်တွေ့လိုက်ရသဖြင့် ချန်လော့သည် ရွေးချယ်စရာ မရှိတော့ဘဲ ခေါင်းညိတ်လိုက်ကာ ထိုဆေးလုံးများကို မတတ်သာသည့်ဟန်ဖြင့် လက်ခံလိုက်တော့သည်။
ချန်လော့က ဆေးလုံးများကို လက်ခံလိုက်သည်ကို မြင်သောအခါ ချိုးယွီနင် ပြုံးလိုက်ပြီး လှည့်ထွက်သွား၏။
ချိုးယွီနင် ထွက်သွားသည်နှင့် တပြိုင်နက် လျူချီ လျှောက်လာခဲ့သည်။
သူ၏ ခြေထောက်ဒဏ်ရာမှာ အရင်ကတည်းက ရရှိခဲ့ခြင်းဖြစ်ပြီး အနည်းငယ် သက်သာလာပြီ ဖြစ်သော်လည်း လမ်းလျှောက်သည့်အခါ ထော့နဲ့ထော့နဲ့ ဖြစ်နေဆဲပင်။
"အစ်ကိုချန်… အရင်က ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ချန်လော့က ပြုံးလိုက်ပြီး စကားဆိုလိုက်သည်။
"အဖော်တွေအချင်းချင်း ကူညီရမှာက သဘာဝပဲ မဟုတ်ဘူးလား"
ထိုစကားကို ကြားလိုက်ရချိန်တွင် လျူချီ ပြုံးလိုက်၏။
ထို့နောက် သူသည် သူ၏ သိုလှောင်အိတ်ထဲမှ လက်ကောက်တစ်ကွင်းကို ထုတ်ယူကာ ချန်လော့အား ကမ်းပေးလိုက်သည်။
“အစ်ကိုချန်ရဲ့ ဝိညာဉ်စွမ်းအင်က အနည်းငယ် လိုအပ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်… ဒါက မထွက်လာခင် ကျွန်တော့်အဖေက ကျွန်တော့်ကို ပေးထားတဲ့ မှော်လက်နက်ပါ… ထျန်းရွှမ်လက်ကောက် လို့ ခေါ်တယ်"
"ဒီပစ္စည်းက ဝတ်ဆင်သူရဲ့ ဝိညာဉ်စွမ်းအင် သိုလှောင်မှုကို အများကြီး တိုးမြှင့်ပေးနိုင်ပါတယ်… အစ်ကိုချန် လက်ခံပေးဖို့ မျှော်လင့်ပါတယ်"
၎င်းမှာ မှော်လက်နက်တစ်ခု ဖြစ်ကြောင်းနှင့် ဝိညာဉ်စွမ်းအင် သိုလှောင်မှုကို ထောက်ပံ့ပေးနိုင်သော မှော်လက်နက်ဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ချန်လော့တစ်ယောက် ချက်ချင်းပင် စိတ်လှုပ်ရှားခဲ့ရသည်။
ဒါက ပစ္စည်းကောင်းပဲ..
သို့သော် သူသည် အလျင်အမြန် ခေါင်းခါပြလိုက်သည်။
"မယူပါရစေနဲ့… ဒါက အရမ်း တန်ဖိုးကြီးပါတယ်"
သို့သော် လျူချီသည် ချန်လော့၏ လက်ကောက်ဝတ်တွင် ထျန်းရွှမ်လက်ကောက်ကို တိုက်ရိုက် ဝတ်ဆင်ပေးလိုက်ပြီးနောက် စကားဆိုလိုက်သည်။
"အစ်ကိုချန်ပဲ အဖော်တွေအချင်းချင်း ကူညီရမှာ သဘာဝပဲလို့ ပြောခဲ့တာ မဟုတ်ဘူးလား"
ထိုသို့ပြောပြီးနောက် သူသည် ချန်လော့ကို ငြင်းဆန်ခွင့် မပေးတော့ဘဲ လှည့်ထွက်သွားလေသည်။
ထို့နောက်တွင် အခြားလူများလည်း ချန်လော့ထံသို့ လာရောက်ကာ ပစ္စည်းကောင်းများစွာကို ပေးအပ်ကြသည်။
၎င်းတို့အများစုမှာ ဝိညာဉ်စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးစေရန် သို့မဟုတ် ဝိညာဉ်စွမ်းအင်၏ အမြင့်ဆုံးကန့်သတ်ချက်ကို တိုးမြှင့်နိုင်မည့် ပစ္စည်းများ ဖြစ်ကြသည်။
လုပ်ငန်းစဉ်မှာ အားလုံးနီးပါး တူညီနေ၏။ ချန်လော့က ယဉ်ကျေးစွာ ငြင်းဆန်သော်လည်း တစ်ဖက်လူက တိုက်တွန်းသောကြောင့် နောက်ဆုံးတွင် ချန်လော့မှာ ရွေးချယ်စရာ မရှိတော့ဘဲ လက်ခံလိုက်ရသည်။
သန်းခေါင်ယံအချိန်တွင် ချန်လော့သည် သူ၏ သိုလှောင်အိတ်ထဲသို့ စိတ်အာရုံ ထည့်သွင်းလိုက်သည်။ အားလုံးက သူ့ကို ပေးထားသော ပစ္စည်းများကို ကြည့်ရင်း သူ၏ စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများ တဖွားဖွား ပေါ်ပေါက်လာတော့သည်။
‘ဒီပစ္စည်းတွေ အားလုံးကို ပေါင်းလိုက်ရင် သေချာပေါက် သောင်းဂဏန်းလောက် တန်ဖိုးရှိတယ်..
သူတို့ဂိုဏ်းက ပါရမီရှင်တွေက မယုံနိုင်လောက်အောင် ချမ်းသာကြတာပဲ'
"ချိုးယွီနင်ကို သတ်ပြီးတာနဲ့ သူတို့ရဲ့ သိုလှောင်အိတ်တွေ အားလုံးကို လုယူဖို့ အခွင့်အရေး ရမရ ကြည့်ရမယ်"
‘ဒီကောင်တွေက အဲဒီဂိုဏ်းတွေရဲ့ လျှို့ဝှက်လက်နက်တွေပဲ… သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာ သေချာတယ်’
‘အဲဒီအချိန်ရောက်ရင် သိုလှောင်အိတ်ထဲက ပစ္စည်းတွေ အားလုံးရဲ့ စုစုပေါင်းတန်ဖိုးက သေချာပေါက် ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော် ဒါမှမဟုတ် အဲဒီထက်တောင် ပိုများလောက်တယ်'
ဤအကြောင်းကို တွေးမိသောအခါ ချန်လော့၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တစ်ဖန် ပြည့်နှက်သွားပြန်၏။
သို့သော် သူသည် အလျင်အမြန် တည်ငြိမ်သွားပြီး မီးပုံကို ကြည့်ကာ ပိုင်ယီယီဘက်သို့ လှည့်ကြည့်လိုက်သည်။
"ယီယီ… ငါတို့ နောက်ထပ် ဘယ်သွားကြမလဲ"
"မြေမီးကျောက်တော ဖြစ်လောက်တယ်"
ပိုင်ယီယီက ပြန်လည်ဖြေကြားလိုက်သည်။
"မြေမီးကျောက်တော…"
ချန်လော့ အနည်းငယ် ကြောင်အမ်းသွား၏။
အမှန်တကယ်တော့ သူသည် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေအတွင်းရှိ နေရာဒေသများအကြောင်းကို သိပ်မသိပေ။
မည်သို့ပင်ဆိုစေ သူ ဝင်ရောက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ချိုးယွီနင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ထို့ကြောင့် မဝင်လာမီတွင် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ် လေ့လာခြင်း မရှိခဲ့ဘဲ ချိုးယွီနင်ကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည်ကိုသာ ပိုမို အာရုံစိုက်ခဲ့ခြင်း ဖြစ်သည်။
ချန်လော့သည် ဤအရာများကို နားလည်ပုံမရသည်ကို မြင်သောအခါ ပိုင်ယီယီက သူမ၏ သိုလှောင်အိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူလိုက်သည်။
ချန်လော့သည် မြေပုံကို ကြည့်လိုက်ရာ ယခင်က ချင်မု ပေးခဲ့သော မြေပုံနှင့် ၇၀-၈၀ ရာခိုင်နှုန်းခန့် တူညီနေသော်လည်း အချို့သော အမှတ်အသားများနှင့် အချက်အလက်များတွင် ကွဲလွဲမှုများ ရှိနေသည်။
ပိုင်ယီယီသည် ရှဲ့ဖုန်းတောင်ကြား၏ မြောက်ဘက်ရှိ နေရာတစ်ခုကို လက်ညှိုးထိုးပြလိုက်ပြီး ချန်လော့က လိုက်ကြည့်လိုက်သည်။
မြေပုံပေါ်တွင် "မြေမီးကျောက်တော" ဟူသော စာလုံးကြီး လေးလုံးကို ရှင်းလင်းစွာ ရေးသားထား၏။
"မြေမီးကျောက်တော အောက်မှာ သုံးရက်ကို တစ်ကြိမ် ပုံမှန် ပေါက်ကွဲတတ်တဲ့ မြေအောက်မီး ရှိတယ်"
“နှစ်ကာလများစွာ ကြာလာတဲ့အခါ ပေါက်ကွဲမှုတွေအပြီး ဖြစ်ပေါ်လာတဲ့ ကျောက်တိုင်တွေက အဲ့နေရာမှာ စုပုံလာလို့ မြေမီးကျောက်တော လို့ အမည်တွင်လာတာပဲ”
"ပြီးတော့ မြေမီးကျောက်တော ပေါက်ကွဲတာနဲ့အတူ မြေအောက်မီးကနေ ကျောက်သလင်းတွေလည်း ထွက်ပေါ်လာလိမ့်မယ်… ငါတို့ရဲ့ ပစ်မှတ်က အဲဒီ မြေမီးကျောက်သလင်းတွေပဲ"
မြေမီးကျောက်သလင်း ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် ချန်လော့သည် စမ်းသပ်လေ့ကျင့်ရေးကွင်း၏ မြေအောက်အပူစမ်းတွင် သူ ရရှိခဲ့သော ကျောက်သလင်းများကို ရုတ်တရက် သတိရသွားတော့သည်။
‘ဒီမြေမီးကျောက်သလင်းတွေက အဲဒါနဲ့ အတူတူပဲ ဖြစ်ရမယ်…’
သို့သော် စမ်းသပ်လေ့ကျင့်ရေးကွင်းသည် သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် နှိုင်းယှဉ်၍မရသည်မှာ သိသာထင်ရှားသည်။ တစ်ခုမှာ ဂိုဏ်းတည်ထောင်သူမှ ဖန်တီးထားခြင်းဖြစ်ပြီး အခြားတစ်ခုမှာ ရှေးဟောင်းနတ်ဘုရားများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
မြေအောက်မီးမှ ရရှိသော ကျောက်သလင်းများသည် မြေအောက်အပူစမ်းမှ ရရှိသည်များထက် သေချာပေါက် ပိုမိုကောင်းမွန်မည်မှာ အမှန်ပင်။
"ငါတို့ တစ်ချို့တစ်လေကို ယူလို့ရတယ်… ရွှေမြုတေအဆင့်ကို ရောက်သွားတာနဲ့ အဲ့တာနဲ့သာဆို ငါတို့ရဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုကလည်း ငွေသားခန္ဓာအဆင့်ရဲ့ တတိယအဆင့်ကို ရောက်သွားနိုင်တယ်"
"ဒီကျောက်သလင်းတွေက ခန္ဓာကိုယ်ကျင့်ကြံမှုအတွက် အကျိုးများတယ်လေ"
ထိုအခိုက်အတန့်တွင် ချန်လော့သည် တစ်ခုခုကို တွေးမိသွားသကဲ့သို့ ပိုင်ယီယီဘက်သို့ လှည့်ကြည့်လိုက်သည်။