အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇) - ကောင်းကင်နတ်ဆိုးတောအုပ်
တစိလခနိ့ကြာပြီးနောက် ချန်လော့သည် ချိုးယွီနင်နှင့် အခြားသူများ နောက်သို့ လိုက်ပါကာ လျှို့ဝှက်နယ်မြေ တစ်ခွင်တွင် ပြေးလွှားနေခဲ့သည်။
ရွှေရောင်အနှစ်သာရဆေးလုံးအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များကို စုဆောင်းသည့်အပြင် ချန်လော့သည် ချိုးယွီနင်နှင့် သူ၏အဖွဲ့၏ နောက်ခံအကြောင်းကို စုံစမ်းရန်လည်း အခွင့်အရေး ယူခဲ့သည်။
ထို့အပြင် သူတို့၏ လျှို့ဝှက်လက်နက်များကို အသုံးချရန်လည်း အခွင့်ကောင်း ယူခဲ့သေး၏။
သူ၏ ဝိညာဉ်စွမ်းအင် ချို့တဲ့မှုကို အကြောင်းပြကာ သူတို့ကို တိုက်ခိုက်လာသော သားရဲများကို မကြာခဏ အလွတ်ပေးခဲ့ပြီး တစ်ခါတစ်ရံတွင် သူ့ကိုယ်သူပင် အစာအဖြစ် အသုံးချခဲ့သည်။
ချိုးယွီနင်နှင့် အခြားသူများသည်လည်း အတော်လေး လေးစားမှုရှိကြသည်။ အနည်းဆုံးတော့ ချန်လော့ကို ကယ်တင်ချိန်တွင် မှော်လက်နက် မျိုးစုံကို ထုတ်လာကြပြီး အနည်းငယ်မျှပင် ပေါ့ဆခြင်း မရှိခဲ့ကြပေ။
သို့သော် ဤနည်းလမ်းကို မကြာခဏ အသုံးပြု၍မရသည်မှာ သေချာသည်။ သို့မဟုတ်ပါက သံသယ ဖြစ်လာနိုင်သည်။
အဓိက အရေးကြီးဆုံးအချက်မှာ ချိုးယွီနင်၏ အဓိက လက်နက်သုံးခုဖြစ်သော ရောင်စဉ်ဖြာ လက်နက်များကို ယနေ့ထိတိုင် တစ်ကြိမ်မျှပင် အသုံးမပြုရသေးချေ။
ဤအခိုက်အတန့်တွင် ချန်လော့သည် ပျံသန်းနိုင်သော မှော်လက်နက်ပေါ်တွင် ထိုင်နေပြီး ချိုးယွီနင်၏ လက်ပေါ်ရှိ အမှတ်အသား သုံးခုကို ကြည့်နေ၏။ ၎င်းတို့မှာ ရောင်စဉ်ဖြာ လက်နက်များပင် ဖြစ်သည်။
ချိုးယွီနင်ထံမှ နောက်ထပ်တစ်ခုကို တောင်းသင့်မတောင်းသင့် စဉ်းစားနေမိသည်။ ချိုးယွီနင်သည် သူ့ကို တိုက်ရိုက် ပေးချင်လည်း ပေးနိုင်ပေသည်။
သားရဲများကို အသုံးပြုကာ ချိုးယွီနင်နှင့် သူ၏အဖွဲ့ကို အားနည်းသွားစေရန် ကြိုးစားခြင်းက သူတို့ကို အထင်သေးလွန်းရာ ကျပေသည်။
"အားလုံး အဆင်သင့်ပြင်ထားကြ... ကောင်းကင်နတ်ဆိုးတောအုပ်ထဲက သားရဲတွေက အရင်နေရာတွေက သားရဲတွေလို အားနည်းမှာ မဟုတ်ဘူး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့ တစ်ယောက် ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။
"ကောင်းကင်နတ်ဆိုးတောအုပ်က သားရဲတွေက အရမ်း အစွမ်းထက်လို့လား..."
ချိုးယွီနင်က ချန်လော့ကို တစ်ချက်ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်၏။
"ငါ သေချာမသိပေမဲ့ အားနည်းမှာတော့ မဟုတ်ဘူး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့သည် မတတ်သာသည့် အပြုံးဖြင့် ပြုံးပြလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ချေ။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ပတ်သက်၍ သူတို့ရရှိထားသော အချက်အလက်များ အားလုံးမှာ လွန်ခဲ့သော နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်ခန့်က အချက်အလက်များသာ ဖြစ်သည်။
သို့သော် နှစ်တစ်ရာ ကြာပြီးနောက် ကျင့်ကြံသူ အဖွဲ့သစ်တစ်ဖွဲ့ ဝင်ရောက်လာချိန်တွင် လွန်ခဲ့သော နှစ်တစ်ရာက မှတ်တမ်းတင်ထားခဲ့သော အချက်အလက်များမှာ အတိအကျ တူညီနေဦးမည်ဟု မည်သူမှ အတပ် မပြောနိုင်ပေ။
ကျင့်ကြံသူတစ်ဦးအတွက် ရာစုနှစ်တစ်ခု ဆိုသည်မှာ အချိန်ကြာမြင့်လှသည် မဟုတ်သော်လည်း မတိုတောင်းလှပေ။
ထူးချွန်သော ပါရမီရှင် ဂိုဏ်းသားတစ်ဦးသည် ရာစုနှစ်တစ်ခုအတွင်း နတ်ဝိညာဉ်အဆင့်နှင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို ထိုးဖောက် ဝင်ရောက်နိုင်ပေသည်။
အလွန်ညံ့ဖျင်းသော ပါရမီရှိသည့် ဂိုဏ်းသားတစ်ဦးအတွက်မူ ရာစုနှစ်တစ်ခု ဆိုသည်မှာ သူ၏ ဘဝသက်တမ်း တစ်လျှောက်လုံးနီးပါးပင် ဖြစ်သည်။
သေချာသည်မှာ သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ၏ ထူးခြားသော လက္ခဏာအချို့ကြောင့် ၎င်းအတွင်းရှိ သားရဲများမှာ အတိုင်းအတာတစ်ခုအထိ ကန့်သတ်ခံထားရနိုင်သည်။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေ၏ ဝိညာဉ်စွမ်းအင်သည် သူ့အလိုလို ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ပြင်ပကမ္ဘာမှ စုပ်ယူခြင်း ဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်နယ်မြေ အတွင်းရှိ ဝိညာဉ်ချီများသည် အမြင့်ဆုံးအဆင့်မှ ကျဆင်းသွားသည့် အခြေအနေကို ကြုံတွေ့ရမည် ဖြစ်သည်။
ဤထူးခြားသော လက္ခဏာသည် အတွင်းရှိအရာများကို အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ထားနိုင်ပြီး၊ သားရဲများကို နှစ်တစ်ရာအတွင်း ကောင်းကင်ဘုံကို အံတုနိုင်လောက်သည့် အဆင့်အထိ ကြီးထွားလာခြင်းမှ တားဆီးပေးနိုင်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်လော့သည် သူ၏ သိုလှောင်အိတ်ထဲမှ မြေပုံတစ်ခုကို ထုတ်ယူလိုက်၏။
ဤမြေပုံကို လွန်ခဲ့သော တစ်ပတ်က ချိုးယွီနင်က ချန်လော့အား ပေးခဲ့ခြင်း ဖြစ်သည်။
ဤမြေပုံသည် ပိုင်ယီယီနှင့် ချင်မုတို့ထံမှ ရရှိခဲ့သော မြေပုံများနှင့် လုံးဝ ကွဲပြားသည်။ ၎င်းသည် အလွန် အသေးစိတ်ကျပြီး ဆယ်ပုံ ကိုးပုံခန့်အထိ ပြည့်စုံလှသည်။
မြေမျက်နှာသွင်ပြင်နှင့် ပထဝီဝင် အချက်အလက် အမျိုးမျိုးအပြင် ဤနေရာများရှိ လူများ၏ တွေ့ကြုံမှု အမျိုးမျိုး၊ ဒေသခံ သားရဲများနှင့် ဝိညာဉ်ရတနာများ၏ တည်နေရာ အစရှိသည်တို့ကိုလည်း မှတ်တမ်းတင်ထားသည်။
မြေပုံကိုယ်တိုင်ကပင် ဝိညာဉ်အဆင့် မှော်လက်နက်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ချိုးယွီနင်၏ အဆိုအရ ဤမြေပုံကို ရွှေရောင်အနှစ်သာရဆေးလုံး ရှာဖွေမှုအတွက် ဖြောင့်မတ်သောတာအို၏ ဂိုဏ်းအချို့က ပူးပေါင်းကာ အထူး ဖန်တီးထားခြင်း ဖြစ်သည်။
သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေနှင့် ပတ်သက်သည့် ဂိုဏ်းအားလုံးထံမှ အချက်အလက် အားလုံးကို ပေါင်းစပ်ကာ ဤအသေးစိတ်ကျသော မြေပုံကို ဖန်တီးထားခြင်း ဖြစ်သည်။
ချန်လော့သည် ကောင်းကင်နတ်ဆိုးတောအုပ်၏ တည်နေရာပေါ်သို့ လက်ညှိုးဖြင့် ညင်သာစွာ ဖိချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်ရာ ကောင်းကင်နတ်ဆိုးတောအုပ်နှင့် ပတ်သက်သည့် အချက်အလက်များက ချန်လော့၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်လော့သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်မိလေသည်။
မြေပုံပေါ်ရှိ အချက်အလက်များအရ ကောင်းကင်နတ်ဆိုးတောအုပ်နှင့် ပတ်သက်သည့် လတ်တလော မှတ်တမ်းသည် လွန်ခဲ့သော နှစ် ၇၀၀ က ဖြစ်ပုံရကြောင်း သူ သိရှိလိုက်ရသည်။
ဤသည်မှာ လူတိုင်းအတွက် သတင်းကောင်း မဟုတ်သည်မှာ ရှင်းလင်းလှပေသည်။
နှစ် ၁၀၀ လျှင် တစ်ကြိမ်သာ ပွင့်သော သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေတွင် ပြောင်းလဲနိုင်သော အရာများစွာ ရှိနေပြီဖြစ်ရာ တိကျသော အချက်အလက်များကို ရရှိရန် ခက်ခဲသည်။
‘နှစ် ၇၀၀ ကြာသွားပြီဆိုတော့ ဒီနေရာမှာ အစွမ်းထက်တဲ့ သားရဲ ဘယ်လောက်တောင် လှည့်လည်နေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…’
ကောင်းကင်နတ်ဆိုးတောအုပ်နှင့် ပတ်သက်၍ ချန်လော့၏ မြေပုံတွင် ရိုးရှင်းသော ဝါကျတစ်ကြောင်းတည်းသာ ပါဝင်သည်။
‘အဲဒီမှာ မရေမတွက်နိုင်တဲ့ ရွှေမြုတေအဆင့် သားရဲတွေနဲ့ နတ်ဝိညာဉ်အဆင့် သားရဲ ငါးကောင် ခြောက်ကောင်လောက် ရှိတယ်…’
‘နတ်ဝိညာဉ်အဆင့်ချည်းပဲ အနည်းဆုံး ငါးကောင် ဒါမှမဟုတ် ခြောက်ကောင် ရှိတယ်ပေါ့လေ…’
ထို့အပြင် ဤအချက်အလက်မှာ လွန်ခဲ့သော နှစ် ၇၀၀ က ဖြစ်သည်။ ယခု နှစ် ၇၀၀ အကြာတွင် နတ်ဝိညာဉ်အဆင့် အရေအတွက်မှာ တိုးလာသလား၊ လျော့သွားသလား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
ချန်လော့သည် ချိုးယွီနင်နှင့် အခြားသူများ၏ လျှို့ဝှက်လက်နက်များကို ကုန်ခမ်းစေရန်အတွက် လက်ရှိတွင် အစွမ်းထက်သော သားရဲအချို့ကို အမှန်တကယ် လိုအပ်နေသော်လည်း၊
သိူ့သော် အစွမ်းထက်သော သားရဲများစွာ ရှိနေပါက ကျန်သူများ မသေဆုံးခင် သူ အရင် သေသွားမည်ကို စိုးရိမ်မိသည်။
သူသည် ချိုးယွီနင်ကို သေစေချင်သော်လည်း သူနှင့်အတူ သေချင်စိတ် မရှိပေ။
‘အဲဒီအချိန်ရောက်ရင် ကြည့်ကြသေးတာပေါ့…’
ချန်လော့သည် သူ့ကိုယ်သူ တွေးလိုက်ပြီး သက်ပြင်းချလိုက်သည်။
…
သုံးရက်ကြာပြီးနောက် ချိုးယွီနင်နှင့် အခြားသူများသည် ကောင်းကင်နတ်ဆိုးတောအုပ်၏ အထက်သို့ ရောက်ရှိလာကြသည်။
ချန်လော့သည် သစ်ပင်များ စိမ်းလန်းစိုပြည်ကာ ပန်းများ ဝေဆာစွာ ပွင့်လန်းနေပြီး ၊ အချိန်အတော်ကြာ မည်သူမျှ ခြေချထားခြင်း မရှိပုံရသည့် ကောင်းကင်နတ်ဆိုးတောအုပ်ဆီသို့ လှမ်းကြည့်လိုက်၏။
‘ဒီနေရာက သွေးသဲကန္တာရ လျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံသူတွေ ခြေချဖို့ မရဲတဲ့ နေရာအနည်းငယ်ထဲက တစ်ခု ဖြစ်ရမယ်…’
ချိုးယွီနင်သည် ပျံသန်းနိုင်သော မှော်လက်နက်ကို အောက်သို့ ဖြည်းညင်းစွာ ဆင်းသက်စေရန် ထိန်းချုပ်လိုက်သည်။
လူတိုင်း ပျံသန်းနိုင်သော မှော်လက်နက်ပေါ်မှ ဆင်းပြီးနောက် ကောင်းကင်နတ်ဆိုးတောအုပ်၏ အပြင်ဘက်တွင် ရပ်လိုက်ကြသည်။ လူတိုင်း အနည်းငယ် သတိထားနေပုံပေါ်သည်။
သူတို့၏ အကြည့်များသည် ကောင်းကင်နတ်ဆိုးတောအုပ်ထဲသို့ မည်သည့်အချိန်တွင်မဆို ပေါ်လာနိုင်သည့် သားရဲကို ရှာဖွေနေသည့်အလားပင်။
"ချန်လော့..."
ချိုးယွီနင်က သူ၏အမည်ကို ခေါ်လိုက်သဖြင့် ချန်လော့ လှည့်ကြည့်လိုက်ရာ ချိုးယွီနင်က သူ့ကို အဆောင်အချို့ ကမ်းပေးနေသည်ကို တွေ့လိုက်ရသည်။
"ဒါက..."
"ပြေးလွှားနိုင်တဲ့ အဆောင် နဲ့ မြေအောက် လွတ်မြောက်ရေး အဆောင်တွေပဲ... တကယ်လို့ ငါတို့ မနိုင်ရင် ဒီအဆောင်တွေကို သုံးပြီး ချက်ချင်း ထွက်ပြေး..."
ထိုစကားကို ကြားလိုက်ရချိန်တွင် ချန်လော့သည် ခေါင်းညိတ်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိ အဆောင်ကို သိမ်းဆည်းလိုက်သည်။
သူ၏ လက်ထဲရှိ အဆောင်ကို ကြည့်ရင်း ချန်လော့ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
မည်သို့ပင်ဆိုစေ သူသည် ဤအရာများကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ချန်ရှင်းဂိုဏ်းတွင် အဆောင်များနှင့် ပတ်သက်သည့် အချက်အလက်များ ရှိပုံမရပေ။
ချန်လော့ ကိုယ်တိုင်လည်း အဆောင်တာအိုနှင့် ပတ်သက်၍ နည်းနည်းပါးပါးသာ သိရှိထား၏။
‘ဒါပေမဲ့ ချိုးယွီနင်က ဒီအရာကို သုံးပြီး ထွက်ပြေးဖို့ ပြောတာဆိုတော့ အတော်လေး အစွမ်းထက်မှာပဲ... ‘
"သွားကြစို့..."
ချိုးယွီနင် ပြောပြီးနောက် ၊ လူတိုင်း ကောင်းကင်နတ်ဆိုးတောအုပ်ဆီသို့ ဦးတည်ခဲ့ကြသည်။
ခရီးစဉ်တစ်လျှောက်လုံး အားလုံးက သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။
လူတိုင်း ကောင်းကင်နတ်ဆိုးတောအုပ်၏ အန္တရာယ်များကို နားလည်ထားပြီး သူတို့သာ သတိလက်လွတ်နေပါက သားရဲများ၏ အစာဖြစ်မည်ကို သိထားကြသည်။
ချန်လော့လည်း အနားမယူရဲဘဲ ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်နေကာ တစ်ခုခု လွတ်သွားမည်ကို စိုးရိမ်နေမိ၏။
ထိုအချိန်တွင် မလှမ်းမကမ်းမှ အနက်ရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားသည်။ ၎င်းကို မြင်သောအခါ ချန်လော့၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အော်ဟစ်လိုက်တော့သည်။
"သားရဲတစ်ကောင် ရှိတယ်..."