← Chapters

ဝိညာဥ်နန်းတော်ရဲ့ အမွေအနှစ်လား

Vol. 30 Ch. 314

ဝိညာဥ်နန်းတော်ရဲ့ အမွေအနှစ်လား

Vol. 30 Ch. 314

ထိုအချိန်တွင် စုန့်ဝမ်မှာ ဂူထဲတွင် အသက်လုပြေးနေရသည်။ သူပြန်ထချိန်တွင် အငြိုးကြီးတစ္ဆေနှစ်ကောင် ပြေးဝင်လာသည်ကို ရင်ဆိုင်ခဲ့ရသည်။ အသံလှိုင်းများ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို သိစိတ်ပင်လယ်ရှိ တွင်းနက်ကြီးက စုပ်ယူချေဖျက်လိုက်သဖြင့် ထိခိုက်မှု မရှိခဲ့ပေ။ အငြိုးကြီးတစ္ဆေနှစ်ကောင်ကိုမူ မိုးကြိုးလက်ဝါးဖြင့် ခုခံလိုက်သည်။ တစ္ဆေဝိညာဥ်များ၏ သဘာဝရန်သူဖြစ်သော မိုးကြိုးလျှပ်စီးစွမ်းအင်ကြောင့် တစ္ဆေနှစ်ကောင် တခဏ မလှုပ်မရှားနိုင် ဖြစ်သွားသည်ကို အခွင့်ကောင်းယူပြီး စုန့်ဝမ် ဂူအတွင်းသို့ ပြေးဝင်သွားခဲ့သည်။

အပြင်တွင် ပတ်ပြေးနေပါက ရှင်းယီရွှမ်းအပြင်၊ ထပ်ရောက်လာမည့် ကျင်းလေ့ကြား ပိတ်မိပြီး အသက်ပျောက်မည်မှာ မုချပင်။ ထို့ကြောင့် အသက်ရှင်ရန် ရာခိုင်နှုန်း အနည်းငယ်ရှိနိုင်သော ဂူအတွင်းသို့ ပြေးဝင်ခဲ့ခြင်း ဖြစ်သည်။

မိုးကြိုးလျှပ်စီးစွမ်းအင် ဖိနှိပ်မှုကြောင့် တခဏတာ တောင့်ခဲသွားသော အငြိုးကြီးတစ္ဆေနှစ်ကောင်လည်း ရုန်းထွက်နိုင်သည်နှင့် စုန့်ဝမ်နောက်သို့ ထပ်ချပ်မကွာ ပြေးလိုက်ကြတော့သည်။

မကြာမီမှာပင် ဂူ၏ အနက်ရှိုင်းဆုံးနေရာရှိ ခန်းမကျယ်ကြီးတစ်ခုတွင်း ရောက်ရှိသွားခဲ့သည်။ အတွင်းရှိ အခန်းဖွဲ့စည်းပုံကို မြင်လိုက်ရသည့်အခါ စုန့်ဝမ် အံ့အားသင့်သွားသည်။ ဤခန်းမ၏ ဖွဲ့စည်းထားပုံမှာ အလောင်းနတ်ဆိုးဂိုဏ်းတွင် သူတာဝန်ကျခဲ့သော အလောင်းခွဲစိတ်ဂူနဲ့ ထပ်တူထပ်မျှ တူနေသည်။

စုန့်ဝမ် ငေးကြောင်သွားချိန် ခန်းမထဲမှ တတိယအဆင့် အငြိုးကြီးတစ္ဆေ ၆ ကောင် စူးရှကျယ်လောင်သော အသံကြီးများ အော်ဟစ်ရင်း ထွက်ပေါ်လာကြသည်။ နောက်မှ လိုက်ပါလာသော အငြိုးကြီးတစ္ဆေ ၂ ကောင်လည်း အနားသို့ ရောက်လာသည်။

တစ္ဆေများ၏ အော်သံက စုန့်ဝမ်၏ခေါင်းကို ပြင်းထန်စွာ နာကျင်စေခဲ့သော်လည်း ကြံ့ကြံ့ခံထားနိုင်ခဲ့သည်။ သိစိတ်ပင်လယ်ထဲရှိ တွင်းနက်ကြီးက ဖောက်ထွင်းမရသော အကာအကွယ်တစ်ခုကဲ့သို့ ကာကွယ်ပေးထားသဖြင့် တစ္ဆေများ၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုမှ လွတ်ကင်းနေ၍သာ တော်ရော့သည်။ သို့သော် အငြိုးကြီးတစ္ဆေ ၈ ကောင်သည် သူရင်ဆိုင်နိုင်သောအရာ မဟုတ်ပေ။

စုန့်ဝမ် မိုးကြိုးလွတ်မြောက်နည်းစနစ် အသက်သွင်းကာ၊ ခန္ဓာကိုယ်ကို လျှပ်စီးများ ပတ်လည်ဝိုင်းရင်း ပြေးလွှားရှောင်တိမ်းနေရသည်။ မိုးကြိုးလျှပ်စီးက တစ္ဆေများအား တုံ့ဆိုင်းစေသော်လည်း ကြာရှည် ထိန်းနိုင်မည် မဟုတ်ချေ။ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အလောင်းခွဲစိတ်ဂူရှိ ကြီးကြပ်သူ၏အခန်းပင် ဖြစ်မည်။ ထိုအခန်းက အကာအကွယ် အစီအရင် ခင်းကျင်းထားလေ့ ရှိသည်။

ယခု ဂူအခန်းက ပိုမိုကြီးမာသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံ ထပ်တူကျနေသဖြင့် ကြီးကြပ်ရေးအခန်းကို ခဏတွင်းမှာပင် ရှာတွေ့ခဲ့သည်။ စုန့်ဝမ်လည်း ကြီးကြပ်ရေးအခန်း ဂူပေါက်အတွင်း အမြန်ဝင်ရောက်ပြီး ဝင်ပေါက်ကို ခေတ္တ ပိတ်ဆို့ရန်အတွက် လျှပ်စီးလှိုင်းတစ်ခုကို ဖန်တီးလိုက်သည်။

အထဲရောက်ပြီးမှ ဤနေရာမှာ ကြီးကြပ်သူအခန်း မဟုတ်ဘဲ လမ်းကျဥ်းတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စုန့်ဝမ် အံသြသွားသည်။ မည်သို့ဆိုစေ ရွေးချယ်စရာ မရှိသဖြင့် ထိုလမ်းကြောင်းအတိုင်း ဝင်ရောက်ခဲ့သည်။ တစ်မိုင်ခန့် ဖြတ်သန်းသွားပြီးနောက် နောက်ထပ် ဂူခန်းမတစ်ခုသို့ ရောက်ရှိသွားသည်။ ဤခန်းမမှာ ရှေ့ဘက်ခန်းမဆောင်ကဲ့သို့ ကျယ်ဝန်းခြင်း မရှိ၊ အချင်း မိုင်ဝက်ခန့်သာ ကျယ်ဝန်းပြီး အတော်အတန် သေးငယ်သည်။

ခန်းမ၏ အလယ်ဗဟိုတွင် ဆယ်ပေခန် မြင့်သော ပြောင်းပြန်လဲမှောက်နေသော ကြေးညိုမီးဖိုကြီးတစ်ခု ရှိနေသည်။ ထိုမီးဖိုကြီး၏ ပုံစံမှာ ရှေးဆန်ပြီး ရိုးရှင်းသော ပုံစံရှိကာ ရှုပ်ထွေးသော ပုံစံကွက်များ ထွင်းထုထားသည်။ မီးဖိုတစ်ခုလုံး စိမ်းပြာရောင် ကြေးချေးလွှာများ ထူထပ်စွာ ကပ်ငြိနေသဖြင့် ကာလကြာရှည် စွန့်ပစ်ခံထားရကြောင်း သိသာလှသည်။ မြေပြင်နှင့် ထိတွေ့နေသော မီးဖို၏ နှုတ်ခမ်းပိုင်းမှာ သိသိသာသာ ပျက်စီးနေပြီး ၎င်း၏ အဖုံးမှာမူ ပေတစ်ရာခန့်အကွာတွင် ရောက်ရှိနေသည်။

ဤနေရာသည် သွေးသန့်စင်ဂူ ဖြစ်မည်ကို စုန့်ဝမ် ချက်ချင်း ရိပ်မိလိုက်သည်။ အလောင်းနတ်ဆိုးဂိုဏ်း၏ အလောင်းခွဲစိတ်ဂူများသည် သွေးသန့်စင်ခန်းမအောက်တွင် ရှိပြီး၊ စုဆောင်းထားသော သွေးများကို သွေးအဆီအနှစ်အဖြစ် သန့်စင်ရန် ဤလိုနေရာသို့ ပို့ဆောင်ရခြင်း ဖြစ်သည်။ သို့သော်လည်း ဂိုဏ်း၏ ဖွဲ့စည်းပုံအရ အလောင်းခွဲစိတ်ဂူများနှင့် သွေးသန့်စင်ရာဂူများသည် ပုံမှန်အားဖြင့် သီးခြားစီ ဖြစ်ကြသည်။ ဤနေရာတွင်မူ အပြန်အလှန် ဆက်နွှယ်နေပုံရသည်။

ရှင်းမိသားစုမှ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများသည် လျှို့ဝှက်နယ်မြေကို အကြိမ်ကြိမ် လာရောက်ရှာဖွေပြီး ဖြစ်သဖြင့် ဤဂူကိုလည်း စစ်ဆေးခဲ့ကြပြီး ဖြစ်လိမ့်မည်။ ထိုကြေးမီးဖိုကြီးသည် ၎င်း၏ အကောင်းဆုံးအချိန်များတွင် အလွန်ထူးခြားသော ရတနာတစ်ခု ဖြစ်ခဲ့ပုံရသော်လည်း အချိန်ကာလ၏ တိုက်စားမှုကြောင့် ၎င်း၏ စွမ်းအင်များ ကုန်ခမ်းသွားခဲ့သည်။ ထို့ကြောင့်သာ ရှင်းမိသားစု ကျင့်ကြံသူများက စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက် ဆူညံသံများ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ မိုးကြိုးအတားအဆီးကို ဖောက်ထွက်ပြီး သွေးသန့်စင်ရာဂူဆီသို့ ပြေးဝင်လာနေသော အငြိုးကြီးတစ္ဆေအုပ်စုကို တွေ့လိုက်ရသဖြင့် စုန့်ဝမ် ခေါင်းနပန်းကြီးသွားသည်။ အချိန်ကာလ တိုက်စားမှုကြောင့် ခန်းမဆောင်၏ အစီအရင် အခင်းအကျင်းများ အသက်မဲ့သွားနိုင်သည်ကို သူမေ့သွားခြင်း ဖြစ်သည်။

စုန့်ဝမ် ငွေရောင်မီးငှက်ကို ထုတ်လွှတ်လိုက်ပြီး ဖြူရွှေရောင်မီးလျှံများကို မှုတ်ထုတ်စေကာ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ကျောက်စိမ်းအလင်းမီးတောက်သည် ဝိညာဥ်သတ္တဝါများကို ဖျက်ဆီးရာတွင် မိုးကြိုးအတတ်ကဲ့သို့ စွမ်းအား မပြင်းထန်သော်လည်း ကြာရှည်စွာ လောင်ကျွမ်းနိုင်သဖြင့် ထိရောက်စွာ အချိန်ဆွဲထားနိုင်သည်။

အငြိုးကြီးတစ္ဆေများ မီးလျှံတံတိုင်းကို ချိုးဖျက်ရန် ကြိုးစားနေစဥ် စုန့်ဝမ် မဟာဂူမိုးကြိုးကို အသက်သွင်းကာ ဆက်တိုက် ပစ်ချစေလိုက်သည်။ ကျဉ်းမြောင်းသော လမ်းကြောင်းအတွင်း မိုးကြိုးများ ပြင်းထန်စွာ ကျရာက်ပေါက်ကွဲလာပြီး၊ လျှပ်စီးကြောင်းများက လမ်းကြောင်းတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထိုစူးရှလှသော အလင်းအောက်တွင် တစ္ဆေမြူခိုးများ နွေဦးနေရောင်အောက်က နှင်းများကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ အငြိုးကြီးတစ္ဆေများသည် ၎င်းတို့၏ ဝိညာဥ်အထိ နာကျင်သွားပြီး သဘာဝပင်ကိုယ် ကြောက်ရွံ့မှုကို ခံစားလိုက်ရသဖြင့် လျင်မြန်စွာ နောက်ဆုတ်ပြီး ပျောက်ကွယ်သွားတော့သည်။

အငြိုးကြီးတစ္ဆေအုပ်စုကို မောင်းထုတ်နိုင်ပြီးမှသာ စုန့်ဝမ် သက်ပြင်းချနိုင်တော့သည်။ ထို့နောက် ဝိညာဥ်စွမ်းအားကို အသုံးပြုကာ ကြေးမီးဖိုကြီးကို ပြန်လှန်ပြီး အသာအယာ ဆွဲယူလိုက်သည်။ ကြေးမီးဖိုကြီးသည် လေထဲသို့ မြောက်တက်လာပြီး စုန့်ဝမ်ထံသို့ ပျံဝဲလာသည်။ သို့သော်လည်း လမ်းတစ်ဝက်မျှ ရောက်ရုံရှိသေး မျက်စိတစ်မှိတ်အတွင်း အပိုင်းအစပေါင်းများစွာအဖြစ် ကွဲအက်ပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။ တန်ဖိုးကြီး မှော်ရတနာဖြစ်မည်မှာ သေချာသော်လည်း မတတ်နိုင်တော့။

ကြေးမီးဖိုး ရှိခဲ့ရာသို့ သွားကြည့်သော်လည်း ကျင်းတစ်ခုသာ တွေ့ရပြီး ထူးခြားချက် တစ်စုံတစ်ရာ မရှိချေ။ ဂူနံရံတလျှောက် ရှာဖွေခဲ့သော်လည်း တန်ဖိုးရှိသော အရာတစ်ခုမျှ မတွေ့ရှိခဲ့ပေ။ ဤသွေးသန့်စင်ရာဂူတွင် ရတနာများ မရှိ၊ ထွက်ပေါက်လည်းမရှိသဖြင့် ပိတ်မိနေခဲ့ပြီ ဖြစ်သည်။

ထိုအခိုက် ဂူအဝင်လမ်းကြောင်းဆီမှ လှုပ်ရှားသံများ ထွက်ပေါ်လာပြန်သည်။ မိုးကြိုး၏စွမ်းအား လျော့ပါးသွားခဲ့ပြီဖြစ်ရာ အငြိုးကြီးတစ္ဆေများ လမ်းကြောင်းထဲသို့ နောက်တစ်ကြိမ် တရွေ့ရွေ့ တိုးဝင်လာနေကြခြင်းပင်။

စုန့်ဝမ် အကြပ်ရိုက်သွားသည်။ ဤတစ္ဆေအုပ်စုကြီးကို တစ်ယောက်တည်း ရင်ဆိုင်ပါက သေဖွယ်သာ ရှိသည်။ ကံကောင်းထောက်မ၍ အပြင်ထွက်နိုင်လျှင်လည်း လိုက်လံတိုက်ခိုက်မည့်သူများကို တားဆီးရန်အတွက် ဤတစ္ဆေများကို လိုအပ်နေသေးသည်။

သူ့အနေဖြင့် ဝိညာဥ်ထိုးဖောက်နည်းစနစ် ဒုတိယအဆင့်ကို ကျင့်ကြံနိုင်ပါက၊ သွေးလွတ်မြောက်နည်းစနစ်၊ ရုပ်သေးအစားထိုးနည်းစနစ်များပါ တွဲဖက်အသုံးပြုပြီး တစ္ဆေအုပ်စုလက်မှ လွတ်မြောက်နိုင်ရုံမက ထိုတစ္ဆေအုပ်စုကို အပြင်ထိ မျှားခေါ်ပြီး ရှင်းယီရွှမ်း၊ ကျင်းလေ့တို့နှင့် ထိပ်တိုက်ဆုံပေးကာ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိသည်။ ကျင့်စဥ်ကို သိနားလည်ထားပြီး ဖြစ်သလို၊ ကောင်းကင်ဝိညာဥ်ဆေးလုံးပါ ရရှိပြီး ဖြစ်သဖြင့် အချိန်တိုအတွင်း ကျင့်ကြံအောင်မြင်မည်မှာ ကျိန်းသေပင်။

ခက်နေသည်မှာ အချိန်ပင်၊ အငြိုးကြီးတစ္ဆေများက ရပ်တန့်ခြင်းမရှိသဖြင့် ကျင့်ကြံရန် အခွင့်အရေး မရ ဖြစ်နေသည်။ မိုးကြိုးအတတ်များက စွမ်းအားပြင်းထန်သော်လည်း ကြာရှည် ထိန်းသိမ်းထားရန် ခက်ခဲလှသည်။ ရွှေအမြုတေ အစောပိုင်းအဆင့် ချီစွမ်းအားက မိုးကြိုးနည်းစနစ်ကို ထိုမျှကြာကြာ ထုတ်သုံးရန်အတွက် မလုံလောက်ပေ။

ကြာရှည်ခံမည့် မိုးကြိုးသက်ရောက်မှုတစ်ခု ဖန်တီးနိုင်လျှင်.. တွေးနေရင်း စုန့်ဝမ် မျက်လုံးများ လင်းလက်သွားသည်။

မိစ္ဆာနှိမ်နင်းဓားဝင်္ကပါ …

ထိုနည်းစနစ်ကို ကျိရုရွယ်ဆီမှ လုယူပြီးချိန်က ကျင့်ကြံခဲ့ဖူးသည်။ မိစ္ဆာနှိမ်နင်းဓားဝင်္ကပါမှာ ချီစွမ်းအင် အနည်းငယ်သာ ထည့်သွင်းရန် လိုအပ်သဖြင့် လုံလောက်သည့် အချိန်အတိုင်းအတာအထိ အသက်သွင်းရန် မခက်ပေ။

အတွေးတစ်ခုနှင့်အတူ စုန့်ဝမ်ရှေ့တွင် ဝိညာဥ်ဓားကိုးစင်း ပျံသန်းထွက်ပေါ်လာပြီး မိစ္ဆာနှိမ်နင်းဓားဝင်္ကပါ၏ အခင်းအကျင်းအတိုင်း နေရာယူလိုက်ကြသည်။ ထို့နောက် မိုးကြိုးစွမ်းအင် အသက်သွင်းလိုက်ရာ ဓားကိုးစင်းထဲမှ တစ်စင်းချင်းစီတဠင် တဖျပ်ဖျပ် တုန်ခါနေသည့် မိုးကြိုးလျှပ်စီးလှိုင်းတစ်ခုစီ ထွက်ပေါ်လာသည်။ ခဏအတွင်း လျှပ်စီးကြောင်းများ အပြန်အလှန် ယှက်နွယ်သွားပြီး ထူထပ်သော မိုးကြိုးကွန်ရက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

အစောပိုင်းက မဟာဂူမိုးကြိုးဒဏ် ခံထားရသော အငြိုးကြီးတစ္ဆေများမှာ မိစ္ဆာနှိမ်နင်းဓားဝင်္ကပါကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးတိမ်တိုက်ကြီးကို မြင်သောအခါ အနားသို့ မကပ်ဝံ့ကြတော့ပေ။

စုန့်ဝမ်လည်း ယခုမှပင် သက်ပြင်းချနိုင်တော့သည်။

……

All Chapters