← Chapters

တိမ်တွေစင်တော့ လပေါ်လာပြီ

Vol. 173 Ch. 2455

တိမ်တွေစင်တော့ လပေါ်လာပြီ

Vol. 173 Ch. 2455

“ လူသတ်သမား ဘယ်သူလဲ သိသွားပြီ ဟုတ်လား …”

လင်းရီ ခေါင်းညိတ်လိုက်၏။

“ ရာနှုန်း ၈၀-၉၀ လောက်တော့ အာမခံရဲတယ် …. အတည်ပြုဖို့ဆိုရင် ကျိုးဟိုင်ကို ပြန်သွားဖို့လိုတယ် …”

ရန်စီ သူမ၏ နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ဒီအချိန် လေယာဉ်တွေလည်း မရှိလောက်တော့ဘူး … မှောင်လည်း မှောင်နေပြီဆိုတော့ တစ်ခြားလုပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး … မနက်ဖြန်မှပဲ ပြန်လိုက်ပါလား ….”

လင်းရီ တွေးတောကြည့်ပြီး သဘောတူလိုက်၏။

ဤကိစ္စက သိပ်အရေးမကြီးလှပေ။ စခန်းရှိ လူများလည်း အကုန်လုံး အလုပ်ဆင်းသွားကြလောက်ပြီ ဖြစ်၏။ ညတွင်းချင်း ပြန်သွားလျှင်လည်း ဘာမျှ ပြုလုပ်နိုင်မှာ မဟုတ်ချေ။

သူ ဖုန်းထုတ်ပြီး ချိုးယွီလော့ထံ ဖုန်းခေါ်လိုက်လေသည်။

“ မင်းပြောတာ ကျန်းတတုန်မှာ ကျန်းဟူလို့ ခေါ်တဲ့ သားတစ်ယောက် ရှိတယ်ဆိုပြီး ပြောခဲ့တယ်နော် ….”

“ အင်းလေ … ဘာလို့ … သူ့အကြောင်း စုံစမ်းပေးစေချင်လို့လား …..”

“ ဒီတိုင်း အသေးစိတ် အချက်အလက်လောက်လေးပဲ စုံစမ်းပြီး ငါ့ဆီ ပို့ပေးလိုက် ….”

“ အိုကေ …”

အရာအားလုံး စီစဉ်ပြီးနောက် လင်းရီ ပျင်းရိစွာ ကိုယ်ညောင်းဆန့်လိုက်သည်။

နောက်ဆုံး ကောက်နုတ်ချက်တစ်ခု မပြုလုပ်နိုင်သေးသော်လည်း အမှုကို ဖြေရှင်ပြီးလုနီးပါး ဖြစ်နေသည်ဟု ခံစားနေရ၏။

ပြီးသည့်နောက် ရန်စီနှင့်အတူ မြို့၏ နာမည်ကြီး ဘဲကင်ဆိုင်သို့သွားကာ ဘဲကင်စားကြ၏။

ဟိုတယ်သို့ ပြန်ရောက်လာသောအခါ ည ဆယ့်တစ်နာရီပင် ကျော်နေလေပြီ။

နှစ်ဦးမှာ စွဲမက်ဖွယ်ကောင်းသည့် အခန်းတွင်းတိုက်ပွဲကို ဆင်နွှဲပြီးနောက် ကျေနပ်မှုကိုယ်စီနှင့် အိပ်မောကျသွားခဲ့ကြတော့သည်။

*****

နောက်တစ်နေ့ နံနက်၊ ရှစ်နာရီဝန်းကျင်လောက်တွင် လင်းရီ စောစီးထပြီး ကျိုးဟိုင်သို့ ပြန်သွားဖို့ ဟန်ပြင်သည်။

“ ငါ နင့်ကို လေဆိပ်လိုက်ပို့ပေးမယ် ….”

ရန်စီက အိပ်ရာပေါ် ထထိုင်ပြီး သူမ၏ ဆံပင်မှာလည်း ရှုပ်ပွနေသည်။

“ မလိုဘူး… ပြန်အိပ်လိုက်ဦး …”

“ ဒါဆိုလည်း နောက်မှ ငါ လိုက်တောင် မပို့ပေးဘူးဆိုပြီး လူကို လာမပြောနဲ့နော် ….”

လင်းရီ ရယ်ချင်သွားခဲ့၏။

“ ဘာလို့ ပြောရမှာ … ကိုယ့်ဘာကိုယ်သာ အိပ်ရေးဝအောင် အိပ်စမ်းပါကွာ ….”

“ နင် ထွက်သွားပြီးမှပဲ ပြန်အိပ်တော့မယ် …”

ပြောဆိုပြီးနောက် ရန်စီက အိပ်ရာထဲမှ ထွက်လာပြီး သူ့အဝတ်အစားများကို ရှာဖွေပေးလိုက်ည်။

“ နင် ကျိုးဟိုင် ပြန်ရောက်သွားရင် ငါ့ဆီ ဖုန်းဆက်ဦးနော် …”

လင်းရီ၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်တွယ်ထားရင်း ညင်သာစွာ ဆိုလိုက်၏။

လင်းရီ သူမ နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်ကာ တင်ပါးအား ခပ်သာသာ ရိုက်နှက်လိုက်၏။

“ ရပြီ … ပြန်သွားပြီး အိပ်တော့ ….”

“ အွန်း …”

****

ဟိုတယ်ထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ တက္ကစီစီးကာ လေဆိပ်ထံသို့ ဦးတည်လာသည်။

လမ်းတွင် ချိုးယွီလော့စုဆောင်းထားသည့် ကျန်းဟူအကြောင်း အချက်အလက်များက သူ့ထံသို့ ရောက်ရှိလာခဲ့၏။

အကြမ်းဖျင်း တစ်ချက် ကြည့်ရှုပြီးနောက် အပြုံးတစ်ပွင့်က လင်းရီ၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

အရာအားလုံးက သူ စိတ်ကူးထားသည်နှင့် တစ်ထပ်တည်း ဖြစ်နေခဲ့ရာ သူ၏ သံသယများကို အတည်ပြုပေးပြီး ဖြစ်သွားခဲ့၏။

အများအပြား စိတ်သက်သာရခဲ့ပြီး ကိုယ့်ဘာကိုယ် တီးတိုးရေရွတ်လိုက်သည်။

“ နောက်ဆုံးတော့ တိမ်တွေ ကြည်လင်ပြီး လကို ကောင်းကောင်းမြင်နိုင်ပြီ ….”

နှစ်နာရီကြာပြီးနောက် လင်းရီ ကျိုးဟိုင်သို့ ရောက်ရှိလာခဲ့သည်။

အိမ်သို့ ပြန်ရမည့်အစား ရှင်းရှန်းရဲစခန်းသို့ တိုက်ရိုက် ဦးတည်လိုက်လေသည်။

သူ၏ ရုတ်ချည်း ရောက်ချလာမှုက စခန်းထဲရှိ လူတိုင်းကို အံ့အားသင့်သွားစေခဲ့၏။

“ မပြောမဆိုနဲ့ ရောက်ချလာလို့ပါလား … ဟိုက ကိစ္စတွေ အကုန်ပြီးသွားလို့လား ….” ကျန်းဟွေ့ မေးလိုက်၏။

လင်းရီ ခေါင်းညိတ်လိုက်သည်။

“ ကျုပ် လူသတ်သမား ဘယ်သူဆိုတာတော့ သိပြီလို့ ထင်တယ် ….”

“ ဒါပေမယ့် သက်သေအထောက်အထားတော့ လိုနေသေးတုန်းပဲ …..”

“ ဘယ်သူလဲ မင်းသိသွားပြီဟုတ်လား ….”

ရုံးခန်းထဲရှိ လူတိုင်း စိတ်လှုပ်ရှားသွားခဲ့ကြ၏။

ဤအမှုက သူတို့ကို အချိန်အတော်ကြာအောင် ညှင်းပန်းနှိပ်စက်နေခဲ့လေသည်။

ယခု နောက်ဆုံးတော့ သံသယ တရားခံ တစ်ယောက်ကို တွေ့ရှိပြီ ဖြစ်ရာ လူတိုင်းက အဖြေကို သိချင်နေကြတော့၏။

“ ပြောစမ်းပါဦး … ဘယ်သူတဲ့တုန်း ….”

“ လောလောဆယ်တော့ ပြောလို့မရသေးဘူး … “ လင်းရီ ခေါင်းခါယမ်းလိုက်ပြီး “ ဒီတိုင်း သီအိုရီ သပ်သပ်ပဲ ရှိသေးတယ် … သက်သေပြနိုင်မယ့် အထောက်အထားတွေ လိုနေသေးတယ် …..”

ပြီးနောက် သူ ကျန်းဟွေ့ထံသို့ လှည့်ကြည့်လိုက်ပြီး “ အစ်ကိုဟွေ့ … တကယ်လို့ ခင်များ ကျုပ်ကို ယုံကြည်တယ်ဆို ဒီကိစ္စတွေအားလုံး ကျုပ်ပဲ ကိုင်တွယ်လိုက်မယ် ….”

“ ကျန်တာ မမေးနဲ့ …”

“ လူသတ်သမားကို ကျိန်းသေပေါက် ခေါ်လာပေးမယ်လို့တော့ အာမခံတယ် ….”

လင်းရီ မည်မျှလေးနက်သည့် မျက်နှာအမူအရာနှင့် ဖြစ်နေသည်ကို မြင်တော့ ကျန်းဟွေ့လည်း ဆက်မမေးတော့သည်က ပိုကောင်းမှန်းကို နားလည်သဘောပေါက်လိုက်တော့သည်။

“ ကောင်းပြီလေ …”

“ ဒီအမှုက မင်းအပိုင်ပဲ ….”

“ သတင်းကောင်းရှိလာရင်သာ ငါတို့ကို ပြောပြဖို့ မမေ့နဲ့ ….”

“ အဲ့ဒါတော့ စိတ်ချထားလိုက် ….”

****

ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လင်းရီသည် ဆေးမှုခင်း ဓာတ်ခွဲခန်းထဲသို့ သွား၍ ဌာနခေါင်းဆောင် ကျန်းမင်နှင့် တွေ့ဆုံသည်။

“ အစ်မကျန်း အလုပ်ရှုပ်နေလားတော့ မသိဘူး … ကျုပ် နည်းနည်း မေးချင်တာလေး ရှိလို့ပါ …..”

ကျန်းမင်က တခစ်ခစ် ရယ်မောလိုက်ရင်း “ သူများတွေ အတွက်ဆိုရင်တော့ အချိန်မရှိဘူး … ဒါပေမယ့် နင့်လို အချောလေး အတွက်ဆိုရင်တော့ သေချာပေါက် ရှိတာပေါ့ ….”

လင်းရီ ပြုံးလိုက်မိ၏။

“ အစ်မကျန်း … ကျုပ်တို့ နစ်နာသူရဲ့ ကားထဲ တွေ့ခဲ့တဲ့ အစေ့ကို မှတ်မိသေးလား …..”

“ နင်ပြောတာ ဂေါ်ဖီစေ့နဲ့ တူတဲ့ဟာကိုလား …. ဒါပေါ့ … မှတ်မိတာပေါ့ ….”

“ ငါတို့ စစ်ဆေးကြည့်လို့တောင် ပြီးသွားပြီ … တကယ်လည်း ဂေါ်ဖီစေ့ ဖြစ်နေတာ …..”

“ ဈေးထဲ အလွယ်လေး ဝယ်လို့ရတဲ့ တရုတ်ဂေါ်ဖီထုပ်မျိုးပဲ …..”

လင်းရီ ကြည်လင်သည့် အိတ်တစ်လုံးကို ထုတ်ယူ၍ “ ကျုပ်မှာ နောက်နမူနာ တစ်ခု ရှိတယ် … နှစ်ခုက အတူတူပဲလားဆိုတာ တစ်ချက် စစ်ဆေးပေးပါဦး ….”

ကျန်းမင် တစ်ချက်ကြည့်လိုက်၏။

“ တူတော့ တူသလိုပဲနော် …..”

“ စစ်ဆေးပေးလို့ ရလား …. သေချာတဲ့ ရလဒ်တစ်ခု လိုနေလို့လေ ….”

“ ကိစ္စမရှိဘူး …”

ကျန်းမင်က ဆံပင်ကို နားအနောက်သို့ သပ်လိုက်ရင်း “ တစ်နာရီခွဲလောက်ကြာရင် ရလဒ်ထွက်ပြီ …”

“ ဒါဆိုရင်တော့ အစ်မကျန်းကို အလုပ်ရှုပ်စေမိပြီ ….”

“ ဘာကို အလုပ်ရှုပ်ရမယ် …” ကျန်းမင်က တခစ်ခစ် ရယ်မောလျက် “ ဒါ ငါ့အလုပ်ပဲလေ …. နင် တစ်ခြား လိုအပ်တာတွေ ရှိသေးလား ….”

“ မရှိဘူး … ဒီတစ်ခုတည်းပဲ ….”

“ ကောင်းပြီလေ … ဒါဆိုလည်း ခဏစောင့်လိုက်ဦး …..”

****

စခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီသည် မာ့စ်တပ်၍ ကျုံးလုံ လယ်သမားဈေးသို့ ရောက်လာခဲ့ကာ တစ်ပတ် ပတ်ကြည့်လိုက်သည်။

ခေတ္တခန့် လျှောက်ပတ်ကြည့်ပြီးနောက် မျိုးစေ့ လက်ကားရောင်းသည့် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်၏။

ဂေါ်ဖီစေ့ လက်တစ်ဆုပ်စာလောက်ကို ကောက်ယူကြည့်လိုက်ပြီး “ သူဌေး … ဒါ ဂေါ်ဖီမျိုးက ဘယ်လိုမျိုးကွဲလဲ ….”

“ ရွှယ်လိချင်း ….”

ဆိုင်ရှင်က ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး “ တော်တော်များများက ဒီလို အမျိုးအစားပဲ စိုက်ကြတယ် … ယူမှာလား ….”

“ တစ်ချက် လှည့်ပတ်ကြည့်လိုက်ဦးမယ် …. ပြီးမှပဲ သူဌေးဆီ ပြန်လာတော့မယ် ….” လင်းရီ ပြုံးလျက် ပြန်ပြောလိုက်၏။

“ လိုက်ယှဉ်ကြည့်နေစရာ မလိုဘူး … ငါတို့ဆိုင်က ဒီ လက်ကားဈေးမှာ ဈေးအချိုသာဆုံးနဲ့ အကောင်းဆုံးပဲ … လိုက်ကြည့်နေလည်း နောက်ဆုံး ဒီနေရာပဲ မင်း ပြန်လာရမှာ … တစ်ခုတည်း ဝယ်သွားလိုက်ပါလား ….”

“ ရတယ် … ခဏလောက် ပတ်ကြည့်ချင်သေးလို့ ….” လင်းရီ ပြုံးလျက် ထွက်လာခဲ့လိုက်၏။

သူ အခြားသော မျိုးစေ့ လက်ကားရောင်းပေးသည့် ဆိုင်များထံ သွားရောက်ကြည့်ရှုခဲ့သော်လည်း ဂေါ်ဖီမျိုးကွဲကတော့ အတူတူပင်။

အကုန်လုံးက ‘ ရွှယ်လိချင်း’ပဲ ဖြစ်၏။

ထိုမျိုးစေ့ကို လူကြိုက် အတော်များကြဟန်ပင်။

စဉ်းစားကြည့်ပြီးနောက် လင်းရီ ဈေးထဲက ထွက်လာခဲ့ကာ လမ်းတစ်ဖက်ရှိ ရပ်ကွက်ထဲသို့ သက်တောင့်သက်သာ လမ်းလျှောက်ထွက်လာခဲ့၏။

သူ အခြား ဘာမျှ မလုပ်ခဲ့ပေ။ ပတ်ဝန်းကျင်ကို ခေတ္တခဏ ကြည့်ရှုရုံမျှသာ ပြုလုပ်ခဲ့ပြီး ဆယ့်ငါးမိနစ်ခန့် ကြာတော့ ကားသို့ ပြန်လာသည်။ ပြီးနောက် ရှန်းယန်ရွာသို့ မောင်းထွက်လာခဲ့လိုက်သည်။

လမ်းတွင် လင်းရီ၏ ဖုန်းက အသံမြည်လာသည်။ ကျန်းမင်ထံက ဖြစ်၏။

“လင်းရီ … အဖြေထွက်လာပြီ … နင် ယူလာတဲ့ မျိုးစေ့နဲ့ ကားထဲ ရှာတွေ့တဲ့ မျိုးစေ့က အတူတူပဲ … ရွှယ်လိချင်း လို့ ခေါ်တယ် ….”

“ နားလည်ပြီ … ကျေးဇူးပါ အစ်မကျန်း ….”

“ မလိုပါဘူးဟယ် … နင်သာ တစ်ခုခုလိုအပ်ရင် အစ်မကို သတိရလိုက်စမ်းပါ ….”

“ ဟုတ်ကဲ့ ….”

ယဉ်ကျေးသည့် စကားတစ်ချို့ ပြောဆိုပြီးနောက် လင်းရီ ဖုန်းချလိုက်ကာ စိတ်သက်သာရစွာဖြင့် သက်ပြင်းချလိုက်၏။

နောက်ဆုံးအဆင့် အတည်ပြုရုံသာ ကျန်သော်လည်းပဲ အမှန်တရားက သူ ထင်ထားသည်နှင့် ကိုက်ညီစွာ အခြားသော ထင်မှတ်မထားသည်များ မထွက်ပေါ်လာနိုင်ဟု ယုံကြည်နေသည်။

မိနစ်နှစ်ဆယ်ခန့် မောင်းနှင်ပြီးနောက် လင်းရီသည် ရှန်းယန်ရွာသို့ ရောက်ရှိလာခဲ့သည်။

ဖန်းတရဲ့နှင့် မာဟိုင်ချန်တို့ သေဆုံးသွားသည့် ဖြစ်စဉ်က ရွာအပေါ် မည်သည့်သက်ရောက်မှုတို့မျှ မရှိဟန်တူသည်။ ရွာသားများအားလုံးမှာ ၎င်းတို့၏ စိုက်ပျိုးမြေများတွင် အလုပ်လုပ်ကိုင်ရင်း အချင်းချင်း ရယ်မောဆဲဆိုနေကြသည့် အသံများကိုပင် ကြားနေရ၏။

အံ့ဩရှော့ခ်ရဖွယ်ရာကောင်းသည့် လူသတ်မှုက ၎င်းတို့၏ ဦးနှောက်မှတ်ဉာဏ်ထဲ၌ မကျန်ရစ်တော့ဟန်ပင်။

လင်းရီ ကားထဲက မထွက်ဘဲ အတွင်း၌ တိတ်တဆိတ် ထိုင်နေရင်း အောက်ခြေရှိ ယာကွင်းပြင်များနှင့် တောအုပ်များကို ကြည့်ရှုနေရင်း … အရာအားလုံးက နောက်ဆုံး၌ ကြည်လင်ရှင်းလင်းလာခဲ့တော့၏။

“ မင်းနောက် လိုက်နေတာတောင် အတော်ကြာသွားပြီ … နောက်ဆုံးတော့ ရှာတွေ့ပြီ … တကယ်ကို မလွယ်ကူခဲ့တာပဲ ….” သက်ပြင်းချပြီးနောက် လင်းရီ ကျန်းဟွေ့ထံသို့ ဖုန်းခေါ်လိုက်၏။

“ အစ်ကိုဟွေ့ … ဒီကို ရဲအရာရှိတွေ လွှတ်လာခဲ့လိုက် …”

“ ဖန်းကျစ်ဖျင်ကို ခေါ်သွားလိုက်တော့ ….”

စာစဉ် ( ၁၇၃) ပြီး၏။

( 10 June 2026, 1:56 PM )

( ကျနော့် fb page မှာ ကြေညာပြီးပြီဆိုပေမယ့် မသိလိုက်တဲ့ ရောင်းရင်းတွေအတွက်ပါ။

လက်ရှိ ကျနော့် စာအုပ်ထွက်ချိန်ဇယားက တစ်လ ရက်သုံးဆယ်မှာ ရက်နှစ်ဆယ်ကို လင်းရီ ရေးပါတယ်။ ၂/၃ ရက် တစ်အုပ်နှုန်းနဲ့ပေါ့။

ကျန်ဆယ်ရက်ကိုတော့ ချန်ယွီ့ ရေးပါတယ်။

ဒါကြောင့် ၁၁ ရက်ကနေ ၂၀ ရက်နေ့ထိ လင်းရီ မရေးဖြစ်ပါဘူးဗျ။ ၂၁ ရက်နေ့ နောက်ပိုင်းမှ လင်းရီ ပြန်ရေးဖြစ်မှာပါ။

တော်နေကြာ မတင်တော့ဘူးလား ဖြစ်နေမှာစိုးလို့ပါဗျ။)

All Chapters