← Chapters

ရွှေအမြုတေ အထွတ်အထိပ်အဆင့် တိုက်ပွဲ

Vol. 30 Ch. 306

ရွှေအမြုတေ အထွတ်အထိပ်အဆင့် တိုက်ပွဲ

Vol. 30 Ch. 306

ကျင်းလေ့က အသည်းအသန် ရုန်းကန်နေရသည့် ရှင်းလီယန်ကို ကြည့်လိုက်သော်လည်း၊ ချက်ချင်း အကူအညီပေးရန် စိတ်ကူးမရှိချေ။

"လီယန်... ငါ့တူလေး၊ ငါတို့ သဘောတူညီချက်ထဲမှာ မင်းကို ပြင်ပအန္တရာယ်တွေကနေ ကာကွယ်ပေးဖို့ ဆိုတဲ့အချက် မပါဘူး။ နောက်ပြီး သူတို့ဘက်က ရွှေအမြုတေ အထွတ်အထိပ်တစ်ယောက် ပါနေတော့ သူ့အစွမ်းအစကို လျှော့တွက်လို့ မရဘူး"

အခက်အခဲ ကြုံနေရချိန် အခွင့်ကောင်းယူ အမြတ်ထုတ်ရန် ကြံစည်နေသော ဦးလေးဖြစ်သူကို ဒေါသထွက်သော်လည်း ရွေးစရာ မရှိသဖြင့် ရှင်းလီယန် သည်းခံနေရသည်။

"ဦးလေး ဘာအပေးအယူ လုပ်ချင်လို့လဲ"

"ဝိညာဥ်ထိုးဖောက်နည်းစနစ် တတိယအလွှာ"

"မဖြစ်နိုင်ဘူး၊ ဒါက မိသားစုထဲမှာ ဝိညာဥ်န္ဓေအဆင့် ကျင့်ကြံသူတွေပဲ လေ့လာခွင့် ရှိတယ်။ ကျနော် ယူလို့ မရဘူး"

"ငါက အခုချက်ချင်း ပေးရမယ်လို့ မပြောပါဘူး။ မင်း ဝိညာဥ်သန္ဓေအဆင့်ကို ရောက်တဲ့အခါကျမှသာ ကတိကဝတ်ကို ဖြည့်ဆည်းပေးဖို့ သစ္စာဆိုရုံပဲ"

ရှင်းလီယန် တွေဝေသွားသည်။ ဝိညာဥ်သစ္စာဆိုပြီးပါက ဖောက်ဖျက်၍ မရနိုင်တော့ပေ။

ကျင်းလေ့က ရှင်းလီယန် တွေဝေနေသဖြင့် ထပ်တွန်းအား​ပေးလာပြန်သည်။

"တူလေး... မြန်မြန်ဆုံးဖြတ်။ မင်း ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး"

ရှင်းလီယန်မှာ တစ်စထက် တစ်စ ပိုမိုပါးလွှာလာသော ရေခဲဒိုင်းကာကို ကြည့်ပြီး စိုးရိမ်ပူပန်လာသည်။ တိုက်ခိုက်မှု ဖြစ်ပွားသည်မှာ မကြာသေးသော်လည်း ပြင်းထန်လွန်းသည့် ဝိညာဥ်စွမ်းအင်လှိုင်း လှုပ်ခတ်မှုကို ဖန်မြို့တော် လုံခြုံရေးအဖွဲ့မှ မသိစရာအကြောင်း မရှိပေ။ သို့သော် ယခုအချိန်ထိ ရှင်းမိသားစု အဆင်မြင့် ကျင့်ကြံသူများ လှုပ်ရှားလာခြင်း မရှိသေးသည်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူ ရိပ်မိလာသည်။

ရှင်းလီယန် တွေဝေတုံ့ဆိုင်းနေစဉ်မှာပင်၊ ရေခဲဒိုင်းကာ အပိုင်းပိုင်း ကွဲအက်သွားသည်။ ချက်ချင်းပင် ဓားပျံက ရှင်းလီယန် ရင်ဘတ်တည့်တည့်ဆီ တိုးဝင်လာသည်။ ရှင်းလီယန် ထိတ်လန့်သွားပြီး ရေခဲအလင်းမှန်ဖြင့် ထိုးကာလိုက်သည်။

"ချွင်"

ကျယ်လောင်သည့် အသံနှင့်အတူ ရေခဲအလင်းမှန်သည် ရှင်းလီယန်လက်မှ လွတ်ထွက်သွားပြီး သူ့ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်မိသွားသည်။

ဓားပျံကမူ အရှိန်မပျက် ဆက်လက်တိုးဝင်လာသည်။

ဓားပျံ ခေါင်းကို ထိုးမိလုဆဲဆဲ၊ ရှင်းလီယန်က ဝိညာဥ်စွမ်းအင်ဒိုင်း အသက်သွင်းခါနီး ကျင်းလေ့နောက်ရှိ ဝတ်စုံပြာအဖိုးအိုက လက်ညိုးညွှန်လိုက်ရာ ဝိညာဥ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဓားပျံကို ဘေးဘက်သို့ တိမ်းစောင်းသွားစေခဲ့သည်။

ဓားပျံလည်း ဘေးသို့ ချော်ထွက်သွားပြီး ရှင်းလီယန် အသက်ဘေးမှ သီသီလေး လွတ်သွားသည်။

ဝတ်စုံပြာဝတ်အဖိုးအို၏ လှုပ်ရှားမှုမှာ ညင်သာသိမ်မွေ့သဖြင့် မည်သူမျှ သူလှုပ်ရှားလိုက်သည်ကို သတိမပြုမိချေ။ ကျင်းလေ့ကသာ သတိပြုမိပြီး ခုန်ထွက်ကာ ရှင်းလီယန်ရှေ့မှ မားမားမတ်မတ် ရပ်လိုက်သည်။

"ယုတ်မာတဲ့သူခိုး... ငါ ကျင်းလေ့ ဒီနေရာမှာ ရှိနေသရွေ့ ငါ့တူလေးကို အန္တရာယ်ပြုဖို့ လုံးဝခွင့်မပြုနိုင်ဘူး"

ဤလှုပ်ရှားမှုက ရှင်းလီယန်အား ကယ်တင်ပေးခဲ့သူမှာ မိမိကိုယ်တိုင်ဖြစ်ကြောင်း ပြောဆိုရင်း ဝတ်စုံပြာအဖိုးအိုကို ဖုံးဖိကာကွယ်လိုက်ခြင်း ဖြစ်သည်။

ကျင်းလေ့က အော်ဟစ်ရင်း ကြီးမားလှသည့် အလံကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအလံတော်ပေါ်တွင် အပြာရောင် နဂါးတစ်ကောင်ကို ရေးဆွဲထားသည်။ ထိုအလံကို ဝှေ့ယမ်းလိုက်ရာ၊ ခဏချင်းမှာပင် ပေရာပေါင်းများစွာ မြင့်မားသော လေဆင်နှာမောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ စူးရှပြီး နားကွဲမတတ် ကျယ်လောင်သည့် အသံနှင့်အတူ ကျောက်ခဲများ လွင့်စင်ကာ၊ သစ်ပင်ကြီးများပင် မြေကြီးထဲမှ ကျွတ်ထွက်ကုန်သည်။ ထိုလေဆင်နှာမောင်းအတွင်း ရောက်ရှိသွားသည့် အရာအားလုံးမှာ ခဏချင်းမှာပင် အမှုန့်များအဖြစ် ချေမှုန်းခြင်း ခံလိုက်ရသည်။

သိုးမျက်နှာဖုံးနှင့်လူလည်း လေဆင်နှာမောင်းကြီးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်သွားကာ ဓားပျံကို ပြန်လည်ခေါ်ယူရင်း အလံတံခွန်တစ်ခု ထုတ်ယူလိုက်သည်။ ထိုအလံတံခွန် ထွက်ပေါ်လာသည်နှင့် ကောင်းကင်ယံတွင် မည်းမှောင်နေသော မိုးတိမ်တိုက်များ ရုတ်တရက် ပေါ်လာသည်။ ချက်ချင်းပင် ကြီးမားလှသည့် ရေစီးကြောင်းများ လေထုထဲ ပေါ်လာပြီး၊ လေဆင်နှာမောင်းဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ကြတော့သည်။

ထိုအင်အားကြီးနှစ်ခု အပြန်အလှန် ပွတ်တိုက်မိသွားပြီး၊ ကောင်းကင်ယံတစ်ခုလုံးတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွားသည်။

ရေစီးကြောင်းများမှာ လေဆင်နှာမောင်းအတွင်း ရောက်သည်နှင့် ပြင်းထန်သော လေအရှိန်ကြောင့် ရေတွက်၍ မရနိုင်သော ရေစက်ရေပေါက်များအဖြစ် ပြိုကွဲသွားပြီး လေဆင်နှာမောင်းအတွင်း ပြန့်ကျဲသွားသည်။

လေဆင်နှာမောင်းမှာလည်း ထိုရေစက်ရေပေါက်များ များပြားလာသည်နှင့်အမျှ ချက်ချင်းဆိုသလို အရှိန်အဟုန် ကျဆင်းလာသည်။ အသက်ငါးရှိုက်စာ အကြာတွင် တောင့်ခံနိုင်သည့် ကန့်သတ်ချက်ထက် ကျော်လွန်သွားပြီး လေဆင်နှာမောင်းပါ ပြိုလဲပျက်စီးသွားတော့သည်။

ထိုမြင်ကွင်းကို ငေးကြည့်နေသော ရှင်းလီယန်မှာ သိုးမျက်နှာဖုံးလူနှင့် ထိုသူ့လက်ထဲရှိ အလံတံခွန်ကို ဒေါသတကြီး စိုက်ကြည့်ရင်း "လှိုင်းတံပိုးအလံတော်။ ရှင်းယီရွှမ်း... ဒါ မင်းပဲကိုး"ဟု အော်ဟစ်ပြောဆိုလိုက်သည်။

ရှင်းယီရွှမ်းလည်း သူမ၏ ရုပ်ဖျက်မှု ပေါ်သွားသဖြင့် ထပ်မံ၍ ဖုံးကွယ်ရန် ကြိုးပမ်းခြင်း မပြုတော့ဘဲ သိုးမျက်နှာဖုံးကို ချွတ်ပစ်လိုက်သည်။

"ဟုတ်တယ်… ငါဖြစ်နေတော့ရော ဘာဖြစ်လဲ"

"မင်းနဲ့ ငါနဲ့ကြားမှာ... ဘာရန်ငြိုးမှ မရှိခဲ့ဘူး။ မင်းက ဘာဖြစ်လို့ ဆွေးမျိုးရင်းချာ ဆက်ဆံရေးကို လျစ်လျူရှုပြီး ငါ့ကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ရတာလဲ။ မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ"

ရှင်းယီရွှမ်းက အေးစက်စက်ဖြင့် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

"ရှင်းလီယန်... နင်က ကိုယ်ကျိုးအတွက်နဲ့ မိသားစုကို သစ္စာဖောက်ခဲ့တာပဲ။ နင်ကများ ဆွေမျိုးရင်းချာ ဆက်ဆံရေးအကြောင်း ပြောရဲသေးတယ်ပေါ့လေ။ ဒီနေ့... ငါ ရှင်းမိသားစု ဂုဏ်သိက္ခာ သန့်စင်ဖို့ သစ္စာဖောက်ကို အပြတ်ရှင်းပစ်မယ်"

ကျင်းမိသားစုနှင့် လျှို့ဝှက်ဆက်ဆံသည်ကို ရှင်းယီရွှမ်း ကြိုတင်သိရှိထားလိမ့်မည်ဟု တွေးထင်မထားခဲ့မိသော ရှင်းလီယန်တစ်ယောက် အကြီးအကျယ် ထိတ်လန့်သွားသည်။ ဤအခိုက်အတန့်တွင်၊ ရှင်းလီယန်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်ရှိတော့သည်။ ရှင်းယီရွှမ်းကို အပြတ်ရှင်းပစ်ရလိမ့်မည်။ သို့မဟုတ်ပါက လျှို့ဝှက်ချက်ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်သလို၊ ဆက်ခံသူလောင်းလျာ အရိုက်အရာကို ကျိန်းသေလက်လွှတ်ရမည်မှာ မလွဲပေ။

ချောင်းနေသော စုန့်ဝမ်လည်း စိတ်ပျက်လက်ပျက် ဆဲလိုက်မိသည်။ ထိုမိန်းမလက်မှ အသက်လုပြေးခဲ့ဖူးသဖြင့် ယခုအကြိမ် အကြံတူနေပါက ဆေးလုံးလုယူရန် အလွန်ခက်ခဲပြီဖြစ်ကြောင်း သိလိုက်ရပြီ မဟုတ်ပါလား။

ကျင်းလေ့မှာလည်း အခက်ကြုံသွားရသည်။ ဤတောင်သည် ဖန်မြို့တော်နှင့် နီးကပ်နေသဖြင့် ရှင်းမိသားစုမှ အဆင့်မြင့်ကျင့်ကြံသူများ အချိန်မရွေး ရောက်လာနိုင်သည်။ ထို့အပြင် ရှင်းမိသားစု၏ ပါရမီရှင်တစ်ဦးဖြစ်သည့် ရှင်းယီရွှမ်းသာ ဤနေရာ၌ အသတ်ခံလိုက်ရမည်ဆိုပါက၊ ယင်းမှာ မိသားစုနှစ်ခုကြား ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

ကျင်းလေ့က မတိုက်ခိုက်သေးဘဲ နောက်လှည့်ပြီး၊ ဝတ်စုံပြာဝတ်အဖိုးအိုဆီ မေးခွန်းထုတ်လိုသည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ အဖိုးအို၏ မျက်ဝန်းအစုံမှာ စူးရှနေပြီး၊ သူက သိမ်မွေ့စွာဖြင့် ခေါင်းညိတ်ပြသည်။

ကျင်းလေ့လည်း ရှင်းယီရွှမ်းကို စူးစိုက်ကြည့်ရင်း ဝိညာဥ်စွမ်းအင်ကို အလံတော်အတွင်း သွင်းလိုက်ရာ၊ ချက်ချင်းပင် လေပြင်းများသည် ယခင်ကထက် များစွာ ပိုမို၍ အားကောင်းသော အရှိန်အဟုန်မျိုးဖြင့် တိုက်ခတ်လာသည်။ ခဏချင်းပင် ယခင်တစ်ခုထက် များစွာပိုကြီးမားသော လေဆင်နှာမောင်းကြီးတစ်ခု ပေါ်ပေါက်လာပြီး၊ ရှင်းယီရွှမ်းဆီ တိုးဝင်သွားသည်။

ရှင်းယီရွှမ်းက ပြေးဝင်လာနေသော လေဆင်နှာမောင်းကြီးကို ကြောက်ရွံ့ခြင်းမရှိဘဲ စိုက်ကြည့်ရင်း "ကောင်းသားပဲ။ ကျင်းမိသားစုရဲ့ နံပါတ်တစ် ရွှေအမြုတေအဆင့် ကျင့်ကြံသူလို့ အမည်ကျော်ကြားတဲ့ ကျင်းလေ့မှာ ဘယ်လောက်အစွမ်းအစ ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့" ဟု ဆိုရင်း လှိုင်းတံပိုးအလံကို ဝှေ့ယမ်းလိုက်သည်။

ချက်ချင်းပင် လေထုတွင်း ရေငွေ့များ မြူထုကြီးအဖြစ် စုဖွဲ့လာပြီး၊ ပေရာပေါင်းများစွာ ရှည်လျားသည့် ရေနဂါးကြီးတစ်ကောင် မြူထုအတွင်းမှ ထွက်ပေါ်လာသည်။

"သွားစမ်း"

ရှင်းယီရွှမ်းက ခပ်တိုးတိုးလေး အမိန့်ပေးလိုက်ရာ ရေနဂါးကြီးလည်း ဟိန်းဟောင်ရင်း ရှေ့သို့ အရှိန်ပြင်းစွာ ပြေးဝင်သွားသည်။

ခဏချင်းမှာပင်၊ ရေနဂါးကြီးနှင့် လေဆင်နှာမောင်းကြီးတို့ ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။ နဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်မှာ လေဆင်နှာမောင်းအတွင်း လှည့်ပတ်ရင်း လေဆင်နှာမောင်းကို မိုးကြိုးမုန်တိုင်းတစ်ခု၏ စွမ်းအားမျိုးဖြင့် ဖြိုခွဲရန် ကြိုးစားနေသည်။

လေဆင်နှာမောင်းကြီးကလည်း အလျှော့မပေးဘဲ၊ ပြင်းထန်လှသော လေပြင်းများနှင့်အတူ ရေနဂါးကြီး၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြတ်တောက်ရန် ကြိုးစားနေသည်။

ကျင်းလေ့နှင့် ရှင်းယီရွှမ်းတို့ နှစ်ဦးစလုံးမှာ ၎င်းတို့၏ မှော်ရတနာများအတွင်းသို့ ဝိညာဥ်စွမ်းအားများ အစွမ်းကုန် ဖြည့်သွင်းနေရသဖြင့် မျက်နှာများပင် တဖြည်းဖြည်းနှင့် ဖြူလျော်လာသည်။

"ဖောင်း"

ရုတ်တရက်၊ လေဆင်နှာမောင်းရော ရေနဂါးကြီးပါ နှစ်ခုစလုံးသည် အပိုင်းပိုင်း ကွဲအက်သွားသည်။ နားကွဲမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်သွားသည်။

မြေပြင်မှာ ငလျင်လှုပ်သည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ လေပြင်းများက အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်သွားပြီး မိုးများလည်း သည်းထန်စွာ ရွာကျလာသည်။ တုန်ခါမှုလှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့ကြပြီး၊ မိုင်ရာချီအဝေးကပင် ခံစားမိလိုက်ကြသည်။

တိုက်ခိုက်နေသူ နှစ်ဦးစလုံးမှာ ထိုပြင်းထန်လှသော စွမ်းအားများ၏ သက်ရောက်မှုကို အတိုင်းအတာတစ်ခုအထိ ခံလိုက်ကြရသည်။ ၎င်းတို့ နှစ်ဦးစလုံး သွေးတစ်လုပ်စီ အန်ထုတ်လိုက်ကြရပြီး၊ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ယိုင်နဲ့စွာ ဆုတ်ခွာသွားခဲ့ကြရသည်။ နှစ်ဦးသား လက်ရည်တူပြီး သရေကျသွားခဲ့သည့် အခြေအနေပင် ဖြစ်ပေသည်။

စုန့်ဝမ် ပုန်းကွယ်နေခဲ့သည့် ဂူအတွင်းတွင်လည်း ကျောက်သားများ၊ မြေကြီးများ ဆက်တိုက်ဆိုသလို ပြိုကျလာသဖြင့် အပြင်သို့ ထွက်လာခဲ့ရသည်။ ထိုတိုက်ပွဲက စုန့်ဝမ်ကို အမှန်ပင် အံအားသင့်သွားစေသည်။ ယင်းမှာ သူရောက်ပြီးတည်းက ပထမဆုံးအကြိမ်​အဖြစ် အဆုံးမဲ့ပင်လယ်၏ အဆင့်မြင့်ကျင့်ကြံသူများကြား တိုက်ပွဲကို မြင်တွေ့ရခြင်း ဖြစ်သည်။ အဆုံးမဲ့ပင်လယ်ရှိ ကျင့်ကြံသူများသည် ထျန်းယွမ်တိုက်ကြီးရှိ ကျင့်ကြံသူများကဲ့သို့ တိုက်ခိုက်ရေးနည်းစနစ်ကို အဓိက အားမပြုဘဲ မှော်ရတနာများကို အားပြုလေ့ရှိပုံ ရသည်။

ထိုနှစ်ဦး အသုံးပြုနေသည့် မှော်ရတနာများမှာ ထိပ်တန်းအဆင့် ရတနာများဖြစ်မည်မှာ ဧကန်မုချပင်။ စုန့်ဝမ် သက်ပြင်းချလိုက်မိတော့သည်။

"ကြည့်ရတာ... မိုးကောင်းကင်ဝိညာဉ်ဆေးလုံး လုယူဖို့ ဘာအခွင့်အရေးမှ မရှိတော့တဲ့ပုံပဲ"

ပြေးချိန်တန်ခဲ့လေပြီ။

…….

All Chapters