အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) - အနည်းငယ် စိတ်လှုပ်ရှားသွားခြင်း
ချိုးယွီနင်၏ လက်ထဲရှိ တောက်ပသောအလင်းလုံးကို မြင်လိုက်ရချိန်တွင် ချန်လော့ အလန့်တကြား ဖြစ်သွားသည်။
"ဒါက ရောင်စဉ်ဖြာ လက်နက် လား"
ချန်လော့သည် ၎င်းအတွင်း၌ စုစည်းနေသော အစွမ်းထက်သော ဝိညာဉ်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ အကယ်၍ ရောင်စဉ်ဖြာ လက်နက်သာ အမှတ်မထင် ပေါက်ကွဲသွားပါက လှေငယ်ပေါ်ရှိ လူတိုင်း သေဆုံးခြင်းမရှိလျှင်တောင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားနိုင်သည်။
"ဟုတ်တယ်… အဲဒါက သန့်စင်တဲ့ ဝိညာဉ်စွမ်းအင် အသွင်သဏ္ဌာန်နဲ့ တည်ရှိနေတာပဲ"
ထို့နောက် ချိုးယွီနင်က လက်သီးကို ဆုပ်လိုက်ရာ ရောင်စဉ်ဖြာ လက်နက်မှာ သူ၏ လက်ဖဝါးထဲသို့ တစ်ဖန် ပြန်လည် ပျောက်ကွယ်သွားလေသည်။
တိတိကျကျ ဆိုရလျှင် ၎င်းမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။
ထိုအခိုက်အတန့်တွင် ချိုးယွီနင်က သူ၏ လက်ဖဝါးကို တစ်ဖန် ပြန်လှန်ပြလိုက်ရာ ချိုးယွီနင်၏ လက်ဖမိုးပေါ်တွင် အဖြူရောင် စက်ဝိုင်းပုံ အမှတ်အသား လေးခု ရှိနေကြောင်း ချန်လော့ ချက်ချင်း သတိပြုမိလိုက်သည်။
"ဒီအမှတ်အသားတွေက ရောင်စဉ်ဖြာ လက်နက်ရဲ့ အသွင်အပြင်တွေ ဖြစ်နိုင်မလား"
ချန်လော့ မေးမြန်းလိုက်သည်။
ချိုးယွီနင်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်… ကျွန်တော်လာတုန်းက အဖေက ငါးခု ပေးလိုက်တယ်… အဲဒီ ရောင်စဉ်ဖြာ လက်နက်တွေကို မှော်ပညာသုံးပြီး ကျွန်တော့်ရဲ့ လက်ဖမိုးပေါ်မှာ စုစည်းထားတာပဲ”
"ကျွန်တော် သုံးချင်ရင် ခေါ်ထုတ်ဖို့ ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ရုံပဲ"
ချိုးယွီနင်၏ လက်ပေါ်ရှိ ရောင်စဉ်ဖြာ လက်နက် လေးခုကို မြင်သောအခါ ချန်လော့ တစ်ယောက် တုန်လှုပ်သွားတော့သည်။
‘ ရောင်စဉ်ဖြာ လက်နက်… တစ်ချက်တည်းနဲ့ နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို သတ်ဖို့ လုံလောက်တယ်… အခု ချိုးယွီနင်ဆီမှာ လေးခုတောင် ကျန်နေသေးတယ်ပေါ့…’
ထို့အပြင် ချိုးယွီနင်၏ အသက်ရှင်သန်ရေး နည်းလမ်းများမှာ ဤရောင်စဉ်ဖြာ လက်နက်များသာမက အခြားအရာများလည်း ရှိနေနိုင်သည်။
ချိုးယွီနင်ကို သတ်ဖြတ်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ချေ။
"အစ်ကိုချန်… ဒီရောင်စဉ်ဖြာ လက်နက်ကို ဘယ်လို လုပ်ရမလဲဆိုတာ သင်ချင်လား"
ချိုးယွီနင်က ထပ်မံ မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့ ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
အမှန်တွင် သူသည် ချိုးယွီနင်၏ နောက်ခံကို စုံစမ်းရန်နှင့် သူ၏ လက်ထဲတွင် အခြားမည်သည့် လှည့်ကွက်များ ရှိသေးသည်ကို သိရှိရန် ကြိုးစားနေခြင်း ဖြစ်သည်။
"ကျွန်တော် တွေးနေတာက… ကျွန်တော်သာ ရောင်စဉ်ဖြာ လက်နက် လုပ်နည်းကို သင်ယူနိုင်ခဲ့ရင် တိုက်ပွဲမရှိတဲ့အချိန်မှာ ဝိညာဉ်စွမ်းအင်တွေကို ရောင်စဉ်ဖြာ လက်နက်အဖြစ် စုစည်းထားပြီး သိမ်းဆည်းထားလို့ ရမယ်လေ"
"နောင်မှာ အရေးပေါ် အခြေအနေတွေ ကြုံလာရင် ဒီရောင်စဉ်ဖြာ လက်နက်ကို အသက်ကယ်ပစ္စည်းအဖြစ် သုံးလို့ရတာပေါ့"
ဤနေရာသို့ ရောက်သောအခါ ချန်လော့သည် တစ်ခုခုကို တွေးမိသွားသကဲ့သို့ ခေတ္တရပ်တန့်သွားပြီးနောက် အပြစ်ရှိသလို အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီလိုဆိုရင် အရင်ကလိုမျိုး ထပ်ဖြစ်လာမှာကို ကာကွယ်နိုင်တာပေါ့"
ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်၏ နှလုံးသားမှာ လေးလံသွားသည်။
ချန်လော့ ရည်ညွှန်းနေသည့် အရင်က ကိစ္စဆိုသည်မှာ လေပြေတောင်ပံ ငှက်ဘုရင်၏ ရန်ပြုခြင်းကို ခံရတော့မလို ဖြစ်ခဲ့ရသည့် လျူချီကို ရည်ရွယ်မှန်း သူ သိလိုက်သည်။
အမှန်တွင် ချန်လော့သည် ဤကိစ္စကို ထုတ်ဖော်ပြောဆိုရခြင်းမှာ သူ အပြစ်ရှိသည်ဟု ခံစားရသောကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ ဖုံးကွယ်ရန်အတွက်သာ ဖြစ်သည်။
သို့သော် ချိုးယွီနင်ကမူ ၎င်းကို ယုံကြည်သွားလေ၏။
ခေတ္တမျှ တွေးတောပြီးနောက် သူသည် ဆက်ပြောလိုက်သည်။
"ဒီရောင်စဉ်ဖြာ လက်နက်က အစွမ်းထက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူ့မှာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အားနည်းချက်တစ်ခု ရှိတယ်"
"ကျင့်ကြံသူတွေ ဖန်တီးနိုင်တဲ့ ရောင်စဉ်ဖြာ လက်နက်က ယေဘုယျအားဖြင့် သူတို့ရဲ့ ကိုယ်ပိုင် စွမ်းအားထက် တစ်ဆင့် နိမ့်တယ်"
"တစ်နည်းအားဖြင့် ပြောရရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖန်တီးလိုက်တဲ့ အဲဒီရောင်စဉ်ဖြာလက်နက်ရဲ့ အစွမ်းက ချီသန့်စင်ခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့သူတစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုလောက်ပဲ ရှိမှာ”
"ရွှေမြုတေအဆင့် ဖန်တီးတဲ့ ရောင်စဉ်ဖြာ လက်နက်က အခြေခံတည်ဆောက်ခြင်း အထွပ်အထိပ်အဆင့် ကျင့်ကြံသူရဲ့ အစွမ်းကုန် တိုက်ခိုက်မှုပေါ့… အဲဒီလိုပဲ ဆက်သွားတာပေါ့"
"အကယ်၍ အစ်ကိုချန်က ရောင်စဉ်ဖြာ လက်နက်ကို စုစည်းချင်တယ်ဆိုရင် အများဆုံး ချီသန့်စင်ခြင်း အထွပ်အထိတ်အဆင့်ရှိသူ တစ်ယောက်ရဲ့ အစွမ်းကုန် တိုက်ခိုက်မှုလောက်ပဲ ရလိမ့်မယ် "
ချန်လော့သည် ဤအချက်အတွက် အံ့ဩခြင်း မရှိပေ။ အမှန်တကယ်တော့ သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်သည်။
သို့သော် ချန်လော့သည် ဟန်ဆောင်ရန် လိုအပ်နေသေးသဖြင့် အနည်းငယ် စိတ်ပျက်သွားသည့်ဟန် ပြသလိုက်သည်။
ထိုအခြေအနေကို မြင်သောအခါ ချိုးယွီနင်က ရုတ်တရက် ချန်လော့၏ လက်ကို ဖမ်းကိုင်လိုက်သည်။
ချန်လော့ ခေတ္တမျှ ကြောင်အမ်းသွားပြီး လက်ကို ပြန်ရုပ်ရန် မသိစိတ်က ကြိုးစားလိုက်သော်လည်း ချိုးယွီနင်၏ နောက်ဆက်တွဲ အပြုအမှုကြောင့် လုံးဝ ဆွံ့အသွားတော့သည်။
ချိုးယွီနင်သည် ချန်လော့၏ လက်တစ်ဖက်ကို ကိုင်ထားရင်း ၊ အခြားလက်တစ်ဖက်က ရောင်စဉ်ဖြာ လက်နက်တစ်ခုကို ခေါ်ထုတ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူသည် ရောင်စဉ်ဖြာ လက်နက်ကို ချန်လော့၏ လက်ဖမိုးပေါ်သို့ ညင်သာစွာ ဖိချလိုက်ရာ ရောင်စဉ်ဖြာ လက်နက်သည် ချန်လော့၏ အရေပြားအောက်သို့ တိုးဝင်သွားလေသည်။
ချန်လော့သည် နူးညံ့သိမ်မွေ့သော နည်းလမ်းဖြင့် ဖြည်းညင်းစွာ စိမ့်ဝင်လာသော အစွမ်းထက်သည့် စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ချန်လော့ တစ်ယောက် ဝမ်းသာသွားတော့သည်။
‘ဒါက ရောင်စဉ်ဖြာ လက်နက်လေ… သာမန် နတ်ဝိညာဉ်အဆင့် သားရဲတစ်ကောင်ကို ချက်ချင်း သတ်ပစ်နိုင်တဲ့ ရောင်စဉ်ဖြာ လက်နက်လေ…’’
ပို၍ အရေးကြီးသည်မှာ ယခုအခါ ချိုးယွီနင်သည် သူ့ကိုယ်ပိုင် ရောင်စဉ်ဖြာ လက်နက် တစ်ခုကို ပေးလိုက်ပြီဖြစ်ရာ သူ့တွင် ရောင်စဉ်ဖြာ လက်နက် တစ်ခု လျော့နည်းသွားပြီဟု ဆိုလိုသည်။
ဤနည်းဖြင့် မိမိကိုယ်ကို ခွန်အားဖြည့်ပေးနိုင်ရုံသာမက ရန်သူကိုလည်း အားနည်းသွားစေခဲ့သည်။
သို့သော် ချန်လော့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုမျှ မပေါ်လာဘဲ အလွန်အမင်း အံ့အားသင့်သွားသည့်ပုံစံသာ ရှိနေလေ၏။
မည်သို့ပင်ဆိုစေကာမူ လူကောင်းတစ်ယောက်၏ ပုံစံကို ထိန်းသိမ်းထားရန် လိုအပ်သေးသည် မဟုတ်လော။
"အစ်ကိုချိုး… ဒါက…"
ချန်လော့ စကားမဆုံးမီတွင် ချိုးယွီနင်က ဖြတ်ပြောလိုက်သည်။
"အစ်ကိုချန်… ကျေးဇူးပြုပြီး မငြင်းပါနဲ့… ကျွန်တော့်ဆီမှာ နောက်ထပ် ရောင်စဉ်ဖြာ လက်နက် သုံးခု ရှိပါသေးတယ်… အဲဒါနဲ့ လုံလောက်ပါတယ်"
"ပြီးတော့ အစ်ကိုချန်က ဒီရောင်စဉ်ဖြာ လက်နက်ကို ပိုပြီး ကောင်းကောင်း အသုံးချနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
"နောင်မှာ အန္တရာယ်ကြုံနေရတဲ့သူကို တွေ့ရင် အစ်ကိုချန်က သူတို့ကို ကူညီဖို့ ရောင်စဉ်ဖြာ လက်နက်ကို တိုက်ရိုက် အသက်သွင်းလိုက်လို့ ရတာပေါ့"
"အကယ်၍ အစ်ကိုချန်က ရောင်စဉ်ဖြာ လက်နက်ကို သင်ယူချင်တယ်ဆိုရင်လည်း ဒီအခွင့်အရေးကို အသုံးချပြီး ရောင်စဉ်ဖြာ လက်နက်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လို့ ရပါတယ်"
ထိုသို့ပြောပြီးနောက် သူသည် သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပေလွှာတစ်ချပ်ကို ထုတ်ယူလိုက်သည်။
"ဒီအထဲမှာ ရောင်စဉ်ဖြာ လက်နက်ရဲ့ ကျင့်စဉ်နဲ့ ကျွန်တော့်အဖေရဲ့ နားလည်သဘောပေါက်မှု တချို့ကို ရေးမှတ်ထားတယ် ၊ အစ်ကိုချန် ရောင်စဉ်ဖြာ လက်နက်ကို သင်ယူရာမှာ သေချာပေါက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ"
ချိုးယွီနင်၏ စကားများကို နားထောင်ပြီးနောက် ချန်လော့ ဘာပြောရမှန်း မသိတော့ချေ။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူ မငြင်းဆန်တော့ဘဲ ကျေးဇူးတင်စကား ဆိုလိုက်သည်။
လူကောင်းတစ်ယောက်၏ ပုံစံကို ကောင်းစွာ တည်ဆောက်ထားရန် လိုအပ်သော်လည်း တသတ်မတ်တည်း မဖြစ်သင့်ပေ။ အဆက်မပြတ် ပြောင်းလဲပြမှသာ လူကောင်းတစ်ယောက်၏ စစ်မှန်သော ပုံစံတစ်ခုကို ရနိုင်ပေလိမ့်မည်။
တစ်စုံတစ်ယောက်က သင့်ကို ပစ္စည်းတစ်ခုခု ပေးလာပါက သင့်အနေဖြင့် အစပိုင်းတွင် လက်မခံခြင်းမှာ သူတို့နှင့် မရင်းနှီးသေးသည်ဟု ခံစားရသောကြောင့် ဖြစ်သည်။
သို့သော် ဆက်ဆံရေး အနည်းငယ် တိုးတက်လာသည်နှင့် တပြိုင်နက် သင့်အနေဖြင့် လက်ခံလို့ရချေပြီ။
ချန်လော့သည် ချိုးယွီနင်ကို ကြည့်ရင်း အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် သူ အနည်းငယ် စိတ်လှုပ်ရှားခဲ့ရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။ မည်သူက ဤမျှ ရိုးသားပြီး ချမ်းသာသော ညီအစ်ကိုကောင်းကို ငြင်းဆန်နိုင်မည်နည်း။
အကယ်၍ သူတို့သာ အစကတည်းက ဆန့်ကျင်ဘက် အခြမ်းများတွင် မရှိခဲ့ဘူးဆိုပါက ၊ ချန်လော့အနေဖြင့် ချိုးယွီနင်နှင့် အမှန်တကယ် သူငယ်ချင်း ဖြစ်ချင်မိသည်။
သို့သော် ယခုမူ ထိုသို့ ဖြစ်လာနိုင်စရာ မရှိတော့ပေ။
ချန်လော့အနေဖြင့် ချိုးယွီနင်ကို ပြန်လည်ပေးဆပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကို မြန်မြန်ဆန်ဆန်နှင့် ဂရုတစိုက် သတ်ဖြတ်ခြင်းပင် ဖြစ်သည်။
မြန်မြန်ဆန်ဆန်ဆိုသည်မှာ ချိုးယွီနင်ကို နာကျင်မှု မခံစားရစေဘဲ ချက်ချင်း သေဆုံးစေရန် ဖြစ်သည်။
ဂရုတစိုက်ဆိုသည်မှာ ချိုးယွီနင်အနေဖြင့် သူ အမှန်တကယ် ချစ်ခင်ရသူက သူ့ကို သတ်ခဲ့သူဖြစ်ကြောင်း မသိသွားစေရန် ဖြစ်သည်။
"ငါ့ဆီမှာ ဆင်ခြင်တုံတရား နည်းနည်းလောက် ကျန်သေးတယ်ဆိုရင် ချိုးယွီနင်ကို သတ်ဖို့ တွေးလိုက်ရုံနဲ့တင် အပြစ်ရှိစိတ်ကြောင့် သေသွားဖို့ လုံလောက်တယ်"
ချန်လော့တစ်ယောက် သူ့ကိုယ်သူ တွေးလိုက်မိပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် ကူကယ်ရာမဲ့သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော် သူသည် ထိုကိစ္စကို အလျင်အမြန် ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ချိုးယွီနင်နှင့် အခြားသူများကို အခြားအကြောင်းအရာများ ဆက်လက် မေးမြန်းနေလိုက်သည်။
ချိုးယွီနင်ဘက်မှ ရောင်စဉ်ဖြာ လက်နက်ကို ချန်လော့အား ပေးလိုက်ပြီးနောက် သူတို့နှစ်ဦးသည် ပို၍ရင်းနှီးသွားပုံရပြီး စကားအများကြီး ပြောဖြစ်ခဲ့ကြသည်။
သို့သော် အမှန်တကယ်တွင်မူ သူတို့ ဆွေးနွေးခဲ့သည့် အကြောင်းအရာတိုင်းကို ချန်လော့က ဂရုတစိုက် ရွေးချယ်ထားခြင်း ဖြစ်သည်။
၎င်းမှာ လုံးဝ မသက်ဆိုင်သော အကြောင်းအရာတစ်ခုမှ အလွန်အရေးကြီးသော သတင်းအချက်အလက်တစ်ခုဆီသို့ ကူးပြောင်းသွားခြင်းပင်။
အစားအသောက် စားနေစဉ်အတွင်း သူတို့သည် ချိုးယွီနင်နှင့် အခြားသူများ သယ်ဆောင်လာသော မှော်ရတနာ ပစ္စည်းများအကြောင်း ပြောဆိုခဲ့ကြသည်။
လျှို့ဝှက်နယ်မြေနှင့် ပတ်သတ်သည့် အကြောင်းအရာမှစကာ လျှို့ဝှက်နယ်မြေ အတွင်း ချိုးယွီနင်နှင့် အခြားသူများ ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများအကြောင်း ဆွေးနွေးခဲ့ကြသည်။
သေချာသည်မှာ ချန်လော့သည် လူတိုင်း၏ အာရုံစိုက်မှုကို မခံရစေရန်အတွက် အကြောင်းအရာတိုင်းကို အနည်းငယ်မျှသာ ပြောဆိုလေသည်။
အကြောင်းမှာ သူ့တွင် အချိန်ကျန်သေးပြီး လောစရာမရှိချေ။