← Chapters

ချိုးယွီလော့၏ ဖုန်းခေါ်ဆိုမှု

Vol. 173 Ch. 2453

ချိုးယွီလော့၏ ဖုန်းခေါ်ဆိုမှု

Vol. 173 Ch. 2453

ဆိုင်ရှင်မှာ စက်ဘေးတွင် ရပ်ရင်း ဟိုနှိုက်ဒီနှိုက်နှင့် အလုပ်ရှုပ်နေတော့၏။ လင်းရီလည်း အလျင်မလိုပေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ဆိုင်ရှင် ပြန်ရောက်လာပြီး လင်းရီကို ကြည့်၍ “ တကယ်လည်း ပြဿနာ ရှိနေတာ … ငါ အခု ပြင်ပြီးသွားပြီ … မင်း စမ်းကြည့်လိုက်တော့ …”

လင်းရီ ခေါင်းညိတ်ပြီး လက်သီးထိုးသည့် ပစ်မှတ်အနားသို့ လျှောက်လှမ်းသွားကာ စောနကအတိုင်း သာမန်လျှံကာ လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။

[သင့်ရမှတ် ၅၄မှတ်။ ပိုပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]

“ ဒီလိုမှပေါ့ … အစောတုန်းက အမှတ် ၁၀၀ ရတယ်ဆိုတာ စက်ချို့ယွင်းနေလို့ပဲ … “ ဆိုင်ရှင်က ပြုံးလျက် ဆိုလိုက်သည်။

ထိုသို့သော ရလဒ်ကို မြင်တော့ ဘေးက ဝိုင်းကြည့်နေသည့် လူအုပ်ကြီးကလည်း ပုံမှန်မျှသာ ဖြစ်သည်ဟု တွေးမိသွားခဲ့ကြ၏။

လင်းရီက ခန့်ညားချောမောသော်လည်း သူ့ ဘော်ဒီ အချိုးအစားက အထူးတလှယ် ရှိန်ချင်စရာ ကောင်းမနေပေ။ ထို့ကြောင့် သူ့ခွန်အားကလည်း ထင်သလောက် ကောင်းနိုင်မှာ မဟုတ်ချေ။ ယခုလို ရလဒ်မျိုးက အသင့်အတင့်သာ ဖြစ်၏။

သို့သော်လည်းပဲ ရန်စီကတော့ ထိုရလဒ်ကို လက်သင့်မခံနိုင်ချေ။ လင်းရီ၏ အစွမ်းအစ မည်သို့ရှိသည်ကို သိနေသဖြင့် ဤမျှ မနှိမ့်ကြောင်းကိုတော့ ကျိန်းသေနေသည်။

လင်းရီ နေရာတွင် ရပ်နေရင်း အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ ရိုက်စား လုပ်ခံလိုက်ရလေပြီ။

ဆိုင်ရှင်က စက် စက်တင်ကို ပိုမြင့်ထားခြင်း ဖြစ်ရမည်။ သူ၏ ထိုးချက်က ယခင် အစောပိုင်းတုန်းကအတိုင်း ခွန်အားကို တစ်ထေရာတည်း အသုံးပြုထားတာ ဖြစ်၏။

“ ကျုပ် သေချာလေး မိမိရရ မထိုးလိုက်နိုင်သလိုပဲ … နောက်တစ်ကြိမ် ထပ်စမ်းကြည့်လို့ရတယ်မလား …” လင်းရီ ပြုံးလျက် မေးလိုက်သည်။

“ ဒါပေါ့ … ရတာပေါ့ …. စီးပွားရေး လုပ်ပါတယ်ဆို ဖောက်သည်ကို ငြင်းလို့ ဘယ်ဖြစ်မှာ ….” ဆိုင်ရှင်လည်း ခပ်ပြုံးပြုံးပင်။

လင်းရီ ဆယ်ယွမ် ပေးချေလိုက်၏။

ဆိုင်ရှင်ကတော့ ငွေလက်ခံရင်း စိတ်ထဲတွင် ကြိတ်လှောင်နေသည်။

‘ မင်းဘာမင်း ဘယ်နှကြိမ် ထိုးထိုး … အမှတ်ပြည့်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးကွ …’

ဘန်း …

လင်းရီ ခွန်အားတိုးပြီး ပစ်မှတ်ကို အဟုန်ပြင်းစွာ ထိုးနှက်လိုက်၏။ ချက်ချင်းပဲ ရမှတ်များ တက်လာသည်။

[သင့်ရမှတ် ၁၀၀။ ပိုပြီး လေ့ကျင့်ဖို့ လိုပါသေးတယ်။ ကစားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ]

ရမှတ်ကို မြင်တော့ ပွဲကြည့်ပရိသတ်တို့မှာ တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့တော့သည်။

“ ထပ်ပြီး အမှတ်ပြည့်လား ….”

ဆိုင်ရှင်မှာ လုံးလုံးလျားလျား မင်သက်ဆွံ့အနေမိတော့၏။

သူ စောစောတုန်းက စက်တင်ကို ပိုမြင့်ခဲ့တာ သေချာတယ်လေ … အမှတ်ပြည့် ထပ်ရတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …

လက်ဝှေ့ချန်ပီယံ တစ်ယောက်လုံး ရောက်လာခဲ့ရင်တောင် အမှတ်ပြည့် ရဖို့ဆိုတာ လုံးဝ လုံးဝ မဖြစ်နိုင်ဘူး ….

မဟုတ်မှလွဲရော စက်က နောက်တစ်ကြိမ် ချို့ယွင်းတာများလား …

“ အခု ပြဿာနာမရှိတော့ဘူးမလား … ကျုပ်တို့ကို အဲ့ဒီ ပန်းလှေ ပေးလိုက်တော့ ….” လင်းရီ ပြုံးလျက် တောင်းဆိုလိုက်၏။

“ နေဦး … စက်ထပ် ချို့ယွင်းသွားတာ ဖြစ်မယ် … ရမှတ် ၁၀၀ ရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး ….”

“ ဘာလို့ မဖြစ်နိုင်ရမှာ … ခင်များ လိမ်ရိုက်နေတယ်ဆိုရင်တော့ ပျော်ဖို့ မကောင်းတော့ဘူးနော် ….”

“ စီးပွားရေး သမားတစ်ယောက်အနေနဲ့ ဖောက်သည်ကို လိမ်ဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာတုန်းကွာ …” ဆိုင်ရှင်က အကျိုးသင့်၊ အကြောင်းသင့် ပြန်ငြင်းလာပြီး “ ငါ ဒီမှာ စီးပွားရေး လုပ်နေတာ တစ်နှစ်ကျော်ပြီ … ရမှတ် ၁၀၀ ရတဲ့လူ တစ်ယောက်မှ မမြင်ဖူးသေးဘူး ….”

“ ကျုပ်ကတော့ ခင်များ ဆင်ခြေဆင်လက်တွေ ပေးနေမယ့်အစား ကတိတည်တာက ပိုကောင်းမယ်လို့ အကြံပေးချင်တယ် ….” လင်းရီ ပြောလိုက်၏။

“ မရဘူး … မင်း အစွမ်းအစနဲ့မင်း ရမှတ် ၁၀၀ ရတယ်ဆိုရင် ငါ ရှောရှောရှူရှူ ဆုပေးလိုက်လို့ရတယ် … ဒါပေမယ့် စက်ရဲ့ ပြဿနာကြောင့်ဆိုရင်တော့ သဘောမတူနိုင်ဘူး ….” ဆိုင်ရှင်က ပြန်ပြောလိုက်၏။

“ အဲ့တာ ကျုပ်နဲ့ ဘာဆိုင်လို့ … ကျုပ် အမှတ် ၁၀၀ ရတုန်း စက်မှာ ပြဿနာရှိတယ်ဆိုပြီး ခင်များ ပြောနေမှာတော့ မဟုတ်ဘူးမလား ….” လင်းရီ မေးခွန်းထုတ်လိုက်သည်။

လင်းရီ၏ စကားက ကြည့်ရှုသူ ပရိသတ်များ၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိသွားခဲ့ပြီး ဆိုင်ရှင်ကို မကျေနပ်သည့် စကားသံများ ထွက်ပေါ်လာသည်။

ဆိုင်ရှင်လည်း စက်နှင့် ပတ်သက်၍ ပြဿနာ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဆင်ခြေဆက်ပေး၍ မရတော့ကြောင်းကို သဘောပေါက်လိုက်သည်။

“ ဒီလိုလုပ်ရအောင် … စက်ကို မသုံးတော့ဘူး … ငါတို့ တစ်ခြားနည်းလမ်းနဲ့ သွားကြမယ် ….”

“ ဘယ်လိုမျိုးလဲ … “ လင်းရီ စိတ်ဝင်စားသွား၏။

ဆိုင်ရှင်က သူ့ရင်ဘက်သူ ပုတ်ပြ၍ “ ငါ့ကိုထိုး …. မင်းငါ့ကို အမှောက်သိပ်နိုင်သရွေ့ မင်းခွန်အားက ပန်းလှေကို ရဖို့ ထိုက်တန်တယ်ဆိုတာ ယုံကြည်ပေးမယ် … မင်း ကြိုးစားရဲလား …..”

“ ဘာလို့ မလုပ်ရဲရမှာ … ဒါပေမယ့် ပြဿနာက ခင်များ ထိခိုက်ဒဏ်ရာရသွားခဲ့ရင် ကောင်းမှာ မဟုတ်ဘူးနော်…. ကျုပ်တို့ အကုန်လုံးက သာမန်လူတွေ …. ငွေတစ်ပြားနှစ်ပြား ရှာဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး ….”

“ အမှန်ပဲ … ဒါပေမယ့် ပေါင်မုန့်(ငွေ)ကြောင့်တော့ မဟုတ်ဘူး … တရားမျှတမှု အတွက်ပဲ …. ဒီစက်ရဲ့ အမှားပါဆိုတာ သက်သေပြဖို့ နည်းလမ်းတစ်ခုတော့ ရှာရမှာပဲလေ ….”

“ စက်ကလည်း အဆင်ပြေတယ် … မင်းကလည်း ရမှတ် ၁၀၀ ရအောင် ထိုးနိုင်ပုံထောက်ရင် မင်းရဲ့ ခွန်အားက မသေးလောက်ဘူး …. ငါ့ကို အမှောက်သိပ်ဖို့ဆိုတာ ပြဿနာ ဘယ်ရှိမှာ …. မင်း မလုပ်နိုင်ဘူးဆိုရင်တော့ စက်မှာ ပြဿနာ ရှိသွားပြီ … ငါချဉ်းကပ်တဲ့ နည်းလမ်းက ကျိုးကြောင်းသင့်တင့်တယ် မဟုတ်လား ….”

လင်းရီ ခေါင်းညိတ်လိုက်သည်။ “ အမှန်ပဲ … အလုပ်ဖြစ်လောက်တယ် … ဒါဆိုလည်း ကြိုးစားကြည့်တာပေါ့ … ဒါပေမယ့် ခင်များ ပြင်ဆင်ထားရင် ကောင်းမယ်နော် …..”

“ မပူစမ်းနဲ့ …. ငါ့မှာ ယုံကြည်ချက် ရှိပါတယ်ကွ ….” ဆိုင်ရှင် ပြောလိုက်ပြီး သူ့ရင်ဘက်သူ ယုံကြည်ချက်ရှိစွာ ပုတ်ပြလိုက်သည်။

“ ဘောက်ဆင် လေ့ကျင့်လာခဲ့တာ သုံးနှစ်ကျော်ပြီ … ငါ့ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ခိုင်မာတယ် … ငါ့ကို အမှောက်သိပ်ဖို့ဆိုတာ တော်ရုံနဲ့တော့ မရဘူး ….”

“ သောက်ကျိုးနည်း … ဒီဘိုးတော် ဒီလောက် ယုံကြည်ချက် ပြည့်နေတာ မဆန်းတော့ဘူးပဲ … “ တစ်စုံတစ်ယောက်က မှတ်ချက် ပြုလိုက်သည်။

“ ပရော်ဖက်ရှင်နယ်ဆန်ဆန် လေ့ကျင့်ထားတဲ့လူဆိုတော့ တစ်ချက်တည်းနဲ့ အမှောက်သိပ်ဖို့က တကယ်မလွယ်တာ ….”

အခြားသူများ၏ ပြောစကားသံကိုကြားတော့ ဆိုင်ရှင်မှာ အတော်လေး ဂုဏ်ဆာသွားခဲ့၏။

သူ့ကိုယ်လုံးက မကြီးမားသော်လည်း ကြံ့ခိုင်စွမ်းအားကတော့ လုံးဝ ထိပ်တန်းဟု ကိုယ့်ကိုယ်ကို ယုံကြည်သည်။

တစ်ချက်တည်း မပြောနှင့်။ ဆယ်ချက်ဆိုလျှင်ပင် ပြဿနာ မရှိချေ။

“ ခင်များအဆင်သင့် ဖြစ်ရင် ကျုပ် လှုပ်ရှားတော့မယ်နော် ….”

“ လာစမ်းပါကွ ….” ဆိုင်ရှင်က မြဲမြံစွာ ရပ်လိုက်ပြီး မြင်းထိုင်ပုံစံ အသွင်ယူထားလိုက်သည်။

လင်းရီ ပြုံးလိုက်ပြီး လက်သီးတစ်ချက် ပစ်ထိုးလိုက်၏။

ခပ်အုပ်အုပ် အသံတစ်သံ ထွက်လာခဲ့ပြီး

ဆိုင်ရှင်မှာ သူ့ရင်ဘက်ကို ကားတစ်စင်း ဝင်လာဆောင့်သည့်နှယ် ခံစားသွားခဲ့ရသည်။

ကျော်လွှားမရနိုင်အောင် ကြီးမားလွန်းလှသည့် ခွန်အားက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မရနိုင်အောင် ဖြစ်စေပြီး နောက်သို့ လွင့်ထွက်သွားစေလေတော့သည်။

“ ဘုရားရေ ….”

ရှော့ခ်ရသည့် အာမေဋိတ်သံများက အနီးနားတစ်ဝှိုက်မှ ထွက်ပေါ်လာခဲ့တော့၏။

“ ဒီလူငယ်လေးက သိပ်သန်မာတာပဲ … သူ့မှာ တကယ်လည်း အရည်အချင်းတွေ ရှိနေတယ် ….”

“ ရုပ်လည်းချော ၊ အားလည်းသန် ၊ လုံးဝ ပါဖက်ပဲ….”

“ သူ့မိန်းမကို အရမ်း မနာလို ဖြစ်တာပဲ … ဒီလို သန်မာတဲ့ ခင်ပွန်းမျိုး ရထားတာ အိပ်ယာပေါ်မှာဆို လုံးဝ နွားသိုးကြိုးပြတ် ဖြစ်နေတော့မှာပဲ ….”

ရန်စီသည် အနီးနားဝန်းကျင်တွင် စကားပြောဆိုနေကြသည့် မိန်းမငယ်လေးများဘက်သို့ လှည့်ကြည့်လိုက်၏။

တကယ့်ကိုပင်။

ရှေးလူကြီးများပြောသည့်အတိုင်း ‘ ဝဝလင်လင် စားသောက်ရသည့် လူက ဆာလောင်ခြင်း၏ အရသာကို မသိနိုင်သလို၊ ဆာလောင်နေသည့်လူကလည်း ပြည့်အင့်သည့်အရသာကို မသိရှိနိုင်ပေ။

ဆိုင်ရှင်မှာ မြေပြင်ထက်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားခဲ့ပြီး လင်းရီကို ထိတ်လန့်တကြား လှမ်းကြည့်မိလိုက်သည်။

“ အခု ဘာပြောစရာစကားမှ မရှိတော့ဘူးမလား ….”

“ အထင်ကြီးလောက်ပါပေတယ် ….”

ဆိုင်ရှင်က သူ့ရင်ဘက်ကို ဖိနှိပ်ထားရင်း မြေပြင်မှ ထားပြီး ပန်းလှေကို လင်းရီလက်ထဲသို့ ကမ်းပေးလိုက်သည်။

“ ငါ ရှုံးကြောင်း ဝန်ခံတယ် … ပစ္စည်းကို ယူသွားလိုက်တော့ ….”

“ ဒီကစားနည်းက အတော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ .. ကျုပ် ခင်များကို နောက်ထပ် ယွမ်တစ်ရာပေးမယ် …. နောက် အကြိမ်ရေ နည်းနည်းလောက် ထပ်ဆော့ချင်လို့ ….”

ဤစကားကြားတော့ ဆိုင်ရှင်၏ မျက်နှာတစ်ခုလုံး စိမ်းပြာသွားခဲ့တော့သည်။

“ လူငယ်လေး …. ဒါ စီးပွားရေး အသေးမွှားလေးပါကွာ .. ကျေးဇူးပြုပြီး သနားပါဦး … ငါတို့မှာလည်း ရှာကျွေးရမယ့်လူတွေ ရှိသေးတယ် ….”

“ ကောင်းပြီလေ … ဒီနေ့တော့ ဒီလောက်ပဲပေါ့ … “

လင်းရီသည် ပန်းလှေ အသေးလေးကို ကိုင်ရင်း ရန်စီ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ လိုချင်တာလည်း ရပြီဆိုတော့ သွားကြစို့ ….”

“ အွန်း အွန်း ….”

ရန်စီ ပျော်ရွှင်နေသည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။

“ နင်ဆို သိပ်အံ့ဩဖို့ကောင်းတာပဲ … တစ်ခြားလူတွေဆို မနာလိုလွန်းလို့ သေတော့မယ် ….”

“ ငါ လိုချင်တဲ့ ခံစားချက်လည်း အဲ့တာပဲလေ …”

လင်းရီ ရယ်မောလိုက်ပြီး ရန်စီ၏ ခါးကို ဖက်လျက် ဆိပ်ကမ်းဘက်သို့ လမ်းလျှောက်လာခဲ့၏။

ယနေ့ လည်ပတ်မှု ခရီးစဉ်၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် ချင်းဟွိုင်မြစ်တစ်လျှောက် ညဘက်လည်ပတ်ဖို့ကို အဆင့်သင့် ဖြစ်နေလေပြီ။

နှစ်ဦးလုံး လက်မှတ်များ ဝယ်ယူ၍ လှေပေါ်သို့ ချောချောမွေ့မွေ့ တက်ရောက်လိုက်ကြသည်။

ရန်စီ၏ လက်ထဲတွင် လှေအသေးစားလေးကို ကိုင်ထားပြီး နှစ်ဦးကတော့ လှေအစစ်ပေါ် ထိုင်နေကြကာ တကယ့်ကို ကဗျာဆန်လှသည့် မြင်ကွင်းတစ်ရပ် ဖြစ်၏။

ဤသည်က လင်းရီအဖို့ ကျင်းလင်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်ပြီး ၊ ချင်းဟွိုင်မြစ်တွင် လှေစီးသည်ကလည်း ပထမဆုံးအကြိမ်ပင်။

ဤနေရာသို့ ရောက်လာပြီးတော့မှပဲ မြို့၏ အလှတရားက မည်မျှ ထူးခြားလှသည်ကို ကိုယ်တိုင် ခံစားသိရှိနိုင်တော့၏။

ရှေးခေတ်မှ လက်ရှိ အချိန်ထိတိုင် အငွေ့အသက်တို့က တစ်စုံတစ်ရာ ပြောင်းလဲသွားခြင်း မရှိသေးပေ။

လှေထဲတွင်ထိုင်နေရင်း များပြားလှသည့် ပညာသင် ကျောင်းတော်သားများ၊ အတော်မသတ်နိုင်အောင် များပြားလှသည့် အလှမယ်လေးများနှင့် သေရည်တစ်ကျိုက်ကို မြည်းစမ်းကြည့်လိုက်တိုင်း မြစ်ကမ်း၏ အလှတရားတို့က စိတ်ထဲတွင် ကဗျာတစ်ပုဒ်ကို အလိုအလျောက် ဖြစ်ပေါ်လာစေသည်။

ဤနေရာတွင် ရပ်နေရသည်က ကဗျာစာပေများ ထွန်းကားသည့် ခေတ်သို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားသည့် ခံစားချက်မျိုး ခံစားလိုက်ရ၏။

လင်းရီပင် ရသအနုပညာ၏ လှပသိမ်မွေ့မှုကို တစ်စွန်းတစ်စ ထိတွေ့မိလာသလိုပင်။

****

ကလင် ကလင် ကလင် …

လင်းရီတို့နှစ်ဦးသား ပတ်ဝန်းကျင်၏ အလှရှုခင်များထဲ နစ်မြောနေစဉ် လင်းရီ၏ ဖုန်းက အသံမြည်လာခဲ့၏။

ချိုးယွီလော့ ဆက်သွယ်လာခဲ့ခြင်းပင်။

“ အိမ်ရဲ့ အချက်အလက်တွေ ရှာတွေ့ပြီ …”

All Chapters