← Chapters

လူသတ်သမား ဘယ်သူလဲ ငါသိတယ်

Vol. 173 Ch. 2454

လူသတ်သမား ဘယ်သူလဲ ငါသိတယ်

Vol. 173 Ch. 2454

“ ဖြည်းဖြည်းပြော …. မလောဘူး …”

“ အိမ်ရဲ့ ပိုင်ရှင် နာမည်က ကျန်းတတုန် … လွန်ခဲ့တဲ့ ငါးနှစ်လောက်တုန်းက ယွမ်ပေါ်ရွာမှာ အိမ်ဝယ်ခဲ့တာ ….”

စကားခေတ္တရပ်နားပြီးနောက် ချိုးယွီလော့ ဆက်ပြောသည်။

“ ဒါပေမယ့် သူက ကျင်းသုန်ရွာနဲ့ ကီလို ၃၀ လောက် ဝေးတဲ့ ချန်ရှန်းရွာမှာ နေတာ ….”

“ ကီလိုမီတာ သုံးဆယ်လား ….”

ယင်းက လင်းရီကို လုံးလုံးလျားလျား ကြက်သေသေသွားစေခဲ့တော့သည်။

၃၀ ကီလိုမီတာ ဆိုသည်မှာ နီးကပ်သည်လို့ မဆိုသာပေ။

ထိုမျှ ဝေးလံသည့် နေရာတွင် အိမ်ဝယ်ထားပြီး လူလည်း မနေဘဲ ချန်ရှန်းရွာ၌ အဘယ်ကြောင့် ဆက်လက် နေထိုင်နေသနည်း။

ယင်းက အင်မတန် အရေးကြီးသည့် သဲလွန်စတစ်ခု ဖြစ်နေနိုင်သည်။

“ တစ်ခြား ဘာတွေ သိထားသေးလဲ ….”

“ တစ်ခြားဟာတွေကတော့ ဘာမှ အသုံးဝင်မယ် မထင်ဘူး ….” ချိုးယွီလော့ ပြောလိုက်ပြီး “ သူ့ဇနီးနာမည်က လျိုရာကျွမ့် … ပြီးတော့ သူတို့မှာ ကျန်းဟူလို့ ခေါ်တဲ့ သားတစ်ယောက်လည်း ရှိတယ် … ဒီနှစ်တွေ တစ်လျှောက်လုံး အပြင်မှာ အလုပ်လုပ်နေကြတာ အကုန်လုံးက ရိုးသားတဲ့ လူတွေချည်းပဲ ….”

“ ဒါလေးပဲလား ….” လင်းရီမေးလိုက်သည်။

“ ဒါအကုန်ပဲ … သူတို့အကုန်လုံးက လူရိုးသားတွေ … သံသယဖြစ်လောက်စရာ ဘာမှကို မရှိတာ ….” ချိုးယွီလော့ ပြောလိုက်သည်။ “ ဒါပေမယ့် ကီလိုမီတာ သုံးဆယ်လောက် ဝေးတဲ့ ယွမ်ပေါ်မြို့မှာ အိမ်ဝယ်ထားပြီးတာတောင် ချန်ရှန်းရွာမှာပဲ ဆက်နေသေးတာကတော့ နည်းနည်း ထူးဆန်းနေသလားလို့ ….”

“ အမှန်ပဲ … ငါလည်း အဲ့ကိစ္စကို နားမလည်နိုင် ဖြစ်နေတာ ….”

“ အဲ့လူနှစ်ယောက်ကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ရမလား ….”

“ လောလောဆယ် မလိုသေးဘူး …. အမှန်တရားနဲ့ တော်တော်လေး နီးကပ်နေပြီလို့ ငါ့စိတ်ထဲ အာရုံရနေတယ် … ဒါပေမယ့် သူတို့ကို သတိပေးသလို ဖြစ်သွားလို့တော့ မရဘူး … တစ်ချက်လေးမှားတာနဲ့ ငါတို့ ကြိုးစားထားတာတွေအကုန် သဲထဲ ရေသွန် ဖြစ်သွားလိမ့်မယ် ….”

“ အဲ့ဒီတော့ ….၊ နောက်ထပ် ဘာဆက်လုပ်ကြမှာလဲ … “

“ ဆက်ပြီး စောင့်ကြည့်မယ် …” လင်းရီ ခဏမျှ အတွေးနက်သွားခဲ့ပြီး “ ဒီသဲလွန်စထဲ တစ်ခုခု လွတ်နေတာ ရှိနိုင်တယ် .. ငါ သေချာပြန်စဉ်းစားကြည့်ဦးမယ် … လောလောဆယ် ရှိထားတဲ့ သဲလွန်စတွေနဲ့ ဘယ်သူပါဆိုပြီး အတိအကျ ပြောလို့ မရသေးဘူး ….”

“ ကောင်းပြီလေ … ဒါဆိုလည်း နင်ဆက်လုပ်ထားပေါ့ …. အကူအညီလိုရင် ငါ့ဆီ ဖုန်းခေါ်လိုက် ….”

“ ကောင်းပြီ ….”

အမှုအကြောင်းဆွေးနွေးပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

“ အရေးပေါ် ကိစ္စလား ….” ရန်စီ မေးလိုက်ပြီး “ ငါတို့ အခု ပြန်ကြမလား …..”

“ မလိုပါဘူး … အရေးကြီးကိစ္စမဟုတ်ဘူး … ဆက်ကြည့်ကြတာပေါ့ ….”

“ နင် သေချာလို့လား ….” ရန်စီသည် လင်းရီကို မယုံကြည်သည့် အကြည့်များဖြင့် ကြည့်လိုက်ပြီး “ ငါ့ကို အားနာနေဖို့ မလိုဘူးနော် … ငါတို့ ဒီနေ့ ဝအောင် လည်ပြီးပြီပဲ ….”

“ တကယ် အရေးမကြီးတာ ….”

“ ဒါဆိုလည်း ပြီးတာပဲလေ ….”

လင်းရီက ယခုလို ဆိုလာသဖြင့် ရန်စီလည်း များများစားစား တွေးတောမနေတော့ဘဲ သူမ၏ အာရုံကို ပတ်ဝန်းကျင် ရှုခင်းများထံသို့ အကြည့်ပြန်ပို့လိုက်တော့၏။

သို့သော် လင်းရီကတော့ ရှုခင်းများကို မခံစားနိုင်တော့ဘဲ အမှုအကြောင်းကိုသာ ခေါင်းထဲ တွေးတောနေမိတော့သည်။

လက်ရှိ အနေအထားအရ ၊ အကယ်၍ သူ ချက်ချင်းပြန်ပြီး အမှုကို စုံစမ်းစစ်ဆေးမည်ဆိုလျှင်ပင် မည်သည့်နေရာက စတင် စစ်ဆေးရမှန်း မသိချေ။

ပြန်သွားလျှင်လည်း အချည်းနှီးဖြစ်မည့်အတူတူ ဤနေရာတွင် ဆက်နေရင်း အမှုထဲ ရှုပ်ထွေးနေသည့် ကြိုးစများကို သေချာ ပြန်စီစဉ်ကာ အသစ်တစ်ခုခု ရှာတွေ့သည်နှင့် ချက်ချင်း ပြန်သွားလိုက်မည် ဖြစ်၏။

သို့သော် ပြဿနာက သဲလွန်စ အသစ်ဟူသည် လွယ်လွယ်နှင့် ရောက်မလာတတ်ချေ။

သေချာလေး စဉ်းစားကြည့်ပြီးနောက် ထိုအိမ်ထဲတွင် သူ တစ်ခုခုကို ကျော်ပြီး ကြည့်ခဲ့မိသည်ဟု ခံစားလိုက်ရ၏။ သေချာစေရန်အတွက် မနက်ဖြန်တွင် တစ်ချက် ပြန်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

အကယ်၍ မည်သည့်သဲလွန်စမျှ ရှာမတွေ့သေးဘူးဆိုပါက ထိုအချိန်တွင် ကျန်းတတုန်နှင့် သူ့ဇနီးကို စပြီး စစ်ဆေးဖို့ပဲ ရှိတော့သည်။

စိတ်ပိုင်းဖြတ်ပြီးသည်နှင့် လင်းရီသည် သူ၏ အာရုံကို ပတ်ဝန်းကျင် ရှုခင်းများထံ ပြန်လည် ပို့ဆေင်လိုက်ရင်း ရှားရှားပါးပါး ရရှိသည့် အခိုက်အတန့်လေးထဲ တစ်ဖန် မွေ့လျော်နေလေသည်။

မိနစ် လေးဆယ်ခန့် ကြာညောင်းပြီးနောက် လှေက ဆိပ်ကမ်းသို့ ပြန်လည် ကမ်းကပ်လာခဲ့ပြီး လင်းရီတို့နှစ်ယောက်လည်း လှေပေါ်မှ ဆင်းလာခဲ့ကြသည်။

“ ဗိုက်ဆာပြီလား … တစ်ခုခု သွားစားကြမလား ….” လင်းရီ မေးလိုက်၏။

“ ပီကင်းဘဲကင် စားချင်တယ် …” ရန်စီ ပြောလိုက်ပြီး “ အရင်တစ်ခေါက်တုန်းက ဝအောင် မစားလိုက်ရလို့ ….”

“ ဒါဆိုလည်း သွားစို့လေ …”

“ လောစရာ မလိုပါဘူး ….”

ရန်စီက ဘေးဘီဝဲယာကို ကြည့်လျက် “ နောက်ကျနေပြီဆိုတော့ ရုပ်ရှင်ရိုက်ကူးရေး အသင်းသားတွေအတွက် မုန့်မှာပေးလိုက်ဦးမယ် …..”

“ အိုး … ဥက္ကဌရန်က လူကို ဒီလောက်ထိ ဂရုစိုက်တတ်လိမ့်မယ်လို့ အရင်တုန်းက မသိခဲ့ပါလား ….” လင်းရီ စနောက်လိုက်၏။

“ ဒါပေါ့ … တို့က သိပ်ရက်ရောတတ်တာ‌လေ ….” ရန်စီ ဂုဏ်ယူနေသည့် မျက်နှာအမူအရာဖြင့် ပြန်လည် ခွန်းတုံ့ပြန်လိုက်၏။

ပြီးနောက် ဘာဘယ်တီးဆိုင်တစ်ဆိုင်ကို ရှာတွေ့သွားခဲ့ပြီး ပုလဲနို့လက်ဖက်ရည်ခွက် ဆယ်ချီနှင့် စားစရာမုန့်များကို မှာယူလိုက်သည်။ ပြီးနောက် လိပ်စာ တစ်ခုပေးပြီး ဒီလီပို့ပေးဖို့ ကိစ္စကိုပါ တစ်ခါတည်း စီစဉ်လိုက်၏။

မိနစ်အတော်ကြာအောင် လမ်းလျှောက်လာခဲ့ပြီးနောက် နှစ်ဦးလုံး ရုပ်ရှင်ရိုက်ကူးရေး နေရာသို့ ပြန်ရောက်လာခဲ့ကြသည်။

လူတိုင်းကတော့ ရိုက်ကူးရေးကိစ္စများနှင့် အလုပ်များနေကြဆဲဖြစ်၏။

ရန်စီ သွားရောက်နှုတ်ဆက်၍ မှာစရာရှိသည်များကို မှာကြားပြီးနောက် လင်းရီဘက်ခြမ်းသို့ ပြန်ရောက်လာသည်။

“ ရုပ်ရှင်ရိုက်တာက စိတ်ဝင်စားဖို့ကောင်းတယ်လို့ မထင်ဘူးလား ….”

“ အင်း … ဆိုတော့ ရှေးခေတ်ဝတ်စုံ ဇာတ်လမ်းတွေကို မင်းတို့ကောင်တွေက ဒီလိုရိုက်ကြတာပေါ့ … လူကို တော်တော်လှည့်စားနိုင်ကြတာပဲ ….” လင်းရီ မဲ့ရွဲ့ပြုံးရင်း ပြောလိုက်သည်။

“ နင် အခုကြည့်တော့တာ အတုအယောင်ဆန်ပေမယ့် တကယ့် ဇာတ်ကားထဲရောက်ရင် ထုတ်လုပ်ရေး အသင်းသားတွေရဲ့ လက်စွမ်းနဲ့ တကယ့်အစစ်လိုမျိုး ဖြစ်သွားတော့မှာ … အဲ့ခါကျ နင် အခု မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့တောင် ယှဉ်ကြည့်နိုင်မှာ မဟုတ်ဘူး ….” ရန်စီ ပြုံးလျက် ဆိုလိုက်သည်။

“ ငါ နင့်ဖို့ ဇာတ်ကောင်နေရာတစ်ခု စီစဉ်ပေးရင်ကော … နင်ကိုယ်တိုင် အတွေ့အကြုံ ယူသွားလို့ရတာပေါ့ ….”

“ အဲ့တာကတော့ ဘယ်လိုဇာတ်ကောင်နဲ့လဲ ဆိုတဲ့အပေါ် မူတည်တယ် …” လင်းရီ ရယ်မောလိုက်ပြီး “ တကယ်လို့ မင်းသာ မြစ်ကမ်းတစ်ဖက်က အထက်တန်းစား ပြည့်တန်ဆာတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ အဲ့အပိုင်းကို ကူပြီး သရုပ်ဆောင်ပေးဖို့က ကိစ္စမရှိဘူး ….”

“ အထက်တန်းစား ပြည့်တန်ဆာတွေဆိုတာ သူတို့ရဲ့ အနုပညာတွေကိုပဲ ရောင်းတာ …. သူတို့ရဲ့ ခန္ဓာကိုယ်ကို မရောင်းဘူး … ငါ့ကို အထက်တန်းစား ပြည့်တန်ဆာလို့ သတ်မှတ်လို့ မရဘူး ….”

“ ဂီတ၊ ကျားထိုး ၊ လက်ရေးလှ၊ ပန်းချီ … ဒါတွေ အကုန်လုံးက အနုပညာပဲ …. အချစ်သံဇဉ်တွေ ဖန်တီးတယ်ဆိုတာကလည်း အနုပညာပဲ … ဘာမှ ကွာခြားမနေပါဘူး ….”

“ နင်ဟာလေ …..”

ရန်စီ အူလှိုက်သဲလှိုက် ရယ်မောမိသွားခဲ့ပြီး သူမ၏ တောင်တန်းကြီးများကလည်း သူမနှင့်အတူ လိုက်လံခုန်ပေါက်နေသည်။

“ သွားကြရအောင် … ဘဲကင် သွားစားကြမယ် ….”

“ သွားစို့ … တကယ်ကောင်းတဲ့ နေရာတစ်နေရာ ငါသိ ……….”

စကားလမ်းတစ်ဝက်တွင် လင်းရီ၏ အသံက ရုတ်ချည်း တိမ်ဝင်သွားခဲ့ပြီး သူ၏ အမူအရာမှာ လေးနက်သွားခဲ့တော့သည်။

“ ဘာဖြစ်လို့လဲ ….” ရန်စီ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်၏။

“ ဒီမှာ ခဏလေးစောင့် ….”

လင်းရီသည် ရုပ်ရှင်ရိုက်ကူးရေး လုပ်နေသည့် စတူဒီယိုဘက်ခြမ်းသို့ ဦးတည်လျှောက်လှမ်းသွားခဲ့၏။

သူနှင့် နှစ်မီတာအကွာတွင် ခါကီရောင်အိတ်တစ်လုံးရှိပြီး ၎င်းအထဲတွင် ကော်ဖီစေ့ အရွယ်အစားခန့်ရှိသည့် အစေ့များ ရှိနေပြီး အကုန်လုံးကလည်း နီညိုရောင်များ ဖြစ်နေကြသည်။

လင်းရီ လက်တစ်ဆုပ်ဆာခန့် ကောက်ယူကြည့်လိုက်ပြီး လက်ထဲတွင် ဆန်းစစ်ကြည့်ရင်း ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်လာသည်။

“ ဘာမှားနေလို့လဲ ….” ရန်စီ အနားသို့ ရောက်လာပြီး သိချင်စိတ်ဖြစ်စွာဖြင့် မေးမြန်းလိုက်၏။

လင်းရီ မဖြေပေ။ အချိန်အတော်ကြာအောင် စူးစမ်းကြည့်နေပြီး သူ့ စိတ်က ဇာတ်ဝင်ခန်းသုံး ပစ္စည်းအပေါ်တွင်သာ အလုံးစုံ ကျရောက်နေတော့သည်။

“ ဒီပစ္စည်းတွေကို တာဝန်ယူထားတာ ဘယ်သူတုန်း ….”

“ ဒါရိုက်တာလီ … အဖွဲ့သားတွေထဲက တစ်ယောက်ယောက် ခေါ်ပေးပါဦး ….” ရန်စီ လှမ်းပြောလိုက်၏။

“ ဟေ့ ဟေ့ ရှောင်ကျန်း … ဒီခဏလာဦး ….”

ရိုက်ကူးရေး အဖွဲ့သားများကလည်း သူဌေး ဘေးနားတွင် ရပ်နေသည့်လူက သွားရှုပ်မရသည့် လူဖြစ်ကြောင်း သိနေသဖြင့် မနှောင့်နှေးဝံ့ကြပေ။

ရှောင်ကျန်း အမည်ရသည့် ကောင်လေးက ရေးကြီးသုတ်ပျာနှင့် ပြေးထွက်လာသည်။

“ ဘာကိစ္စလဲ ခင်ဗျ …”

“ ဒီအိတ်ထဲက ဘာတွေလဲ ….”

“ ဂေါ်ဖီစေ့တွေပါ …. ဇာတ်ဝင်ခန်းထဲ သုံးလို့ရအောင် ဝယ်ခဲ့တာပါ ….”

“ ဂေါ်ဖီစေ့တွေ ……”

လင်းရီ ရေရွတ်လိုက်ပြီး … ထို့နောက် သူ့ အိတ်ကပ်များကို လိုက်စမ်းကြည့်လိုက်ရာ သေးငယ်ပြီး ကြည်လင်သည့် အိတ်အကြည်လေး တစ်လုံးထွက်လာသည်။ အထဲတွင် ဆိုဒ်ရောအရောင်ပါ တစ်ထေရာတည်း တူညီနေသည့် အရာလေးတစ်ခု ရှိနေခဲ့၏။

“ ဒီဟာကရော ဂေါ်ဖီစေ့ပဲလားဆိုတာ တစ်ချက် စစ်ဆေးပေးစမ်းပါ ….”

ရှောင်ကျန်းက ဖုန်းမီးဖွင့်၍ သေချာ ကြည့်လိုက်၏။

“ တူတော့ တူတယ် … ဒါပေမယ့် သေတော့ မသေချာဘူး … မှားသွားရင် မကောင်းဘူးလေ ….”

“ အဆင်ပြေတယ် … မင်းရဲ့ စကားတွေနဲ့တင် လုံလောက်နေပြီ …”

လက်ထဲရှိ ဂေါ်ဖီစေ့ကို သေချာကိုင်ကြည့်နေရင်း လင်းရီ၏ မျက်ခုံးတွေက ပိုပြီး တင်းကြပ်လာခဲ့၏။

အနီးနားဝန်းကျင်ရှိ လူများမှာ အသံပင် မထွက်ရဲကြဘဲ လင်းရီကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေကြလေသည်။

မိနစ် အနည်းငယ်ကြာပြီးနောက် လင်းရီ၏ မျက်ခုံးတို့ ပြေလျော့သွားခဲ့ပြီး ကူကယ်ရာမဲ့သည့် အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာခဲ့၏။

ရန်စီကတော့ ဤသည်က လင်းရီ သူ့ကိုယ်သူ လှောင်နေသည့် အပြုံးဖြစ်ကြောင်းကို သိနေသည်။

“ ဘာမှားလို့လဲ … တစ်ခုခု ဖြစ်လို့လား ….”

“ ဟူး …..”

လင်းရီ သက်ပြင်းမောကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး “ ငါ အခု ကိုင်နေတဲ့အမှုကို မင်း သိတယ်မလား …..”

“ သိတယ်လေ …” ရန်စီက သူမ၏ ဆံစများကို နောက်သို့ ပင့်သပ်၍ “ ဒီတစ်ခေါက် နင် ကျင်းလင်ကို ရောက်လာတယ်ဆိုတာလည်း အဲ့ဒီ အမှုအတွက်ကြောင့်ပဲ မဟုတ်လား … နင်တောင် အတော်လေး ခက်တဲ့အမှုဆိုပြီး ပြောခဲ့သေးတာပဲဟာ ….”

“ တကယ်က မခက်ဘူး … အရေးကြီးတဲ့ သဲလွန်စတစ်ခုကို ကျော်ကြည့်မိသွားရုံပဲ ….”

“ မခက်ဘူးလား …. ဒါဆို ……”

လင်းရီ ခေါင်းညိတ်လိုက်၏။

ယုံကြည်ချက်ရှိသည့် အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။

“ လူသတ်သမား ဘယ်သူဆိုတာ ငါ သိသွားပြီ …”

All Chapters