← Chapters

ဆေးလုံးလုပွဲ စပြီ

Vol. 30 Ch. 305

ဆေးလုံးလုပွဲ စပြီ

Vol. 30 Ch. 305

ဝိညာဥ်အမြစ်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တွင် ချို့ယွင်းချက် မရှိစေရန်အတွက်၊ အမြန်ဆုံး ဖော်စပ်ရမည်ဖြစ်ရာ နာရီပိုင်းအတွင်း စတင်တော့မည်ဟု စုန့်ဝမ် တွက်ဆမိလိုက်သည်။ ယင်းမှာ ၁၈ ရက်မြောက်နေ့တွင် မိုးကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်ပြီးစီးမည့် သဘောပင်။ လုယူနိုင်ခြင်း ရှိ၊ မရှိဆိုသည်က ထိုနေ့အခြေအနေအပေါ် မူတည်လိမ့်မည် ဖြစ်သည်။

သူ့ကိုယ်သူ ဤဆေးလုံးကို မျက်စိကျနေသည့် တစ်ဦးတည်းသောသူ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော စုန့်ဝမ်မှာ ၁၆ ရက်မြောက်နေ့တွင် အခြားကျင့်ကြံသူ သုံးဦး တိတ်တဆိတ် ရောက်ရှိလာခဲ့ကြပြီး အနီးနားရှိ တောင်တစ်လုံးပေါ်တွင် ပုန်းကွယ်နေခဲ့သည်ကို မြင်လိုက်ရသဖြင့် အံအားသင့်သွားသည်။ ထိုသုံးဦးစလုံး ဝတ်စုံနက်များ ဝတ်ဆင်ထားကြပြီး သိုး၊ မြင်းနှင့် နွား မျက်နှာဖုံးများ စွပ်ထားကြကာ၊ အော်ရာကို ဖုံးကွယ်ထားကြသဖြင့် သတိပြုမိရန် ခက်ခဲလှပေသည်။ ဆေးလုံး ပြီးမြောက်လုနီးမှ ထွက်ပေါ်လာဖြင်း ဖြစ်သဖြင့် ၎င်းတို့တွင် ပိုမိုတိကျသည့် သတင်းအချက်အလက်များ ရှိနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

နှစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့သည်။ ၁၈ ရက်မြောက်နေ့ နံနက် ၄နာရီခန့်တွင် ဝတ်စုံနက်များ စတင်လှုပ်ရှားလာပြီး ရတနာအထွတ်အထိပ်တောင်၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။

နွားမျက်နှာဖုံးနှင့်သူက ရှုပ်ထွေးလှသော အစီအရင် သင်္ကေတများကို ရေးဆွဲထားသည့် အလံလေးခုကို ထုတ်ယူပြီး လေပေါ် ပစ်မြှောက်လိုက်သည်။ ချက်ချင်းပင် အလံများက လျင်မြန်စွာ ရွေ့လျားသွားပြီး တောင်ထိပ်၏ ပတ်လည်တွင် အစီအစဥ်တကျ နေရာယူလိုက်သည်။ အသင့်ဖြစ်သည်နှင့် နွားမျက်နှာဖုံးနှင့်လူက မန္တန်လက်ဟန်များ ဖော်ဆောင်ပြီး အစီအရင်ကို အသက်သွင်းလိုက်သည်။

ချက်ချင်းပင် အလံငယ်လေးခုဆီမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး၊ တောင်ထိပ်၏ အထက်တွင် ဝဲပျံနေသည့် ကြီးမားသော အစီအရင် စွမ်းအင်အစုအ​ဝေးတစ်ခု ဖြစ်ပေါ်လာသည်။

"တိုက်ခိုက်စေ"

နွားမျက်နှာဖုံးနှင့်သူ၏ စူးရှသောအသံနှင့်အတူ အစီအရင်မှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ အောက်ရှိ တောင်​ကာကွယ်ရေး အစီအရင်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

“ဝုန်း…”

တောင်ကာကွယ်ရေး အစီအရင်မှာ ထိုအလင်းတန်းကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးနှင့်အတူ အပိုင်းပိုင်း ကွဲအက်သွားခဲ့ရတော့သည်။ တောင်ထိပ်ကို ဖုံးလွှမ်းထားသည့် ထူထပ်လှသော မြူထုကြီးမှာ လျင်မြန်စွာပင် ပြန့်ကျဲသွားခဲ့ရပြီး၊ တောင်ထိပ်တစ်ခုလုံး ထင်ထင်ရှားရှား ပေါ်ထွက်လာသည်။

ကာကွယ်ရေး အစီအရင်ကို ပိုမိုအားကောင်းသော တိုက်ခိုက်ရေးအစီအရင်ဖြင့် ချေမှုန်းပစ်လိုက်ခြင်းပင်။ အဓိကနေရာအား တစ်ချက်တည်း တိုက်ခိုက်ခြင်းဖြစ်သဖြင့် တိုက်ခိုက်သူမှာ တောင်ကာကွယ်ရေးအစီအရင်ကို ခရေစေ့တွင်းကျ သိရှိထားသူဖြစ်မည်မှာ ဧကန်မုချပင်။

နွားမျက်နှာဖုံးနှင့်လူလည်း များပြားလှသော စွမ်းအင်များကို ထုတ်သုံးခဲ့ရသဖြင့် အားနည်းသွားပုံ ရသည်။ ဆေးလုံးအချို့ကို အမြန်သောက်ပြီး နောက်ဆုတ်ကာ သိုးမျက်နှာဖုံးနှင့်လူ၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေခဲ့သည်။

မရှေးမနှောင်းပင် တောင်ထိပ်ပေါ်ရှိ ရတနာဖလှယ်ပွဲ ကျင်းပလေ့ရှိသည့် စင်မြင့်ထက်တွင်၊ လူ ၁၁ ယောက် ထွက်ပေါ်လာသည်။

ရှင်းလီယန်က ကောင်းကင်ယံရှိ လူ ၃ ယောက်ကို မော့ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ရှင်းမိသားစု နယ်မြေထဲမှာ ဘယ်သူကများ လာသောင်းကျန်းရဲတာလဲ"

သိုးမျက်နှာဖုံးနှင့်လူက ​လှောင်ရယ်ရင်း "ရှင်းလီယန်... မင်းက ရှင်းမိသားစုကို ကိုယ်စားပြုနိုင်စွမ်း မရှိတော့ပါဘူး"ဟု ဆိုလိုက်သည်။ ပြောနေရင်း ဓားရှည်တစ်လက် ထွက်ပေါ်လာပြီး ရှင်းလီယန်ဆီသို့ ကြယ်တံခွန်တစ်ခုအလား အရှိန်ပြင်းစွာ တိုးဝင်သွားခဲ့သည်။

ရှင်းလီယန် အကြီးအကျယ် မျက်နှာပျက်သွားသည်။ ချောင်းနေသော စုန့်ဝမ်လည်း စိတ်လေးသွားသည်။ တိုက်ခိုက်မှု ထွက်ပေါ်လာခဲ့သည့် အခိုက်အတန့်တွင်၊ တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသောအော်ရာအရ ထိုသူမှာ ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသည် မဟုတ်ပါလား။

သို့သော်လည်း ရှင်းလီယန်မှာ သာမန်လူတစ်ဦး မဟုတ်ချေ။ ရှင်းမိသားစု ဘိုးဘေး၏ တိုက်ရိုက်မျိုးဆက်ဖြစ်ပြီး၊ ဆက်ခံသူလောင်းလျာလည်း ဖြစ်သဖြင့် သာမန် ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူကို အနိုင်မယူနိုင်သည့်တိုင် ရင်ဆိုင်နိုင်စွမ်းတော့ ရှိသေးသည်။

ချက်ချင်းပင် လက်ဝါးအရွယ်ခန့် ရေခဲမှန်တစ်ချပ် ပေါ်ထွက်လာပြီး လျှပ်တပြတ်အတွင်း ဆယ်ပေအရွယ်ရှိ အကာအကွယ်ဒိုင်းတစ်ခုအဖြစ် ကြီးမားလာသည်။ မှန်ချပ်မှာ ဖန်သားပြင်ကဲ့သို့ ကြည်လင်လှပြီး၊ အပြာရောင် အလင်းလွှာတစ်ခု ထုတ်လွှတ်နေသည်။ ပတ်ဝန်းကျင်ရှိ အပူချိန်လည်း တဟုန်ထိုး ကျဆင်းသွားသည်။ သေးငယ်လှသော ရေခဲခရစ္စတယ်များသည်လည်း လေထုထဲတွင် စတင်ပုံဖော်လာခဲ့ကြသည်။

ဓားပျံက ဆယ်ပေခန့် အကွာအသို့ ရောက်လာချိန်တွင် ရေခဲမှန်ချပ်ဆီမှ တစ်ပေခန့် ရှည်လျားသည့် ရေခဲဆူးချွန်များ ထွက်ပေါ်လာပြီး၊ ဓားဆီသို့ တိုးဝင်သွားသည်။

"ချွင်၊ ချွင်၊ ချွင်..."

စူးရှလှသော အသံများ ဆက်တိုက် ပဲ့တင်ထပ်နေသည်။ ရေခဲဆူးချွန်များ အပိုင်းပိုင်း ကွဲအက်သွားသော်လည်း၊ ဓားပျံ၏ အရှိန်အဟုန်မှာလည်း သိသိသာသာ လျှော့ကျသွားသည်။

သိုးမျက်နှာဖုံးနှင့်သူက နှာခေါင်းရှုံ့လိုက်သည်။

"ရေခဲအလင်းမှန်.. ဟုတ်လား။ ဘယ်နှစ်ချက်လောက် တောင့်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

စကားဆုံးသည်နှင့် သူ့ထံမှ ဝိညာဥ်စွမ်းအင်လှိုင်းများ ထပ်မံထွက်ပေါ်လာပြီး ဓားပျံဖြင့် ပေါင်းစပ်သွားသည်။ ဓားပျံဆီမှ ပြင်းထန်သော စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး မုန်တိုင်းတစ်ခုပမာ ပတ်ပတ်လည်ကို အရှိန်ပြင်းစွာ ရိုက်ခတ်လာသည်။

ရေခဲဆူးချွန်များမှာ ထိုမုန်တိုင်း၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး တစ်စစီ ပဲ့​ကြွေသွားကာ ဓားပျံကို ထပ်မံ၍ တားဆီးနိုင်စွမ်း မရှိကြတော့ချေ။

ဓားပျံက တစ်ဖန် အရှိန်ပြန်မြင့်လာပြီး ရှင်းလီယန်ဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

ရှင်းလီယန် အထိတ်တလန့်ဖြင့် "ရေခဲဒိုင်းကာ အသွင်ပြောင်း" ဟု အော်ဟစ်လိုက်သည်။ ရုတ်ချည်းပင် ရေခဲမှန်ချပ်သည် ရေခဲဆူးချွန်များ ထုတ်လွှတ်ခြင်းကို ရပ်တန့်လိုက်ပြီး၊ ပေအနည်းငယ်ခန့် ထူထဲသည့် ရေခဲဒိုင်းကာကြီးတစ်ခုကို ဖွဲ့တည်လိုက်သည်။

လက်မတင်လေး လွတ်သွားခြင်း ဖြစ်သည်။ ရေခဲဒိုင်းကာ ပုံပေါ်ပြီးလျှင်ပြီးခြင်း ဓားပျံက ပြင်းထန်စွာ ထိုးနှက်လာသည်။

"ချွမ်"

နားကွဲမတတ် ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရေခဲအမှုန်အမွှားများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။

ရေခဲဒိုင်းကာပေါ်တွင် ပင့်ကူအိမ်သဏ္ဍာန် အက်ကြောင်းများ ထွက်ပေါ်လာခဲ့သော်လည်း ကွဲအက်သွားခြင်း မရှိခဲ့ပေ။

ဓားပျံသည်လည်း နောက်ပြန်လွင့်ထွက်သွားခြင်း မရှိဘဲ၊ သိုးမျက်နှာဖုံးနှင့်လူ၏ ထိန်းချုပ်မှုအောက်တွင် ဒိုင်းကာကို ဖိကြိတ်တိုးဝင်ပြီး ထိုးဖောက်ရန် အဆက်မပြတ် ကြိုးစားနေသည်။

ရှင်းလီယန်လည်း ရွေးစရာ မရှိတော့ဘဲ ရေခဲဒိုင်းကာကို ပိုမိုခိုင်မာလာစေရန် ဝိညာဥ်စွမ်းအင်များ အဆက်မပြတ် ဖြည့်တင်းရတော့သည်။ ရေခဲဒိုင်းကာပေါ်ရှိ အက်ကြောင်းများ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ရေခဲအလွှာများ ထပ်မံထွက်ပေါ်လာကာ ဓားပျံကို ပိတ်လှောင်ထိန်းချုပ်ရန်ပင် ကြိုးစားလာသည်။

"မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ"

သိုးမျက်နှာဖုံးနှင့်လူက လှောင်ပြောင်သရော်ရင်း မန္တန်လက်ဟန်များ ဖော်ဆောင်လိုက်သည်။ ဓားပျံသည် အရှိန်ပိုမြင့်လာပြီး လွန်သွားကဲ့သို့ အဆက်မပြတ် လည်ပတ်ကာ၊ ရေခဲဒိုင်းကာအတွင်းသို့ ဆက်တိုက် ထိုးဖောက် ဝင်ရောက်နေတော့သည်။

အခြေအနေမှာ ဝိညာဉ်စွမ်းအားချင်း အားပြိုင်သည့် အစွမ်းပြိုင်ပွဲတစ်ခု ဖြစ်လာခဲ့ရချေပြီ။ ရှင်းလီယန် အကြီးအကျယ် ထိတ်လန့်သွားသည်။ မိမိထက် ကျင့်ကြံခြင်းအဆင့်ငယ်တစ်ခုလုံး သာလွန်နေသူနှင့် ဝိညာဥ်စွမ်းအားချင်း ပြိုင်ဆိုင်ရသည်မှာ အရေးနိမ့်ရန် အချိန်တစ်ခုသာ ကြာတော့မည် မဟုတ်ပါလား။ ပြန်ရုပ်လိုက်ပါကလည်း၊ ဒဏ်ရာရပြီး ရှောင်ချိန်ပင် မရဘဲ အသက်ပါသွားနိုင်သည်။

"ကန်းဟုန်... ငါ့ကို ကူညီဦး"

ရှင်းလီယန်၏ အမိန့်ကြောင့် ကန်းဟုန်လည်း ဓားရှည်ကို ထုတ်ယူပြီး သိုးမျက်နှာဖုံးနှင့်သူဆီသို့ ပစ်လွှတ်လိုက်သည်။

ချက်ချင်းပင် သိုးမျက်နှာဖုံးနှင့်သူ၏ အနီးတွင် ရပ်နေသည့် မြင်းမျက်နှာဖုံးနှင့်သူက ရှေ့သို့ ခြေတစ်လှမ်း တက်လာပြီး သေးငယ်သည့် ငွေခေါင်းလောင်းလေးတစ်ခုကို အထက်ကောင်းကင်ယံသို့ အသာအယာ ပစ်တင်လိုက်သည်။

ငွေခေါင်းလောင်းလေးသည် လေထုထဲ၌ မျက်စိတစ်မှိတ်အတွင်း ကြီးထွားလာပြီး၊ အချင်းဆယ်ပေခန့်ရှိသည့် ကြီးမားလှသော ခေါင်းလောင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုခေါင်းလောင်းကြီးဆီမှ ငွေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ ခေါင်းလောင်းကြီး၏ ပုံရိပ်လွှာတစ်ခု ထွက်ပေါ်လာပြီး ၎င်းတို့ သုံးဦးလုံးကို ဖုံးလွှမ်း ကာကွယ်ပေးလိုက်သည်။

ကန်းဟုန်၏ဓားပျံနှင့် ခေါင်းလောင်းပုံရိပ်တို့ အရှိန်ပြင်းစွာ ရိုက်ခတ်မိသွားသည်။ ခေါင်းလောင်းပုံရိပ်မှာ အနည်းငယ်သာ တုန်ခါသွား​သော်လည်း ဓားပျံမှာမူ နောက်သို့ လွင့်ထွက်သွားခဲ့သည်။

ကန်းဟုန်အနေဖြင့် ခေါင်းလောင်းပုံရိပ် အကာအကွယ်ကို အချိန်တိုအတွင်း ထိုးဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ကြောင်း ရိပ်မိသွားသည့် ရှင်းလီယန်က အနီးနားတွင် မတ်တပ်ရပ်နေကြသည့် ဆေးဖော်စပ်သူ ကိုးဦးဆီသို့ ရောက်ရှိသွားသည်။ ၎င်းတို့ထဲက ငါးဦးမှာ... ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ဖြားယောင်းခြင်း အစရှိသည့် နည်းလမ်းမျိုးစုံဖြင့် ဖိတ်ခေါ်ထားခဲ့သည့် လေလွင့်ဆေးဖော်စပ်သူများ ဖြစ်သည်။ ကျန်လေးဦးမှာမူ ကျင်းမိသားစုမှ ဖြစ်ကြသည်။

လေလွင့်ဆေးဖော်စပ်သူ ငါးဦးစလုံးမှာ တတိယအဆင့် ဆေးဖော်စပ်သူများ ဖြစ်ကြပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ တိုက်ခိုက်ရေးတွင် အဆင့်တူ ကျင့်ကြံသူများထဲတွင်ပင် အားနည်းသူများအဖြစ် သတ်မှတ်ခြင်း ခံထားရသူများဖြစ်ကြကာ၊ အမြင့်မားဆုံး ကျင့်ကြံခြင်းအဆင့်မှာ ရွှေအမြုတေအလယ်ဆင့်သာ ဖြစ်ပေသည်။ ထိုငါးဦးစလုံးသည် သိုးမျက်နှာဖုံးနှင့်လူ၏ ကျင့်ကြံမှုအဆင့်ကို ရှင်းလင်းစွာ သတိပြုမိထားခဲ့ကြပြီး ဖြစ်သည်။ ရှင်းလီယန်နှင့် ၎င်းတို့၏ ဆက်ဆံရေးမှာ အပြန်အလှန် အကျိုးစီးပွားအပေါ်တွင်သာ အခြေခံထားခြင်း ဖြစ်သောကြောင့်၊ ၎င်းတို့အနေဖြင့် သိုးမျက်နှာဖုံးနှင့်သူကို ဆန့်ကျင်ပြီး ရှင်းလီယန်အတွက် အသက်ကို ပေးဆပ်ရန် ရည်ရွယ်ချက် မရှိကြပေ။ ထိုငါးဦးသည် နောက်သို့ မသိမသာ ဆုတ်ခွာလိုက်ကြပြီး၊ အချိန်မရွေး ထွက်ပြေးနိုင်ရန်အတွက် ပြင်ဆင်လိုက်ကြတော့သည်။

ရှင်းလီယန်အတွက် မျှော်လင့်ချက်မှာ ကျင်းမိသားစုမှ လူများပေါ်တွင်သာ ရှိတော့သည်။ ရှင်းလီယန်၏အကြည့်က ကျင်းမိသားစုမှ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဆီသို့ ရောက်ရှိသွားခဲ့ပြီး၊ တောင်းပန်သော အသံမျိုးဖြင့် “ဦးလေး... ကျေးဇူးပြုပြီး ရန်သူတွေကို မောင်းထုတ်ပေးပါ"ဟု တောင်းဆိုလိုက်သည်။

ရှင်းလီယန်၏ ဦးလေးဖြစ်သူ ကျင်းလေ့သည် ရွှေအမြုတေအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သူ့ထံမှ အကူအညီအပြင် ကျင်းမိသားစုမှ အခြားသော ကျင့်ကြံသူ သုံးဦးပါ ပေါင်းစပ်လိုက်မည်ဆိုပါက၊ တိုက်ခိုက်သူ သုံးဦးကို မောင်းထုတ်ပစ်ရန်မှာ လွယ်ကူလှသော ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။

………..

All Chapters