တိမ်တွေဟာ ပေါ့ပါးပြီး လေညှင်းတွေက ညှင်သာတယ်
Vol. 173 Ch. 2448
ရန်စီ အတော်လေး အံ့အားသင့်သွားခဲ့သည်။ ရုပ်ရှင် စတင်ရိုက်ကူးသည့်အချိန်မှာပဲ ပြဿနာက တက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပါချေ။
“ ကျွန်မတို့ သက်ဆိုင်ရာဌာနဆီက ပါမစ်ယူထားပြီးထားပါ … ဒီမှာ သုံးရက်တိတိ ရိုက်ကူးရေးလုပ်ဖို့လည်း ခွင့်ပြုချက် ရထားပါတယ် … ဒါကို ဘာကိစ္စ ကျွန်မတို့က ထွက်သွားပေးရမှာလဲ ….”
“ သက်ဆိုင်ရာဌာနရဲ့ ခွင့်ပြုမိန့် ဟုတ်လား …..”
ဦးဆောင်လာသည့် ကပ္ပတိန်က ရန်စီကို တစ်ချက်ကြည့်လိုက်ပြီး “ ဘယ်ဌာနကနေ ဒီခွင့်ပြုမိန့်ကို ယူလာခဲ့တာ …”
“ ပြည်သူ့ရေးရာ ကော်မတီ …..”
“ ဆောရီးပဲ … အကြီးအကဲ တစ်ယောက်က စစ်ဆေးရေး လာမှာမို့လို့ မင်းတို့ ဒီနေရာမှာ ဆက်ပြီး ရိုက်ကူးခွင့် မရှိတော့ဘူး …. ပိတ်ထားတဲ့လမ်းတွေ အကုန် ဖွင့်လိုက်စမ်း …..” ကပ္ပတိန်က ပြောလိုက်သည်။ “ ငါမင်းတို့ကို သုံးနာရီ အချိန်ပေးမယ် … သတိမပေးဘူးလို့ လာမပြောနဲ့ …. ငါ စကားကို နှစ်ခါ ထပ်မပြောချင်ဘူး ….”
“ ရှင် ….”
ရန်စီ စကားပြောတော့မည့် အချိန်မှာပဲ ဖုန်းကျန့်ဟွေ့၏ ကားက မောင်းနှင်လာပြီး သူ့မျက်နှာထက်တွင်တော့ ဘဝင်ခိုက်မှုတို့က အပြည့်ဖြစ်နေသည်။
“ အိုး … ဒါရိုက်တာရန် … ရုပ်ရှင် မရိုက်ကူးဘဲ ဘာတွေ လုပ်နေတာလဲ …..”
ထိုအချိန်တွင်တော့ ရန်စီ ချက်ချင်းပဲ ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သဘောပေါက်သွားခဲ့တော့သည်။
ဖုန်းကျန့်ဟွေ့က နောက်ကွယ်ကနေ ကြိုးတစ်ချို့ ဆွဲပြီး ဂယက်ထအောင် ဖန်တီးလိုက်ခြင်း ဖြစ်လိမ့်မည်။ မဟုတ်ပါက ယခုလို အခြေအနေမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ချေ။
ရန်စီ သူမ ခေါင်းကို ခါယမ်းလိုက်၏။ ဤသို့သော လူစားမျိုးကို ရင်းနှီးမြုပ်နှံသူ တစ်ယောက်အနေနှင့် ရွေးချယ်ခဲ့မိသည်က တကယ့်ကို အမြင်ကန်းနေခဲ့၍ ဖြစ်လိမ့်မည်။
“ ဒီလူက ဘယ်သူတုန်း ….” လင်းရီသည် ဖုန်းကျန့်ဟွေ့ကို ကြည့်ပြီး မေးလိုက်၏။
“ ကျင်းလင် ဒေသခံ ရုပ်ရှင် ကုမ္ပဏီတစ်ခုရဲ့ ဘော့စ် ….” ရန်စီ အေးစက်သည့် မျက်နှာအမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး ဖုန်းကျန့်ဟွေ့ကို ကြည့်နေသည့် သူမ၏ အကြည့်တို့ထဲ ပြင်းထန်သည့် အထင်သေးမှုတို့ ပြည့်နှက်နေသည်။
“ ဒီရိုက်ကွင်းနဲ့ သူနဲ့က ဘာပတ်သက်နေလို့ ….”
“ အရင်က ရင်းနှီးမြုပ်နှံသူ ဖြစ်ခဲ့ဖူးတယ် … ဒါပေမယ့် ငွေတွေ ပြန်ထုတ်သွားပြီ …. အခု ဘာအဆက်အစပ်မှ မရှိတော့ဘူး ….”
“ သဘောပေါက်ပြိ ….”
“ ယီးကို သဘောပေါက်ပါလား ….” ဖုန်းကျန့်ဟွေ့က ကားထဲ ထိုင်နေရင်း ကျိန်ဆဲလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။
“ ရန်စီ … ငါ မင်းကို ဖိတ်ခေါ်ခဲ့တာ အကြိမ်ပေါင်း မနည်းဘူး … အကြိမ်တိုင်းလည်း မင်းငါ့ကို ငြင်းတယ် … ငါ ထင်တာ မမှားဘူးဆိုရင် ဒီလူငယ်လေးကြောင့်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား … ဟက် …. မင်းက ဂိမ်းကို ဘယ်လို ကစားရမလဲ ဆိုတာတော့ အတော်လေး ကောင်းကောင်း သိနေတာပဲ … ပိုက်ဆံလေး နည်းနည်းရှာနိုင်လာတော့ အပျော်လင်လေးတွေတောင် ထားတတ်လာနေပြီ … မင်းက တစ်ခုခုတော့ တစ်ခုခုပဲ … မင်းနဲ့ယှဉ်လိုက်ရင် ငါတောင် တကယ်ပဲ လိုနေသေးတယ်….”
( တကယ်က ဒီနေရာမှာ toy boy - ယောက်ျားဖာလို့ ရေးထားတာပါ။ ကျနော်ကတော့ အပျော်လင်လို့ပဲ သုံးလိုက်ပါတယ်။ )
“ နင် စကားကို သေချာ ကြည့်ပြီးမှပြော … မဟုတ်ရင် နင့်စောက်ပါးစပ်ကို ငါ ဖြတ်ရိုက်မိတော့မယ် ….”
“ လာလေ …. မင်း ဘယ်လောက် တတ်နိုင်လဲ ကြည့်ကြတာပေါ့ ….” ဖုန်းကျန့်ဟွေ့ အထင်တသေးအမူအရာနှင့် နှာခေါင်းရှုံ့လိုက်ပြီး “ ကိုယ်အခု ရောက်နေတဲ့ နေရာကို သေချာကြည့်ပြီးတော့မှ စကားကိုပြော …. မင်းကိုယ်မင်း ဒီနေရာမှာ လုပ်ချင်တိုင်း လုပ်လို့ရမယ်များ ထင်နေလား ….”
“ နင် ….”
“ တော်ပြီ …” လင်းရီသည် ရန်စီကို နောက်သို့ ပြန်ဆွဲထားလိုက်ပြီး “ ဒီလို အသေးအမွှား ကိစ္စလေးအပေါ် စိတ်တိုနေစရာ အကြောင်းမရှိဘူး ….”
ရန်စီနှင့် ဆန့်ကျင့်ဘက်ဖြစ်စွာ လင်းရီကတော့ အင်မတန် တည်ငြိမ်အေးဆေးနေပြီး ဒေါသထွက်နေသည့် အရိပ်အယောင် အနည်းငယ်လေးပင် မမြင်တွေ့ရချေ။
ထို့နောက် သူ မြို့စီမံ ခန့်ခွဲရေး အရာရှိဘက်သို့ လှည့်၍ “ အကြီးအကဲ ခေါင်းဆောင်တွေ စစ်ဆေးရေး လာမယ်ဆိုတာ ခင်များ သေချာလား ….”
“ မင်းက ဘာကောင်တုန်း … ငါတို့က မင်းကို အရာရာ သတင်းပို့နေရမှာလား ဟုတ်လား ….”
“ ကျုပ်တော့ လိုအပ်တယ်လို့ ထင်တာပဲ … ညတွင်းချင်း အမိန့်တွေ ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး ကျိုးကြောင်းသင့်တင့်တဲ့ ဖြေရှင်းချက် တစ်ခုတော့ ပေးသင့်တယ်လေ ….”
“ သောက်ကျိုးနည်း … ဟားဟား ….”
ဖုန်းကျန့်ဟွေ့ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်ထဲရှိ စီးကရက်ပင် ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့သည်။
“ ရန်စီ … မင်းရဲ့ ဒီအပျော်လင်လေးက သောက်ရမ်း ရယ်ဖို့ ကောင်းတာပဲ … ငါနဲ့လာပြီး ကျိုးကြောင်းသင့်တင့် ချင်နေတယ်ပေါ့ … ပိန်းဖို့အတွက် ကျောင်းတက်ခဲ့တာလား မသိဘူး … ဟားဟား …..”
ရန်စီကတော့ အေးတိအေးစက် အမူအရာကိုသာ ထိန်းသိမ်းထားရင် အဆိုပါ အဆီတရွှဲရွှဲနှင့်လူအား လျစ်လျူရှုထားလိုက်သည်။
အကယ်၍ သူက သူ့သေတွင်းသူ တူးချင်နေလျှင်လည်း တူးခွင့်ပေးလိုက်မည်။
လင်းရီသည်လည်း ဖုန်းကျန့်ဟွေ့ကို အလေးအနက်ထားမနေချေ။
“ ခင်များ ကျုပ် မေးတာကို မဖြေရသေးဘူးနော် … အကြီးအကဲ ခေါင်းဆောင်တွေ စစ်ဆေးရေးလာမယ်ဆိုတာ သေချာလား ….”
“ ဒါပေါ့ … သေချာတာပေါ့ … မဟုတ်ရင် ငါက ဘာလို့ ဒီကို ရောက်လာမယ်လို့ ထင်လဲ … ငါ့ကို သောက်ရမ်း အားယားနေတယ်များ ထင်နေလား …..”
“ ခင်များဘာခင်များ အားမအားတော့ ကျုပ်မသိဘူး … ဒါပေမယ့် အကြီးအကဲ ခေါင်းဆောင် လာတာက ကျုပ်တို့ရဲ့ ရိုက်ကူးရေးကို ဖျက်သိမ်းခိုင်းရလောက်တဲ့အထိ လိုအပ်ရဲ့လားဆိုတာတော့ သိချင်မိသား ….”
“ ဟေ့ကောင် … မင်းရူးနေတာလား …” ကပ္ပတိန်က ကျိန်ဆဲလိုက်ပြီး “ ဘယ်သူလာလာ မင်းနဲ့ ဘာဆိုင်လို့ … ဘာလဲ … မင်းက အတည်ပြုချင်နေသေးတာလား … ကိုယ်ဘာကောင်ဆိုလဲဆိုတာ မှန်ထဲ အရင် သေချာကြည့်ပြီးမှ အဲ့စကားမျိုးပြော …..”
“ ကျုပ် တကယ်ပဲ အတည်ပြုရဲတယ် … ဒါပေမယ့် မေးစရာရှိတာက ခင်များဘက်ကရော သေချာလား ….”
“ ဘာ မသေချာစရာ အကြောင်းရှိလို့ ….” ကပ္ပတိန်က မောက်မာစီးပိုးစွာဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး “ ကျင်းလင်ရဲ့ ထိပ်ပိုင်းအရာရှိ တစ်ယောက်က စစ်ဆေးရေး လာဖို့ရှိတယ် … လုပ်လေ … မင်းဒီကိစ္စ ဘယ်လို အတည်ပြုမှာ .. မင်း ဘယ်လောက်ထိ အထင်ကြီးဖို့ကောင်းလဲဆိုတာ ငါတို့ကို လေးစားခွင့် ပြုစမ်းပါဦး …..”
လင်းရီ သကောင့်သားအား လျစ်လျူရှုထားလိုက်ပြီး ရန်စီဘက်သို့ လှည့်၍ “ ငါ့ကို ဒီမှာစောင့်နေ … ငါ ဖုန်းတစ်ချက် သွားဆက်လိုက်ဦးမယ်….”
ရန်စီ လှပရွှန်းစိုသည့် မျက်ဝန်းအစုံဖြင့် ငေးကြည့်လာခဲ့ကာ “ နင် တကယ်ပဲ ဖုန်းခေါ်တော့မလို့လား …..”
“ အင်း … အဲ့လိုပဲ … ငါ့ကို ဒီမှာ စောင့်နေ ….”
ထိုသို့ ပြောပြီးနောက် လင်းရီ ဖုန်းထုတ်၍ ဘေးတစ်ဖက်သို့ ထွက်ရပ်ကာ ငါးမိနစ် ၊ ခြောက်မိနစ်ခန့် ကြာတော့မှပဲ ပြန်ရောက်လာသည်။
“ ပြီးခဲ့ပြီလား ….” ရန်စီ စကားအစ်လိုက်၏။
လင်းရီ ခေါင်းညိတ်လိုက်သည်။
“ ဒါဆို ငါတို့က အခု ဘာဆက်လုပ်ရမှာ …..”
“ ပုံမှန်အတိုင်းပဲဆက်လုပ် … ရုပ်ရှင်ရိုက်ကူးတာကို ဆက်မယ် … တကယ်လို့ ဒီလူတွေ နှောင့်ယှက်ချင်တယ်ဆိုလည်း သူတို့ကို ခွင့်ပြုထားလိုက် ….” လင်းရီ တည်ငြိမ်စွာ ဆိုလိုက်သည်။ “ ငါ အားလုံး စီစဉ်ပြီးသား … ဘာဆုံးရှုံးမှုမှ မရှိစေရဘူး …..”
“ ကောင်းပြီလေ … နင့်စကားကို နားထောင်မယ် ….”
“ သောက်ကျိုးနည်း ဟားဟား …..”
ဖုန်းကျန့်ဟွေ့ ကျယ်လောင်စွာ အားပါးတရ ရယ်မောလိုက်ပြီး “ ရန်စီရာ … မင်းလည်း ဒီနယ်ပယ်ထဲ ကျင်လည်နေတာ နှစ်တွေ မနည်းတော့ပါဘူး …. ဒီလို စကားမျိုးကို မင်း တကယ်ပဲ ယုံနေတယ်ပေါ့ …. သုံးနှစ်သားကလေးတောင် လိမ်နေမှန်း သိတယ် … ဒီ မျက်နှာလှတဲ့ ကောင်လေးက ဘာများ ဖန်တီးပေးနိုင်မှာမို့လို့ … သောက်ကျိုးနည်းအောင်ပဲ စီစဉ်ပေးနိုင်မယ် ….”
ရန်စီ သူ့အား အေးတိအေးစက်သာ ကြည့်လိုက်ပြီး ဘာမျှတော့ မဆိုချေ။
လင်းရီ ဤနေရာတွင် ရှိနေသဖြင့် သူမဘက်က ဘာမျှ လုပ်ဖို့ လိုအပ်မှာ မဟုတ်ချေ။
“ စကားပြောနေတာတွေ တော်ပြီ …” ကပ္ပတိန်က အော်ဟစ်လိုက်ပြီး “ ဒီက ပစ္စည်းတွေ သိမ်းဖို့ မင်းတို့မှာ အချိန်သုံးနာရီ ရှိမယ် … ပြီးရင် ဖိုင်းကြေး နှစ်သိန်းပေး … မဟုတ်လို့ကတော့ အကျိုးဆက်တွေကို ခံယူဖို့ အသင့်ပြင်ထားလိုက်တော့ ….”
“ ဒီစက်တင်ကို ဆောက်ဖို့အတွက် ခက်ခက်ခဲခဲ အချိန်ပေးရတာ မဖျက်သိမ်းပေးနိုင်ဘူး ….” လင်းရီ ပြောလိုက်ပြီး “ မကျေနပ်ဘူးဆို မင်းတို့ဘာမင်းတို့ သွားဖျက်လိုက် … ငါတို့ကတော့ လက်နဲ့တောင် ထိမှာ မဟုတ်ဘူး ….”
ဖုန်းကျန့်ဟွေ့ အတော်လေး အံ့အားသင့်သွားခဲ့သည်။ လင်းရီလောက် သတ္တိကောင်းသည့် လူစားမျိုးကို ဤနှစ်များတစ်လျှောက် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။
“ မျက်နှာသာပေးနေတာကို မယူချင်မှတော့လည်း ရိုင်းတယ်လို့ အဆိုးမဆိုနဲ့ပေါ့ကွာ ….”
ကပ္ပတိန်၏ အမူအရာမှာ အေးစက်သွားခဲ့ပြီး သူ့မျက်နှာထက်တွင် ဒေါသများဖြင့် ပြည့်နှက်လာသည်။
“ လုပ်တော့ … အကုန် ဖျက်စီးပစ် ….”
အမိန့်ပေးသံ တစ်ချက်နှင့်အတူ ဒါဇင်ချီသည့် အမျိုးသားများက ချက်ချင်းပဲ လူဖြန့်ပြီး လှုပ်ရှားကြတော့သည်။
တကယ်တော့ သူတို့တွေ ဤသို့သော အခွင့်အရေးမျိုးကို စောင့်ဆိုင်းနေကြခြင်းပင်။
ရိုက်ကူးရေးအတွက် သုံးထားသည့် ပစ္စည်းများက ယွမ်သန်းချီ တန်ပြီး ‘သိမ်းဆည်း’ ရရှိသည်နှင့် မျိုးမျိုးမြတ်မြတ် ပြန်ရောင်းချနိုင်သည်။
“ သွားစို့ … ဘေးမှာ ခဏလောက် သွားထိုင်နေကြရအောင် … မစ်တီးသောက်လို့ မကုန်သေးဘူးမလား ….”
“ အိုကေ ….”
ရန်စီ တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်လိုက်၏။ လင်းရီတစ်ယောက်လုံး ဤနေရာတွင် ရှိနေသဖြင့် သူမ မည်သည့်အရာကိုမျှ ပူပန်ခြင်း မဖြစ်မိပေ။
စတူဒီယို ဝန်ထမ်းများနှင့် သရုပ်ဆောင်များကတော့ စိတ်လှုပ်ရှားနေကြပြီး ရန်စီ့အနားတွင် စိုးရိမ်ပူပန်စွာဖြင့် စုဝေးလာကြလေသည်။
“ ဒါရိုက်တာရန် … မင်း သူတို့ကို တကယ်ပဲ ဒီလိုလုပ်ခွင့် ပြုလိုက်တော့မှာလား …” ရုပ်ရှင် ဒါရိုက်တာမှာ မျက်ရည်ကျလုနီးနီး ဖြစ်နေသည်။
“ အဲ့ပစ္စည်းတွေက သန်းချီတန်တာနော် … ပျက်စီးထိခိုက်သွားရင် အကုန်လုံး ငိုနေရလိမ့်မယ် …..”
ဤလူများနှင့် ကျိုးကြောင်းသင့်တင့်စွာ စကားပြောဖို့ မဖြစ်နိုင်ကြောင်းကို ဒါရိုက်တာက ကောင်းစွာ နားလည်နေသည်။ ထိခိုက်ပျက်စီးသွားခဲ့လျှင်ပင် လျော်ကြေးရှိမှာ မဟုတ်ချေ။ မိမိတို့ အိတ်ထောင်ထဲကပဲ စိုက်ထုတ်ရမှာ ဖြစ်၏။
“ ဆုံးရှုံးသွားတဲ့ ငွေတွေဆိုတာ ပြန်ရှာလို့ရတယ် …. သူတို့ လုပ်ချင်တာ လုပ်စမ်းပါစေ ….”
ဤအခြေအနေက မည်သို့ အဆုံးသတ်သွားမလဲဆိုတာကို ရန်စီလည်း နားမလည်ပေ။ သို့သော် အဆုံးထိတိုင် လင်းရီကို ယုံကြည်ပြီး ပုံအပ်ထားလိုက်၏။ လင်းရီက သူမကို ထိခိုက်ဆုံးရှုံးစေမှာ မဟုတ်တာကိုတော့ ယုံကြည်သည်။
“ ဒါပေမယ့် …..”
“ ကဲ ထားလိုက်စမ်းပါ … ဒီမှာ မုန့်တွေရှိတယ် … နည်းနည်းစားဦးမလား ….”
ဒါရိုက်တာမှာ စိုးရိမ်ပူပန်လွန်း၍ ဂနာမငြိမ်နိုင်ဘဲ ဖြစ်နေသည်။
“ ဒီလို အချိန်မျိုးမှာ ဘယ်နားက စားဝင်တော့မှာလဲ ….”
“ အဆင်ပြေတယ် … ဒီတိုင်း စောင့်ကြည့်နေလိုက် ….”
ရန်စီ၏ တုန်လှုပ်ခြင်းကင်းသည့် အသွင်အပြင်ကို မြင်တော့ ဖုန်းကျန့်ဟွေ့မှာ နှာခေါင်းရှုံ့မိလိုက်သည်။ “ မိန်းမတွေများ အချစ်နဲ့တွေ့ရင် အကုန်ကန်းသွားကြတာချည်းပဲ … ဒီလိုလူစားမျိုးနဲ့ မပူးပေါင်းမိတာ ကံကောင်းတယ် ပြောရမယ် … မဟုတ်လို့ကတော့ လူတောင် ဒေဝါလီ ခံသွားရနိုင်တယ် …..”
ထိုအချိန်မှာပဲ ဒါဇင်ချီသည့် လူများက ပစ္စည်းများကို ကြမ်းကြမ်းတမ်းတမ်း ဖျက်သိမ်းနေကြပြီး တစ်ခုပြီးတစ်ခု လွင့်ပစ်နေကြ၏။ ထိုမြင်ကွင်းကို ကြည့်ရင်း ဒါရိုက်တာမှာတော့ ရင်နာလွန်း၍ နှလုံးသွေးတွေ ယိုစိမ့်ကျနေမိလေသည်။
ခရိတ်ခ် ….
ထိုအချိန်မှာပဲ ကားဘရိတ်သံများ ထွက်ပေါ်လာပြီး အော်ဒီတစ်စင်းက ၎င်းတို့ရှေ့တွင် ထိုးရပ်လာခဲ့၏။
လင်းရီ ပြုံးလိုက်ပြီး ရှေ့ဆက်ဖြစ်လာတော့မည့် မြင်ကွင်းကို မျှော်လင့်စောင့်စားနေသည့် အမူအရာဖြင့် “ အဓိက ဇာတ်ကောင်ကတော့ ရောက်လာခဲ့ပြီ …”