တံခါးဝရှေ့မှောက်သို့ ရောက်ရှိလာခြင်း
Vol. 173 Ch. 2452
“ တကယ် …”
မေးလိုက်သော်လည်းပဲ ရန်စီ၏ မျက်ဝန်းများထဲ လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။
“ အရာရာတိုင်းမှာ အကန့်အသတ်ဆိုတာ ရှိတယ် … ပေါက်ကွဲသွားအောင် ထိုးပစ်ဖို့တောင် ကိစ္စမရှိဘူး …”
“ အံ့ဩဖို့ကောင်းလိုက်တာ ….”
ရန်စီ၏ မျက်ဝန်းများမှာ ဂုဏ်ယူဝံ့ကြွားမှုဖြင့် ရွှန်းလဲ့နေသည်။
“ ဘယ်နားလဲ အံ့ဩဖို့ကောင်းတာ ….”
“ မုန်းချင်စရာကြီး ….”
နှစ်ဦးလုံး အပြုံးကိုယ်စီနှင့် ဖြစ်ကြပြီး သူတို့၏ အာရုံကို ဆိုင်ရှင်နှင့် ခပ်ပိန်ပိန်အမျိုးသားထံ ပြန်ပို့ထားလိုက်ကြသည်။
“ ကိုယ့်လူ … အဆင့်သင့်ပဲလား ….” ဆိုင်ပိုင်ရှင်က ပြုံးလျက် မေးလိုက်၏။ နည်းနည်းလေး စိတ်မရှည် ဖြစ်လာနေသည်။
“ အသင့်ပဲ …..”
ခပ်ပိန်ပိန် အမျိုးသားက လက်ဆစ်များ ချိုးပြီး ခါးကိုလည်း ဘယ်ညာမွေ့နေသည်။
“ ဒီတစ်ခေါက်တော့ ဆုပိုက်ပြီး အိမ်ပြန်မယ် ….”
ထိုစကားလုံးများ ပြောပြီးသည်နှင့် အမျိုးသားက ပစ်မှတ်ထံ လက်သီးတစ်လုံး ပစ်ခွင်းလိုက်ပြီး ရမှတ်ကလည်း ချက်ချင်း တက်လာသည်။
[သင့်ရမှတ် ၅၉ မှတ်။ ပိုပြီးလေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]
“ မဆိုးဘူး … မဆိုးဘူး … ဆုရဖို့ ကပ်သီးကပ်သပ် တစ်မှတ်လေးတည်းလိုတော့တာ …”
“ လုပ်လိုက်တော့ … နောက်တစ်ခေါက်ဆို သေချာပြီ ….”
ခပ်ပိန်ပိန်နှင့် အမျိုးသားကလည်း နောက်တစ်ကြိမ် ကြိုးစားကြည့်ဖို့ရာ စိတ်အားထက်သန်နေသည်။ ဆုရဖို့ တစ်မှတ်လေးမျှသာ လိုအပ်တော့သဖြင့် မစမ်းကြည့်စရာ အကြောင်းလည်း မရှိပေ။
စိတ်ကူးလေးက လှပသော်လည်း တကယ့်လက်တွေ့ အမှန်တရားကတော့ ခါးသီးလှ၏။
၎င်း၏ တတိယအကြိမ် ကြိုးစားမှုတွင် ၅၆ မှတ်သာ ရခဲ့ပြီး အစောပိုင်းတုန်းကထက်ပင် ပို၍ ဆိုးရွားသွားတော့သည်။
“ တော်ပြီ တော်ပြီ … မဆော့တော့ဘူး ….”
ခပ်ပိန်ပိန် အမျိုးသားက လက်လျှော့သွားခဲ့၏။ ဆိုင်ရှင်မှာလည်း သက်ပြင်းချလျက် လက်ထဲတွင် ယွမ်သုံးဆယ်ကို ပိုက်မိသွားခဲ့လေသည်။
“ ကျုပ် စမ်းကြည့်မယ် ….”
ထိုအချိန်မှာပဲ ဗလကောင်းကောင်းနှင့် အမျိုးသားတစ်ဦး ရှေ့သို့ ထွက်လာပြီး ယုံကြည်ချက် အပြည့်ဖြင့် ၁၀ ယွမ်ကို ဗြန်းခနဲမြည်အောင် ရိုက်ချပြီး ပေးလိုက်သည်။
လူတိုင်းက သူ့ကြွက်သားဗလာများနှင့် အမှတ် ၆၀ လောက်ကတော့ ထမင်းစားရေသောက်ပါပဲဟု တွေးထင်နေစဉ် ကိုဗလကြီးမှာ ၄၈ မှတ်သာ ရရှိခဲ့၏။
ခပ်ပိန်ပိန် အမျိုးသားထက်ပင် ပိုဆိုးနေသည်။
“ သူဌေး … ခင်များရဲ့ ဒီစက်က တစ်ခုခု မှားနေတာလား … ကျုပ် ရမှတ်က ဒီလောက်တည်းလား ….” ကိုဗလကြီးက ရှက်ရွံ့သလို ခံစားရရင်း စောဒကတက်လိုက်သည်။
“ ကိုယ့်လူ … မင်း ချော်ပြီး ထိုးတာတော့ သူများကို အပြစ်လာမတင်နဲ့လေ ….” ဆိုင်ရှင်က ပြောလိုက်ပြီး “ သေချာကြည့်ထား … ဘယ်လို ထိုးရမလဲဆိုတာ ပြပေးမယ် …”
ဆိုင်ရှင်က တုံ့ဆိုင်းခြင်းမရှိ လက်သီးတစ်ချက် ပစ်ခွင်းလိုက်ပြီး ချက်ချင်းပဲ ၇၃ မှတ် ရရှိသွားခဲ့သည်။
“ စက်က ဘာပြဿနာမှ မရှိဘူး … ပြဿနာရှိတာက မင်း … ခွန်အာကို ဘယ်လိုထုတ်သုံးရမလဲဆိုတာ သိမှမသိတာ ….”
“ ဒါဆိုလည်း နောက်တစ်ခေါက်ကွာ … ကျုပ် မယုံဘူး ….”
ရမှတ် ကွာဟမှုကို မြင်တော့ ရန်စီမှာ အံ့အားသင့်သွားခဲ့၏။
“ တော်လိုက်တာ … အားလည်း ဘယ်လောက်မှ မစိုက်ထုတ်ဘဲနဲ့ ၇၃ မှတ်တောင် ရသွားတယ် ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ လေ့ကျင့်ထားလို့ ဖြစ်မယ် … လက်သီးရဲ့ အမြန်နှုန်းနဲ့ တိကျတဲ့ ထိုးချက်က အတော်လေး ပရော်ဖက်ရှင်နယ်ဆန်တယ် … အဲ့ထိုးချက်က သာမန် မဟုတ်ဘူး ….”
ထိုအချိန်၌ ဗလနှင့်လူက နောက်တစ်ကြိမ် ကြိုးစားကြည့်ဖို့ အဆင်သင့် ဖြစ်နေပြီး လက်သီးကို ပစ်ခွင်းလိုက်၏။
ဤတစ်ကြိမ်တွင်တော့ အများအပြား ပိုကောင်းလာပြီး ၅၉ မှတ် ရရှိသွားခဲ့သည်။
“ တကယ်ပဲကိုး …. ခင်များ သင်ပေးတဲ့ နည်းစနစ်က တော်တော်ကောင်းတာပဲ သူဌေး … နောက်ထပ် တစ်ခေါက်ဗျာ ….”
ကိုဗလကြီးက နောက်ထပ် ဆယ်ယွမ်ကို ထုတ်ပေးလိုက်ပြီး ခုန်ဆွခုန်ဆွနှင့် သွေးပူအောင်လုပ်ကာ နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်သည်။
[သင့်ရမှတ် ၆၂ မှတ်။ ပိုပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]
“ မြင်တယ်မလား… အခု ၆၀ ကျော်သွားပြီ …”
ပြောပြောဆိုဆိုနှင့် ဆိုင်ရှင်က phone stand တစ်ခုကို ယူပြီး “ ဒါက ရမှတ် ၆၀ ကျော်လို့ ဆုပေးတာ … အမွှေးပွရုပ်တွေလည်း ရှိတယ် … ကြိုက်တာ တစ်ခုရွေး ….”
“ ဒါပဲ ယူလိုက်တော့မယ် … ဒါကမှ လက်တွေ့ အသုံးတည့်တာ ….”
ဆိုင်ရှင်ပေးလာသည့် ဆုလက်ဆောင်ကို မြင်တော့ လင်းရီစိတ်ထဲ ထိုပစ္စည်း၏ ဈေးက ဆယ်ယွမ်ပင် မရှိလောက်ဟု ခံစားနေရ၏။
ဤသို့ဖြင့် ဆိုင်ရှင်မှာ နောက်ထပ် ယွမ် ၂၀ ကို ပိုက်မိသွားပြန်သည်။
“ နင်လည်း စမ်းကြည့်ပါလား … ငါ အဲ့လှေ လိုချင်လို့ ….” ရန်စီ အကြံပြုလိုက်၏။
“ မလုပ်တာ ကောင်းပါတယ်…. ဒီလို စီးပွားရေး သေးသေးလေးတွေက ဘယ်လောက်မှ မြတ်တာ မဟုတ်ဘူး ….”
အခြားသော ဆုလဒ်များ၏ အရည်အသွေးက မကောင်းမွန်သော်ငြားလည်း ထိပ်တန်းဆုဖြစ်သည့် ရတနာလှေ၏ အရည်အသွေးကတော့ အတော်လေးကို ကောင်းမွန်နေဆဲပင်။
ကုန်ကျစရိတ်က ယွမ် ၂၀၀ အထက်လောက်တော့ ရှိ၏။
အကယ်၍ သူသာ ဝင်ကစားလိုက်မည်ဆိုပါက ဆိုင်ပိုင်ရှင်မှာ တစ်နေ့လုံး အချည်းနှီး အလုပ်လုပ်သွားရလိမ့်မည်။
“ အဲ့တာလည်း ဟုတ်သား ….” ရန်စီ အသိအမှတ်ပြုလိုက်သည်။
“ ဆိုင်ရှင်ကို ဝယ်လို့ရလား မေးကြည့်ကြတာပေါ့ … “
“ သူဌေး ….”
ရန်စီ၏ အသံကို ကြားတော့ ဆိုင်ရှင်က လှည့်ကြည့်လာသည်။
“ အေး အလှလေး … ဘာသိချင်လို့လဲ ….”
“ ဒီရဲ့ ပန်းလှေကို ဘယ်က ဝယ်ခဲ့လဲ သိချင်လို့ပါ … ကျွန်မလည်း တစ်ခုလောက် လိုချင်လို့ …..”
“ ဝယ်ချင်တာလား ….”
“ အွန်း … အတော်လေး ကြည့်ကောင်းတယ် ထင်လို့လေ ….”
“ ဒါဆိုရင်တော့ မင်း ဝယ်နိုင်မှာ မဟုတ်ဘူး … ငါ့ဟာက handmade …. အပြင်မှာ ရောင်းတဲ့ ပေါက်လွတ်ပဲစား အမှိုက်တွေနဲ့ မတူဘူး ….” ဆိုင်ရှင်က ဝံ့ကြွားစွာ ပြောလိုက်သည်။ “ တကယ်လို့ မင်းလိုချင်တယ်ဆို ဂိမ်းဆော့လိုက် … ရမှတ် ၉၀ ကျော်ရင် ဒီလှေက မင်းအပိုင်ပဲ ….”
“ ကျွန်မ ယောက်ျားပြောတာ ရှင် ပိုက်ဆံရှာရတာ လွယ်တာ မဟုတ်ဘူးတဲ့ … ဒါကြောင့်မို့ ကျွန်မတို့ မကစားချင်ဘူး ….”
ဆိုင်ရှင်မှာ သိသိသာသာ အံ့အားသင့်သွားခဲ့ပြီး ဤလူငယ်လေးက အတော် ပေါက်တတ်ကရ ပြောလွန်းသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် သူ ရယ်ကျဲကျဲ အမူအရာနှင့် “ ပြဿနာ မရှိဘူး …. ငါ ပိုက်ဆံရှုံးမှာကို မကြောက်ဘူး … မင်းတို့ ဆုမရနိုင်မှာကိုပဲ စိတ်ပူတာ …. ၁၀ ယွမ်တည်းနဲ့ handmade လှေကို ရနိုင်မှာဆိုတော့ ဘယ်လောက်တောင် တန်ထားလိုက်လဲ …”
“ သိပ်တော့ မဟုတ်သေးဘူးနော် … ရှင့်ဆိုင်ကနေ အမြတ်လည်း ဘယ်လောက်မှ မရတာကို ကျွန်မတို့ သူများ စီးပွားရေးကို မဖျက်စီးချင်ဘူး….”
“ ငါ အခုလုပ်နေတာက စီးပွားရေး … ပိုက်ဆံရှုံးမှာ ကြောက်ရင် ဒီနေရာမှာတောင် ရှိမနေဘူး ….”
ဆိုင်ရှင်က ဖျားယောင်းသိမ်းသွင်းသည့်လေသံဖြင့် “ တစ်ခေါက်လောက် စမ်းကြည့်ရင်ကော … ၁၀ ယွမ်တည်းလေ … မစ်တီးတစ်ခွက်တောင် ဝယ်လို့ မရတဲ့ငွေလေးပါကွာ …..”
ရန်စီ လင်းရီအား ကြည့်လိုက်၏။ “ ဆိုင်ရှင်ကတော့ ပြောနေပြီ … နင် စမ်းကြည့်ချင်လား ….”
“ သူတောင် ပြောလာပြီဆိုမှတော့ စမ်းကြည့်ကြတာပေါ့ ….”
လင်းရီ သူ့ဖုန်းကို ထုတ်၍ ၁၀ ယွမ် လွှဲပေးလိုက်သည်။
ဖြတ်သွားဖြတ်လာများမှာ နေရာတွင်ရပ်၍ လင်းရီ အရှက်ကွဲမည့် မြင်ကွင်းကို စောင့်မျှော်နေကြလေသည်။
သူ့ခန္ဓာကိုယ် အချိုးအစားနှင့် အမှတ် ၉၀ အထက် ရရှိဖို့ဆိုသည်မှာ ကောင်းကင်ဘုံသို့ တက်ရောက်ရသည်ထက်ပင် ခက်ခဲနေပေလိမ့်ဦးမည်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူက စီးပွားရေး လာလုပ်တာ ဖြစ်ပြီး ရှုံးမည့် စီးပွားရေးကို ပြုလုပ်မှာတော့ မဟုတ်ချေ။
“ ကိုင်း ကိုယ့်လူ … ရယ်ဒီဖြစ်ရင် အချိန်မရွေး စလို့ရပြီ ….”
ပြောဆိုရင်းဖြင့် ဆိုင်ရှင်က မှန်ကန်သည့် ထိုးနည်းကိုပါ တစ်ခါတည်း သင်ပြပေးနေကာ အင်မတန် ရိုးသားစစ်မှန်နေတော့သည်။
စကားပုံတွေအတိုင်း ‘ ငွေရှာဖို့က အရေးမကြီးဘူး ၊ အဓိကက မိတ်ဖွဲ့ဖို့ပဲ ‘
လင်းရီ တုံ့ဆိုင်းမနေဘဲ သာမန်လျှံကာ လက်သီးတစ်ချက် ထိုးခွင်းလိုက်၏။
[သင့်ရမှတ် ၁၀၀။ ပိုပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]
ဖြတ်သန်းသွားသည့် စာတမ်းကို မြင်တော့ လင်းရီ ရယ်ရမလို ၊ ငိုရမလို ဖြစ်သွားခဲ့တော့သည်။
စက်၏ အရည်အသွေးက သိပ်မကောင်းလှသည်ကို သူ ရိပ်မိထားပြီး ကိုယ့်ရမှတ်က ဘယ်လောက်ပဲ ဖြစ်ဖြစ် သူကတော့ ပိုပြီး လေ့ကျင့်ဖို့ကို အကြံပြုနေမှာပဲ ဖြစ်သည်။
သို့သော် အနီးနားတွင် ကြည့်ရှုနေကြသူများမှာတော့ ကြက်သေသေသွားခဲ့ကြလေသည်။
“ သောက်ကျိုးနည်း … အမှတ်ပြည့်လားဟ ….”
ဆိုင်ရှင်ကိုယ်၌ပင် နေရာတွင် အေးခဲနေပြီး ပြူးကျယ်နေသည့် မျက်ဝန်းများဖြင့် မယုံကြည်နိုင် ဖြစ်နေသည်။
“ အချစ် … နင် သိပ်တော်တာပဲ ….”
ရန်စီ စိတ်လှုပ်ရှားတကြီးဖြင့် ခုန်ပေါက်လိုက်ပြီ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် အပြုံးပန်းတို့က တလက်လက် တောက်ပနေသည်။
လင်းရီလည်း သူမကို ပြုံးကြည့်လိုက်သည်။ ပြီးနောက် ဆိုင်ရှင်ဘက်သို့ လှည့်၍ “ ကျုပ် ရမှတ် အပြည့်ရသွားတာနော် … ခင်များ ကတိအတိုင်း အဲ့ဒီ လှေ ကျုပ်တို့ဆီ ပေးလိုက်တော့ ….”
“ ဒါ … ဒါက ….”
“ ခဏလေး … စက်မှာ ပြဿနာ ရှိနေတာ ဖြစ်ရမယ် …”
“ ဟမ် … စက်မှာ ပြဿနာ ရှိနေတယ် ဟုတ်လား ….”
ဆိုင်ရှင်က ပုတ်သင်ညို ခေါင်းညိတ်သလို ဆက်တိုက်ညိတ်ကာ “ ၉၀ မှတ်ကျော်တယ်ဆိုတာက ဖြစ်နိုင်တယ် … ဒါပေမယ့် ၁၀၀ ရဖို့ဆိုတာကတော့ ဘယ်သူမှ မဖြစ်နိုင်ဘူး ….”
“ အဲ့ဒါ ခင်များကိစ္စလေ … ကျုပ် အမှတ်ကောင်းကောင်းရပြီးမှ စက်မှာ ပြဿနာ ရှိနေတယ်ဆိုတော့ ဘာသဘောတုန်း ….”
“ ခဏလေး ခဏလေး … ငါက ကတိတည်တဲ့လူစားမျိုးပါ … ရှုံးလည်း ကိစ္စမရှိဘူး … ဒါပေမယ့် မျှမျှတတပဲ ရှုံးချင်တယ် …” ဆိုင်ရှင် ပြောလိုက်ပြီး “ ငါ အခု စက်ကို ပြန်ချိန်ညှိမယ် … တကယ်လို့ မင်း ရမှတ် ၁၀၀ ထပ်ရမယ်ဆိုရင် ငါ မင်းကို လှေပေးလိုက်မယ်ကွာ ….”
“ ဒါဆိုလည်း ကောင်းပြီလေ …”
လင်းရီ စိုးရိမ်နေခြင်း မရှိပေ။ ဘယ်နှကြိမ်ကြိမ် ထိုးထိုး ရလဒ်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ကြောင်း ယုံကြည်သည်။
ဆိုင်ရှင်က စက်ကို တစ်ချက် စစ်ဆေးလိုက်ပြီး ပြဿနာ ရင်းမြစ်ကို ရှာဖွေဖို့ ကြိုးစားနေတော့၏။
ထိုအချိန်မှာပဲ သူ့ဇနီးသည်က အနားသို့ ရောက်လာပြီး “ ဘယ်လိုတွေ ဖြစ်ရတာလဲ … သူ တကယ်ပဲ အမှတ်ပြည့် ရသွားခဲ့တာလား ဟုတ်လား ….”
ရတနာလှေကို ပြုလုပ်ဖို့ ကုန်ကျစရိတ် တစ်မျိုးတည်းကပင် ၂၇၀ ယွမ် ရှိ၏။ အကယ်၍ လင်းရီတို့နှစ်ယောက်ကို ဆုလဒ်ပေးလိုက်မည်ဆိုပါက ယနေ့ စီးပွားရေးမှာ အရှုံးပေါ်သွားနိုင်သည်။
“ ငါလည်း ဘာဖြစ်နေမှန်းကို မသိတော့တာ ….” ဆိုင်ရှင် တီးတိုး ရေရွတ်လျက် “ ဝိတ်စက်တင်ကို တိုးလိုက်မယ် … အဲ့တာဆို သူ သေအောင်ထိုးတောင် ရမှတ် ၇၀ ကျော်တော့မှာ မဟုတ်ဘူး ….”
“ ဟုတ်တယ် ဟုတ်တယ် … ဝိတ်စက်တင်ကို တိုးလိုက် … စီးပွားရေးတော့ အရှုံးပေါ်လို့ မဖြစ်ဘူး …”