← Chapters

အတင်းအကြပ် အဖော်ပြုခိုင်းမယ်

Vol. 173 Ch. 2447

အတင်းအကြပ် အဖော်ပြုခိုင်းမယ်

Vol. 173 Ch. 2447

ဖုန်းကျန်းဟွေ့၏ အမူအရာမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။ ရန်စီ ဤစကားမျိုး ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ ဒါဆိုလည်း ငါ့ဘာငါ တစ်ယောက်တည်း သွားမယ် ….” ဖုန်းကျန့်ဟွေ့ အေးတိအေးစက် ဆိုလိုက်သည်။

“ နောက်ပြီး ငါ စောစောတုန်းက ရုပ်ရှင် ဇာတ်ညွှန်းကို တစ်ချက်ကြည့်လိုက်တာ ဘာမှလည်း ဟုတ်တာ မဟုတ်ဘူး … ရုံတင်တာနဲ့ ရှုံးမယ့် ကားပဲ …. ရှုံးမယ့်အတူတူတော့ ငါ့ ငွေတွေ ပြန်ထုတ်တာပဲ ကောင်းတယ် … ဥက္ကဌရန် … မင်း တစ်ခြား ရွေးချယ်စရာတွေ ထပ်ရှာထားရင် ကောင်းလိမ့်မယ် ….”

“ ရတယ်လေ ….”

ရန်စီ အံ့အားသင့်မသွားဘဲ တည်ငြိမ်စွာနှင့် သဘောတူလိုက်၏။

ကနေဦးတုန်းကတော့ ကွမ်းဟွေ့ မီဒီယာက ကျင်းလင်ဒေသခံ စီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သဖြင့် သူမ ပူးပေါင်းခဲ့ခြင်းပင်။ ရုပ်ရှင်၏ ရိုက်ကွင်းတော်တော်များများကလည်း ကျင်းလင်တွင် ရိုက်ကူးဖို့ လိုသည်။ ဒေသခံ ကုမ္ပဏီတစ်ခုခု၏ ပံ့ပိုးကူညီမှု ရှိမည်ဆိုပါက ပိုပြီး အဆင်ပြေချောမွေ့နိုင်သည်ဟု သူမလည်း တွေးထင်ခဲ့သည်။

ယခုမူ … ညစာ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည့်အတွက် ရင်းနှီးမြုပ်နှံမှုသည်လည်း သဘာဝအလျောက် စားပွဲပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဤသို့သော ဖြစ်ရပ်မျိုးက ရန်စီထံတွင် တစ်ကြိမ်မက ဖြစ်ပျက်ဖူးပြီး ဖြစ်သောကြောင့် သူမ နေသားကျနေခဲ့လေပြီ။

“ ဒါဆိုလည်း ငါ့ကို ခွင့်ပြုပါဦး …” ဖုန်းကျန့်ဟွေ့ အေးတိအေးစက် နှာခေါင်းရှုံ့ပြီး သူ့ အင်္ကျီလက်ကို ခါကာ ဒေါသတကြီးနှင့် ထွက်ခွာသွားခဲ့သည်။

“ ဟင်း ….” ရန်စီ သက်ပြင်းချလိုက်ပြီး ခေါင်းကိုက်နေသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။

ရုပ်ရှင်ရိုက်ဖို့ အချိန်ဇယား ကြပ်တည်းနေသည့်ကြားက ဘတ်ဂျက် ၆၇ သန်းကလည်း အိတ်ထောင်ထဲက ထွက်သွားခဲ့ပြန်လေပြီ။ အရာအားလုံးက သူမကို ခက်ခဲအောင် ပြုလုပ်နေတော့၏။

ထိုအချိန်မှာပဲ ဖုန်းကျန့်ဟွေ့က သူ့ကားထံသို့ ဒေါသတကြီးနှင့် ရောက်ရှိလာသည်။

“ ဥက္ကဌဖုန်း … ဘာလို့ တစ်ယောက်တည်း ပြန်လာခဲ့တာတုန်းဗျ …. ဥက္ကဌရန်ကော ... ” ဒရိုင်ဘာ လီရုံတဲ့က ကားအရှေ့ခုံတွင် ထိုင်ရင်း မေးမြန်းလိုက်သည်။

“ အဲ့ခွေးမအကြောင်း ငါ့လာမပြောစမ်းနဲ့ကွာ … သောက်ရမ်း မောက်မာလွန်းတယ် …. သူ့အတွက် ဘာကကောင်းတယ်ဆိုတာ နားမလည်ဘူး … ငါဖိတ်တာကို‌တောင် ငြင်းဆန်ရဲနေသေးတယ် … သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိုက်တော့ သူ့ကိုယ်သူ သိပ်အရေးပါတဲ့လူဆိုပြီး အထင်မှားနေလား မသိပါဘူး …..”

“ အဲ့လောက်တောင်ပဲလား …. ကျုပ်တို့က သူ့ပရောဂျက်ထဲမှာ ရင်းနှီးမြုပ်နှံထားတဲ့လူလေ … ဥက္ကဌဖုန်းကို ဘယ်လိုဖြစ်ပြီး ငြင်းဝံ့နေတာ … ရုပ်ရှင် ဆက်မရိုက်ချင်တော့ဘူးလားတဲ့ …..”

“ ငါ့ဘက်က ရင်းနှီးမြုပ်နှံထားတဲ့ငွေတွေ ပြန်ထုတ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ …. စောက်ကောင်မ ဘယ်လိုဆက်လုပ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ ….” ဖုန်းကျန့်ဟွေ့ မုန်းတီးမှု အပြည့်နှင့် ဆိုလိုက်သည်။

“ အဲ့ခါကျ ငါ့ဆီလာပြီး ငိုပြရင်တောင် ကူညီပေးမယ် မထင်နဲ့ …..”

“ ဥက္ကဌဖုန်း … တကယ်လို့ ကျုပ်တို့က သူတုံ့ပြန်လာမှာကို စောင့်နေမယ်ဆိုရင် အရေးမသာတဲ့ဘက်ကို ရောက်သွားမှာပေါ့ ….” လီရုံတဲ့ ပြောလိုက်သည်။

“ ဟမ် … မင်း ဘာစကား ပြောချင်နေတာ ….”

“ ဒါက ကျင်းလင် … ကျုပ်တို့ရဲ့ ပိုင်နက် …. သူတို့ကို မောင်းထုတ်ချင်တယ်ဆိုရင် စကားတစ်ခွန်းတည်းနဲ့တင် ပြီးတဲ့ ကိစ္စပဲလေ ….”

“ ဖြည်းဖြည်းချင်းပြော … မင်းရဲ့ အကြံအဉာဏ်က ဘယ်လိုတုန်း ….”

“ ဒီနေရာက ကွန်ဖြူးရှပ် ဘုရားကျောင်း … ချင်းဟွိုင် မြစ်အနီးနားမှာလည်း ဟုတ်သေးတယ် … ဒီလိုနေရာမျိုးမှာ ရုပ်ရှင်ရိုက်ခွင့် ရဖို့ဆိုတာ တကယ်မလွယ်တာ …..” လီရုံတဲ့ ပြောလိုက်ပြီး “ သက်ဆိုင်ရာ ဌာနတွေကို ဖုန်းတစ်ချက် ဆက်လိုက်ရုံနဲ့ သူတို့ကို မောင်းထုတ်လိုက်လို့ရနေပြီပဲလေ … အဲ့လိုဆို သူတို့လည်း ရုပ်ရှင်ဆက်ရိုက်လို့ မရတော့ဘူး … ရုပ်ရှင်ရိုက်လို့ မရတော့တာနဲ့ မနက်ဖြန် မနက် အထိတောင် စောင့်ဆိုင်းနေမှာ မဟုတ်ဘူး … ဒီညတင်ပဲ ဥက္ကဌဖုန်းဆီ ချက်ချင်း လာတောင်းပန်ကြလောက်တယ် ….”

“ အကြံဉာဏ်ကောင်းပဲ …..”

ဖုန်းကျန့်ဟွေ့ မျက်လုံးအရောင်လက်လာခဲ့သည်။

ရန်စီ သူ၏ ရင်းနှီးမြုပ်နှံမှုကို မငြင်းဆန်ခဲ့သည်က ဘတ်ဂျက် ချို့တဲ့မှုကြောင့် မဟုတ်သည်ကို သူ ကောင်းကောင်း နားလည်သည်။ ထိုအစား ဒေသခံ ကုမ္ပဏီတစ်ခု၏ ထောက်ပံ့ကူညီပေးမှုဖြင့် ဆိုပါက ကျင်းလင်တွင် အကူအညီ အများအပြား ရရှိနိုင်မည်ဟူသော အချက်ကြောင့်ပင်။

သူတို့တွေက ကွန်ဖြူးရှပ်ဘုရားကျောင်းတွင် သုံးရက်တိတိ ရုပ်ရှင် ရိုက်ကူးခွင့် ရရှိခဲ့သော်လည်း ဖုန်းတစ်ချက် ခေါ်ဆိုလိုက်သူနှင့် သူ့ဘက်က ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့သားများကို လွယ်လင့်တကူ မောင်းထုတ်လိုက်၍ရသည်။

လီရုံတဲ့ ပြောသည့်အတိုင်း သူတို့တွေ နောက်တစ်နေ့ နံနက် ရောက်သည်အထိပင် စောင့်ဆိုင်းနေမှာ မဟုတ်ချေ။ ယနေ့ ညတွင်းချင်းပဲ သူ့ထံသို့ လာရောက်ခယ တောင်းပန်ကြလောက်၏။

ထိုသို့ ဖြစ်လာခဲ့ပြီဆိုလျှင်တော့ … သာမန်လျှံကာ ထမင်းတစ်နပ် အတူစားပေးရုံမျှလောက်နှင့် ပြီးဆုံးသွားတော့ ကိစ္စဖြစ်တော့မှာ မဟုတ်ပေ။ သူမကို အခြား အရာတစ်ခုခု လုပ်ပေးဖို့ တောင်းဆိုလိုက်လျှင်ပင် သူမဘက်က တခြား ရွေးချယ်စရာမရှိ၊ နာနာခံခံနှင့် လိုက်လျောပေးရတော့မှာ ဖြစ်၏။

“ ငါ သက်ဆိုင်ရာဌာနဆီ ဖုန်းတစ်ချက် ဆက်လိုက်မယ် … ဒင်းကို မကိုင်တွယ်နိုင်ဘူးဆိုတာ လုံးဝ မယုံဘူး ….”

******

ထိုအချိန်တွင်တော့ ရန်စီသည် ရုပ်ရှင်ရိုက်ကူးရေး အသင်းသားမျာကို စတူဒီယို တစ်ခု တည်ဆောက်ခိုင်းနေပြီး ရိုက်ကွင်းကို မြန်နိုင်သမျှ မြန်မြန် စတင်ရိုက်ကူးဖို့ရာ စိတ်အားထက်သန်နေသည်။

အရေးကြီးဆုံး ရိုက်ကွင်းများကို ရိုက်ကူးပြီးသည်နှင့် အခြားအရာများကို ကိုင်တွယ်ဖို့က အလွယ်လေးပင်။

နာရီဝက်နီးပါးခန့် ကြာပြီးနောက် ပြင်ဆင်မှုများ အားလုံး ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီး ရုပ်ရှင်ရိုက်ကူးဖို့လည်း အဆင်သင့် ဖြစ်နေလေပြီ။

ရန်စီ စိတ်သက်သာရစွာ သက်ပြင်းချလိုက်၏။ လက်ထဲတွင် ပန်ကာ အသေးလေး တစ်ခုကိုကိုင်လျက် သူမကိုယ်သူမ အအေးခံနေသည်။

“ အလှလေး …. မစ်တီး သောက်ဦးမလား ….”

ရန်စီ ရုတ်ချည်း လှည့်ကြည့်လိုက်သောအခါ အသံပိုင်ရှင်က လင်းရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

တောက်ပသည့် အပြုံးတစ်ပွင့်က သူမ၏ မျက်နှာထက်တွင် ချက်ချင်း ဖြစ်ပေါ်လာပြီး ပင်ပန်းနွမ်းနယ်မှုများအားလုံး အရည်ပျော်သွားခဲ့လေသည်။

“ နင်က ဘီလီယမ်နာကြီးလေ …. ဒါကို ခြောက်ယွမ်တန် မစ်တီးတစ်ခွက်တည်း ဝယ်လာခဲ့ပေးတယ်ဆိုတော့ နည်းနည်း စေးနည်းလွန်းမနေဘူးလား …”

“ မိုင်တစ်သောင်းအကွာက ပျံ့လွင့်လာတဲ့ ငန်းတောင်မွှေး၊ ပေါ့ပါးတဲ့ လက်ဆောင်က နက်ရှိုင်းတဲ့ ရင်းနှီးတွယ်တာမှုတွေကို သယ်ဆောင်နေတယ် ….” လင်းရီ စာတစ်တန်၊ ပေတစ်တန်နှင့် ပြုံးလျက် မစ်တီးကို ကမ်းပေးလိုက်ရင်း “ လောလောဆယ်‌တော့ ရေငတ်ပြေအောင် ဒါလေး အရင်သောက်ထားလိုက် … ဒီည ဟိုတယ်ပြန်ရောက်တော့မှပဲ မင်းကို တစ်ခြားတစ်ခု ကျွေးမယ် ….”

“ ဟွန့် … နင်ဆို အရမ်း စိတ်အနှောင့်အယှက်ဖြစ်ဖို့ ကောင်းတာပဲ ….”

ကလူကျီစယ်စွာ မျက်လုံးလှိမ့်လိုက်ပြီး မစ်တီးကို လက်ခံလိုက်သည်။ နှစ်ယောက်မှာ ပခုံးချင်းကပ် အတူ မတ်တပ်ရပ်နေရင်း ချင်းဟွိုင်မြစ်၏ အလှတရားကို ရှုစားနေကြ၏။

“ တစ်နေ့လုံး အလုပ်‌တွေ ရှုပ်နေတာ ပင်ပန်းလွန်းလို့ သေတော့မတတ်ပဲ ….”

“ မင်းမှာ ငွေလည်း ချို့တဲ့နေတာမှ မဟုတ်တာ … ကိုယ့်တစ်ကိုယ်စာ လုံလောက်ရင် တော်ပြီပေါ့ … ဘာလို့ အဲ့လောက်ထိ ကြိုးစားနေလဲ ….”

“ ငါက နင့်လိုမှမဟုတ်တာ … ငါလုပ်နိုင်တဲ့ အစွမ်းအစတွေက အကန့်အသတ် ရှိတယ် …. နင်နဲ့တော့ လာမယှဉ်နဲ့လေ ….” ရန်စီ ပြုံးလျက် ဆိုလိုက်ပြီး “ ငါ့ကိုယ်ငါ ဒီလောက်ထိ ပင်ပင်ပန်းပန်း ကြိုးစားပြီးလုပ်တာတောင် ငါ တတ်နိုင်တာဆိုလို့ လက်ရှိ နေရာလေးကို တည်ငြိမ်အောင် ထိန်းထားနိုင်ရုံလောက်ပဲ …. ငါသာ မကြိုးစားဘဲနေလိုက်ရင် ပိုဆိုးရွားသွားရုံပဲ ရှိမှာ …. ပြီးတော့ နေ့တိုင်းနေ့ နင့်ပိုက်ဆံတွေချည်း ထိုင်ဖြုန်းနေလို့လည်း မဖြစ်သေးဘူးလေ ….”

“ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး …”

“ ငါတော့ အဲ့လို မလုပ်ချင်ဘူး ….” ရန်စီ သူမ၏ ခေါင်းကို ဂုဏ်ယူစွာ မော်ကြွားလိုက်ပြီး “ စကားမစပ် နင် ကျင်းလင်မှာ ဘယ်လောက်ကြာကြာ နေမယ် စိတ်ကူးထားလဲ ….”

“ အင်း … သေချာ မပြောတတ်ဘူး … အနည်းဆုံး နှစ်ရက် ၊ သုံးရက်လောက်ပေါ့ …..”

“ ဒါဆိုလည်း ကောင်းပြီလေ .. ငါ နင်နဲ့အတူ နည်းနည်းကြာကြာ ပိုနေလိုက်မယ် ….”

“ ဘာတွေ လာပြောနေတာ … မင်းက ကျင်းလင်မှာ ရုပ်ရှင်ရိုက်ကူးဖို့ လာတယ်ဆိုမှတော့ ကြာကြာနေသင့်တာ သဘာဝပဲ မဟုတ်လား ….”

“ အစီအစဉ်ကတော့ အဲ့လိုပါပဲ … ဒါပေမယ့် ရင်းနှီးမြုပ်နှံပေးတဲ့သူနဲ့ ပြဿနာ နည်းနည်းတက်သွားတော့ ရင်းနှီးငွေတွေကို ပြန်ထုတ်သွားတယ် …. ရန်ကျင်းကို ပြန်သွားပြီး စပွန်ဆာ ထပ်သွားရှာမလို့ …..”

“ တစ်ခြား အရေးကြီး ကိစ္စများလားလို့ကွာ ….” လင်းရီ ပြောလိုက်ပြီး “ ဘယ်လောက်လိုနေတာ … ငါ ကူညီပေးမယ် ….”

“ နင့်ကို ဒီအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြနေတယ်ဆိုတာ နင့်နား ပိုက်ဆံတောင်းဖို့ ရည်ရွယ်ချက် မရှိလို့ …..” ရန်စီ ခွန်းတုံ့ပြန်လိုက်ပြီး “ ငါ ဖြေရှင်းနိုင်ပါတယ်ဟာ … နင့်လောက်တော့ မစွမ်းဆောင်နိုင်ပေမယ့် ဒီလောက်တော့ ကိုင်တွယ်နိုင်ပါသေးတယ် ….”

“ မင်း သေချာလို့လား …..”

“ ဒါပေါ့ ….” ရန်စီ ပြုံးလိုက်ပြီး “ ဒီလောက်လေးတောင် မစွမ်းဆောင်နိုင်ရင် ငါ့ကိုယ်ငါ ဒါရိုက်တာလင်းရဲ့ အမျိုးသမီးလို့ ခေါ်ဖို့တောင် မျက်နှာ ရှိတော့မှာ မဟုတ်ဘူး …..”

“ တကယ်တမ်းက ငါမင်းကို သိပ်အများကြီး မတောင်းဆိုပါဘူး … ဥပဒေကို မချိုးဖောက်သရွေ့ မင်းဘာမင်း ဘာပဲလုပ်လုပ် အဆင်ပြေတယ် ….”

ရန်စီ မေးလေးထောက်လျက် လင်းရီကို မြှူဆွယ်ဖျားယောင်းသည့် အကြည့်တို့ဖြင့် ကြည့်လျက် “ ငါ ဥပဒေကို ချိုးဖောက်ခဲ့မယ်ဆိုရင် နင်က ဘာလုပ်မှာလဲ ….”

“ ဒါဆိုရင်တော့ မင်းကို နေရာမှာတင်ဖမ်းပြီး သင်ခန်းစာ ကောင်းကောင်းပေးရတော့မှာပေါ့ … ဘယ်နည်းနဲ့မှ လွှတ်မပေးနိုင်ဘူး ….”

“ ဟွန့် … လူကို အကြံဆိုးကြီးနဲ့ ….” ရန်စီ ဆွဲဆောင်မှုရှိစွာ နှုတ်ခမ်းဆူလိုက်၏။ ချင်းဟွိုင် မြစ်နံဘေးတွင် သူမ၏ အလှတရားက ခြွင်းချက်မဲ့စွာ တောက်ပနေသည်။

“ ဖယ်ကြ ဖယ်ကြ …”

သူတို့ နှစ်ဦး စကားပြောဆိုနေစဉ်မှာပဲ ရုတ်တရက်ဆိုသလို မလှမ်းမကမ်းမှ ကျယ်လောင်သည့် အသံများ ထွက်ပေါ်လာသည်။

အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ဒါဇင်ခန့်ရှိသည့် ယူနီဖောင်းဝတ် အုပ်စုတစ်စုက အသံချဲ့စက်ကို ကိုင်ထားပြီး ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများ ရှိသည့် နေရာသို့ ဦးတည်လာနေသည်ကို မြင်တွေ့လိုက်ရသည်။

“ ဒီလူတွေက ဘာလာလုပ်ကြတာ … ဒီလောက် ညဉ့်နက်နေမှ စစ်ဆေးရေး လာဝင်နေတာလား ….” လင်းရီ ရေရွတ်လိုက်သည်။

“ ပုံစံကြည့်ရသလောက်ကတော့ ….. ငါ့အတွက် ရောက်လာကြသလိုပဲ ….” ရန်စီ ပြောလိုက်၏။

လင်းရီ ဘေးပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်ပြီး “ မင်း ဒီမှာ ရိုက်ကူးဖို့အတွက် ခွင့်ပြုချက် ရထားတယ်မဟုတ်ဘူးလား ….”

ရန်စီ ခေါင်းညိတ်လိုက်သည်။

“ ဒီကို လူကိုယ်တိုင် ပြေးလာပြီး အဆက်အသွယ်တွေ အများကြီး အသုံးချပြီးမှ သုံးရက်ပါမစ် ရခဲ့တာ … ဒါပေမယ့် ဒီလူတွေ ဘာလို့ ရောက်လာလဲတော့ ငါလည်း မသိဘူး ….”

“ သွားပြီး တစ်ချက်ကြည့်ကြတာပေါ့ ….” လင်းရီ ပြောလိုက်သည်။

နှစ်ယောက်မှာ မတ်တပ်ထ၍ ယူနီဖောင်း ဝတ်ထားသည့် အုပ်စုထံသို့ လျှောက်လှမ်းသွားခဲ့ကြသည်။

“ ရှင်တို့တွေ ဒါ ဘာလုပ်နေကြတာလဲ ….”

ခေါင်းဆောင် ဖြစ်ဟန်တူသူက ရန်စီကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီး “ မင်းက ဒီက တာဝန်ခံလား ….”

“ ကျွန်မပဲ …. ကိစ္စရှိတယ်ဆို ကျွန်မကို ပြောလို့ရတယ် …..”

“ မင်းတို့ကို ဒီမှာ သီးသန့်ရုပ်ရှင်ရိုက်ကူးဖို့ ဘယ်သူ ခွင့်ပြုချက် ပေးလိုက်တာ … မင်းတို့မှာ အစိုးရရဲ့ တရားဝင် ခွင့်ပြုမိန့် ပါလား … ဒါတွေ အကုန်လုံးကို ဖယ်ဖို့ သုံးနာရီ အချိန်ပေးမယ် … မဟုတ်လို့ကတော့ ငါတို့ အကုန်ဖျက်စီးပစ်မှ အဆိုးမဆိုနဲ့ …”

All Chapters