← Chapters

ကျင်းမင် ဘုရားကျောင်းသို့ ခရီးတစ်ခေါက်

Vol. 173 Ch. 2450

ကျင်းမင် ဘုရားကျောင်းသို့ ခရီးတစ်ခေါက်

Vol. 173 Ch. 2450

နောက်တစ်နေ့ နံနက် ဆယ်နာရီတွင် နှစ်ဦးလုံး အိပ်ရာက နိုးလာခဲ့ကြသည်။

ရန်စီ အရင်ဦးဆုံးထပြီး မျက်နှာသစ်၊ ကိုယ်လက်သန့်စင်နေစဉ်တွင် လင်းရီကတော့ အိပ်ရာထဲတွင် နေရင်း ချိုးယွီလော့ထံသို့ ဖုန်းခေါ်နေခဲ့၏။

“ အခြေအနေ ဘယ်လိုရှိလဲ … အဲ့အိမ်အကြောင်း စုံစမ်းပြီးသွားပြီလား ….”

“ နည်းနည်းတော့ ရှာတွေ့ထားပြီ …” ချိုးယွီလော့ ပြောလိုက်ပြီး “ အိမ်ပိုင်ရှင်ရဲ့ နာမည်က ကျန်းတတုန် … လောလောဆယ်တော့ ငါသိတာ အဲ့လောက်ပဲ … ငါအခု နိုင်ငံခြား ရောက်နေတာ … ဒီညနေ ရန်ကျင်းပြန်ရောက်မှာ … အဲ့ခါကျမှ သေချာစုံစမ်းပေးမယ် ….”

“ ကျန်းတတုန် ….” လင်းရီ ရေရွတ်လိုက်သည်။

“ ငါ အဲ့လူရဲ့ အိမ်ထောင်စု စာရင်းကို ယွမ်ပေါင်မြို့မှာ စစ်ဆေးကြည့်လိုက်တာ သူ့အိမ်ထောင်စုစာရင်းကို ရှာလို့ မတွေ့ဘူး ….”

“ မတွေ့ဘူးလား … ထူးတော့ထူးဆန်းတယ် …. ယွမ်ပေါင်မြို့ခံ မဟုတ်ဘဲ အဲ့မှာ အိမ်ဝယ်တယ်ဆိုတော့ ……”

“ အမှန်ပဲ … ငါလည်း ထူးဆန်းတယ်လို့ ထင်တယ် ….” ချိုးယွီလော့ ပြောလိုက်ပြီး “ အဲ့နေရာက ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ထိုက်တန်တဲ့ နေရာလည်း မဟုတ်တာကို တစ်စုံတစ်ယောက်က အဲ့လောက် အဝေးကြီးမှာ အိမ်ဝယ်တယ်ဆိုတာ လုံးဝ ယုတ္တိမရှိဘူး ….”

“ မင်းကိစ္စတွေတာ အရင်ပြီးအောင် လုပ်ပါ …. အချိန်ရရင် ဒီကိစ္စ ငါ စုံစမ်းကြည့်လိုက်မယ် ….”

“ ငါလည်း လုပ်ချင်တာပဲဟေ့ … ဒါပေမယ့် နင်ချဲ့က ငါ့ကို ဒီကိစ္စ စုံစမ်းဖို့ပဲ တိုက်တွန်းနေတာ ကြာလာတော့ လူတောင် ရိုက်ထုတ်ပစ်ချင်လာပြီ ….”

“ ဟားဟား ….. သူ့ကို စိတ်ထဲထားမနေနဲ့ … ကိုယ်လုပ်စရာရှိတာကိုပဲလုပ် ….”

“ ဒါဆိုလည်း အဲ့ကောင်မကို ဂရုစိုက်မနေတော့ဘူး ….” ချိုးယွီလော့ ပြောလိုက်ပြီး “ ညနေပိုင်းမှ ဆက်ပြောကြတာပေါ့ ….”

“ အိုကေ ….”

ခေတ္တစကားပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

အကယ်၍ ယခင်ရက်ပိုင်းတုန်းက အချိန်နှင့် ပြိုင်ပြီး ပြေးလွှားနေရသည်ဆိုလျှင် ယခုအခါတွင်တော့ လင်းရီ အလျင်လိုခြင်း မရှိတော့ပေ။

သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ …. သေခြင်းငါးမျိုးလုံး ပြီးပြည့်စုံသွားပြီ ဖြစ်သဖြင့် လူသတ်သမား၏ အစီအစဉ်က ပြီးမြောက်သွားခဲ့ပြီဟု ဆို၍ရသည်။ အကယ်၍ အံ့အားသင့်ဖွယ်ရာ တစ်ခုခု လုပ်ဖို့ အစီအစဉ် မရှိဘူးဆိုပါက မည်သည့်အရာတို့မျှ ဖြစ်ပျက်လာတော့မှာ မဟုတ်ချေ။

ဤအမှုကို ရက်နည်းနည်းလောက် ပိုကြာသွားအောင် အချိန်ဆွဲလိုက်လည်း ပြဿနာ မရှိပေ။

“ ဖုန်းပြောလို့ ပြီးသွားပြီလား ….”

လင်းရီ ပခုံးတွန့်ပြလိုက်၏။ “ ပြီးပြီ … မင်းဘက်ကရော … ရိုက်ကွင်းကို သွားကြည့်ဖို့ လိုသေးလား ….”

“ ငါ ဒီကို လာခဲ့တယ်ဆိုတာ ရိုက်ကူးရေးနေရာအတွက်လေ … အခု ဘာပြဿနာမှ မရှိတော့ဘူးဆိုတော့ အားလပ်သွားပြီ …” ရန်စီ ပြုံးလျက် လင်းရီကို ကြည့်လိုက်ပြီး “ တကယ်လို့ နင်လည်း အားတယ်ဆို ငါတို့ လျှောက်လည်ကြမလား …. စိတ်ရှင်းရင်းပေါ့ ….”

“ ကောင်းသားပဲ … မင်း ဘယ်နေရာ သွားချင်လဲ ….”

“ အင်း ……” ရန်စီ ခေတ္တခန့် အတွေးနက်သွားခဲ့ပြီး “ ကျင်းမင် ဘုရားကျောင်းကို သွားလည်ကြမယ် … ပြီးရင် ကွန်ဖြူးရှပ် ဘုရားကျောင်းနဲ့ ချင်းဟွိုင်မြစ်ကို ညနေမှာ သွားလည်ကြမယ် … ရိုက်ကူးရေး အခြေအနေကိုလည်း စစ်ဆေးရင်းပေါ့ ….”

“ ဒါဆိုလည်း ဥက္ကဌရန် စိတ်တိုင်းကျပဲပေါ့ ….”

ရန်စီ ကုတင်ပေါ်သို့ တက်လာခဲ့ပြီး လင်းရီ၏ မေးစေ့ကို ကိုင်လျက် “ အင်း …. ဒီ အစ်မကြီး ပြောတာကို နားထောင် … ည ပြန်လာရင် ကောင်းကောင်း ဂရုစိုက်ပေးမယ် ….”

လင်းရီ ရန်စီ၏ တင်ပါးကို ခပ်ဆတ်ဆတ်ရိုက်လိုက်ပြီး ကျီစယ်သည့် လေသံဖြင့် “ မင်း သေချာလား ….”

“ ဟွန့် မုန်းစရာကြီး …”

ချစ်ဖို့ကောင်းအောင် စောဒကတက်ပြီး ရန်စီ ကုတင်ပေါ်က ပြန်ဆင်းသွားခဲ့သည်။ “ နင်လည်း ထတော့ … နေ့လည်တောင် ရောက်တော့မယ် ….”

လင်းရီ ခေါင်းညိတ်ပြီး အိပ်ရာထဲက ထကာ မျက်နှာသစ်၊ သွားတိုက်သည်။

နှစ်ဦးလုံး အဆင်သင့်ဖြစ်သည်နှင့် တက္ကစီငှားပြီး ကျင်းမင်ဘုရားကျောင်းသို့ ထွက်လာကြလေသည်။

ရုံးပိတ်ရက် မဟုတ်သဖြင့် ကျင်းမင်ဘုရားကျောင်းတွင် လာရောက်လည်ပတ်သူဦးရေက သိပ်ပြီး မပေါများလှချေ။

‘ သိပ်မပေါများလှ’ ဆိုသည်က လူတို့ တိုးဝှေ့မပေါက်အောင် ပေါများနေခြင်း မရှိသည့် အခြေအနေကို ဆိုလိုသည်။

နိုင်ငံထဲ ခရီးသွားဧည့်သည်များကြား နာမည်ကြီး နေရာတစ်ခု ဖြစ်သဖြင့် ကျင်းမင် ဘုရားကျောင်းသည် ကျင်းလင်သို့ လာရောက်ကြသူတိုင်း လည်ကို လည်ပတ်သင့်သည့် နေရာတစ်ခုပင်။

“ တောင်ပိုင်းမင်းဆက်တွေရဲ့ လေးရာ့ရှစ်ဆယ် ဘုရားကျောင်းတွေထဲမှာ မျှော်စင် ဘယ်လောက်များများကများ မြူနဲ့မိုးထဲ ရပ်တည်နိုင်ခဲ့မလဲ …” (ကဗျာ)

ကျင်းမင်ဘုရားကျောင်းသည် အဆိုပါ လေးရာ့ရှစ်ဆယ် ဘုရားကျောင်းအနက် အကျော်ကြားဆုံး ဘုရားကျောင်းတစ်ခုပင်။

ယင်းတစ်ခုတည်းကပင် ဘုရားကျောင်းက မည်မျှ ရေပန်းစားလဲဆိုတာကို ပြသဖို့ လုံလောက်၏။

ကားထဲက ထွက်လာခဲ့ပြီးနောက် နှစ်ယောက်မှာ ကျင်းမင်ဘုရားကျောင်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့ကြသည်။

အဝေးမှ လှမ်း၍ပင် ထုံသင်းလှသည့် အမွှေးတိုင်ရနံ့ကို အတိုင်းသား ရရှိနေတော့၏။

“ တစ်ခုခု မသက်မသာ ဖြစ်နေလို့လား ….” ရန်စီက လင်းရီ၏ လက်မောင်းကို ဖက်ထားရင်း သူ့ကို ကြည့်ပြီး မေးလိုက်သည်။ “ နင့်ကြည့်ရတာ ဂနာ မငြိမ် ဖြစ်နေလို့လေ …..”

“ ဒီတိုင်း အပန်းဖြေနေတာပါ ….” လင်းရီ ပြောလိုက်ပြီး “ အောက်တိုဘာကတည်းက အလုပ်တွေ များလာလိုက်တာ အခုချိန်ထိပဲ … တစ်ခါမှ ကောင်းကောင်းမွန်မွန်နားဖို့ အခွင့်အရေး မရခဲ့ဘူး .. အခု ဒီနေ့ ဒီကို ရောက်လာပြီဆိုတော့ အခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူးလေ ….”

“ နင့်ကို နှိပ်ပေးလို့ရအောင် လူရှင်းတဲ့တစ်နေရာလောက် ရှာကြမလား ….”

“ မလိုပါဘူး … ဒီတိုင်း ခြေဆန့်လက်ဆန့် လုပ်ရုံတင်ပါပဲ ….” လင်းရီ ပြောဆိုရင်းဖြင့် ရန်စီ၏ လက်ကို ကိုင်ပြီး ကျင်းမင်ဘုရားကျောင်းသို့ ဆက်လက် ဦးတည်လိုက်သည်။

ဝင်ပေါက်ဝကို ရောက်တော့ လက်မှတ်များ ဝယ်ယူလိုက်ကြ၏။ လက်မှတ်နှင့်အတူ အမွှေးတိုင်ပါ တစ်ခါတည်း လက်ဆောင်ရသည်။

အလှမ်းသိပ်မဝေးသည့် တစ်နေရာတွင် ဧရာမ အမွှေးတိုင်အိုကြီး တစ်လုံး ရှိပြီး လောင်ကျွမ်းနေသည့် အမွှေးတိုင်ချောင်းများဖြင့် ပြည့်နှက်နေသည်။

ဒေသခံများ၏ ဓလေ့ထုံးစံအတိုင်း … လင်းရီတို့နှစ်ဦးလုံး အမွှေးတိုင်များကို ထွန်းညှိပြီး ဘုရားကျောင်းအနက်ပိုင်းထဲသို့ ဆက်လက် ဦးတည်လိုက်ကြသည်။

ချယ်ရီပန်းများက လမ်းတစ်လျှောက် ပွင့်လန်းနေပြီး ၎င်းတို့၏ မွှေးရနံ့များက မောပန်းနွမ်းနယ်မှုများကို ယူပစ်သည့်နှယ် ပြောလျော့သွားစေသည်။

“ နင် ဘာတွေ စဉ်းစားနေတာလဲ …. တစ်ချိန်လုံး စကားလည်း မပြောဘူး …. ” ရန်စီ ပြုံးကြည့်ပြီး မေးလိုက်၏။

“ ဘယ်အချိန် အနားယူရင် ကောင်းမလဲလို့လေ ….”

“ လူက ငယ်ငယ်လေးရှိသေးတာကို အနားယူဖို့ စဉ်းစားနေပြီပေါ့ …”

“ ဘာလို့ဆို နေ့တိုင်းနေ့ အလုပ်တွေ များနေတော့ ဘယ်အချိန်မှ ဒါတွေ ပြီးဆုံးမလဲဆိုတာ တွေးကြည့်နေတာပါ ….” လင်းရီ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်ပြီး “ နောက် နှစ်နည်းနည်းလောက်နေရင် ကျေးလက်ဘက်မှာ မြေတစ်ချို့ ဝယ်ပြီး ဗီလာတစ်လုံးဆောက်မယ် … ဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ ငါးကန် တစ်ကန် လုပ်မယ် … အရင်က ရွှင်ပျော်ပျော်ကျေးရွာမှာလိုပဲပေါ့ …..”

“ အဲ့တုန်းက ငါမှတ်မိသလောက်ဆိုရင် နင် အမြဲတမ်း ရွှင်ပျော်ပျော်ကျေးရွာနဲ့ ပတ်သက်ပြီး စောဒက တက်နေကြပဲ မဟုတ်လား …..”

“ အချိန်တွေက ပြောင်းလဲသွားပြီလေ … “

ရန်စီ သူ့အား စိုးရိမ်ပူပန်သည့် မျက်လုံးတို့ဖြင့် ကြည့်လျက် “ နင် တကယ်ပဲ … အဲ့လောက်တောင် ပင်ပန်းနေတာလားဟင် …..”

ဤသို့သော ခံစားချက်မျိုးကို ရန်စီ နားလည်ပေးနိုင်သည်။ ကြီးမားသည့် ဖိအားအောက်တွင် လူတစ်ဦးက အပေါ်စီးမှ တင်းကြပ်စွာ ဖိနှိပ်ခံထားရသည့် စပရိန်တစ်ခုနှယ် အချိန်မရွေး ပြန်ကန်ထွက်လာဖို့ရာ အဆင်သင့် ဖြစ်လို့နေသည်။

နောက်ပြီး သူမ ခံစားခဲ့ရသည့် ဖိအားက လင်းရီ ရင်ဆိုင်နေရသည့် ဖိအားနှင့် ယှဉ်လျှင် ပြောပလောက်မှာ မဟုတ်ချေ။

အကယ်၍ လင်းရီက အမှန်တကယ် ပင်ပန်းနေခြင်း မရှိလျှင်လည်း ယခုလို စကားမျိုး ပြောထွက်လာမည့် လူစားမျိုး မဟုတ်ပေ။

“ တကယ်လို့ နင် တကယ်ပဲ ကျေးလက်ဘက်မှာ မြေဝယ်ပြီး အိမ်ဆောက်မယ်ဆိုရင် ငါလည်း နင့်ဘေးမှာ အိမ်လာဆောက်မယ် …” ရန်စီ ပြောလိုက်ပြီး “ အဲ့ခါကျရင် ငါတို့ချင်း ရင်းနှီးဆက်သွယ်လို့ ပိုအဆင်ပြေသွားတာပေါ့ မဟုတ်ဘူးလား ….”

“ ဟားဟား … မင်းကတော့ သေချာကို တွေးထားတော့တာပဲ ….”

လင်းရီ အားပါးတရ ရယ်မောလိုက်မိသည်။

“ ဒီနေ့ အဲ့ကိစ္စတွေ မစဉ်းစားကြစို့ ….” ရန်စီ ပြောလိုက်ပြီး “ ငါတို့လက်ထဲမှာ ပိုက်ဆံလည်း လုံလောက်အောင် ရှိနေပြီ … ရွေးချယ်မှုက ငါတို့ လက်ထဲမှာပဲ …. အနားယူချင်တယ်ဆို ဘယ်အချိန် ဖြစ်ဖြစ် အနားယူလိုက်လို့ ရတယ် ….”

“ မင်းပြောတာ မှန်တယ် …” လင်းရီက ကျစ်လျစ်ပိန်သွယ်သည့် ရန်စီ၏ ခါးကို ဖက်ရင်း အတွင်းသို့ သက်တောင့်သက်သာဖြစ်စွာ လမ်းလျှောက်ဝင်လာသည်။

မကြာမီ သူတို့တွေ ခမ်းနားထည်ဝါလှသည့် ဘုရားကျောင်း ခန်းမဝသို့ ရောက်ရှိလာခဲ့ကြသည်။

တစ်ယောက်ကို အမွှေးတိုင် သုံးချောင်း ဝယ်ယူပြီး ဗုဒ္ဓရုပ်ပွားတော်ရှေ့ ဒူးထောက်ကာ ဆုတောင်းဆန္ဒပြုကြ၏။

လင်းရီကတော့ လူ့လောကထဲ ရောက်ရှိမလာသေးသည့် သူ့ကလေး နှစ်ဦး ကျန်းကျန်းမာမာနှင့် မွေးဖွားလာဖို့ရာ ဆုတောင်းလိုက်သည်။

ထို့ထက်ပို၍ သူအခြား ဘာကိုမျှ ဆန္ဒမရှိချေ။

“ သွားစို့ သွားစို့ ….”

အမွှေးတိုင် ထွန်းပြီးနောက် ရန်စီက လင်းရီကို စိတ်လှုပ်ရှားတကြီးဖြင့် အပြင်သို့ ဆွဲခေါ်ထွက်လာသည်။

“ ဘာကိစ္စရှိလို့ …..”

“ သူများတွေ ပြောကြတာ ကျင်းမင် ဘုရားကျောင်းက သမီးရည်းစား ဆက်ဆံရေးတွေ ဟောပြောပေးတဲ့နေရာမှာ သိပ်မှန်တယ်တဲ့ … ငါတို့လည်း စမ်းကြည့်ရအောင် ….”

“ အိုကေလေ … သဘောပဲ ….”

ဤကဲ့သို့သော နေရာမျိုးတွင် ပုံမှန်အားဖြင့် အမျိုးသားများက ရှုခင်းများကို ခံစားကြည့်တတ်ကြပြီး အမျိုးသမီးများကတော့ အခြားသော အပိုဝန်ဆောင်မှုများကို အထူးတလှယ် အာရုံထားတတ်ကြသည်။

ထို့ကြောင့် ‘ အမျိုးသားများက ခွေးလောက်တောင် အသုံးမဖြုန်းမကြီး ‘ဆိုသည့် စကားက လုံးဝ ချဲ့ကားထားခြင်း မဟုတ်ပေ။

ရန်စီ၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်မှာ အနီးနားရှိ သစ်သားတဲလေး တစ်ခုထံသို့ ရောက်ရှိလာသည်။

ရှေးဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်နေပြီး အငွေ့တလူလူနှင့် အမွှေးတိုင်ရနံ့များလည်း သင်းပျံ့နေလျက် ရှိသည်။

အတွင်းတွင်တော့ လူအများအပြားက တန်းစီနေကြပြီး အကုန်လုံးက သမီးရည်းစား ဆက်ဆံရေး မေးမြန်းကြဖို့ဖြစ်၏။

“ မာစတာ … ဗေဒင်တစ်ခါမေးရင် ဘယ်လောက်လဲ…” ရန်စီ မေးမြန်းလိုက်၏။

“ ယွမ် ၁၈၀ ….” အင်မော်တယ်ဆန်သည့် အရှိန်အဝါများအား ထုတ်လွှတ်နေသည့် ဘုန်းတော်အိုကြီးက လင်းရီနှင့် ရန်စီကို အကဲခတ်ရင်း ပြန်ဖြေလိုက်သည်။

မဟုတ်လျှင်လည်း လူတွေကို လှည့်စားနိုင်မှာ မဟုတ်ပေ။

လင်းရီ တုံ့ဆိုင်းခြင်းမရှိ ကျူအာကုတ်ကို စကန်ဖတ်ပြီး ယွမ် ၁၈၀ ကို လွှဲပေးလိုက်သည်။

သို့သော် သူ ကျူအာကုတ်ကို ဖတ်နေစဉ် ဘုန်းတော်အိုကြီးက လင်းရီ၏ ဝီချက် မျက်နှာပြင်ကို သတိထားမိသွားခဲ့ပြီး သူ့အား ခြင်းထဲက ကြက်တစ်ကောင်လို ကြည့်ရှုလာသည်။

“ မာစတာ … ကျွန်မတို့ သမီးရည်းစားဆက်ဆံရေးအကြောင်း မေးချင်လို့ပါ ….”

ဘုန်းတော်အိုကြီးက သမာဓိအားကောင်းသည့် မျက်နှာအမူအရာမျိုးဖြင့် ခေါင်းညိတ်လိုက်သည်။ “ သမီးရည်းစား ဆက်ဆံရေးအကြောင်း ကံကြမ္မာဖတ်ချင်တာ ကိစ္စမရှိဘူး … ဒါပေမယ့် အဲ့တာမတိုင်ခင် ငါ ဒီလူငယ်လေးနဲ့ စကားနည်းနည်း ပြောစရာရှိတယ် ….”

All Chapters