← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) - ရွှေရောင်အနှစ်သာရဆေးလုံး

ကျန်းချုံ၏ စကားများကို ကြားပြီးနောက် ချိုးယွီနင်မှာ ထပ်ပြောရန်ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရတော့သည်။

"ထားလိုက်ပါတော့... ငါ မင်းကို နားချနိုင်မှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် ချိုးယွီနင်သည် ရွေးချယ်စရာမရှိတော့ဘဲ ပျံသန်းနိုင်သော မှော်လက်နက်ပေါ်သို့ ပြန်တက်သွားလေသည်။

ကျန်းချုံသည် စကားများများမပြောတော့ဘဲ ဘေးရှိ ပျံသန်းနိုင်သော မှော်လက်နက်ဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားခဲ့၏။

သူတို့နှစ်ဦးသည် ဤကိစ္စနှင့်ပတ်သက်၍ တစ်ကြိမ်ထက်မက အငြင်းပွားခဲ့ဖူးသည်မှာ ရှင်းလင်းပေသည်။

ယခုအချိန်အထိ သူတို့နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး နားချနိုင်ခြင်း မရှိခဲ့ပုံရသည်။

ချန်လော့သည် ထိုနေရာတွင် ရပ်ကာ ကျန်းချုံ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီကောင်ကို စောင့်ကြည့်ဖို့ လိုအပ်ပြီ..."

သူ့ကိုယ့်သူ တွေးလိုက်မိသည်။

ကျန်းချုံသည် သူ့အပေါ် တွင် လက်မပါခဲ့သော်လည်း မိစ္ဆာတာအိုကို ထိုမျှလောက် မုန်းတီးသောသူတစ်ယောက်သည် မိစ္ဆာတာအိုကို သစ္စာဖောက်ခဲ့သော ကျင့်ကြံသူတစ်ဦးဖြစ်သည့် သူ့အပေါ် သိပ်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည် မဟုတ်ပေ။

သူ ဘာမှမလုပ်ခြင်းက မိမိကို ယုံကြည်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူသည် အချိန်ကောင်းတစ်ခုကို စောင့်ဆိုင်းပြီး တိုက်ခိုက်လာနိုင်ချေ ရှိသည်။

"ငါတို့ နောက်ထပ် ဘယ်ကို သွားကြမလဲ..."

ချန်လော့သည် ချိုးယွီနင်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"သွေးနဂါးကန်ကို သွားကြမယ်..."

ချိုးယွီနင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"သွေးနဂါးကန်က သွေးကြာပန်းတွေကို စုဆောင်းမယ်... ပြီးရင် ကျောက်ဖြူချောင်းကို သွားပြီး ရေစီးကြောင်းပုလဲ တချို့ကို ရှာမယ်... အဲဒီနောက်တော့..."

ချိုးယွီနင်သည် နေရာအမည် ဒါဇင်ပေါင်းများစွာကို ချန်လော့အား ရွတ်ပြလိုက်ရာ ချန်လော့မှာ ဆွံ့အနေလေ၏။

"ဒီလောက် နေရာအများကြီးကို သွားကြမှာလား..."

ချန်လော့ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

"ဒီလူက လျှို့ဝှက်နယ်မြေမှာ အလုပ်လာလုပ်တာလား... အစီအစဉ်ဆွဲထားတာ အရမ်း အသေးစိတ်ကျလွန်းတယ်..."

ချန်လော့၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်သောအခါ ချိုးယွီနင် က ပြုံးလိုက်ပြီး ဆိုလေသည်။

"ရွှေရောင်အနှစ်သာရဆေးလုံးရဲ့ ဆေးဖော်စပ်နည်းထဲက ဆေးဖက်ဝင်အပင် တော်တော်များများကို သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေမှာပဲ ရနိုင်တယ်လေ”

"ရွှေရောင်အနှစ်သာရဆေးလုံး..."

ချန်လော့ အံ့အားသင့်သွား၏။ ၎င်းမှာ ဆေးလုံးတစ်မျိုးမျိုးနှင့် ဆင်တူသော်လည်း သူ တစ်ခါမျှ မကြားဖူးချေ။

‘ အဆင့်မြင့် ဆေးလုံးတစ်မျိုးများ ဖြစ်နေမလား'

ချန်လော့၏ တွေဝေနေသော အကြည့်ကို မြင်သောအခါ ချိုးယွီနင်က တစ်ခုခုကို သတိပြုမိသွားပုံရပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"ဒီရွှေရောင်အနှစ်သာရဆေးလုံးက တကယ်တော့ ကျွန်တော့်အဖေ လျှို့ဝှက်နယ်မြေမှာ ရခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ...."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ မျက်နှာအမူအရာမှာ ပို၍ ထူးဆန်းသွားတော့သည်။

‘ချိုးယွီနင်ရဲ့ အဖေလား... ချိုးဖုန်းလီပေါ့... လျှို့ဝှက်နယ်မြေကနေ ရခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ရာက လျှို့ဝှက်နယ်မြေ နောက်ဆုံး ဖွင့်တုန်းက ရခဲ့တာများလား…’

ချန်လော့၏ တွေဝေနေသော အမူအရာကို မြင်သောအခါ ချိုးယွီနင်က အနည်းငယ် ပြုံးလိုက်ပြီး ဆက်လက် ရှင်းပြလေသည်။

"လျှို့ဝှက်နယ်မြေ နောက်ဆုံးပွင့်ခဲ့တုန်းက ကျွန်တော့်အဖေက ထိုက်ရီဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်အနေနဲ့ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ခဲ့တာလေ..."

"အဲဒီအချိန်တုန်းက အဖေ့ရဲ့ ကျင့်ကြံမှုအဆင့်က မမြင့်သေးသလို စွမ်းအားကလည်း သိပ်မကြီးမားသေးဘူး... ဒါပေမဲ့ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲမှာ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိတယ်လို့ ကြားခဲ့ရလို့ ဝင်ရောက်ခဲ့ရုံပဲ..."

"လျှို့ဝှက်နယ်မြေထဲမှာ ရှိနေတဲ့အချိန်အတွင်း အဖေက သာမန်လူတွေ ကြုံတွေ့ရခဲတဲ့ ထူးခြားတဲ့ အတွေ့အကြုံတချို့ကို တကယ်ပဲ ရရှိခဲ့တယ်..."

ချိုးယွီနင်သည် အနည်းငယ် ပြုံးလိုက်ပြီး တည်ငြိမ်စွာ စတင် ရှင်းပြလေတော့သည်။

"အဖေက အခြေခံတည်ဆောက်ခြင်းအဆင့်ရှိတဲ့ ဝံပုလွေမိစ္ဆာအုပ် တစ်အုပ်ကို မတော်တဆ ရန်စမိခဲ့တယ်... သူတို့ရဲ့ လိုက်လံဖမ်းဆီးတာကို ခံရရင်း လမ်းပျောက်သွားပြီး ဂူတစ်ခုထဲကို ဝင်ပြေးခဲ့မိတယ်..."

"အဲဒီနောက် အကြောင်းတစ်ခုခုကြောင့် ဝံပုလွေမိစ္ဆာတွေက အဖေ ဂူထဲဝင်သွားတာကို မြင်တော့ ဆက်မလိုက်ရဲတော့ဘူး... ဂူပေါက်ဝမှာပဲ မလှုပ်မယှက် စောင့်နေခဲ့ကြတယ်... အဖေ့မှာ ရွေးချယ်စရာမရှိတော့ဘဲ ဂူထဲကို ဆက်လျှောက်သွားခဲ့ရတယ်..."

"အဆုံးကို ရောက်တဲ့အခါ ဂူရဲ့အဆုံးမှာ သေဆုံးနေတဲ့ ကျင့်ကြံသူတစ်ယောက် ရှိနေတာကို အဖေ တွေ့ခဲ့ရတယ်..."

"သူ့ရဲ့ သိုလှောင်အိတ်ထဲက ပစ္စည်းတွေကို ထုတ်ကြည့်ပြီးတဲ့နောက် အဖေက အံ့သြစရာကောင်းတဲ့ အချက်အလက်အချို့ကို သိခဲ့ရတယ်..."

"သေဆုံးသွားတဲ့ အဲဒီကျင့်ကြံသူက လွန်ခဲ့တဲ့ နှစ်သောင်းချီက အခွင့်အရေးရှာဖွေဖို့ အပြင်ဘက်နယ်မြေ ဖြစ်တဲ့ လေတစ်ထောင်တိုက်ကြီး လင်လန်ဓားဂိုဏ်းကနေ လာခဲ့တဲ့ ဂိုဏ်းသားတစ်ယောက်ပဲ..."

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့မှာ ထပ်မံ အံ့အားသင့်သွားရပြန်သည်။

"နှစ်သောင်းချီက ဟုတ်လား... အပြင်ဘက်နယ်မြေက ဆိုပါလား..."

အမှန်တွင် ချန်လော့သည် အပြင်ဘက်နယ်မြေများနှင့် ပတ်သက်၍ သိပ်မသိပေ။ အဓိကအားဖြင့် သူသည် ၎င်းတို့အကြောင်းကို တမင်တကာ ကြိုးစားလေ့လာခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ချန်လော့သည် ကမ္ဘာကြီး၏ မတူညီသော ဒေသများရှိ အခြေအနေများနှင့် သိပ်မရင်းနှီးခဲ့ချေ။

သူ သိထားသည်မှာ သူတို့ ရှိနေသော နေရာကို နန်ချန်တိုက်ကြီး ဟု ခေါ်ကြောင်းသာ ဖြစ်သည်။ နန်ချန်တိုက်ကြီး၏ အပြင်ဘက်တွင် ဘာရှိမှန်း သူ လုံးဝ မသိခဲ့ပေ။

သို့သော် ချိုးယွီနင်၏ ဇာတ်လမ်းသည် ပြင်ပနယ်မြေများကို အာရုံစိုက်ထားခြင်း မဟုတ်သည်မှာ ထင်ရှားသည်။

"အဲ့ကျင့်ကြံသူရဲ့ အထောက်အထားကို သက်သေပြနိုင်တဲ့ ပစ္စည်းတွေကို တွေ့ရတဲ့အပြင် သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ မှော်ရတနာတွေနဲ့ လျှို့ဝှက်ကျမ်းစာတွေ အများကြီးကိုလည်း အဖေ ရခဲ့တယ်..."

"ဒါပေမဲ့ နှစ်သောင်းချီကြာအောင် ငြိမ်သက်နေခဲ့တဲ့အတွက် မှော်ရတနာက သူ့ရဲ့ ဝိညာဉ်ရေးရာ စွမ်းအင်တွေ ဆုံးရှုံးသွားပြီး သာမန်သံတုံးတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်..."

"ကံကောင်းတာက မှော်ရတနာကို သုံးလို့မရတော့ပေမဲ့ စာအုပ်တွေကတော့ သိပ်အများကြီး မပျက်စီးသွားခဲ့ဘူး..."

"အဲဒီစာအုပ်တွေထဲမှာ မန္တာန်တွေနဲ့ ကျင့်စဉ်တွေအပြင် နောက်ထပ် အလွန်အရေးကြီးတဲ့ အရာတစ်ခု ပါဝင်တယ်... အဲဒါက ရွှေရောင်အနှစ်သာရဆေးလုံးရဲ့ ဆေးဖော်စပ်နည်းပဲ..."

ဤအကြောင်းကို ပြောဆိုနေချိန်တွင် ချိုးယွီနင်သည် သိသာစွာပင် အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။

"ဒီ ရွှေရောင်အနှစ်သာရဆေးလုံးကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဆေးဆရာကြီးတစ်ယောက် က ဖန်တီးခဲ့တာလို့ ဆိုကြတယ်... ဆေးဆရာကြီး ဖန်တီးခဲ့တာဖြစ်လို့ ကံကြမ္မာရဲ့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတယ်..."

"ရွှေမြုတေအဆင့်ကို တတ်လှမ်းတော့မယ့် ကျင့်ကြံသူတစ်ယောက်ဟာ...ဒီရွှေရောင်အနှစ်သာရဆေးလုံးကို သောက်သုံးရင် ထွက်ပေါ်လာမယ့် ရွှေမြုတေရဲ့ အရည်အသွေးကို အများကြီး တိုးတက်စေနိုင်သလို ပြီးပြည့်စုံတဲ့ ရွှေအမြုတေကိုလည်း ရရှိနိုင်တယ်”

ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့၏ မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်နေမိသည်။

‘ရွှေရောင်အနှစ်သာရဆေးလုံး... ရွှေမြုတေရဲ့ အရည်အသွေးကို မြှင့်တင်ပေးတယ်ပေါ့... ပြီးပြည့်စုံသော ရွှေအမြုတေကိုပါ ရနိုင်သတဲ့လား’

‘ဒီလောကကြီးမှာ ဒီလို အံ့သြစရာကောင်းတဲ့ အရာတွေ ရှိနေသေးတာပဲ…’

ထို့ကြောင့်ပင် ချိုးယွီနင်နှင့် အခြားသူများသည် ကောင်းကင်နှင့် မြေကြီး ရတနာများကို စုဆောင်းကာ နောက်တစ်နေရာသို့ ချက်ချင်း ထွက်ခွာသွားကြခြင်း ဖြစ်ပေမည်။

အကယ်၍ ချန်လော့သာ ဆေးဖော်စပ်နည်းအကြောင်း စောစောသိခဲ့မည်ဆိုပါက ၊ သူသည် ချိုးယွီနင်ထက်ပင် ပို၍ လုံ့လဝီရိယ ရှိခဲ့လောက်ပေသည်။

"နှမြောစရာကောင်းတာက အဖေ ဆေးဖော်စပ်နည်းကို ရခဲ့ချိန်မှာ လျှို့ဝှက်နယ်မြေ မပိတ်ခင် အချိန်သိပ်မကျန်တော့လို့ သူ လိုအပ်တဲ့ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းဖို့ အခွင့်အရေး မရခဲ့ဘူး..."

"သူ လျှို့ဝှက်နယ်မြေကနေ ထွက်လာတဲ့အချိန်မှာ ဆေးဖက်ဝင်အပင် သုံးပုံတစ်ပုံလောက်တောင် မစုဆောင်းနိုင်ခဲ့ဘူး..."

"နောက်ဆုံးမှာ ရွေးချယ်စရာ မရှိတော့တာနဲ့ အဲဒီသုံးပုံတစ်ပုံသော ဆေးဖက်ဝင်အပင်တွေကိုသာ ပြန်ယူလာပြီး ဆေးရည်အဖြစ် သောက်ခဲ့ရတယ်..."

"သုံးပုံတစ်ပုံအောက်နည်းတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့တောင် အဖေက အဆင့်မြင့် ရွှေမြုတေအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်..."

ချိုးယွီနင်သည် ပြောရင်းဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ ဖခင်အတွက် အားမလိုအားမရ ဖြစ်နေပုံရသည်။

သို့သော် ချန်လော့မှာမူ ဤအရာအားလုံးကို ကြားပြီးနောက် စိတ်လှုပ်ရှားလွန်းသဖြင့် စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေ၏။

‘သုံးပုံတစ်ပုံသော ဆေးဖက်ဝင်အပင်တွေနဲ့တင် ချိုးဖုန်းလီကို အဆင့်မြင့် ရွှေမြုတေအဆင့် ရောက်သွားစေတယ်ပေါ့…’

‘ရွှေရောင်အနှစ်သာရဆေးလုံးအတွက် ပါဝင်ပစ္စည်းတွေ အားလုံးကို စုဆောင်းပြီး ဆေးလုံးအဖြစ် ဖော်စပ်လိုက်နိုင်မယ်ဆိုရင်…’

‘စနစ်ရဲ့ အကူအညီနဲ့ဆိုရင် ငါက အဆတစ်ရာ တိုးမြှင့်မှုကို ရရှိနိုင်သလို ပြီးပြည့်စုံတဲ့ ရွှေအမြုတေ အဆင့်ကို ရရှိဖို့ လွယ်ကူသွားမှာပဲ..."

ဤအခိုက်အတန့်တွင် ချိုးယွီနင်က ထပ်မံ စကားဆိုလိုက်၏။

"ဒီတစ်ခါ ကျွန်တော်တို့က ပါဝင်ပစ္စည်းတွေကို အများကြီး ပိုစုဆောင်းလာခဲ့တယ်... ဆေးလုံး အလုံးနှစ်ဆယ်လောက် ဖော်စပ်ဖို့ လုံလောက်ပါတယ်..."

"အချိန်ကျလာရင် အဖေ့ဆီကနေ အစ်ကိုချန်အတွက် တစ်လုံး တောင်းပေးပါ့မယ်... အစ်ကိုချန်ရဲ့ အမြုတေဖွဲ့စည်းခြင်းကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ သေချာပေါက် ကူညီပေးနိုင်မှာပါ..."

ချိုးယွီနင်၏ စကားများကို ကြားလိုက်ရချိန်တွင် ချန်လော့သည် တစ်ဖန် ရင်ခုန်သွားရပြန်သည်။

အကယ်၍ သူ၏ ပုံရိပ်ကို ထိန်းသိမ်းထားရန် မလိုအပ်ပါက ချိုးယွီနင်၏ ရှေ့တွင် ဒူးထောက်ကာ အော်ဟစ်လိုက်နိုင်သည်။

"ကျွန်တော့် ဘဝတစ်သက်လုံး ပညာရှိတဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ မဆုံဖူးသေးဘူး... ခင်ဗျားသာ ကျွန်တော့်ကို မစွန့်လွှတ်ဘူးဆိုရင် ခင်ဗျားရဲ့ မွေးစားသားလုပ်ဖို့ ဆန္ဒရှိပါတယ်..."

All Chapters