ရှင်းမိသားစု၏ လျှို့ဝှက်ချက်
Vol. 30 Ch. 308
ရှင်းကောင်းဟန်ကလည်း သားဖြစ်သူ၏ အတွေးများကို ရိပ်စားမိသွားပြီး မျက်နှာမှာ အေးစက်ခက်ထန်လာသည်။
"မင်းရဲ့ မိုက်မဲတဲ့ အပြုအမူတွေကို ဒီတာဝန် ပြီးဆုံးသွားတဲ့ အခါကျမှ ရှင်းကြတာပေါ့"
ရှင်းလီယန်၏ မျက်နှာမှာ သွေးမရှိသကဲ့သို့ ဖြူဖျော့သွားပြီး "အဖေ... ကျွန်တော် မှားသွားမှန်း သိပါပြီ။ လောဘကြောင့် မိသားစုရဲ့ လျှို့ဝှက်ချက်ကို ပေါက်ကြားစေခဲ့ပြီး အဖေ့ကို အရှက်ရစေခဲ့ပါတယ်"ဟု တောင်းပန်စကားဆိုသည်။
ရှင်းကောင်းဟန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
"ငတုံး… မင်းရဲ့ အမှားက ဝိညာဥ်ထိုးဖောက်နည်းစနစ်ကို ပေါက်ကြားစေတာ မဟုတ်ဘူး။ ဒါကို မဖုံးကွယ်နိုင်တာမှ အပြစ်ကွ။ ကျင့်ကြံသူဆိုတာ ကျင့်ကြံမှု အောင်မြင်ဖို့ ဘယ်နည်းလမ်းကိုမဆို အသုံးပြုရမှာပဲ။ မိသားစု အကျိုးစီးပွား နည်းနည်းလောက် စွန့်လွှတ်လိုက်ရတာက ဘာများ အရေးကြီးလို့လဲ။ မင်းနဲ့ မင်းအမေတို့ လျှို့ဝှက်ကြံစည်တည်းက သတင်းပေါက်ကြားနေပြီ။ ဒီလောက် ပေါ့ဆရလားကွ"
ရှင်းလီယန် ပါးစပ်အဟောင်းသားဖြင့် သူ့အဖေကို ငေးကြည့်နေမိသည်။ ရှင်းကောင်းဟန်က သူ့ကို စိတ်ပျက်ဟန်ဖြင့် ပြန်ကြည့်ရင်း ဆက်ဆုံးမနေသည်။
"ဒါပေမဲ့လည်း... ဒါက အဆင်ပြေသွားပါတယ်။ ငါက ရှင်းဝမ်ယောင်ကို ဒီကိစ္စရပ်တွေကို ရှင်းယီရွှမ်းဆီ ထုတ်ပြောခိုင်းပြီး၊ မင်းတို့နှစ်ယောက်ကို ကောင်းကင်ဝိညာဉ်ဆေးလုံးအတွက် ယှဉ်ပြိုင်ခိုင်းခဲ့တာ။ ဒါက လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့ကိစ္စကို တခြားသူတွေ သတိမထားမိအောင် အာရုံလွှဲပေးဖို့အတွက်လည်း ပါတယ်"
အကြီးအကဲရှင်းဝမ်ယောင်က ရှင်းကောင်းဟန်စကားကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံနေသည်။ ရှင်းလီယန်၏ သစ္စာမဲ့မှုကို ဖော်ထုတ်နိုင်ပြီအထင်ဖြင့် ဝမ်းသာနေသော ရှင်းယီရွှမ်းမှာလည်း အကြီးအကဲများ၏ သဘောထားကို အံအားသင့်နေသည်။
ကျင့်ကြံမှု တိုးတက်ဖို့အတွက် မလုပ်သင့်တာ လုပ်ခြင်းသည် အပြစ်မဟုတ်၊ လူသိသွားခြင်းကသာ အပြစ်ဖြစ်သည်။
ရှင်းကောင်းဟန်က အသံကို မြှင့်ပြီး ဆက်ပြောလာသည်။
"မင်ရှန်တောင် လျှို့ဝှက်နယ်မြေက နှစ်ပေါင်းသုံးရာမှာ တစ်ကြိမ်သာ ပွင့်တယ်။ ဒါဟာ ငါတို့ ရှင်းမိသားစုအနေနဲ့ ဝင်ရောက်ခွင့်ရတာ ဆယ့်သုံးကြိမ်မြောက် ရှိခဲ့ပြီ။ ဝိညာဥ်ထိုးဖောက်နည်းစနစ်ကလည်း ဒီနေရာက ရခဲ့တာပဲ။ မင်ရှန်တောင် လျှို့ဝှက်နယ်မြေ တည်ရှိနေတာ မိသားစုရဲ့ လျှို့ဝှက်ချက်ပဲ။ ဒါပေမဲ့... အက်ကြောင်းမရှိတဲ့ နံရံဆိုတာတော့ မရှိဘူးပေါ့လေ"
ပြောနေရင်း ရှင်းကောင်းဟန်အကြည့်က ရင်ပြင်၏ ထောင့်တစ်ခုဆီသို့ ရောက်သွားပြီး "ဟုတ်တယ်မလား... ကျင်းမိသားစုရဲ့ ဘိုးဘေးကျင်းဝူမင်"ဟု မေးလိုက်သည်။
ကျင်းလေ့နောက်တွင် ရပ်နေခဲ့သည့် ဝတ်စုံပြာဝတ် အဖိုးအိုက ရှေ့ထွက်လာပြီး “ဟား.. ဟား... အစ်ကိုရှင်းရဲ့ မျက်စိအောက်ကနေ လွတ်မြောက်ဖို့က တယ်ခက်တာပဲ။ တကယ်ကို အကွက်စေ့လှပါတယ်။ ကြီးကျယ်လှတဲ့ မှော်အတတ်ပညာပွဲတော်ကို ကျင်းပပြီး ရည်ရွယ်ချက်နှစ်ခုကို တပြိုင်နက်တည်း အောင်မြင်အောင် လုပ်နိုင်တာ တော်ပါပေတယ်။ ဝိညာဉ်ဆေးလုံးတွေကို ဖော်စပ်နိုင်တယ်။ ပြီးတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်ရဲ့ တိုက်ပွဲကို ဖန်တီးပြီး လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တာက ထွက်ပေါ်လာတဲ့ လှုပ်ခတ်မှုတွေကို ဖုံးကွယ်ခဲ့တာပဲ"
"ကျင်းဝူမင်... ဒါတောင် မင်းက ဒီလျှို့ဝှက်နယ်မြေထဲကို တစ်ယောက်တည်း ဝင်လာရဲတယ်ပေါ့လေ၊ ငါနဲ့ ဝမ်ယောင်တို့ ပူးပေါင်းပြီး မင်းကို အပြတ်ရှင်းပစ်မှာ မကြောက်ဘူးလား။ ဒါမှမဟုတ် မင်းတစ်ယောက်တည်းနဲ့ ငါတို့နှစ်ယောက်စလုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ထင်နေတာလား"
ကျင်းဝူမင်က စိုးရိမ်ဟန်မရှိ တည်ငြိမ်နေခဲ့သည်။
"ငါက တစ်ယောက်တည်းပါ၊ ငါ့အနေနဲ့ မင်းတို့နှစ်ယောက်ကို တပြိုင်တည်း ယှဉ်ပြိုင်နိုင်စွမ်းမရှိတာတော့ သေချာတယ်။ ဒါပေမဲ့... ဒီလျှို့ဝှက်နယ်မြေထဲမှာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ သုံးယောက်ပဲ ရှိနေတာလို့ ဘယ်သူက ပြောလဲ"
ရှင်းကောင်းဟန် မျက်မှော်ကြုတ်ပြီး ဝိညာဥ်အာရုံကို ရင်ပြင်တစ်ခုလုံးဆီ ဖြန့်ကြက်စစ်ဆေးလိုက်သည်။
"ဒီနေရာမှာ ဝိညာဥ်သန္ဓေကျင့်ကြံသူတွေ ရှိနေသေးတာလား"
ကျင်းဝူမင်က အသံကို မြှင့်ပြီး "ယင်ရှို့... ပုန်းမနေနဲ့၊ ထွက်ခဲ့တော့" ဟု ဆိုလိုက်သည်။
ချက်ချင်းပင် အထက်ကောင်းကင်ယံဆီမှ "ဟားဟား.. ကျင်းမိသားစုဘိုးဘေးက ဒီလောက်အထိ ဖိတ်ခေါ်နေမှတော့ ငါလည်း ကိုယ်ထင်ပြရတာပေါ့" ဟု စက်ဆုပ်ဖွယ် အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ဆင်းသက်လာသည်။
ရောက်ရှိလာသူ၏ မျက်နှာမှာ ညိုမည်းပြီး စိမ်းဖန့်ဖန့်ဖြစ်နေကာ သွေးရောင်ဟူ၍ လုံးဝမရှိဘဲ အလောင်းကောင်နှင့်သာ တူလှသည်။ ကျုံ့ဝင်နေသော မျက်တွင်းအစုံမှာ သွေးနီရောင် အလင်းများ လင်းလက်နေပြီး တောက်လောင်နေသည့် ဝိညာဉ်မီးလျှံများ အလားပင်။ ခန္ဓာကိုယ်မှာလည်း ခြောက်သွေ့နေပြီး၊ အသက်ဇီဝ အရိပ်အယောင် မရှိဘဲ ဆွေးမြည့်နေသည့် ဖုတ်ကောင်နှင့် မခြားပေ။
ထိုသူကို မြင်သောအခါ ရှင်းကောင်းဟန်၏ မျက်နှာမှာ အေးစက်သွားပြီး သတ်ဖြတ်လိုစိတ်အော်ရာများ ဖုံးလွှမ်းလာသည်။
"အယုတ်တမာကောင်ယင်ရှို့... မင်း ဘာဖြစ်လို့ ရောက်နေရတာလဲ။ ကျင်းဝူမင်… မင်းက မင်ရှန်တောင် လျှို့ဝှက်နယ်မြေအကြောင်း ယင်ရှို့ကို ပြောခဲ့တာလား"
ကျင်းဝူမင်က "အစ်ကိုရှင်း... မင်း ငါ့အပေါ် အထင်လွဲနေပြီ။ ငါက လျှို့ဝှက်နယ်မြေ မဖွင့်ခင် ဒီနားမှာ ယင်ရှို့ ပုန်းနေတာကို သတိပြုမိရုံပါ" ဟု ခပ်တည်တည် ပြောလိုက်သည်။
ရှင်းကောင်ဟန်က ယင်ရှို့ကို မီးဝင်းဝင်းတောက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"ယင်ရှို့... မင်းက ငါ့သမီးကို မပြည့်စုံတဲ့ နတ်ဆိုးကျင့်စဥ်တွေ လေ့လာဖို့ လှုံ့ဆော်ခဲ့တယ်၊ သူ့ကို ဖုတ်ကောင်အသွင်ပြောင်းတာရဲ့ နာကျင်မှုတွေကို ခံစားစေခဲ့တယ်၊ သူ သေဆုံးသွားတာ မင်းပယောဂ မကင်းဘူးမလား။ ဒါတောင်မှ... မင်းက ငါ့ရှေ့မှာ မျက်နှာပြရဲသေးတယ်ပေါ့လေ"
ယင်ရှို့လည်း အံ့ဩသွားသည်။
"ဘာပြောတယ်။ ရှင်းရွယ်ရွယ် သေသွားပြီ၊ ဟုတ်လား။ နှမြောစရာကောင်းတာပဲ။ သူ နတ်ဆိုးကျင့်စဥ်တွေကို လေ့လာချင်လာအောင် ငါ့မှာ အရင်းအနှီးတွေ အများကြီး စိုက်ထုတ်ခဲ့ရတာ"
"သူ့ကို သတ်ခဲ့တာ မင်းမဟုတ်ဘူးလား"
ယင်ရှို့က တည်ငြိမ်စွာပင် ခေါင်းယမ်းပြသည်။ ဝူကျိကျွန်း၏ နတ်ဆိုးအရှင်သခင်တစ်ဦးအနေဖြင့်၊ သူ့တွင် ဂုဏ်သိက္ခာနှင့် မာနတော့ ရှိသည်။
"ငါက ဝူကျိကျွန်းရဲ့ အရှင်သခင်တစ်ယောက်ပဲ။ မင်းကို လှည့်စားဖို့အတွက် ဒီလိုမျိုး သေးသိမ်တဲ့ လှည့်ကွက်တွေကို ဘာဖြစ်လို့ သုံးရမှာလဲ"
"ဒါဆိုရင် မင်းက သူ့ကို ဘာဖြစ်လို့ နတ်ဆိုးကျင့်စဥ်တွေ လေ့လာဖို့ ဆွဲဆောင်ခဲ့ရတာလဲ"
"ဒါက အဲဒီကလေးမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ထူးခြားနေလို့ပဲ။ သူ့ခန္ဓာကိုယ်က အလောင်းချီတွေကို စုဆောင်းဖို့အတွက် အကောင်းဆုံးသော အမျိုးအစား ဖြစ်နေခဲ့လို့ပဲ။ ကံမကောင်းစွာနဲ့ပဲ... စောစောစီးစီး သေဆုံးသွားခဲ့ရတာ၊ မသေရင် အများကြီး အလားအလာ ရှိတယ်"
"မင်းက ငါ့သမီးကို အလောင်းစွမ်းအင်တွေ စုဆောင်းဖို့ အသုံးပြုခဲ့တာပေါ့လေ"
"အာ... ကျင့်ကြံဖို့ လမ်းညွှန်တာပါကွ။ မင်းက ဘာဖြစ်လို့ ဒီလောက်အထိ ဒေါသထွက်နေရတာလဲ။ မင်းက ဝိညာဥ်သန္ဓေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ မင်းအနေနဲ့ မျိုးဆက်လေး တစ်ယောက်တစ်လေအပါ် အမှန်တကယ် ဂရုစိုက်နေမှာမို့လို့လား" ဟု ယင်ရှို့က ဘာမဟုတ်သည့်ကိစ္စလို ပြောလာသည်။
ယင်းကို ကြားလိုက်ရသောအခါ၊ ရှင်းကောင်းဟန် တိုက်ခိုက်လိုစိတ် ပေါက်သွားသော်လည်း ဤနေရာ၌ တိုက်ပွဲတစ်ခုကို မဖန်တီးချင်သေးသဖြင့် ဒေါသကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။
"ဒါဆိုရင်... မင်းက မင်ရှန်တောင် လျှို့ဝှက်နယ်မြေ တည်ရှိနေတာကို ဘယ်လို သိခဲ့တာလဲ"
"လျှို့ဝှက်နယ်မြေဆိုတာ ရှေးဟောင်းအကြွင်းအကျန်ပဲ။ ကံပါတဲ့ လူတွေက ဝင်ရောက်ခွင့် ရတာ ဘာဆန်းလို့လဲ"
ယင်ရှို့က ပြောနေရင်း ရှင်းဝမ်ယောင်ဆီ တစ်ချက် လှမ်းကြည့်လိုက်သည်။
သို့သော်လည်း၊ ဤသေးငယ်လှသော လှုပ်ရှားမှုမှာ ရှင်းကောင်းဟန်၏ စူးရှလှသော မျက်ဝန်းများမှ လွတ်မြောက်သွားခြင်း မရှိခဲ့ပေ။
ယင်ရှို့၏ မျက်ဝန်းအစုံတွင် အေးစက်လှသည့် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"ဒါနဲ့… ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်လာခဲ့ကြတာ ငါနဲ့ ကျင်းမိသားစုရဲ့ ဘိုးဘေးတင်မကဘူးနော်"
ရှင်းကောင်းဟန် မျက်မှောင်ကြုတ်လိုက်ပြီး "မင်း ဘာကို ဆိုလိုတာလဲ" ဟု မေးလိုက်သည်။
ယင်ရှို့၏ ပေါ့ပျက်ပျက်အသွင် ပျောက်သွားပြီး တည်ကြည်လေးနက်သည့်ဟန် ပေါ်လာသည်။
"ငါ ကောင်းကင်ယံမှာ ခိုနေချိန်ကက... ပုံမှန်မဟုတ်တဲ့ အရာနှစ်ခုကို သတိပြုမိခဲ့တယ်။ တစ်ဦးက အော်ရာကို ကွယ်ဝှက်လွန်းတာကြောင့်၊ဟသူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်ခဲ့ဘူး။ နောက်တစ်ခုက ပိုပြီး ဆန်းကြယ်တယ်။ သူက အရပ် ၇ ပေလောက် မြင့်ပြီး ခေါင်းကနေ ခြေအထိ ဝတ်ရုံကြီး ခြုံထားတယ်၊ ပြီးတော့ သူ့ရဲ့ အသက်ဇီဝ အော်ရာကိုလည်း အပြည့်အဝ ဖုံးကွယ်ထားတယ်။ ငါ သံသယဖြစ်မိတာက သူတို့တွေက လူသားတွေ မဟုတ်နိုင်ဘူး"
ရှင်းကောင်းဟန် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရှင်းဝမ်ယောင်ကို လှည့်ကြည့်ရင်း "မိစ္ဆာတွေပဲ၊ မကောင်းတော့ဘူး။ တောင်ထိပ်ပေါ်မှာ တစ်ခုခု ရှိနေသလို အမြန်တက်ကြစို့" ဟု ဆိုလိုက်သည်။ စကားဆုံးသည်နှင့် လျင်မြန်စွာ ပြေးတက်သွားသည်။
ရှင်းဝမ်ယောင်က လိုက်သွားမည့်ဟန် ပြင်ပြီးခါမှ ရပ်လိုက်ပြီး ရှင်းလီယန်နှင့် ရှင်းယီရွှမ်းကို မှာကြားလိုက်သည်။
"ဒီလျှို့ဝှက်နယ်မြေ တစ်ခုလုံးမှာ တစ္ဆေမြူတွေ ထူထပ်တယ်၊ အထက်ကို မြင့်မြင့်တက်လေ ပိုထူထပ်လေပဲ။ အထက်ကောင်းကင်ယံမှာ အငြိုးကြီးဝိညာဉ်ဆိုးတွေ ရှိတယ်။ မင်းတို့တွေ ပေါ့ပေါ့ဆဆနဲ့ အထက်ကို တက်တာ၊ လေထဲ ပျံသန်းတာမျိုး လုံးဝမလုပ်ကြနဲ့။ ဒီတောင်ခြေမှာ ရှေးဟောင်းအပျက်အစီးတွေ ရှိတယ်။ အဲဒါပဲ ရှာကြ။ ဒီလျှို့ဝှက်နယ်မြေက တစ်နှစ်တိတိ ပွင့်နေမယ်။ အချိန်ပြည့်သွားရင် အသက်ရှင်ကျန်ရစ်နေသူတွေကို ကနဦး ဝင်ရောက်လာခဲ့တဲ့နေရာဆီ အလိုအလျောက် ပြန်ပို့ပေးလိမ့်မယ်။ သတိထားပြီး လှုပ်ရှားကြပါ၊ ဘေးကင်းလုံခြုံရေးက ပထမဦးစားပေးပဲ။ အချင်းချင်းလည်း သတ်မနေကြနဲ့ဦး"
မှာစရာရှိတာ မှာကြားပြီးနောက်၊ ရှင်းဝမ်ယောင်သည်လည်း မြင့်မားလှသော တောင်ကြီးဆီသို့ ဦးတည်လျက် ထွက်ခွာသွားတော့သည်။
ယင်ရှို့နှင့် ကျင်းဝူမင်တို့သည်လည်း အကြည့်ချင်း ဖလှယ်ပြီးနောက်၊ တောင်ကြီးဆီသို့ ထွက်ခွာသွားကြသည်။ မထွက်ခွာမီ၊ ကျင်းဝူမင်က ကျင်းလေ့ကို တောင်ခြေတွင်သာ သတိဖြင့်နေရန် မှာကြားခဲ့သည်။
……..