← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) - မှားယွင်းစွာ သတ်ဖြတ်ခြင်းက ပိုကောင်းတယ်

နာရီအနည်းငယ်ကြာပြီးနောက် ၊ ချန်လော့သည် မြေမီးကျောက်သလင်း ငါးခု သို့မဟုတ် ခြောက်ခုခန့် ထပ်မံ စုဆောင်းနိုင်ခဲ့သော်လည်း ကျောက်နက်သလင်းများကိုမူ ထပ်မံ မတွေ့ရတော့ပေ။

မကြာမီမှာပင် ချိုးယွီနင်သည် အားလုံးကို စုဝေးစေလိုက်ပြီး စုဆောင်းထားသော မြေမီးကျောက်သလင်းများကို ရေတွက်လိုက်သည်။

"စုစုပေါင်း ၆၇ ခု ရှိတယ်... အခုရေ ၁၀၀ ပြည့်တဲ့အထိ နောက်ထပ် နှစ်နာရီလောက် ဆက်စုပြီးမှ ငါတို့ ထွက်သွားကြမယ်..."

ချိုးယွီနင်သည် စကားပြောရင်း သူ စုဆောင်းထားသော မြေမီးကျောက်သလင်းများ အားလုံးကို သိမ်းဆည်းလိုက်ရာ ချန်လော့၏ ကျောက်နက်သလင်းပင် ပါဝင်သွားခဲ့သည်။

သို့သော် ချန်လော့သည် ဘာမှမပြောခဲ့သလို ချိုးယွီနင်ကို ပြန်ပေးရန် တောင်းဆိုခြင်းမရှိခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဤပစ္စည်းများသည် သူ့ထံသို့ ပြန်ရောက်လာမည်မှာ သေချာနေသည် မဟုတ်လော။

မကြာမီတွင် မြေမီးကျောက်သလင်းများကို စုဆောင်းပြီးစီးသွားရာ ချိုးယွီနင်သည် ပျံသန်းနိုင်သော မှော်လက်နက် သုံးခုကို ခေါ်ထုတ်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် ထိုအချိန်တွင် မလှမ်းမကမ်းရှိ မြေမီးကျောက်တောဆီသို့ လျှောက်လှမ်းလာသော လူရိပ်အချို့ကို ချန်လော့ မြင်လိုက်ရသည်။

သူ အနီးကပ် ကြည့်လိုက်ရာ မိစ္ဆာတာအို မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း သိလိုက်ရသည်။ ကျင့်ကြံသူ အယောက်နှစ်ဆယ်ခန့် ပါဝင်ရာ အတော်လေး ကြီးမားသော အဖွဲ့တစ်ဖွဲ့ပင် ဖြစ်သည်။

ချိုးယွီနင်နှင့် အခြားသူများသည် သူတို့ကို လျင်မြန်စွာ သတိထားမိသွားကြပြီး ချက်ချင်း သတိထားလိုက်ကြသည်။

ထိုမိစ္ဆာတာအို ကျင့်ကြံသူများသည် သူတို့နှင့် မီတာတစ်ရာခန့် အကွာတွင် ရပ်တန့်သွားကြပြီး ချိုးယွီနင်နှင့် အခြားသူများကို အလားတူ သတိထားသော အကြည့်များဖြင့် ကြည့်ရှုနေကြ၏။

ချိုးယွီနင်သည် သူ၏ ရှေ့ရှိ မိစ္ဆာတာအို ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်သည်။ သူတို့နှင့် ပြဿနာမဖြစ်ချင်ပုံရသဖြင့် ရှေ့သို့ ထွက်လာကာ စကားဆိုလိုက်သည်။

"ငါတို့ မင်းတို့နဲ့ ပြဿနာ မဖြစ်ချင်ဘူး... အဲဒီနေရာမှာပဲ နေပြီး ငါတို့ ထွက်သွားတဲ့အထိ စောင့်နေလိုက်... ငါတို့ မင်းတို့ကို မသတ်ဘူး..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ ဘေးရှိ လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။

ထိုမိစ္ဆာတာအို ကျင့်ကြံသူများသည်လည်း တုံ့ဆိုင်းနေပုံရပြီး ချိုးယွီနင်နှင့် သူ၏ ဘေးရှိ လူများကို တစ်လှည့်စီ ကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေကြသည်။

"ခေါင်းဆောင်... ဒီကောင်က ထိုက်ရီဂိုဏ်းက သူတော်စင် မဟုတ်ဘူးလား..."

"ထိုက်ရီဂိုဏ်း သူတော်စင် ချိုးယွီနင်လေ..."

"သူပဲ ဖြစ်ပုံရတယ်... ငါတို့ ရမ်းမလုပ်တာ ပိုကောင်းမယ်... ချိုးယွီနင်က အရမ်း အစွမ်းထက်တယ်လို့ ငါ ကြားဖူးတယ်..."

ထိုမိစ္ဆာတာအိုများက ချိုးယွီနင်ကို ရှင်းလင်းစွာ မှတ်မိသွားကြပြီး အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

သို့သော် ထိုလူများ စကားပြောပြီးသည်နှင့် အခြား မိစ္ဆာတာအို အဖွဲ့ဝင်အချို့က ချက်ချင်း ကန့်ကွက်လိုက်ကြသည်။

"အစွမ်းထက်တယ် ဟုတ်လား... ဘယ်လောက်တောင် ပိုအစွမ်းထက်နိုင်မှာမို့လို့လဲ... ငါတို့အားလုံးက အခြေခံတည်ဆောက်ခြင်း အထွပ်အထိပ်အဆင့်တွေချည်းပဲလေ... စွမ်းအားကွာဟချက်က သိပ်မများပါဘူး..."

"ဒါ့အပြင် ငါတို့က လူအင်အား အသာစီးရထားတယ်လေ... သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ..."

"သူတို့ ခြေအောက်က ပျံသန်းနိုင်တဲ့ မှော်လက်နက်တွေကို ကြည့်လိုက်စမ်း... သုံးခုတောင် ရှိတယ်... အဲဒါတွေကို လုယူပြီး ရောင်းလိုက်ရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက် ရနိုင်တယ်... မင်းတို့ နည်းနည်းလေးတောင် မမက်မောဘူးလား..."

"ပြီးတော့ ဒီဂိုဏ်းကြီးက လူတွေရဲ့ လက်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ရှိမှာ သေချာတယ်..."

ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ အကြည့်များမှာ ချိုးယွီနင်နှင့် အခြားသူများ၏ အောက်ရှိ ပျံသန်းနိုင်သော မှော်လက်နက်များဆီသို့ ရောက်ရှိသွားပြီး သူတို့၏ မျက်လုံးများထဲတွင် အလိုလောဘမီးများ တောက်လောင်လာတော့သည်။

ထိုလူများသည် အလွန် တိုးညှင်းစွာ ပြောဆိုနေကြသဖြင့် ချန်လော့နှင့် အခြားသူများသည် သူတို့၏ ပါးစပ်လှုပ်ရှားနေသည်ကိုသာ မြင်တွေ့ရပြီး ဘာပြောနေသည်ကို မကြားရချေ။

သူတို့သည် လောဘတက်နေသော်လည်း လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ ၊ သူတို့သည် ထိုက်ရီဂိုဏ်း သူတော်စင်၏ နာမည်ကျော်ကြားမှုကို ကောင်းစွာ သိရှိထားကြပေသည်။

သူတို့သည် အခြေခံတည်ဆောက်ခြင်း အထွပ်အထိပ်အဆင့် ဖြစ်ပြီး ၊ ကျင့်ကြံဆင့် တူညီသော်လည်း သူတို့၏ စွမ်းအားမှာ မိုးနှင့်မြေ ကဲ့သို့ ကွာခြားလှပေသည်။

ချိုးယွီနင်သည် သူတို့နှင့် အချိန်ဖြုန်းရန် ရည်ရွယ်ချက် မရှိသည်မှာ သိသာထင်ရှားပြီး ပျံသန်းနိုင်သော မှော်လက်နက်ကို ချက်ချင်း အသက်သွင်းကာ ထွက်ခွာရန် ပြင်ဆင်လိုက်တော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော မိစ္ဆာတာအို ဂိုဏ်းသားများလည်း သက်ပြင်းချမိလိုက်ကြသည်။

သူတို့အတွက် အရေးအကြီးဆုံးအချက်မှာ ချိုးယွီနင်နှင့် အခြားသူများ ဤနေရာမှ မြန်မြန် ထွက်ခွာသွားနိုင်ရန်ပင် ဖြစ်သည်။

အခြား ပျံသန်းနိုင်သော မှော်လက်နက် နှစ်ခုသည်လည်း ဖြည်းညင်းစွာ မြင့်တက်လာပြီး အတူတကွ ထွက်ခွာရန် ပြင်ဆင်နေကြသည်။

သို့သော် ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက ပျံသန်းနိုင်သော မှော်လက်နက်ပေါ်မှ ရုတ်တရက် ခုန်ဆင်းသွားပြီး စကားတစ်ခွန်းမျှ မဆိုဘဲ မိစ္ဆာတာအို ဂိုဏ်းသားများဆီသို့ သတ်ဖြတ်ရန် ဦးတည်သွားလေသည်။

ဤသည်ကို မြင်သောအခါ ချိုးယွီနင်၏ မျက်နှာအမူအရာမှာ ချက်ချင်း တင်းမာသွားပြီး မကျေနပ်မှုကို ပြသလိုက်သည်။

ချန်လော့သည် ခုန်ဆင်းသွားသော ဂိုဏ်းသားကို ကြည့်လိုက်၏။

ထိုလူ၏ အမည်မှာ ထျန်းရှင်းဂိုဏ်း မှ တိုက်ရိုက်တပည့် ကျန်းချုံ ဖြစ်သည်။ ချန်လော့သည် သူနှင့် သိပ်မဆက်ဆံဖူးသောကြောင့် သူ့အပေါ် နက်ရှိုင်းသော အထင်အမြင် မရှိခဲ့ပေ။

သို့သော် သူသည် ထျန်းရှင်းဂိုဏ်းအကြောင်း တစ်ခု‌ သိထားသည်။ မကောင်းမှုများကို ရန်သူကဲ့သို့ မုန်းတီးသော ထျန်းရှင်းဂိုဏ်းသည် မိစ္ဆာတာအိုအပေါ် အကြီးမားဆုံးသော မလိုမုန်းထားမှု ရှိသည့် ဂိုဏ်းတစ်ခုလည်း ဖြစ်သည်။

အသေးအမွှားမျှသာ ဖြစ်သည့် မကောင်းမှုတစ်ခုကို ကျူးလွန်သူဖြစ်စေကာမူ၊ နောက်တစ်ကြိမ် ထပ်မံ၍ အမှားပြုလုပ်ခွင့် အခွင့်အရေးပေးမည့်အစား ချက်ချင်းပင် အဆုံးစီရင်လိုက်ခြင်းက ပို၍သင့်လျော်သည်ဟု ယုံကြည်ထားသူများ ဖြစ်သည်။

"အောက်ဆင်းပြီး သူ့ကို ကူညီလိုက်ပါ..."

ချိုးယွီနင်က ပြောလိုက်ရာ သူ၏ လေသံတွင် မတတ်နိုင်သော အရိပ်အယောင်များ ရှိနေခဲ့သည်။

ထိုသို့ပြောပြီးနောက် သူသည် ပျံသန်းနိုင်သော မှော်လက်နက်ကို အောက်သို့ဆင်းရန် အသက်သွင်းလိုက်သည်။

ထိုအရာကို မြင်သောအခါ ချန်လော့သည် အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ ပျံသန်းနိုင်သော မှော်လက်နက် အောက်သို့ မဆင်းသက်မီ ခုန်ချလိုက်၏။

ထို့နောက် သူသည် သိုလှောင်အိတ်ထဲမှ ရှည်လျားသော ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး မိစ္ဆာတာအို အဖွဲ့ဝင်များ၏ အလယ်သို့ ပြေးဝင်သွားသည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် ပြိုင်ဘက်ကို သတ်ဖြတ်ရန် ရည်ရွယ်ထားသော သေစေနိုင်သည့် တိုက်ခိုက်မှုများသာ ဖြစ်သည်။

မိစ္ဆာတာအို ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းအပေါ် သူ့တွင် ကန့်ကွက်စရာ အကြောင်းမရှိပေ။

ချန်လော့၏ အမြင်တွင် ဖြောင့်မတ်သောတာအို သို့မဟုတ် မိစ္ဆာတာအို ဟူ၍ မရှိ။ သူ၏အမြင်တွင် သူ့အတွက် အသုံးဝင်သောသူများနှင့် အသုံးမဝင်သောသူများသာ ရှိသည်။

မိစ္ဆာတာအိုဘက်တွင် လူအင်အား အသာစီးရှိနေသော်လည်း သို့သော် ထိုဂိုဏ်းသားများသည် မိစ္ဆာတာအို ဂိုဏ်းကြီးများမှ ဆက်ခံသူများ မဟုတ်သည်မှာ သိသာထင်ရှားသည်။

စွမ်းအားပိုင်းတွင် အားနည်းရုံသာမက ထုတ်ပြစရာ မှော်ရတနာ အနည်းငယ်ပင် မရှိကြချေ။

သူတို့၏ အစွမ်းထက်သော သိုင်းကွက်အချို့ကိုသာ ထုတ်ဖော်နိုင်ကြသည်။ အမှန်တွင် တိုက်ပွဲတစ်လျှောက်လုံး၌ ခေါင်းဆောင်ဖြစ်သူသာ မှော်ရတနာ လှံတစ်လက်ကို အသုံးပြုခဲ့ပြီး ထိုမှော်ရတနာမှာလည်း သာမန်အဆင့်သာ ရှိသော ဝိညာဉ်လက်နက်တစ်ခုသာ ဖြစ်ပေသည်။

ငါးမိနစ်အကြာတွင် ချန်လော့သည် ဓားတစ်ချက်တည်းဖြင့် နောက်ဆုံးကျန်ရှိနေသော မိစ္ဆာတာအို ဂိုဏ်းသားကို ခေါင်းဖြတ်သတ်လိုက်သည်။

ထိုဂိုဏ်းသား ခေါင်းဖြတ်ခံရချိန်တွင် သူ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ၊ အခြေအနေသည် အဘယ်ကြောင့် ရုတ်တရက် ဤသို့ ပြောင်းလဲသွားရသည်ကို နားမလည်နိုင်သည့်အလား ဖြစ်နေ၏။

ရိုးရိုးသားသားပြောရလျှင် ချန်လော့ ကိုယ်တိုင်ပင် ဤအဖြစ်အပျက်အပေါ် နားမလည်နိုင် ဖြစ်နေမိသည်။

ချိုးယွီနင်က ထွက်ခွာရန် အမိန့်ပေးခဲ့သော်လည်း ထိုလူသည် ရုတ်တရက် ခုန်ဆင်းသွားပြီး မိစ္ဆာတာအို ဂိုဏ်းသားများဆီသို့ ပြေးဝင်သွားခဲ့သည် မဟုတ်လော။

"ကျန်းချုံ... ငါ သူတို့နဲ့ ပြဿနာမဖြစ်ဘဲ ဒီတိုင်း ထွက်သွားမယ်လို့ ပြောခဲ့တယ် မဟုတ်ဘူးလား..."

ချိုးယွီနင်သည် ထိုဂိုဏ်းသားကို ပြောဆိုလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ရှိနေ၏။

ချိုးယွီနင်သည် အခြေအနေကို ဤအဆင့်အထိ မရောက်စေလိုသည်မှာ သိသာထင်ရှားသည်။

သူတို့သည် အရှုံးမရှိခဲ့သလို မိစ္ဆာတာအို ဂိုဏ်းသား နှစ်ဆယ်ကျော်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။

ဤသည်မှာ ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်သော်လည်း ချိုးယွီနင်၏ အမြင်တွင် ၊ ဤအရာအားလုံးကို ရှောင်ရှားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

သို့သော် ကျန်းချုံက ထိုစကားကို ကြားလိုက်ရချိန်တွင် ချိုးယွီနင်ကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်၏။

"ဖြောင့်မတ်သူနဲ့ မိစ္ဆာဆိုတာ မွေးရာပါ ပြေလည်လို့မရတဲ့ ရန်သူတွေပဲ... မင်း ဒီနေ့ သူ့ကို မသတ်ရင် မနက်ဖြန် သူက မင်းကို သတ်လိမ့်မယ်..."

"မင်းက အစွမ်းထက်တယ်... နောက်ခံလည်း ကောင်းတယ်... ဒါကြောင့် မင်းက ကြောက်စရာမလိုဘူး... ဒါပေမဲ့ သာမန် ဖြောင့်မတ်တာအို ဂိုဏ်းသားတွေကရော..."

"သူတို့သာ ဒီကောင်တွေနဲ့ ဆုံရင် အဲဒီ ဖြောင့်မတ်တာအို ဂိုဏ်းသားတွေက အသက်ရှင်နိုင်ပါဦးမလား..."

ကျန်းချုံသည် သူ လုပ်ခဲ့သည့်အပေါ် အမှားအယွင်းမရှိကြောင်း ယူဆထားပုံရသည်။

သို့သော် ချိုးယွီနင်သည် ထိုစကားကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

"သူတို့ ဘာလုပ်မယ်ဆိုတာကို မင်း မသိနိုင်ဘူးလေ”

"တစ်ယောက်ယောက်က ဓားကိုင်ထားတာကို မြင်ရုံနဲ့ သူ သတ်လိမ့်မယ်လို့ မင်း ယူဆလို့ မရဘူး..."

"တကယ်လို့ သူတို့က မွေးရာပါ လူဆိုးတွေ မဟုတ်ခဲ့ရင်ရော... သူတို့ကို ပြောင်းလဲဖို့ အခွင့်အရေး ရှိနေသေးရင်ရော..."

သို့သော် ချိုးယွီနင်၏ စကားကို ကြားပြီးနောက် ကျန်းချုံသည် လျစ်လျူရှုထားသည့်ဟန်ဖြင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။

"အပြစ်ရှိတဲ့သူကို လွတ်သွားစေတာထက် အပြစ်ကင်းတဲ့သူကို သတ်မိတာက ပိုကောင်းတယ်..."

"သတ်သင့်တဲ့သူကို လွတ်ပေးလိုက်တာထက် မသတ်သင့်တဲ့သူကို သတ်ပစ်လိုက်တာက ပိုကောင်းတယ်..."

All Chapters