← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) - အသေးစိတ် အချက်အလက်များကို စုံစမ်းခြင်း

"ယီယီ… မင်းဆီမှာ ယွင်ထျန်းဂိုဏ်းရဲ့ အတုမဲ့ ကျောက်စိမ်းခန္ဓာကျင့်စဉ် ရှိလား"

သူ ပိုင်ဆိုင်ထားသော ခန္ဓာကျင့်စဉ်တွင် ကြေးသားအရေပြား၊ သံမဏိအရိုး အခန်းအထိသာ ကျင့်ကြံရန် နည်းလမ်းများ ပါဝင်ပြီး နောက်ပိုင်းတွင် လာမည့် ငွေသားကလီစာ ရွှေအင်္ဂါ နှင့် အတုမဲ့ ကျောက်စိမ်းခန္ဓာ အခန်းများ မပါဝင်ကြောင်း ချန်လော့ ရုတ်တရက် သတိရသွားသည်။

ဆက်လက် ကျင့်ကြံရန်အတွက် ပထမဦးစွာ ကျင့်စဉ်ကို ကျွမ်းကျင်ထားရန် လိုအပ်ပေသည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ပိုင်ယီယီက ခေါင်းခါပြလိုက်သည်။

"ကျွန်မဆီမှာ အတုမဲ့ ကျောက်စိမ်းခန္ဓာ ကျင့်စဉ်တော့ မရှိဘူး… ဒါပေမဲ့ အစ်ကိုချန်လော့ လိုချင်တယ်ဆိုရင် ပြန်ရောက်တဲ့အခါ ဂိုဏ်းက အကြီးအကဲတွေဆီမှာ ကျမ်းစာအုပ်အပြည့်အစုံကို တောင်းပြီး အစ်ကိုချန်လော့ကို ပေးလို့ရပါတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားလေ၏။

‘ပြန်ရောက်တဲ့အခါ ဟုတ်လား…ဒါဆိုရင် မေ့ထားလိုက်ပါတော့မယ်…’’

‘သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ ပြီးဆုံးလို့ ချိုးယွီနင်ကို သတ်ပြီးသွားရင် ငါက ဖြောင့်မတ်တာအို ရဲ့ ရန်သူကြီး ဖြစ်သွားလောက်ပြီ..’

ချန်လော့သည် အနည်းငယ် စိတ်ပျက်သွားသည်ကို မြင်လိုက်ရသောအခါ ပိုင်ယီယီက အလျင်အမြန် ထပ်မံဖြေကြားလိုက်သည်။

"ဒါပေမဲ့ အစ်ကိုက အလျင်လိုနေတယ်ဆိုရင် ဒီတစ်ခါ လျှို့ဝှက်နယ်မြေထဲ ဝင်လာတဲ့ ဂိုဏ်းတူအစ်ကိုတွေဆီမှာ မေးကြည့်လို့ ရပါတယ်"

"ဒီတစ်ခါ ဝင်လာတဲ့ ယွင်ထျန်းဂိုဏ်းက ဂိုဏ်းသားတွေထဲမှာ အတုမဲ့ ကျောက်စိမ်းခန္ဓာကို ကျင့်ကြံတဲ့သူ တော်တော်များများ ရှိတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာတော့သည်။

"ဒါဆိုရင်တော့ မင်းကို ဒုက္ခပေးရတော့မယ်"

ပိုင်ယီယီက ပြုံးပြီး ခေါင်းညိတ်ပြလိုက်ကာ တစ်ခုခုကို သတိရသွားသကဲ့သို့ ဆက်ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့ဆီမှာ အများဆုံးရှိလှ ငွေသားကလီစာ ရွှေအင်္ဂါ အခန်းက ကျင့်စဉ်ပဲ ရှိမှာ… ဘယ်သူမှ အတုမဲ့ ကျောက်စိမ်းခန္ဓာ အပိုင်းကို ရနိုင်မှာ မဟုတ်ဘူး"

ချန်လော့က ခေါင်းခါပြလိုက်သည်။

"ရပါတယ်… ငွေသားကလီစာ ရွှေအင်္ဂါ အခန်းဆိုရင် လုံလောက်ပါပြီ"

ဤဂိုဏ်းသားများတွင် အတုမဲ့ ကျောက်စိမ်းခန္ဓာ အခန်းမှ ကျင့်စဉ် မရှိခြင်းအပေါ် ချန်လော့ အံ့ဩခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ ၊ အတုမဲ့ ကျောက်စိမ်းခန္ဓာသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်နှင့် သက်ဆိုင်နေသည်။ ဤကျင့်စဉ်ကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ဦးမှာ အနည်းဆုံး ရွှေမြုတေအဆင့် ဖြစ်လောက်ပြီး ဤနေရာတွင် ဘယ်သောအခါမှ ပေါ်လာမည် မဟုတ်ချေ။

ထို့အပြင် အချိန်တိုအတွင်း အတုမဲ့ ကျောက်စိမ်းခန္ဓာ အဆင့်ကို ကျင့်ကြံနိုင်မည်ဟု ချန်လော့ မထင်ထားပေ။ ငွေသားကလီစာ ရွှေအင်္ဂါ ကိုသာ ကျင့်ကြံရန် အချိန်အတော်ကြာ လိုအပ်ဦးမည် ဖြစ်သည်။

သူသည် ငွေသားကလီစာ ရွှေအင်္ဂါ၏ အထွပ်အထိပ်အဆင့်ကို ပြီးမြောက်ချိန်တွင် သူ၏ ကျင့်ကြံမှုအဆင့်မှာလည်း နတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်သည်။

ထိုအချိန်ရောက်မှ အတုမဲ့ ကျောက်စိမ်းခန္ဓာ ၏ ကျင့်စဉ်ကို လိုချင်ပါက ဖြောင့်မတ်တာအိုဂိုဏ်းထံ သွားရောက်၍ ကိုယ်တိုင် ခိုးယူလိုက်ရုံသာ ဖြစ်သည်။

ချန်လော့သည် ပိုင်ယီယီဘက်သို့ လှည့်ကြည့်လိုက်ရာ သူမသည် ဒူးကိုဖက်လျက် ရှေ့ရှိ မီးပုံကို စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

အနာဂတ်တွင် ဤနေရာရှိ လူတိုင်းကို ပြန်လည်ဆန့်ကျင်ရနိုင်သည်ဟု တွေးမိသောအခါ ချန်လော့တစ်ယောက် သက်ပြင်းချလိုက်မိသည်။

သူသည် လက်ကို မြှောက်ကာ ပိုင်ယီယီ၏ ခေါင်းကို ပုတ်ပေးလိုက်သည်။ ပိုင်ယီယီက ချန်လော့ကို မော့ကြည့်လာပြီး ချန်လော့ကို ပြုံးပြလေ၏။

ချန်လော့သည် စိတ်မပါသော်လည်း ပြုံးပြလိုက်၏။ သို့သော် ထိုအပြုံးမှာ အနည်းငယ် လှောင်ပြောင်နေသကဲ့သို့ ရှိနေပေသည်။

…

တစ်ညတာ အနားယူပြီးနောက် အဖွဲ့သည် ခရီးဆက်ခဲ့ကြသည်။

လျူချီ၏ ခြေထောက်ဒဏ်ရာမှာ အပြည့်အဝ မပျောက်ကင်းသေးသော်လည်း ချိုးယွီနင်က ပျံသန်းနိုင်သော မှော်လက်နက် သုံးခုကို တိုက်ရိုက် ထုတ်ပေးခဲ့သဖြင့် သူတို့၏ ခရီးစဉ်မှာ နောက်ကျသွားခြင်း မရှိခဲ့ပေ။

ချန်လော့သည် ပျံသန်းနိုင်သော မှော်လက်နက် သုံးခုကို မြင်လိုက်ရချိန်တွင် သူ၏ မျက်လုံးထဲမှ အားကျမှုများကို အတိုင်းသား မြင်နေရ၏ ။

‘တောက်… ဘယ်လို သူဌေးပေါက်စလဲ… တစ်ပြိုင်နက်တည်း မှော်လက်နက် သုံးခုတောင် ထုတ်လာတယ်ပေါ့…’

"မြေမီးကျောက်တောကို သွားဖို့အတွက် အဆိပ်ငွေ့တွေကို ဖြတ်သန်းရမယ်… လမ်းလျှောက်သွားရင် သားရဲတွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရနိုင်တယ်… အဲ့တော့ ငါတို့ ပျံသန်းနိုင်တဲ့ မှော်လက်နက်ကိုပဲ သုံးလိုက်ကြတာပေါ့"

ထိုသို့ပြောပြီးနောက် ချိုးယွီနင်သည် အားလုံးကို ပျံသန်းနိုင်သော မှော်လက်နက်ပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ချန်လော့၊ ချိုးယွီနင်၊ ပိုင်ယီယီနှင့် လျူချီတို့သည် ပျံသန်းနိုင်သော မှော်လက်နက် တစ်ခုတည်းပေါ်တွင် အတူတူ လိုက်ပါခဲ့ကြသည်။

၎င်းမှာ လှေငယ်တစ်စင်း ကဲ့သို့ ပုံသဏ္ဌာန်ရှိသော ပျံသန်းနိုင်သည့် မှော်လက်နက်ဖြစ်ပြီး လောချင်းယွီ၏ လှေငယ်နှင့် အနည်းငယ် ဆင်တူသော်လည်း ၎င်းတို့နှစ်ခုကြားက ကွာခြားမှုကို ချန်လော့ ခံစားလိုက်ရသည်။

ဤပျံသန်းနိုင်သော မှော်လက်နက်သည် လောချင်းယွီ၏ လှေငယ်နှင့် အလွန်ဆင်တူသော်လည်း အမြန်နှုန်းနှင့် တည်ငြိမ်မှုပိုင်းတွင် လောချင်းယွီ၏ လှေငယ်ထက် သိသိသာသာ နိမ့်ကျနေသည်။

သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦးအတွက် ပျံသန်းနိုင်သော မှော်လက်နက်တစ်ခု ပိုင်ဆိုင်ထားခြင်းကပင် အလွန်ကောင်းမွန်နေပြီ ဖြစ်ရာ ဘာကိုများ ထပ်မံတောင်းဆိုရမည်နည်း။

"ဒီပျံသန်းနိုင်တဲ့ မှော်လက်နက်က အရမ်း တန်ဖိုးကြီးမှာပဲ"

ချန်လော့ စကားပြောနေစဉ် ထိုပျံသန်းနိုင်သော မှော်လက်နက်များကို အားကျသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင် က ပြုံးလိုက်၏။

"အကုန်လုံးက အဟောင်းတွေပါ… လူကြီးတွေ မသုံးတော့တဲ့ အဟောင်းတွေကို ကျွန်တော့်ရဲ့ အဆင့်အတန်းကို သုံးပြီး ဝယ်လာခဲ့တာပါ"

ထိုသို့ပြောရင်း ချိုးယွီနင်သည် အခြားတစ်ခုကို တွေးမိသွားသကဲ့သို့ ဆက်ပြောလိုက်သည်။

"အစ်ကိုချန် သဘောကျတယ်ဆိုရင် ပြန်ရောက်တဲ့အခါ ကျွန်တော် တစ်ခု ပို့ပေးလိုက်မယ်လေ"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရတော့သည်။

‘ဒီကျိန်စာသင့်မယ့် ဒုတိယမျိုးဆက် သူဌေးပေါက်စလေး… သူက ဘယ်လိုလုပ် ဒီလောက်တောင် ချမ်းသာနေရတာလဲ…’

‘ ပျံသန်းနိုင်တဲ့ မှော်လက်နက်တွေကို ဒီတိုင်း ပေးနိုင်တဲ့အဆင့်ပေါ့လေ ၊ ဒါက လွန်လွန်းနေပြီ…’’

သို့သော် ချန်လော့သည် ဤစကားများကို အပြင်သို့ ထုတ်ပြောမည်မဟုတ်ဘဲ မျက်နှာတွင် အခြားပုံစံတစ်မျိုး ဖန်တီးထားလေ၏။

"မယူပါရစေနဲ့… ဒါက စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်သွားလိမ့်မယ်"

"ရပါတယ်… ပြန်ရောက်သွားရင် အစ်ကိုချန်လည်း ထိုက်ရီဂိုဏ်းက လူတစ်ယောက် ဖြစ်သွားပြီပဲ… အားလုံးက မိသားစုတွေချည်းပဲ… ပျံသန်းနိုင်တဲ့ မှော်လက်နက် တစ်ခု ပေးတာက ဘာမှမဟုတ်ပါဘူး"

ထိုစကားကို ကြားသောအခါ ချန်လော့သည် မတတ်နိုင်ဘဲ သွေးဆောင်ခံလိုက်ရတော့သည်။

‘အခုမှ စလုပ်မယ့်သူအတွက် အခမဲ့ ပျံသန်းနိုင်တဲ့ မှော်လက်နက်တစ်ခု ရမယ်ပေါ့… ဒါက ထိပ်တန်း ဖြောင့်မတ်တာအို ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ဆိုတာလား…’

သို့သော် ချန်လော့သည် ဤအကြောင်းအရာကို ဆက်လက်ဆွေးနွေးခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူ၏ အဓိက ရည်ရွယ်ချက်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ သူ့တွင် ပျံသန်းနိုင်သော မှော်လက်နက်တစ်ခု ရှိနေပြီးဖြစ်ကာ ၎င်း၏ အဆင့်မှာလည်း ဤသုံးခုထက် များစွာ မြင့်မားမည်မှာ သေချာသည်။

ပျံသန်းနိုင်သော မှော်လက်နက်အကြောင်း စကားရသည့် အကြောင်းရင်းမှာ အခြေအနေကို စမ်းသပ်ရန်နှင့် အသေးစိတ် အချက်အလက်များကို ပိုမိုနားလည်ရန်သာ ဖြစ်သည်။

"မနေ့က အစ်ကိုချိုး သုံးခဲ့တဲ့ ရောင်စဉ်ဖြာ လက်နက်ကလည်း မှော်ရတနာ တစ်ခုပဲလား"

ဤအခိုက်အတန့်တွင် ချန်လော့က ထပ်မံ မေးမြန်းလိုက်သည်။

ပျံသန်းနိုင်သော မှော်လက်နက်နှင့် အစပျိုးထားသဖြင့် ချန်လော့၏ မေးခွန်းမှာ ရုတ်တရက် ဆန်လွန်းသည်ဟု မထင်တော့ပေ။

ချိုးယွီနင်ကလည်း သဘာဝကျကျပင် အမှတ်တမဲ့ ပြန်ဖြေလိုက်သည်။

"တကယ်တော့ အဲဒါက မှော်ရတနာ လို့ သတ်မှတ်လို့ မရပါဘူး… အဲဒါက ကျွန်တော့်အဖေက သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို သုံးပြီး စုစည်းထားတာပါ… နတ်ဝိညာဉ်အဆင့် အထွပ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုလောက် အစွမ်းထက်တယ်"

"ဪ… ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်ကို စုစည်းရုံနဲ့ ဒီလောက် ကြီးမားတဲ့ စွမ်းအားကို ဖန်တီးနိုင်တယ်ဆိုတော့ လင်လန် ဓားသူတော်စင် လို့ ခေါ်ဆိုကြတာ ထိုက်တန်ပါပေတယ်”

ချန်လော့သည် ပစ္စည်းတစ်ခုကို ချီးကျူးလိုက်သော်လည်း ချိုးယွီနင်ထံတွင် ရောင်စဉ်ဖြာ လက်နက် မည်မျှ ကျန်သေးသည်ကို တိုက်ရိုက် မမေးမြန်းခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ထိုသို့မေးမြန်းခြင်းက သူ့ကိုယ်သူ ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ထို့အပြင် ချိုးယွီနင်၏ အဖွဲ့တွင် သူ့အပေါ် သတိထားသူများလည်း ရှိနေသေး၏။

ဥပမာအားဖြင့် လျူချီသည် ယမန်နေ့ညက သူ့ကို ပစ္စည်းအချို့ ပေးခဲ့သော်လည်း သူ၏ အကြည့်များအရ သူ့အပေါ် သတိထားနေဆဲဖြစ်ကြောင်း သိသာစွာ မြင်တွေ့နိုင်ပေသည်။

"ဒီဝိညာဉ်စွမ်းအင်ကို ဘယ်လို စုစည်းတာလဲ… တိုက်ရိုက် စုစည်းတာလား ဒါမှမဟုတ် ကြားခံပစ္စည်း တစ်ခုခု လိုအပ်သလား"

ချန်လော့သည် ထပ်မံ မေးမြန်းလိုက်ရာ သူ၏ အမူအရာမှာ သိချင်စိတ်ပြင်းပြနေပုံရသည်။

ချိုးယွီနင်က ခေတ္တမျှ စဉ်းစားပြီးနောက်။

"ဝိညာဉ်စွမ်းအင်ကို စုစည်းဖို့အတွက် ကြားခံပစ္စည်း မသုံးဘဲ လုပ်လို့ရပါတယ်"

"ဒါပေမဲ့ ကြားခံပစ္စည်း မရှိရင် ဝိညာဉ်စွမ်းအင်က အနည်းငယ် မတည်မငြိမ် ဖြစ်တတ်ပြီး သူ့ရဲ့ စုစည်းမှုကို ထိန်းချုပ်ဖို့ အလွန် မြင့်မားတဲ့ အဆင့် လိုအပ်တယ်"

"ကြားခံပစ္စည်း ရှိရင်တော့ အများကြီး ပိုလွယ်သွားလိမ့်မယ်… ဒါပေမဲ့ ဝိညာဉ်စွမ်းအင်ကို သယ်ဆောင်နိုင်တဲ့ အရာက သာမန်မဟုတ်တဲ့ အရာဖြစ်ရမယ်… ဒါကြောင့် များသောအားဖြင့် အထူး မှော်ရတနာ တချို့ကို ကြားခံပစ္စည်း အဖြစ် သုံးကြတယ်"

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့ ခေတ္တမျှ စဉ်းစားလိုက်သည်။

ယမန်နေ့က ချိုးယွီနင်သည် မှော်လက်နက် အသုံးပြုခဲ့သည့် အရိပ်အယောင် မတွေ့ခဲ့ရပေ။ ဆိုလိုသည်မှာ ရောင်စဉ်ဖြာ လက်နက်သည် ကြားခံပစ္စည်းကို အသုံးမပြုဘဲ တိုက်ရိုက် စုစည်းထားခြင်း ဖြစ်နိုင်ပေသည်။

ထိုသို့မဟုတ်ပါက ကြားခံပစ္စည်းကို သယ်ဆောင်ကာ ဝိညာဉ်စွမ်းအင် ထည့်သွင်းရုံဖြင့် အသုံးပြုနိုင်ပေလိမ့်မည်။

ဥပမာအားဖြင့် ချန်လော့ ဝတ်ဆင်ထားသော ထျန်းရွှမ်လက်ကောက် ကဲ့သို့ပင်။

ချန်လော့ စဉ်းစားနေစဉ်မှာပင် ချိုးယွီနင်က လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲတွင် တောက်ပသော အလင်းလုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာ၏။

All Chapters