မြေးထိ ဓားကြည့်
Vol. 173 Ch. 2446
မြေပြင်ပေါ်တွင် ပဲစေ့အရွယ်အစားခန့် ရှိသည့် ၀တ္ထုပစ္စည်းတစ်ခုကို လင်းရီ သတိထားမိသွားသည်။
စစကြည့်ချင်းတုန်းကတော့ ဒီတိုင်း ကျောက်တုံးသေးသေးလေးပါဟု တွေးထင်ပြီး များများစားစား မစဉ်းစားခဲ့မိချေ။
သို့သော် ထွက်ခွာတော့မည့် အချိန်မှာပဲ သူ့ ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို ထို အရာသေးသေးလေးအား ကုန်းကောက်လိုက်လေသည်။ ပစ္စည်းက နီရဲရဲနှင့် ထူးထူးဆန်းဆန်း ရင်းနှီးနေသည်ဟူသော ခံစားချက်မျိုးလည်း ရရှိနေတော့၏။
လင်းရီ များများစားစား တွေးတောမနေတော့ဘဲ ထိုအသေးလေးကို ချက်ချင်းပဲ အိတ်ထောင်ထဲ ထည့်ထာလိုက်သည်။ ပြီးနောက် အခြားအခန်းများထံ လိုက်လံ ကြည့်ရှု၏။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ လင်းရီ အိမ်ထဲမှ တိတ်တိတ်လေး ပြန်ထွက်လာသည်။
ခြံတံတိုင်း အပြင်ဘက်တွင် မတ်တပ်ရပ်ရင်း ဖြတ်သန်းသွားလာနေသည့် ယာဉ်များကို မြင်တော့ လင်းရီသည် ဟောင်းနွမ်းသည့် အတိတ်ခေတ်ကာလထဲမှ ပြန်ထွက်လာခဲ့ရသည့်နှယ် ရှူရှိုက်ရသည့် လေထုသည်ပင် လန်းဆန်းသစ်လွင်နေတော့သည်။
တက္ကစီ တစ်စင်းငှားပြီး ကျင်းလင်မြို့ထဲသို့ ပြန်ထွက်လာခဲ့လိုက်၏။
သို့သော် သူ့စိတ်ထဲတွင်တော့ အိမ်အတွင်းရှိ ပုံရိပ်များဖြင့်သာ ပြည့်နှက်လို့နေသည်။
အထဲရှိ ပစ္စည်းများမှတစ်ဆင့် မည်သူကမျှ ထိုအိမ်တွင် မနေထိုင်သည်မှာ သိသာလှသည်။ ထောင့်အများအပြားတွင်လည်း ဖုန်တို့ စုဝေးနေသည်။
သို့ပေမယ့် ဖုန်မှုန့်များက ၎င်းတို့ ရှိသင့်သလောက်တော့ ထူထပ်မနေခဲ့ချေ။
ခြံဝန်းထဲ အလွန်အကျွံထွားကျိုင်းနေသည့် ပေါင်းမြက်ပင်များနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက နှစ်ခုမှာ ကိုက်ညီနေခြင်း မရှိပေ။
ရုတ်တရက်ဆိုသလို လင်းရီ တစ်ခု အတွေးပေါက်သွားခဲ့၏။
တစ်စုံတစ်ယောက်က အိမ်ကို ရံဖန်ရံခါလာပြီး သန့်ရှင်းရေး ပြုလုပ်ပေးနေခြင်းလော …။
ထိုလူ၏ အထောက်အထားနှင့် ပတ်သက်၍ကတော့ နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်စရာပင်။ ဘာကြောင့်လဲဆိုတော့ အိမ်က လူနေသည့် သွင်ပြင်နှင့် လုံးဝ တူမနေသောကြောင့် ဖြစ်သည်။
လင်းရီ၏ မျက်နှာအမူအရာ လေးနက်သွားခဲ့၏။ ထိုအိမ်သို့ ရံဖန်ရံခါ သန့်ရှင်းရေး လာလုပ်ပေးနေသူက လူသတ်သမား ဖြစ်မည်ဟု သူ့စိတ်ထဲ အလိုလို ခံစားမိနေသည်။
သို့ပေမယ့် ဤအရာများအားလုံးက လင်းရီ၏ ခန့်မှန်းမှုများသာဖြစ်ပြီး နောက်ဆုံး အတည်ပြု ကောက်ချက်ချဖို့အတွက်ကတော့ သေသေချာချာလေး စုံစမ်းစစ်ဆေးဖို့လိုသည်။
ဤအကြောင်း တွေးတောမိတော့ လင်းရီသည် ချိုးယွီလော့ထံသို့ ဝီချက် ဗွီဒီယိုကော ခေါ်လိုက်၏။
နောက်ခံမြင်ကွင်းကတော့ သူမ ရုံးခန်းထဲ ရှိနေကြောင်းကို ဖော်ပြနေသည်။
“ ကျင်းလင်မှာ လုပ်စရာရှိတာတွေ အကုန်ပြီးသွားခဲ့ပြီပေါ့ ….” ချိုးယွီလော့က ဖုန်းကိုင်လိုက်သည်နှင့် ချက်ချင်း မေးမြန်းလာခဲ့သည်။
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ သဲလွန်စ အသစ်တွေ ရှာတွေ့ထားတယ် … ငါ့ကို တစ်ချက် စစ်ဆေးပေးစမ်းပါ ….”
“ ရတယ်လေ …”
“ ငါ ခဏနေကျရင် မင်းကို လိပ်စာပို့လိုက်မယ် … အဲ့အိမ်ကို ဘယ်သူပိုင်တာလဲရယ် ၊ ပိုင်ဆိုင်မှု လွှဲပြောင်းတဲ့ ရက်စွဲရယ် ၊ ရောင်းဈေးပါ သိနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ….”
“ အိုကေ … ပြဿနာ မရှိဘူး … ငါနဲ့ လွှဲထားခဲ့လိုက် …” ချိုးယွီလော့ သာမန်လျှံကာ ပြောလိုက်သည်။
ဤသို့သော တာဝန်မျိုးက သူမအတွက်တော့ ငှက်ပျောသီး အခွံနွှာစားရသလို အလွယ်လေးပင်။
ဖုန်းချပြီးနောက် လင်းရီသည် ချိုးယွီလော့ထံ အိမ်လိပ်စာ ပို့ပေးလိုက်၏။ ကျန်သည်ကတော့ သူမ အပိုင်း ဖြစ်သွားခဲ့လေပြီ။
ကျင်းလင်သို့ ပြန်ရောက်သောအခါ အချိန်က ညနေ ခြောက်နာရီ ကျော်နေပြီ ဖြစ်၏။ သူ ရောက်သည်နှင့် ချက်ချင်းပဲ ကျီချင်းရန်ထံ ဗွီဒီယိုကော ခေါ်လိုက်သည်။
“ ကျင်းလင်မှာ အမှုစုံစမ်းနေတာ အခြေအနေ ဘယ်လိုရှိလဲ ….”
ဗွီဒီယိုထဲရှိ နောက်ခံမြင်ကွင်းမှာ အိမ်ရှိ ဧည့်ခန်းတစ်ခုဖြစ်ပြီး မိသားစုသုံးဦးလည်း ထမင်းအတူ စားနေကြ၏။
“ သဲလွန်စ အသစ်တွေ ရှာတွေ့ထားတယ် ဆိုတော့ နှစ်ရက် ၊ သုံးရက်လောက်နေရင် ပြန်လာနိုင်လောက်တော့မှာပါ …” လင်းရီ ပြုံးလျက် ပြောလိုက်သည်။
“ မင်းရော ဘယ်လိုနေလဲ … မသက်မသာတွေ ဖြစ်သေးလား …..”
“ ရီလေး .. နင်သူ့ကို ပြောစမ်းပါဦးဟယ် ... လူက ဘာမှလည်း ကောင်းကောင်းမစားဘူး ….” စုန့်လန်က ကြားဖြတ်ပြောလိုက်၏။
“ ဘယ်သူက ကောင်းကောင်းမစားသောက်နေလို့လဲ ….” ကျီချင်းရန် သူမအမေကို မျက်လုံးလှန်ကြည့်လိုက်ပြီး “ သမီးရဲ့ ဝိတ်ဆို ခြောက်ပေါင်တောင် တက်လာနေပြီ ဟုတ်ပြီလား ….”
“ ခြောက်ပေါင်လေး တက်လာတာကို နင်က များတယ် ထင်နေတယ်ပေါ့ …” စုန့်လန် အထင်တသေး အမူအရာဖြင့် “ ငါ့မြေးလေး မွေးလာလို့ သူ့ကိုယ်အလေးချိန် စံနှုန်း မပြည့်မီကြည့် …. အဲ့ခါကျ ငါနင့်ကို ဘယ်လိုကိုင်တွယ်မလဲ ကြည့်နေလိုက် ….”
ကျီချင်းရန် နှုတ်ခမ်းထော်လိုက်ပြီး ရယ်ဖို့ကောင်းသည့် မျက်နှာအမူအရာမျိုး လုပ်ပြလိုက်သည်။ “ သူ ပေါင်မပြည့်တာ သမီးအပြစ်လား … အမေ့သားမက်ကိုပဲ အပြစ်တင်ရမှာလေ ….”
“ ငါက ဘာကိစ္စ သူ့ကို အပြစ်တင်ရမှာ ….” စုန့်လန် ပြောလိုက်ပြီး “ သီးနှံက လယ်ကွင်းထဲမှာ ကောင်းကောင်း မဖြစ်ထွန်းဘူးဆိုရင် အဲ့တာ မြေဆီလွှာရဲ့ ပြဿနာပဲ … မျိုးစေ့နဲ့ မဆိုင်ဘူး …”
ကျီချင်းရန် “ …..”
“ လင်းရီ …. နင် အမေ့ကို ကြည့်ဦး …..”
“ အာ … အမေပြောတာလည်း မှားမှ မမှားတာ ….”
ကျီချင်းရန် လှပသည့် မျက်ဝန်းများဖြင့် စိတ်တိုစွာ စိုက်ကြည့်လိုက်ပြီး “ လင်းရီ … နင်က ငါ့ဘက်ကနေ ကူပြီး မပြောပေးဘူးပေါ့ ဟုတ်လား …..”
“ ဆက်ဆံရေးတွေ ဆိုတာထက် အကျိုးသင့်၊ အကြောင်းသင့် ရှိတဲ့ဘက်ကို ရပ်တည်နေတာလေ … လူဆိုတာ တရားမျှတမှု ရှိရမယ်လေ … မဟုတ်ဘူးလား ….”
“ မရဘူး … နင် ငါ့ဘက်မှာပဲ နေရမယ် ….” ကျီချင်းရန် ပြောလိုက်ပြီး သူမ၏ ခေါင်းကို မော့၍ လက်သီးသေးသေးလေးများကို ဝှေ့ယမ်းလိုက်ပြီး “ မဟုတ်ရင် ငါနင့်ကလေးဖင်ကို ရိုက်ပစ်မှာ ….”
“ နင် လုပ်ရဲလား ….”
စုန့်လန်က ရုတ်ချည်း ဒေါသထွက်လာခဲ့ပြီး “ ငါ့မြေးကို ရိုက်ရဲရိုက်ကြည့် ၊ နင့်ကိုလည်း ငါပြန်ရိုက်မှာ …..”
“ လင်းရီ ……” ကျီချင်းရန် မကျေမချမ်း ဖြစ်သွားခဲ့ပြီး ခြေထောက်ကို ဆောင့်လိုက်သည်။
“ ဟမ် ဟယ်လို … ဒီမှာ လိုင်းက သိပ်မကောင်းဘူး … ငါ တစ်ခြား လုပ်စရာလေးတွေ ရှိလို့ ဖုန်းချလိုက်တော့မယ်နော်…”
မိသားစုတွင်း ပြဿနာများက အပြင်လူ ဝင်ဖြေရှင်းဖို့ရာ အင်မတန် ခဲယဉ်းလွန်းသည်။ ကောင်းကောင်းမွန်မွန် အသက်ရှင်ချင်သေးသည့်အတွက် လင်းရီ အလျင်အမြန်ပဲ ဖုန်းချလိုက်လေသည်။
ကျီချင်းရန်နှင့် ဖုန်းပြောပြီးနောက် လင်းရီသည် လျန်ရူရွှယ်ထံသို့ ဗွီဒီယိုကောခေါ်ကာ နေ့စဉ်ဘဝရှိ အသေးမွှား ကိစ္စလေးများအကြောင်း စကားပြောဆိုနေခဲ့သည်။
ထို့နောက် လီချူးဟန် ၊ ပြီးနောက် ဝမ်ရင်း ။ အချိန်ကို မျှခြေညီညီ ပြီးပြည့်စုံစွာ စီစဉ်ရေးဆွဲထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ရစ်ထားခဲ့ခြင်း မရှိပေ။
အချိန်ကို တစ်ချက် စစ်ဆေးကြည့်လိုက်တော့ ညနေခင်း ခုနစ်နာရီကျော်နေပြီကို မြင်တွေ့လိုက်ရသောအခါ လင်းရီ ဆက်ပြီး ရန်စီထံ ဖုန်းခေါ်ဆိုလိုက်သည်။
“ နင့် အလုပ်တွေက ပြီးပြီမို့လို့လား ….” လင်းရီ၏ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိတော့ ရန်စီ မေးလိုက်၏။
“ လုပ်စရာလေးတွေ ပြီးလို့ ကျင်းလင်ကို အခုလေးတင် ပြန်ရောက်တာပဲ … မင်းရော အလုပ်ကိစ္စတွေ ပြီးပြီလား ….”
“ မပြီးသေးဘူး ….” ရန်စီ ခွန်းတုံ့ပြန်လိုက်ပြီး “ ဆယ်နာရီနောက်ပိုင်းမှပဲ ပြန်လာဖြစ်တော့မှာ … နင် စားထားနှင့်လိုက်လေ … အိပ်ချင်တယ်ဆိုလည်း အိပ်နှင့် … ငါ့ကို စောင့်ဖို့ မလိုဘူး ….”
“ အဲ့လိုတော့ ဘယ်ဟုတ်သေးမှာ …. မင်း အခု ဘယ်မှာလဲ … ငါမင်းဆီလာပြီး အဖော်လာလုပ်ပေးမယ်လေ ….”
“ ဟီးဟီး … တကယ် ….”
သဘာဝကျကျပဲ ရန်စီသည် လင်းရီနှင့်အတူ အချိန်ဖြုန်းဖို့ရာ ဆန္ဒရှိလေသည်။
သို့ပေမယ့် သူမတို့နှစ်ဦး၏ ဆက်ဆံရေးနှင့် မတူကွဲပြားသည့် အဆင့်အတန်းတို့ကြောင့်သာ ဘယ်တုန်းကမျှ ပွင့်ပွင့်လင်းလင်း မတောင်းဆိုဝံ့ခဲ့ခြင်းပင်။
“ ဘာကို တကယ်လားတွေ လာမေးနေတာ …” လင်းရီ ပြုံးလျက် ပြောလိုက်ပြီး “ အခု ဘယ်ရောက်နေတာ ….”
“ ကွန်ဖြူးရှပ် ဘုရားကျောင်းမှာ … ခဏကျ လိပ်စာပို့ပေးလိုက်မယ် … တက္ကစီဒရိုင်ဘာဆို သိတယ် ….”
“ အိုကေ … စောင့်နေလိုက် ….”
ဖုန်းချပြီးနောက် လင်းရီသည် လမ်းဘေးဆိုင်များမှ မုန့်တစ်ချို့ ဝယ်ယူလိုက်ပြီး ရန်စီထံသို့ ယူသွားပေးဖို့ရာ ဟန်ပြင်လိုက်သည်။
******
ချင်းဟွိုင် မြစ်ကမ်းနံဘေး ၊ ကွန်ဖြူးရှပ် ဘုရားကျောင်းတစ်ခု အနီးတွင်။
ရန်စီသည် မလှမ်းမကမ်းတွင် မတ်တပ်ရပ်လျက် ရုပ်ရှင်ရိုက်ကူးရေး ဝန်ထမ်းများ အလုပ်လုပ်နေသည်ကို ကင်းမဲ့သည့် မျက်နှာအမူအရာနှင့် ကြည့်ရှုနေသည်။
အာဏာပိုင်များဘက်က သူမကို အချိန်သုံးရက်သာလျှင် ပေးထားပြီး …. အကယ်၍ ဤအတောအတွင်း ရိုက်ကူးရမည့် ရုပ်ရှင်အပိုင်းကို အပြီးမသတ်နိုင်ခဲ့လျှင် အချိန်စာရင်း ကြန့်ကြာမှုများ ဖြစ်သွားပြီး နောက်ဆက်တွဲ ရိုက်ကူးရေး အစီအစဉ်များအတွက် ပြဿနာတက်လာနိုင်သည်။
“ ဥက္ကဌရန် ….”
ရန်စီ တည်ကြည်လေးနက်စွာဖြင့် စောင့်ကြည့်နေစဉ်မှာပဲ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက အနားသို့ ရောက်လာနှုတ်ဆက်၏။
အမျိုးသားက အရပ်အမောင်း သိပ်မမြင့်မားဘဲ ၁.၇ မီတာခန့်မျှသာ ရှိသည်။ တောင့်တောင့်ဖြောင့်ဖြောင့်လည်း မဟုတ်ဘဲ ဘီယာဗိုက်နှင့် ဖြစ်၏။
သူ့နာမည်က ဖုန်းကျန့်ဟွေ့ ဖြစ်ပြီး ဒေသခံ ရုပ်ရှင်နှင့် ဒရာမာ ထုတ်လုပ်ရေး ကုမ္ပဏီ သူဌေးတစ်ဦး ဖြစ်၏။ ရန်စီ ရိုက်ကူးနေသည့် ရုပ်ရှင်ထဲ ရင်းနှီးမြုပ်နှံထားသည့် ရင်းနှီးမြုပ်နှံသူ တစ်ဦးဆိုလည်း မမှားပေ။
“ ဥက္ကဌဖန်း ….”
သက်လတ်ပိုင်း အမျိုးသားကို မြင်တော့ ရန်စီလည်း နှုတ်ဆက်သည့်အနေဖြင့် ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်သည်။
“ အားလုံးပြီးသွားပြီပဲ မဟုတ်လား … ဒီမှာ ဘာရပ်လုပ်နေသေးတာ ….” ပြောရင်းဖြင့် ဖုန်းကျန့်ဟွေ့က သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ ငါ နေရာတစ်ခု ဘွတ်ကင်ယူထားတယ် … ဥက္ကဌရန် ငါနဲ့အတူ သွားဖို့စိတ်ကူးရှိမလား မသိဘူး ….”
ရွံရှာစက်ဆုပ်သည့် အကြည့်တစ်ချက်က စိတ်မရှည်မှုနှင့်အတူ ရန်စီ၏ မျက်နှာထက်တွင် ဖျတ်ခနဲ ဖြစ်ပေါ်လာသည်။
ဒင်းကို ဒီလောက်ထိ အကြိမ်မရေမတွက်နိုင်အောင် ငြင်းထားတာကို ဘာလို့ နားမလည်သေးလဲ မသိပါဘူး …
“ စိတ်မရှိပါနဲ့ ဥက္ကဌဖုန်း … ကျွန်မ တစ်ခြား ချိန်းထားတာလေးတွေ ရှိနေလို့ပါ … ဒီနေ့တော့ အဆင်မပြေလောက်ဘူး … နောက်တစ်ခေါက်မှပေါ့ ….”
“ နောက်တစ်ခေါက်လား ….” ဖုန်းကျန့်ဟွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး “ ဥက္ကဌရန် … ငါမင်းနဲ့ အတူစားဖို့ ချိန်းနေတာ တစ်ကြိမ်မကတော့ဘူး … အကြိမ်တိုင်းလည်း နောက်တစ်ခေါက်မှ ဆိုတာချည်းပဲ …. မင်း ဒါ ငါ ဖုန်းကျန့်ဟွေ့ကို မထီမဲ့မြင် ပြုလိုက်တာပဲ မဟုတ်လား ….”
“ ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ဥက္ကဌဖုန်း … ကျွန်မမှာ တကယ်ပဲ ချိန်းထားတာ ရှိနေလို့ပါ …..”
ရန်စီက ပရော်ဖက်ရှင်နယ်ဆန်သည့် အပြုံးတစ်ခုကို ပြသရင်း သူမ၏ ရှည်လျားသည့် ဆံနွယ်များကို နောက်သို့ ပင့်သပ်လိုက်ကာ “ ဒီလိုဆိုရင်ကော … ကျွန်မ အလုပ်တွေ ပြီးသွားတာနဲ့ တောင်းပန်တဲ့ အနေနဲ့ ရှင့်ကို ကိုယ်တိုင် ဖိတ်ကျွေးမယ်လေ ….”
သို့သော်လည်းပဲ ဖုန်းကျန့်ဟွေ့၏ မျက်နှာအမူအရာမှာတော့ အနည်းငယ်မျှပင် ကောင်းမွန်လာခြင်း မရှိပေ။
“ ငါလည်း နောက်တစ်ခေါက်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး …..”
“ ဒါက ……” ရန်စီ နှုတ်ဆိတ်သွားခဲ့၏။ စိတ်ထဲတွင်တော့ ပို၍ပင် ရွံရှာစက်ဆုပ်လာလေသည်။
သို့သော် တစ်ဖက်လူက ရင်းနှီးမြုပ်နှံသူ ဖြစ်နေသဖြင့် ကစားပွဲစည်းမျဉ်းအတိုင်း လိုက်ပါကစားပေးဖို့ရာ လိုအပ်လေသည်။
“ ရပါတယ် … ဥက္ကဌဖုန်း အားတဲ့အချိန်ကျတော့မှပဲ ကျွန်မ ကျင်းလင်ကို ကိုယ်တိုင်လာပြီး ထမင်းလိုက်ကျွေးပေးပါ့မယ် … အကုန်လုံးက ဒီနယ်ပယ်ထဲက လူတွေချည်းပဲဆိုတော့ အချင်းချင်း အဆက်အသွယ်မပြတ်သင့်ဘူးလေ ….”
“ နောင်တစ်ချိန်ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူး …” ဖုန်းကျန့်ဟွေ့က အေးစက်စွာ ဆိုလိုက်ပြိး “ ဒီတော့ ဥက္ကဌရန်က ဒီနေ့ည ငါနဲ့အတူ လိုက်ခဲ့ဖို့ ဆန္ဒရှိမရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်တယ် ….”
အစကတည်းက ဖုန်းကျန့်ဟွေ့ကို မျက်လုံးထဲ ကန့်လန့်ဖြစ်နေသည့် ရန်စီမှာ ယခု ထိုစကားမျိုး ပြောသံကြားတော့ ပို၍ပင် အမြင်မကြည်ဖြစ်သွားခဲ့ပြီး အားနာပါးနာနှင့် အပေါ်ယံ ကောင်းမွန်သည့် ဆက်ဆံရေးလေး ထိန်းသိမ်းဖို့ကိုပင် ဆန္ဒမရှိတော့ချေ။
“ ဒါဆိုရင်တော့ ကံဆိုးတာပဲ ….” သူမ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ဒီနေ့တော့ ကျွန်မ တကယ်ကို မအားတာ …”