အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) - မြေမီးကျောက်သလင်း
တစ်ရက်ကြာပြီးနောက် သူတို့အဖွဲ့သည် မြေမီးကျောက်တော၏ နယ်စပ်သို့ ရောက်ရှိလာကြသည်။
သူ၏ရှေ့တွင်ရှိသော မီတာရာချီမြင့်မားသည့် ထောင်ပေါင်းများစွာသော ကျောက်တောကြီးကို ကြည့်ရင်း သဘာဝတရား၏ အံ့ဖွယ်များကို ချန်လော့တစ်ယောက် မနေနိုင်တော့ဘဲ ချီးကျူးမိလေသည်။
"ဒါက မြေမီးကျောက်တောလား..."
ချန်လော့ စကားပြောဆိုပြီးသည်နှင့် မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီးနောက် ၊ မရေမတွက်နိုင်သော မီးတိုင်များ မြေကြီးထဲမှ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံသို့ ဆန်တတ်သွားလေ၏။
ထိုမီးတိုင်များကို ကြည့်ရင်း ချန်လော့သည် ယခင်က သွေးသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာသော ချော်ရည်များကို သတိရသွားမိသည်။
‘ဒီမီးတိုင်တွေက မြေအောက်မီးကျောက်သလင်းတွေကို ဖြစ်ပေါ်စေနိုင်တယ်ဆိုရင် သူတို့လောင်ကျွမ်းစေတဲ့ မြေအောက်ချော်ရည်တွေထဲမှာရော အလားတူတစ်ခုခု ပါဝင်နေမလား…’
‘ဒါ့အပြင် အဲဒီချော်ရည်က ရှေးဟောင်းနတ်ဘုရားတွေရဲ့ သွေးကနေ ဖြစ်ပေါ်လာတာဆိုတော့ မြေမီးကျောက်သလင်းတွေအပြင် တခြားပစ္စည်းကောင်းတွေလည်း ရှိနိုင်တယ်…’
ထိုစဉ် ချိုးယွီနင်က ပြောလိုက်သည်။
"ငါတို့ အောက်ဆင်းကြရအောင်..."
သူသည် လှေငယ်ကို အောက်သို့ ပျံသန်းဆင်းသက်စေလိုက်သည်။
မကြာမီမှာပင် လူတိုင်းသည် မြေမီးကျောက်တော၏ အပြင်ဘက်တွင် စုဝေးရောက်ရှိလာကြသည်။
ချိုးယွီနင်သည် သူ၏ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းငယ်များကို ထုတ်ယူကာ လူတိုင်းကို ဝေငှပေးလိုက်၏။
ချန်လော့လည်း တစ်လုံး ရရှိခဲ့သည်။
ပုလင်းငယ်ကို လက်ခံရရှိသည်နှင့် တပြိုင်နက် ချန်လော့သည် ၎င်း၏ ထူးခြားချက်များကို ချက်ချင်း သတိပြုမိလိုက်သည်။
ဤပုလင်းငယ်မှာ အလွန် သာမန်ပုံပေါက်ပြီး ပုံမှန် ကျောက်စိမ်းရောင်ရှိကာ ချောမွေ့ဝိုင်းစက်နေ၏။
သို့သော် သေချာစွာ အကဲခတ်ကြည့်ပါက ပုလင်းထဲမှ ထွက်ပေါ်နေသော သိမ်မွေ့သည့် ဝိညာဉ်စွမ်းအင်ကို ခံစားသိရှိနိုင်သည်။
"မှော်လက်နက်လား..."
ဤသည်မှာ ချန်လော့၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးပင် ဖြစ်သည်။
ချန်လော့သည် သူ၏ လက်ထဲရှိ မှော်လက်နက်ကို စဉ်းစားဟန်ဖြင့် ကြည့်နေသည်ကို မြင်သောအခါ ပိုင်ယီယီက ရှင်းပြလိုက်သည်။
"ဒီပစ္စည်းကို ဝိညာဉ်ထိန်းသိမ်းရေးပုလင်းလို့ ခေါ်တယ်... အထဲမှာ ဝိညာဉ်ရေးရာ ပစ္စည်းတချို့ကို ထည့်ထားရင် ဝိညာဉ်ချီတွေ အလျင်အမြန် ပျောက်ကွယ်သွားတာကို တားဆီးနိုင်တယ်လေ..."
"ဒီမြေမီးကျောက်သလင်းက အလွန်ပူပြင်းတဲ့ မြေအောက်မီးထဲမှာ ဖြစ်တည်လာတာ ဆိုတော့... ပေါက်ကွဲထွက်လာတာနဲ့ ဆယ်စက္ကန့်တောင် မကြာဘဲ ချက်ချင်း အေးခဲသွားပြီး သူ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားလိမ့်မယ်..."
"ဒါကြောင့် မြေမီးကျောက်သလင်းထဲက ဝိညာဉ်စွမ်းအင်ကို ထိန်းသိမ်းထားချင်ရင် ဝိညာဉ်ထိန်းသိမ်းရေးပုလင်းကို သုံးပြီး မြန်မြန် ထိန်းသိမ်းထားရမယ်..."
ပိုင်ယီယီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်လော့က ခေါင်းညိတ်ပြလိုက်၏။
ဤအခိုက်အတန့်တွင် အားလုံး၏ ရှေ့၌ ရပ်နေသော ချိုးယွီနင်က စကားဆိုလိုက်သည်။
"အားလုံးပဲ မြေမီးကျောက်သလင်းတွေကို စုဆောင်းဖို့ ဒီဝိညာဉ်ထိန်းသိမ်းရေးပုလင်းတွေကို ယူသွားကြပါ... ဒါပေမဲ့ သတိထားဖို့တော့ မမေ့နဲ့ဦး..."
"ဒီမြေအောက်မီးက ရွှေမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တောင် မယုံနိုင်လောက်အောင် အစွမ်းထက်တယ်... ဒီမြေအောက်မီးနဲ့ ထိမိရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တယ်..."
"ဒါကြောင့် မီးနဲ့ နီးနီးကပ်ကပ် မရှိအောင် အတတ်နိုင်ဆုံး ရှောင်ကြပါ..."
အဖွဲ့သားများက ခေါင်းညိတ်လိုက်ကြပြီးနောက် မြေမီးကျောက်သလင်းများကို စတင်စုဆောင်းရန် မြေမီးကျောက်တောအတွင်းသို့ လူစုခွဲသွားကြတော့သည်။
ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ပေ။
ပထမအချက်အနေဖြင့် ဤမြေမီးကျောက်သလင်းများ၏ အရောင်မှာ မြေအောက်မီး၏ အရောင်နှင့် အလွန်ဆင်တူနေပြီး မြေအောက်မီး ကိုယ်တိုင်ကလည်း ဝိညာဉ်စွမ်းအင် အငွေ့အသက်အချို့ ပါဝင်နေ၏။
သို့မဟုတ်ပါက မြေမီးကျောက်သလင်းများကို လွယ်ကူစွာ မွေးမြူနိုင်မည် မဟုတ်ချေ။
ကောင်းကင်မှ ပြုတ်ကျလာသော မီးပွင့်များထဲတွင် မြေမီးကျောက်သလင်းများ ပါဝင်နေသလား၊ သို့မဟုတ် သာမန်မြေအောက်မီးများသာ ဖြစ်သလားဆိုသည်ကို အမြင်အာရုံဖြင့် ခွဲခြားရန်မှာ မဖြစ်နိုင်ပေ။
၎င်းကို သိရှိနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ လက်တွေ့တိုက်ရိုက် ဖမ်းယူကြည့်ခြင်းသာ ဖြစ်သည်။
မှန်ကန်စွာ ဖမ်းမိလျှင် အကျိုးကျေးဇူးရှိသော်လည်း၊ အကယ်၍ အလွဲအချော်ဖြစ်ခဲ့ပါက ထိုမီးပွင့်များကို နောက်တစ်ကြိမ် ထပ်မံ ဖမ်းယူရမည်ဖြစ်သည်။
ချန်လော့သည် ထိုသို့ခြောက်ကြိမ်တိုင်တိုင် ကြိုးစားအားထုတ်ခဲ့သော်လည်း မြေမီးကျောက်သလင်း တစ်ခုကိုမျှ ဖမ်းယူနိုင်ခြင်း မရှိခဲ့ချေ။
ပိုင်ယီယီသည် ချန်လော့နောက်သို့ လိုက်လာခဲ့၏။ သူမသည် ကံကောင်းစွာဖြင့် လေးကြိမ်မျှ ကြိုးစားပြီးနောက် အစစ်အမှန်တစ်ခုကို ဖမ်းမိနိုင်ခဲ့သည်။
"အစ်ကိုချန်လော့... ကျွန်မ ရပြီ... ကြည့်ပါဦး..."
ပိုင်ယီယီသည် ဝိညာဉ်ထိန်းသိမ်းရေးပုလင်းကို ချန်လော့ထံ ကမ်းပေးလိုက်သည်။
ချန်လော့ကလည်း သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်၏။
ဝိညာဉ်ထိန်းသိမ်းရေးပုလင်းထဲတွင် လက်သည်းခွံထက် အနည်းငယ် သေးငယ်သော ကျောက်ခဲလေးတစ်ခု ငြိမ်သက်စွာဖြင့် ရှိနေသည်။
ပုလင်း၏ အောက်ခြေတွင် တောက်ပသော အနီရောင် ချော်ရည်အချို့ ကျန်ရှိနေသေး၏။
ဤမြေမီးကျောက်သလင်းများသည် ချော်ရည်များမှ ဖြစ်တည်လာခြင်းဖြစ်ရာ ၎င်းတို့တွင် ချော်ရည်အချို့ သဘာဝအလျောက် ပါဝင်နေခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
"မြေမီးကျောက်သလင်းတွေ အားလုံးက ဒီအရွယ်အစားတွေချည်းပဲလား..."
ချန်လော့ မေးမြန်းလိုက်သည်။
အကယ်၍ အားလုံးက ဤအရွယ်အစားအတိုင်းသာ ဖြစ်ပါက သူသည် အရွယ်အစားတူညီသော အရာများကို ရိုးရှင်းစွာ ဖမ်းယူနိုင်မည် ဖြစ်သည်။
သို့သော် ပိုင်ယီယီက ချက်ချင်း ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး... သူတို့က အရွယ်အစား မျိုးစုံ ရှိတယ်... တစ်ခါက လူတစ်ယောက် ဆိုရင် ခေါင်းအရွယ်အစားလောက်ရှိတဲ့ မီးကျောက်သလင်းကို ရခဲ့ဖူးတယ်လို့ ဂိုဏ်းက အကြီးအကဲတွေဆီကနေ ကျွန်မ ကြားဖူးတယ်..."
"ခေါင်းအရွယ်အစားလောက်တောင် ကြီးတာလား..."
ချန်လော့ အနည်းငယ် အံ့အားသင့်သွားသည်။
ပိုင်ယီယီက ခေါင်းညိတ်လိုက်ပြီးနောက် စတင် ရှင်းပြလေသည်။
"မြေမီးကျောက်သလင်း ဆိုတာက ရိုးရိုးရှင်းရှင်း ပြောရရင် မြေအောက်မီးရဲ့ သန့်စင်မှုကို ခံထားရတဲ့ ဝိညာဉ်စွမ်းအင်တွေပဲ..."
"သူက အစက ဝိညာဉ်ကျောက်တုံး တစ်ခုအဖြစ် စတင်ခဲ့တာပဲ.. ဒါပေမဲ့ အချိန်တွေ ကြာလာတာနဲ့အမျှ မြေအောက်မီးရဲ့ ဝိညာဉ်စွမ်းအင်ကို စုပ်ယူပြီး မြေအောက်မီးရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို ရရှိလာခဲ့တယ်..."
"ဝိညာဉ်ကျောက်တုံးတွေက အရွယ်အစား မျိုးစုံရှိတယ်... ဒါကြောင့် အရွယ်အစားကို အခြေခံပြီး ရှာဖို့ ကြိုးစားရင် အတော်လေး ခက်ခဲလိမ့်မယ်..."
ပိုင်ယီယီ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်လော့သည် ခေတ္တမျှ စဉ်းစားလိုက်၏။
"ဒါဆိုရင် ဒီမြေမီးကျောက်သလင်းလို့ ခေါ်တဲ့အရာရဲ့ အနှစ်သာရက တကယ်တော့ မြေအောက်မီးနဲ့ ဝိညာဉ်ကျောက်တုံးတို့ ဆုံတွေ့မှုပဲပေါ့..."
ပိုင်ယီယီက ခေါင်းညိတ်လိုက်သည်။
"တကယ်လို့ မြေအောက်မီးက ဝိညာဉ်ကျောက်တုံးကို အပြည့်အဝ လောင်ကျွမ်းသွားစေမယ်ဆိုရင် မြေမီးကျောက်သလင်းတွေလည်း လုံးဝ ပျောက်ကွယ်သွားမှာလား..."
"သီအိုရီအရတော့ ဟုတ်တယ်... ဒါပေမဲ့ ယေဘုယျအားဖြင့် အဲဒီလိုဖြစ်ဖို့ မလွယ်ဘူး..."
"ဘာဖြစ်လို့လဲ..."
ချန်လော့က မေးမြန်းလိုက်သည်။
"မြေအောက်မီးနဲ့ ဝိညာဉ်ကျောက်တုံးကြားက သက်ရောက်မှုက နှစ်ဖက်အပြန်အလှန် သက်ရောက်မှု ရှ်ိနေလို့ပဲ... မြေအောက်မီးက ဝိညာဉ်ကျောက်တုံးကို နွေးထွေးစေချိန်မှာ ဝိညာဉ်ကျောက်တုံးကလည်း သူ့ရဲ့ ဝိညာဉ်စွမ်းအင်ကို မြေအောက်မီးထဲ လွှဲပြောင်းပေးတယ်..."
"သူတို့နှစ်ခုက အတူယှဉ်တွဲနေထိုင်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာပေါ့..."
"မြေအောက်မီးမှာ ဝိညာဉ်စွမ်းအင်တွေ ရှိလာတာနဲ့ ပတ်ဝန်းကျင်က ကျောက်တုံးတွေဟာလည်း မြေအောက်မီးရဲ့ အကူအညီနဲ့ ဝိညာဉ်ကျောက်တုံးအဖြစ် ပြန်လည် ပေါင်းစပ်သွားလိမ့်မယ်..."
"ဒီလို ဝိညာဉ်ကျောက်တုံးမျိုးက ဝိညာဉ်ကျောက်တုံးကနေ တိုက်ရိုက် ပြောင်းလဲလာတာ မဟုတ်ဘဲ ရိုးရိုးကျောက်တုံးကနေ ပြောင်းလဲလာတာဖြစ်လို့ မြေအောက်မီးနဲ့ ဝိညာဉ်စွမ်းအင်ရဲ့ အစွမ်းက ပိုပြီး တည်ငြိမ်သလို အရည်အသွေးလည်း ပိုကောင်းတယ်... အဲဒါကို ယေဘုယျအားဖြင့် ကျောက်နက်သလင်း လို့ ခေါ်ကြတယ်..."
ပိုင်ယီယီ၏ စကားအဆုံးတွင် ချန်လော့သည် မလှမ်းမကမ်းရှိ မြေပြင်မှ မီးတောက်တစ်ခု ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ချော်ရည်များနှင့် ရောနှောနေသော ကျောက်စရစ်ခဲလေးတစ်ခု ဖြစ်ပြီး မြေပြင်ပေါ်သို့ ကျလာလေ၏။
ထိုအရာ မြင်သောအခါ ချန်လော့သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ
အလျင်အမြန် ပြေးသွားကာ ဝိညာဉ်ထိန်းသိမ်းရေးပုလင်းထဲသို့ တည်ငြိမ်စွာ ထည့်သွင်းလိုက်တော့သည်။
ချန်လော့သည် ဝိညာဉ်ထိန်းသိမ်းရေးပုလင်းထဲရှိ မြေမီးကျောက်သလင်းကို ကြည့်လိုက်ရာ ပိုင်ယီယီ၏ ဝိညာဉ်ထိန်းသိမ်းရေးပုလင်းထဲရှိ မြေမီးကျောက်သလင်းနှင့် အနည်းငယ် ကွာခြားနေကြောင်း တွေ့လိုက်ရ၏။
ဤမြေမီးကျောက်သလင်းမှာ အနက်ရောင်ဖြစ်နေသော်လည်း ၎င်း၏ ကိုယ်ထည်ပတ်လည်တွင် တောက်ပသော အနီရောင် သွေးကြောကဲ့သို့ အစင်းအရာများ ရှိနေ၏။
အနီးအနားတွင် ရပ်နေသော ပိုင်ယီယီက အပြေးရောက်လာပြီး ချန်လော့၏ ဝိညာဉ်ထိန်းသိမ်းရေးပုလင်းထဲရှိ မြေမီးကျောက်သလင်းကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများမှာ အရောင်လက်သွားခဲ့သည်။
"အစ်ကိုချန်လော့... ဒါက ကျောက်နက်သလင်းပဲ..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့ အံ့အားသင့်သွား၏။
"ကျောက်နက်သလင်း ဟုတ်လား... ငါ့ဆီမှာ ရှိနေတာက မြေမီးကျောက်သလင်းထက် အဆင့်ပိုမြင့်တဲ့ ကျောက်နက်သလင်းလား..."
ချန်လော့သည် ပုလင်းထဲရှိ ကျောက်နက်သလင်းထဲသို့ စိတ်အာရုံကို ထည့်သွင်းကာ ခံစားကြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင် ပမာဏအရ အကဲဖြတ်ကြည့်ရလျှင် ၎င်းမှာ ပိုင်ယီယီ၏ ကျောက်သလင်းထက် များစွာ လျော့နည်းနေပုံရသည်။
သို့သော် ၎င်းအတွင်း၌ အခြားစွမ်းအားတစ်ခု ရှိနေပြီး ထိုစွမ်းအားမှာ ဝိညာဉ်စွမ်းအင်နှင့် သက်ဆိုင်ခြင်း မရှိချေ။
ပိုင်ယီယီ၏ ပုလင်းထဲရှိ ထိုစွမ်းအားကို သူ ခံစားမိသော်လည်း အလွန် အားနည်းလွန်းသည်။
သို့သော် ချန်လော့၏ ပုလင်းထဲရှိ စွမ်းအားသည် ပို၍ အားကောင်းကာ ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်သည်။
ထို့အပြင် ထိုစွမ်းအားနှင့် ဝိညာဉ်စွမ်းအင် ပေါင်းစပ်မှုမှာ ဆန့်ကျင်ဘက် ဖြစ်မနေဘဲ ပြီးပြည့်စုံစွာ မျှတနေပြီး အတူတူ မွေးဖွားလာသော အမွှာများကဲ့သို့ပင်။