လျှို့ဝှက်နယ်မြေတွင်း ဆွဲသွင်းခံရခြင်း
Vol. 30 Ch. 307
ထိုအချိန်တွင် ရတနာအထွတ်အထိပ်တောင်မှ မိုင်သုံးဆယ်ကျော်ခန့် ဝေးကွာသော တောင်ကြားတစ်ခုအတွင်း သည်းထန်နေသော မိုးရေများအောက်တွင် လူနှစ်ဦး လေထဲတွင် တည်ငြိမ်စွာ ရပ်နေကြသည်။
၎င်းတို့ထဲမှ တစ်ဦး၏ရှေ့တွင် သွေးနီရောင် အစီအရင်တံဆိပ်ပြားတစ်ခု ဝဲပျံနေသည်။ ထိုလူက မန္တန်လက်ဟန်များ ဆက်တိုက် ဖော်ဆောင်လိုက်ရာ အစီအရင်တံဆိပ်ပြားပေါ်ရှိ သင်္ကေတများ တဖြည်းဖြည်းနှင့် လင်းထိန်လာသည်။
ခဏအကြာတွင် အစီအရင်တံဆိပ်ပြား စတင် တုန်ခါလာပြီး၊ နက်ရှိုင်းလှသော တဝေါဝေါ မြည်သံကြီးတစ်ခုကို ထုတ်လွှတ်နေတော့သည်။ အစီအရင်တံဆိပ်ပြားပေါ်ရှိ သွေးနီရောင် အလင်းတန်းများလည်း ပိုမို၍ တောက်ပလာသည်။
မကြာမီ တောင်ကြားတစ်ခုလုံး သွေးရောင်အလင်းအောက် နစ်မြုပ်သွားခဲ့ရသည်။ တချိန်တည်းမှာပင်၊ တောင်ကြားအတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးကဲ့သို့ ဖြစ်လာခဲ့ပြီး၊ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာသည်။
ချက်ချင်းပင် အနက်ရောင် အစီအရင်စွမ်းအင်အလွှာတစ်ခု မြေကြီးထဲမှ ထွက်ပေါ်လာပြီး၊ တောင်ကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထိုအစီအရင်စွမ်းအင်မှာ အရပ်မျက်နှာအနှံ့သို့ အလင်းအလျင်နီးပါး လျင်မြန်စွာ ချဲ့ထွင်ဖုံးလွှမ်းသွားသည်။ အသက်တစ်ရှိုက်စာအချိန်အတွင်း မိုင်တစ်ရာခန့် ကျယ်ဝန်းလှသော နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
ရှင်းယီရွှမ်းနှင့် ကျင်းလေ့တို့၏ တိုက်ပွဲမှ ထွက်ပေါ်လာခဲ့သည့် နောက်ဆက်တွဲ ရိုက်ခတ်မှုလှိုင်းများကြောင့်၊ တောင်ကြားအတွင်းရှိ ထူးခြားလှသော ဖြစ်စဉ်များနှင့် ချဲ့ထွင်လာနေသော အစီအရင်စွမ်းအင်လှိုင်းကို တိုက်ပွဲအနီးတဝိုက်ရှိလူများ အာရုံမစိုက်မိခဲ့ချေ။
ထွက်ပြေးရန် ကြံနေသော စုန့်ဝမ်လည်း အနက်ရောင် အစီအရင်စွမ်းအင်လွှာကြီး သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ဘေးပတ်ဝန်းကျင်ဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို ကြောင်အစွာ ကြည့်နေမိသည်။ သူ့နှလုံးသားမှာ မွန်းကြပ်သွားသလို ခံစားလိုက်ရပြီး နားလည်ရခက်လှသည့် တုန်လှုပ်ချောက်ချားမှုတစ်ခုလည်း စိတ်ထဲတွင် အလိုလို ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်အတွင်းပိုင်းကို အလျင်အမြန် စစ်ဆေးကြည့်သော်လည်း၊ ပုံမှန်မဟုတ်သော အခြေအနေ တစ်ခုတလေကိုမျှ ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ သို့သော်လည်း၊ စိတ်မသက်မသာဖြစ်မှု ပျောက်ကွယ်သွားခြင်းမရှိဘဲ၊ ကြီးမားသော ဘေးအန္တရာယ်တစ်ခု နီးကပ်လာသည့်အလား ခံစားမိနေသည်။
စုန့်ဝမ်လည်း ထပ်မံ၍ တုံ့ဆိုင်းမနေရဲတော့ဘဲ ဤနယ်မြေတွင်းမှ လျင်မြန်စွာ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားလိုက်တော့သည်။
ရတနာ့အထွတ်အထိပ်တောင်ပေါ်ရှိ လူအားလုံးမှာလည်း စွမ်းအင်လှိုင်းကြီးတစ်ခု ၎င်းတို့၏ ခန္ဓာကိုယ်များအား ဖြတ်သန်းသွားခဲ့တာကို ရှင်းလင်းစွာ ခံစားမိလိုက်ကြသည်။ ဝတ်စုံပြာဝတ်အဖိုးအိုမှလွဲ၍ ကျန်ရှိနေသည့် လူတိုင်း၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာများ ထွက်ပေါ်လာသည်။
ဝတ်စုံပြာဝတ်အဖိုးအိုက စွမ်းအင်လှိုင်း အစပြုရာ ထိုတောင်ကြားဆီသို့ စိုက်ကြည့်ရင်း သူ့မျက်နှာတွင် အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
.....
ထွက်ပြးနေသော စုန့်ဝမ်မှာ မိုင်ငါးဆယ်ကျော်ခန့် ခရီးပေါက်ချိန်တွင် ဆန်းကြယ်လှသော အနက်ရောင် အစီအရင်အတားအဆီးတစ်ခု သူ့လမ်းကြောင်းကို ပိတ်ဆို့ထားသဖြင့် အရှိန်သတ်လိုက်ရသည်။
စမ်းသပ်ရန်အတွက် ဝိညာဉ်စွမ်းအင် သုံးပြီး အနီးနားရှိ ကျောက်တုံးကြီးတစ်တုံး မြှောက်ယူကာ အတားအဆီးဆီ အားကုန်ပစ်လွှတ်လိုက်သည်။ ကျောက်တုံးနှင့် အတားအဆီး ထိမိလုနီးပါး အခိုက်အတန့်တွင် အစီအရင် အတားအဆီးအလွှာမှ အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်၏ အောက်တွင်၊ ကျောက်ခဲသည် ရေတွက်၍ မရနိုင်သော သေးငယ်သည့် အပိုင်းအစများအဖြစ် အပိုင်းပိုင်း ကွဲအက်သွားခဲ့ရပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။
စုန့်ဝမ် အနည်းငယ် အံ့ဩသွားသည်။ ဤအစီအရင်မှာ တုံ့ပြန်တိုက်ခိုက်မှုစွမ်းရည် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ဤအစီအရင်အတွင်းမှ ဖောက်ထွက်ရမည့်နည်းလမ်း တွေးတောရှာဖွေနေစဉ်မှာပင်၊ စွမ်းအင်လှိုင်းတစ်ခု ထပ်မံထွက်ပေါ်လာပြီး အတွင်းပိုင်းရှိ နေရာတစ်ခုလုံးကို မှောင်မိုက်သွားစေသည်။ ယခုတစ်ကြိမ်တွင် မည်သည့် အလင်းရောင်ကိုမျှ မြင်တွေ့နိုင်ခြင်း မရှိတော့ချေ။
စုန့်ဝမ်လည်း မိမိကိုယ်ကို ကာကွယ်ရန် စိတ်ကူးလိုက်သော်လည်း ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး၊ ခေါင်းထဲတွင် ထိန်းမရလောင်အောင် မူးဝေသွားသည်။ ထို့နောက်တွင်တော့ ဖုံးအုပ်နေသော အမှောင်ထုကြီးပါ ပုံပျက်ပြီး မှုန်ဝါးသွားခဲ့တော့သည်။
"သောက်ကျိုးနည်း… နေရာရွေ့ပြောင်းအစီအရင်ပဲ"
ထိုခံစားချက်က ထျန်းယွင်တိုက်ကြီးမှ ဝိညာဥ်မြူခိုးနယ်မြေဆီ နေရာရွေ့ပြောင်းအစီအရင်ဖြင့် ထွက်ပြေးခဲ့သည်ကို ပြန်အမှတ်ရမိသွားစေသည်။
ချက်ချင်းဆိုသလို ကိုယ်အလေးချိန်မဲ့နေသကဲ့သို့ ခံစားချက်မှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ရင်ပြင်တစ်ခုကဲ့သို့ နေရာမျိုးတွင် ရောက်ရှိနေကြောင်း စုန့်ဝမ် သတိပြုမိလိုက်သည်။ ထိုရင်ပြင်တစ်ခုလုံးကို မြူထုကြီးက ဖုံးလွှမ်းထားသဖြင့် မည်သည့်အရာကိုမျှ ရေရေရောရာ မမြင်တွေ့ရပေ။ ထိုမြူထုမှာ မြူခိုးဝိညာဉ်နယ်မြေမှ တစ္ဆေမြူများ ဖြစ်နေကြောင်း စုန့်ဝမ် ချက်ချင်း သိလိုက်သည်။
ရင်ပြင်အတွင်းရှိ မြူထုမှာ ထူထပ်ခြင်းမရှိသော်လည်း၊ မော့ကြည့်လိုက်သောအခါ အထက်သို့ ရောက်ရှိသွားလေလေ မြူထုမှာ ပိုမို၍ ထူထပ်လာလေလေ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။ ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်မှုမှာ မြေပြင်တွင် နှစ်မိုင်ခန့်အထိ ရောက်ရှိနိုင်သော်လည်း၊ အထက်ကောင်းကင်ယံသို့ စမ်းသပ်ကြည့်သောအခါ တစ်မိုင်ခန့်အထိသာ အာရုံခံနိုင်သည်။
ရင်ပြင်နှင့် ခပ်လှမ်းလှမ်း တစ္ဆေမြူထုအတွင်း၌ တောင်ကုန်းတစ်ခု ရှိနေခဲ့သည်။ ရင်ပြင်အတွင်းတွင် လူဒါဇင်ပေါင်းများစွာလည်း ရှိနေကြသည်။ စုန့်ဝမ်နှင့် ဆယ်ပေခန့်အကွာတွင် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသည်။
ထိုအမျိုးသမီးမှာ အသက်နှစ်ဆယ်ဝန်းကျင်ခန့် ရှိပုံရပြီး အခြေတည်အဆင့် စဦးပိုင်းတွင် ရှိသည်။ သူမ၏ နုနယ်လှပသော မျက်နှာပေါ်တွင် စိုးရိမ်ထိတ်လန့်မှုများ ထင်ဟပ်လာပြီး တတွတ်တွတ် ရေရွတ်နေသည်။
"ဒါ ဘယ်နေရာလဲ။ ဘယ်လိုလုပ်ရောက်လာခဲ့တာလဲ"
"ဒီမြူတွေက ဘာလဲ၊ ဘာဖြစ်လို့ ငါ့ခန္ဓာကိုယ်ထဲ စီးဝင်နေရတာလဲ"
တစ္ဆေမြူများ သူမခန္ဓာကိုယ်အတွင်း ဝင်ရောက်လာခဲ့သည်နှင့်အမျှ၊ ထိုအမျိုးသမီးကျင့်ကြံသူ၏ မျက်နှာမှာ နာကျင်မှုကြောင့် တဖြည်းဖြည်း ပျက်ယွင်းလာသည်။
သူမက စုန့်ဝမ်ကို အားကိုးတကြီး ကြည့်ရင်း "စီနီယာ... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါဦး... ကူညီပေးပါ..."ဟု တုန်ယင်သောအသံဖြင့် အကူအညီ တောင်းလာသည်။ စုန့်ဝမ်အနီး တိုးလာရန် ကြိုးစားသော်လည်း ခြေအစုံက မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ခွေကျသွားခဲ့ရတော့သည်။
စုန့်ဝမ်ကို မော့ကြည့်နေသော သူမ၏ မျက်ဝန်းအစုံတွင် အသက်ရှင်သန်လိုသည့် ဆန္ဒများဖြင့် ပြည့်နှက်နေသော်လည်း စုန့်ဝမ်က လျစ်လျူရှုထားလိုက်သည်။ တစ္ဆေမြူဟူသည် ဟာသမဟုတ်၊ မလုံလောက်သော ကျင့်ကြံမှုအဆင့်လေးဖြင့် စပ်စုချင်သူများမှာ သေလမ်းရှာခြင်းသာ ဖြစ်လိမ့်မည်။
"ဒါ ဘာနေရာလဲ" ဟု ရှင်းလီယန်လည်း တုန်လှုပ်နေသည့် လေသံဖြင့် ရေရွတ်လိုက်မိသည်။
သူ့ဘေးတွင် မတ်တပ်ရပ်နေသူမှာ ရှင်းယီရွှမ်း ဖြစ်သော်လည်း နှစ်ဦးသား တိုက်ခိုက်ရန် စိတ်ကူးမရှိကြတော့ပေ။
ရှင်းယီရွှမ်းမှာ မြူခိုးဝိညာဉ်နယ်မြေ၏ အစွန်အဖျားတွင် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ဝိညာဉ်မြေခွေးတစ်ကောင်ကို ဖမ်းဆီးခဲ့ဖူးသဖြင့် တစ္ဆေမြူထုအကြောင်း အတော်အသင့် သိထားသည်။ တစ္ဆေမြူကို မည်သို့ ကာကွယ်ရမည်ကိုပါ အထိုက်အလျောက် သိရှိထားသည်။ ချက်ချင်းပင် သူမ၏ ရင်ဘတ်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးဆီမှ ဖျော့တော့တော့ အလင်းတစ်ခု ထွက်ပေါ်လာပြီး တစ္ဆေမြူ၏ တိုက်စားမှုများကို တောင့်ခံနိုင်ရန်အတွက် ကူညီပေးနေခဲ့သည်။
ရှင်းလီယန်လည်း ချက်ချင်းပင် သတိဝင်လာပြီး ရွှေရောင်ဒိုင်းကာတစ်ခုကို အသက်သွင်းလိုက်သည်။ ဤကဲ့သို့သော ဒိုင်းကာမျိုးသည် တစ္ဆေမြူကို အတိုင်းအတာတစ်ခုထိ ခုခံကာကွယ်နိုင်ပြီး၊ စုန့်ဝမ်အနေဖြင့် ယခင်က ဤကဲ့သို့သော အရာမျိုးကို မြင်တွေ့ခဲ့ဖူးသည်။ ဝိညာဉ်နန်းတော်တွင် ထိုက်ဟော်လည်း ဤနည်းစနစ်မျိုး အသုံးပြုခဲ့ဖူးသည်။ ထျန်းယွမ်တိုက်ကြီးရှိ ကျင့်ကြံသူများသည် မြူခိုးဝိညာဉ်နယ်မြေအကြောင်းကို အနည်းငယ်မျှသာ သိရှိထားကြပြီး၊ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူဖြစ်သည့် ထိုက်ဟော်ပင်လျှင် ထိုမြူထု၏ အရှေ့တွင် အားကိုးရာမဲ့ ဖြစ်ခဲ့ရသည်။
သို့သော်လည်း၊ အဆုံးမဲ့ပင်လယ်၌မူ လုံးဝဥဿုံ ကွဲပြားခြားနားနေခဲ့သည်။ အဆုံးမဲ့ပင်လယ်သည် မြူခိုးဝိညာဉ်နယ်မြေနှင့် နီးကပ်စွာ တည်ရှိနေသဖြင့် ကျင့်ကြံသူများမှာ တစ္ဆေမြူအား ကာကွယ်ရမည့် နည်းလမ်းများကို အနည်းနှင့်အများ သိရှိထားကြပုံရသည်။
ရင်ပြင်အတွင်းရှိ ကျင့်ကြံသူများမှာ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်လိုက်ကြပြီး၊ တစ်ဦးချင်းစီမှာ တစ္ဆေမြူထုကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုနေခဲ့ကြသည်။
ပေစောင်းစောင်းနှင့် ရန်စောင်နေကြသော ရှင်းလီယန်နှင့် ရှင်းယီရွှမ်းတို့ ဘေးတွင် လူနှစ်ယောက် ရုတ်တရက် ထွက်ပေါ်လာပြီး "ငြိမ်ငြိမ်နေကြစမ်း၊ ဒါက ရှေးဟောင်းလျှို့ဝှက်နယ်မြေဖြစ်တဲ့ မင်ရှန်တောင်ပဲ" ဟု တစ်ဦးက ဆိုလိုက်သည်။
စကားပြောဆိုသူကို မြင်လိုက်ရသောအခါ၊ ရှင်းလီယန် အလွန်အမင်း ဝမ်းသာသွားသည်။
"အဖေ... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ဖခင်ဖြစ်သူကို မေးမြန်းရင်း အခြားတစ်ဦးကို ရှင်းလီယန် သတိပြုမိလိုက်ပြီး ဦးညွှတ် အရိုအသေပြုလိုက်သည်။
"ရှင်းလီယန်၊ ဘိုးဘေးဝမ်ယောင်ကို အရိုအသေပြုပါတယ်"
ယခုအခါ ရှင်းမိသားစု၏ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ သုံးဦးထဲမှ နှစ်ဦးမှာ ဤနေရာတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။
ရှင်းကောင်းဟန်က "ဒီလျှို့ဝှက်နယ်မြေကို ငါနဲ့ ဝမ်ယောင် ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တာ" ဟု ဆိုသည်။
ရှင်းလီယန် မျက်နှာပျက်သွားသည်။ သူတို့ ရတနာ့အထွတ်အထိပ်တောင်ပေါ်တွင် ရှိနေစဥ် ရွေ့ပြောင်းအစီအရင်တစ်ခု တောင်ကြားတစ်ခုအတွင်းမှ ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ထိုတောင်ကြားသည် ရတနာ့အထွတ်အထိပ်တောင်နှင့် အကွာအဝေးအားဖြင့် မိုင်နှစ်ဆယ်ပင် မပြည့်ခဲ့ချေ။ ဤအကွာအဝေးမှာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဥ်အာရုံ ဖြန့်ကြတ်နိုင်စွမ်း အတိုင်းအတာအတွင်း၌သာ ရှိနေခဲ့သည်။ သို့ဆိုလျှင် ဖခင်ဖြစ်သူအပြင် ဘိုးဘေးရှင်းဝမ်ယောင်ပါ ရတနာအထွတ်အထိပ်တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အပြည့်အဝ သိထားကြပြီးဖြစ်ကြောင်း နားလည်သွားသည်။
ရှင်းလီယန် လုံးဝစိတ်ဓာတ်ကျသွားသည်။ သူနှင့် ကျင်းမိသားစုကြားမှ အပေးအယူများကိုလည်း အပြည့်အဝ သိရှိသွားမည်မှာ မလွဲဧကန်ပင်။
……….