ပြေးထား စုန့်ဝမ်ရေ..
Vol. 30 Ch. 309
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးစလုံး ထွက်ခွာသွားပြီးနောက်၊ ရင်ပြင်အတွင်း၌ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသာ ကျန်ရှိတော့သည်။ အစီအရင် လွှမ်းခြုံနယ်မြေအတွင်း ရောက်ရှိနေပြီး ဆွဲသွင်းခံရသော ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများမူ ရောက်ရှိပြီး မကြာမီမှာပင် တစ္ဆေမြူထု၏ တိုက်စားမှုဒဏ်ကို မခံနိုင်ကြတော့ဘဲ၊ သေဆုံးပြီး အငြိုးကြီးဝိညာဉ်များအဖြစ် ပြောင်းလဲကုန်ကြသည်။
ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ အုပ်စုသုံးစု ကွဲပြားသွားသည်။ အုပ်စုတစ်ခုမှာ ကျင်းလေ့အပါအဝင် ကျင်းမိသားစုမှ လူလေးဦး ဖြစ်ကြသည်။ ရှင်းလီယန်နှင့် ရှင်းယီရွှမ်းတို့ ဦးဆောင်နေသည့် ရှင်းမိသားစုမှ အဖွဲ့ဝင်များက တစ်အုပ်စု ဖြစ်သည်။ တတိယအုပ်စုမှာမူ အလိုအလျောက် ပေါင်းမိသွားသည့် တတိယအဆင့် လေလွင့်ဆေးဖော်စပ်သူ ငါးဦး ဖြစ်ကြသည်။
စုန့်ဝမ်မှာမူ လျှို့ဝှက်နယ်မြေထဲသို့ ရောက်လာခဲ့ပြီးနောက်၊ ကျင့်ကြံခြင်းအဆင့်ကို အခြေတည် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးအဖြစ် ဖုံးကွယ်ထားခဲ့သည်။ အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများမှာ တစ္ဆေမြူထု၏ တိုက်စားမှုဒဏ်အား မခံနိုင်ကြသည်ကို မြင်ရသဖြင့်၊ သူသည်လည်း တစ္ဆေမြူထု၏ တိုက်စားမှုကို ခံနေရသည့်အလား ဟန်ဆောင်လိုက်တော့သည်။ ဝိညာဉ်စွမ်းအား လည်ပတ်ခြင်းကိုပင် ရပ်တန့်ပစ်လိုက်ပြီး၊ တစ္ဆေမြူများကိုပင် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်ခွင့် ပေးလိုက်သည်။
ထိုအရာကပင် စိတ်ဝင်စားဖွယ် တွေ့ရှိမှုတစ်ခုကို ဖန်တီးပေးလာသည်။ အလောင်းကောင်ဘုရင် ပြန်လည်မွေးဖွားခြင်းနည်းစနစ်က တစ္ဆေမြူထုကို ခုခံရာတွင် အလောင်း သွေးသန့်စင်ပညာထက် များစွာ ပိုမို၍ ထိရောက်မှု ရှိနေခဲ့ခြင်း ဖြစ်ပေသည်။ ထိုနည်းစနစ်ကို အပြည့်အဝ မလည်ပတ်သေးဘဲ၊ အသက်သွင်းထားရုံဖြင့်ပင် တစ္ဆေမြူထုသည် မည်သည့် သက်ရောက်မှုမျှ ရှိမနေတော့ပေ။ ရင်ပြင်အတွင်းရှိ တစ္ဆေမြူထုမှာ စုန့်ဝမ်အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ ရှိမနေတော့။
တဖြည်းဖြည်းနှင့်၊ စုန့်ဝမ်သည် သူ့ဟန်ဆောင်မှုများကို ဆက်လက် မထိန်းနိုင်တော့ကြောင်း ရိပ်မိလာသည်။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများသည် တစ္ဆေမြူ၏ လွှမ်းမိုးခြင်းကို အပြည့်အဝ ခံနေကြရပြီး၊ တဖြည်းဖြည်းနှင့် လူတစ်ပိုင်း တစ္ဆေတစ်ပိုင်း မိစ္ဆာကောင်ကြီးများအဖြစ် ပြောင်းလဲလာကြသည်။
စုန့်ဝမ်ဘေးရှိ အခြေတည် စဦးပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူမှာ ခန္ဓာကိုယ်ပင် ပျက်စီးလုမတတ် ဖြစ်လာနေသည်။ နက်မှောင်၊ စေးကပ်သောအရည်များ ခန္ဓာကိုယ်ထဲမှ စီးကျလာပြီး၊ အသားများ ပဲ့ကြွေကျလာသည်။ သူမ၏ သိစိတ်မှာ အပြည့်အဝ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရပြီး၊ ဝိညာဉ်မှာလည်း တွေးခေါ်စဥ်းစားနိုင်စွမ်း ကင်းမဲ့သော အငြိုးကြီးတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားသည်။
အခြားသော အခြေတည်အဆင့် ကျင့်ကြံသူများမှာ သူမလောက် အခြေအနေ မဆိုးသေးသော်လည်း၊ များစွာ ကွာခြားခြင်း မရှိတော့ပေ။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်များမှာလည်း ပြောင်းလဲခြင်းများအား စတင်၍ ခံစားနေကြရပြီ ဖြစ်သည်။
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ လေးဦးလုံး ထွက်ခွာသွားမှပင် စုန့်ဝမ် သက်ပြင်းချနိုင်တော့သည်။ ထိုသူများ မရှိလျှင် သူ့အနေဖြင့် ထွက်ပြေးတိမ်းရှောင်ရန် များစွာ လွယ်ကူသည်။ ရှင်းယီရွှမ်းကဲ့သို့ ရွှေအမြုတေ အထွတ်အထိပ် ကျင့်ကြံသူကို မယှဥ်နိုင်သော်လည်း လွတ်မြောက်အောင် ပြေးနိုင်သည် မဟုတ်ပါလား။ အခြားသူများ သတိမထားမိစေရန် ဖြည်းဖြည်းချင်း လှုပ်ရှားရန် လိုမည်။
ထိုအချိန်တွင် ရှင်းလီယန်တို့မှာလည်း အခြားသူများအား အာရုံမစိုက်နိုင်သေးဘဲ အချင်းချင်း ငြင်းခုံနေကြသည်။
"လီယန်... နင်က ကောင်းကင်ဝိညာဉ်ဆေးလုံး ဖော်စပ်နိုင်ဖို့ နည်းလမ်းမျိုးစုံကို သုံးခဲ့ပေမဲ့၊ အခုတော့ နင်ကိုယ်တိုင် လူပြက် ဖြစ်သွားပြီ" ဟု ရှင်းယီရွှမ်းက လှောင်ပြောင်လိုက်သည်။
ရှင်းလီယန်လည်း ဒေါသထွက်လာပြီး "ယီရွှမ်း... နင်လည်း အကြီးအကဲတွေ လက်ထဲက ရုပ်သေးရုပ် သက်သက်ပဲ။ မင်းက ငါ့ထက် ဘာများ ပိုပြီးတော့ သာလွန်နေလို့လဲ။ အနည်းဆုံးတော့ ငါက ကောင်းကင်ဝိညာဉ်ဆေးလုံး ရခဲ့သေးတယ်။ မင်းကတော့... ဘာမှ မရခဲ့ဘူးမလား" ဟု ခွန်းတုံ့ပြန်လိုက်သည်။
"ကောင်းကင်ဝိညာဉ်ဆေးလုံး ဟုတ်လား။ ဟွန်း... ငါတို့ မိသားစုဆီ ပြန်ရောက်ရင် အဲဒီဆေးလုံးကို ဆက်သိမ်းထားနိုင်ဦးမလားဆိုတာ ကြည့်ရသေးတာပေါ့"
အခြေအနေ တင်းမာလာသဖြင့် ကန်းဟုန်က ကြားထဲမှနေ၍ လျင်မြန်စွာ ဝင်ရောက်စေ့စပ်ပေးသည်။
"သခင်လေးနဲ့ သခင်မလေးရှင်း ... ကျေးဇူးပြုပြီး ငါ့စကားကို နားထောင်ပေးပါဦး။ ငါတို့အနေနဲ့ လက်ရှိအခြေအနေကို အဓိကထားပြီး စဉ်းစားသင့်တယ်။ အခုအချိန်မှာ မိသားစုဝင်တွေ လက်တွဲပြီး ပြင်ပရန်သူတွေကို ရင်ဆိုင်ကြတာ ပိုသင့်တော်မယ် ထင်ပါတယ်”
ကန်းဟုန်ပြောသော ပြင်ပရန်သူများဆိုသည်မှာ လေလွင့်ဆေးဖော်စပ်သူ သုံးဦးနှင့် ကျင်းမိသားစုဝင်များကို ဆိုလိုခြင်း ဖြစ်ပေသည်။
ရှင်းယီရွှမ်းက ရှင်းလီယန်ကို စိုက်ကြည့်ရင်း "ဒီလေလွင့်ဆေးဖော်စပ်သူတွေက အရေးစိုက်စရာ မလိုဘူး။ ကျင်းမိသားစုကမှ တကယ့်ပြဿနာပဲ။ သူတို့ကို နင် ဖိတ်ခေါ်ခဲ့တာဆိုတော့၊ နင်ပဲ ရှင်းလင်းလိုက်" ဟု ဆိုသည်။
ရှင်းလီယန် ပြန်မပြောဆိုနိုင်မီ ကျင်းလေ့က ရှေ့တက်လာခဲ့ပြီး "ငါတို့ ကျင်းမိသားစုအနေနဲ့... မင်းတို့ ရှင်းမိသားစုနဲ့ တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဘိုးဘေးတွေတောင် မတိုက်ခိုက်တာ ငါတို့က ဘာဖြစ်လို့ ရန်မီးပွားရမှာလဲ။ လမ်းခွဲပြီး အခွင့်အရေးတွေ ရှာကြတာပေါ့"
ရှင်းလီယန်က ခေါင်းညိတ်ပြပြီး "ကောင်းပါပြီ... ဦးလေးရဲ့ အကြံပြုချက်အတိုင်းပဲ လုပ်ကြတာပေါ့" ဟု ဆိုလိုက်သည်။
ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူများ၏ လှုပ်ရှားမှုများကို အခြေခံ၍ ခန့်မှန်းကြည့်မည်ဆိုပါက၊ တကယ့် ရတနာအစစ်အမှန်များမှာ တောင်ထိပ်ပေါ်တွင် ရှိနေကြောင်း သိသာလှသည်။ သို့သော်လည်း၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ တောင်ထိပ်သို့ သွားနိုင်စွမ်းမရှိသဖြင့် အခြားနေရာများတွင်သာ ရှာဖွေရမည် ဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်နေကြမည့်အစား၊ ယာယီငြိမ်းချမ်းရေးယူပြီး အခွင့်အလမ်း ရှာဖွေခြင်းကသာ သင့်တော်သည်။
ရှင်းယီရွှမ်းကလည်း အခြေအနေကို ရိပ်မိသဖြင့် ကျင်းမိသားစုကို ပြဿနာ ဆက်မရှာတော့ပေ။ သို့သော် လေလွင့်ဆေးဆရာများကို ကြည့်ရင်း "ကျင်းမိသားစုနဲ့ သဘောတူညီချက် ယူတာတော့ ဘာမှကန့်ကွက်စရာ မရှိဘူး။ ဒါပေမဲ့ ဒီလေလွင့်ဆေးဆရာတွေနဲ့ တခြားကြွက်တွေကို အသက်ရှင်ခွင့် မပေးနိုင်ဘူး" ဟု ဆိုလာသည်။
စကားပြောဆိုနေစဉ်မှာပင်၊ ရှင်းယီရွှမ်းက လေလွင့်ဆေးဆရာများဆီ လျင်မြန်စွာ ပြေးဝင်သွားသည်။
"ငါ့လည်း သဘောတူတယ်"
ရှင်းလီယန်ကလည်း အော်ဟစ်ရင်း ထိုအုပ်စုဆီ ပြေးဝင် တိုက်ခိုက်တော့သည်။ ကန်းဟုန်နှင့် ရှင်းယီရွှမ်းနှင့် အတူပါလာသည့် မျက်နှာဖုံးနှင့်လူ နှစ်ဦးကလည်း ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်တော့သည်။
ကျင်းလေ့ကလည်း လက်မနှေးပေ။
"ကျင်းမိသားစုကလူတွေ... လျှို့ဝှက်နယ်မြေထဲ ခိုးဝင်လာတဲ့ သူခိုးတွေကို အပြတ်ရှင်းပစ်ဖို့ ရှင်းမိသားစုကို ကူညီကြ"
လေလွင့်ကျင့်ကြံသူ ဆေးဖော်စပ်သူငါးဦးမှာ ရွှေအမြုတေအဆင့် ဖြစ်ကြသော်လည်း လျှို့ဝှက်နယ်မြေအတွင်း ရွှေ့ပြောင်းခံရပြီးနောက်၊ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူလေးဦး၏ ဖိအားကြောင့် ထိတ်လန့်တုန်လှုပ်ကာ ငြိမ်နေခဲ့ခြင်း ဖြစ်သည်။ ဝိညာ်သန္ဓေအဆင့် ကျင့်ကြံသူများ ထွက်ခွာသွားသည်နှင့် မည်သို့လှုပ်ရှာရမည်ကို ၎င်းတို့ချင်း တိုင်ပင်နေစဉ် ရှင်းမိသားစုနှင့် ကျင်းမိသားစုမှ လူများ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်ရသည်။
ထိုငါးဦးမှာ ငတုံးများ မဟုတ်ကြချေ။ ရှင်းယီရွှမ်း စတင်လှုပ်ရှားလိုက်သည့်နှင့် ချက်ချင်းပင် လူစုခွဲလိုက်ကြပြီး အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးသွားကြသည်။ တစ်ဦးမှာ ခြေဦးတည့်ရာ ထွက်ပြေးရင်း အသာလျှိုပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်နေသော စုန့်ဝမ် ရှိရာသို့ ဦးတည်လာသည်။
ထိုသူနောက် လိုက်ဖမ်းနေသူမှာ တိုက်တိုက်ဆိုင်ဆိုင် ရှင်းလီယန် ဖြစ်နေသည်။ ရှင်းလီယန်၏ ဦးခေါင်းထက်တွင် မှန်ချပ်ကြီးတစ်ခု ဝဲပျံနေပြီး၊ ထိုမှန်ချပ်ဆီမှ တစ်ပေခန့် ရှည်လျားသော ရေခဲဆူးချွန်များ ဆက်တိုက်ဆိုသလို ပစ်လွှတ်နေသည်။
ရှေ့မှ ထွက်ပြေးနေသူမှာ ပြေးနေရင်း တတ်နိုင်သမျှ တိမ်းရှောင်နေသော်လည်း များပြားလှသော ရေခဲဆူးချွန်များ အဆက်မပြတ် ပစ်လွှင့်လာသဖြင့် ဒိုင်းကာအဆောင်တစ်ခု ထုတ်ယူ အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို အဝါဖျော့ဖျော့အလင်းတန်းများက ခန္ဓာကိုယ်ပတ်လည်တွင် ဝိုင်းပတ်ကာရံလိုက်သည်။
သို့သော် ကြာရှည်မခံ၊ ခဏတွင်းမှာပင် အဆက်မပြတ် ထိမှန်နေသော ရေခဲဆူးချွန်များ၏ ဖိအားအောက်တွင် ဒိုင်းကာ၏ အလင်းအလွှာမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ ထိုသူလည်း ကြံရာမရဖြစ်ပြီး "သခင်လေးရှင်း... ငါ ဝိညာဉ်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်၊ လျှို့ဝှက်နယ်မြေနဲ့ ကောင်းကင်ဝိညာဉ်ဆေးလုံးကိစ္စ ဘာတစ်ခုကိုမှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး" ဟု တောင်းပန်လိုက်သည်။
"လူသေထက်လောက်တော့ စိတ်မချရဘူး၊ မပြေးစမ်းနဲ့။ မင်းကို အမြန်ဆုံး အဆုံးသတ်ပေးမယ်"
ထွက်ပြေးနေသူလည်း အံတင်းတင်းကြိတ်ပြီး သွေးများ အန်ထုတ်လိုက်သည်။ ထိုသွေးအဆီအနှစ်များ လေထုထဲတွင် အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သူ့ပတ်ပတ်လည်တွင် လည်ပတ်နေသော ဒိုင်းကာအတွင်းသို့ လျင်မြန်စွာ ပေါင်းစပ်သွားခဲ့သည်။ ဒိုင်းကာ၏ အလင်းလွှာ ပြန်လည်တည်ငြိမ်သွားပြီး ရေခဲဆူးချွန်များအား ထိထိရောက်ရောက် ပိတ်ဆို့တားဆီးလိုက်နိုင်သည်။
ထိုသူ၏ သွေးစတေးပြီး စွမ်းအားမြှင့်သည့်ကို မြင်တွေ့သော်လည်း ရှင်းလီယန်က အလေးမထားဟန်ဖြင့် လှောင်ရယ်ရင်း မန္တန်လက်ကွက်များ ထုတ်ဖော်လိုက်သည်။ ချက်ချင်းပင် မှန်ချပ်ကြီးဆီမှ ရေခဲဆူးချွန်များ ယခင်ထက်နှစ်ဆ ပိုမိုထွက်ပေါ်လာပြီး ထွက်ပြေးနေသူဆီ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ ဒိုင်းကာမှာ များပြားလှသော ရေခဲဆူးချွန်များအောက်တွင် ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိသွားခဲ့ရချေပြီ။
စုန့်ဝမ် သက်ပြင်းချလိုက်မိသည်။ ဟန်ဆောင်မှုကို ဆက်လက်၍ ထိန်းထားနိုင်မည် မဟုတ်တော့ပေ။ ထွက်ပြေးနေသူမှာ လျင်မြန်စွာ နီးကပ်လာပြီး၊ အချို့သော ရေခဲဆူးချွန်များက စုန့်ဝမ်ထံသို့ပင် ဦးတည်လာနေသည်။
စုန့်ဝမ်လည်း တိတ်တဆိတ် နောက်ဆုတ်နေရာမှ နောက်လှည့်ပြီး လျင်မြန်စွာ ထွက်ပြေးပါတော့သည်။
"အမ်.. ဒီနေရာမှာ ကြွက်စုတ်တစ်ကောင် ပုန်းနေသေးတာလား"
ရှင်းလီယန်မှာ အံသြသွားသော်လည်း သားကောင်သစ်ကို ရှာဖွေတွေ့ရှိသွားသည့် ကျားရဲအလား စိတ်အာရုံက စုန့်ဝမ်ပေါ် ရောက်သွားသည်။
နောက်ထပ် အသက်တစ်ရှိုက်စာအတွင်း ထွက်ပြေးနေသော လေလွင့်ကျင့်ကြံသူမှာ ဒိုင်းကာ ကြေမွပျက်စီးသွားပြီး၊ ခန္ဓာကိုယ်မှာလည်း ရေခဲဆူးချွန်များကြောင့် ဇကာပေါက် ဖြစ်သွားသည်။
သားကောင်သစ် တွေ့ထားသော ရှင်းလီယန်က သေဆုံးသွားသူကို အရေးမစိုက်ဘဲ စုန့်ဝမ် ထွက်ပြေးရာနောက်သို့ တရှိန်ထိုး ပြေးလိုက်သွားသည်။
ရှင်းလီယန် ထွက်ပြေးသူတစ်ယောက်နောက် လိုက်ပါရင်း အဝေးသို့ ရောက်သွားသည်ကို လေလွင့်ကျင့်ကြံသူတစ်ဦးအား အပြတ်ရှင်းပြီးသွားသည့် ရှင်းယီရွှမ်းက တိုက်တိုက်ဆိုင်ဆိုင် မြင်သွားသည်။ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စစ်ဆေးလိုက်ပြီး၊ အခြားသူများလည်း ကိုယ်စီတိုက်ခိုက်နေကြပြီး သူမကို မည်သူမျှ အာရုံစိုက် စောင့်ကြည့်နေခြင်း မရှိကြောင်း သေချာသည်နှင့် ရှင်းလီယန် ထွက်သွားရာဘက်သို့ တိတ်တဆိတ် လိုက်ပါသွားသည်။
ရှင်းယီရွှမ်း ပျောက်ကွယ်မသွားမီ တိုက်ပွဲပြီးသွားသော ကန်းဟုန်က သူမ ထွက်ခွာသွားသည်ကို သတိပြုမိသွားသည်။ အနီးနား ကြည့်လိုက်သေအခါ ရှင်းလီယန် မရှိတော့သည်ကို သတိပြုမိပြီး တွေဝေသွားသည်။ ထို့နောက် ရှင်းယီရွှမ်းနောက် လိုက်ဖို့ ခြေလှမ်းပြင်ပြီးမှ စိတ်ပြောင်းသွားဟန်ဖြင့် လေလွင့်ကျင့်ကြံသူတစ်ဦးကို လိုက်လံဖမ်းဆီးနေသည့် မြင်းမျက်နှာဖုံးနဲ့လူနောက် အပြေးလိုက်သွားသည်။
"တာအိုရောင်းရင်း... ငါ မင်းကို ကူညီမယ်"
ကန်းဟုန်သည် သူမြင်လိုက်ရသည့်မြင်ကွင်းအား အပြီးတိုင် မေ့ပစ်ပြီး၊ မီးစင်ကြည့်ကရန် ဆုံးဖြတ်လိုက်တော့သည်။
...
စုန့်ဝမ်က ရှင်းလီယန် လိုက်ပါလာသည်ကို သိသဖြင့် အရှိန်မမြှင့်ဘဲ လိုက်မီလာစေရန် စစ်မြူနေခဲ့သည်။ ပြေးနေရင်း စွမ်းအားထက်ဝက်ခန့် သုံးပြီး လျှပ်စီးလှံသုံးစင်းကို ပစ်လွှတ်လိုက်သည်။
ရှင်းလီယန်၏ ဦးခေါင်းထက်တွင်ရှိသော မှန်ချပ်ကြီးဆီမှ အဖြူရောင်အလင်းများ ထွက်ပေါ်လာကာ ရှင်းလီယန်ရှေ့တွင် ရေခဲဒိုင်းကာအဖြစ် အသွင်းပြောင်းဖွဲ့တည်ပြီး ကာကွယ်လိုက်သည်။
လျှပ်စီးလှံများနှင့် ရေခဲဒိုင်းကာတို့ ပြင်းထန်စွာ ရိုက်ခတ်မိကြပြီး၊ နားစည်ကွဲလုမတတ် ကျယ်လောင်လှသော အသံများနှင့်အတူ ရေခဲဒိုင်းကာကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားသည်။ လျှပ်စီးလှံများလည်း ရုတ်ချည်းပင် ပျောက်ကွယ်သွားသည်။
ထိုအခိုက် ကောင်းကင်ယံမှနေ၍ မိုးခြိမ်းသံများ ရုတ်တရက် ထွက်ပေါ်လာပြီး၊ လက်မောင်းလုံးအရွယ်ရှိ မိုးကြိုးလျှပ်စီးတစ်ခု ဆင်းသက်လာပြီး ရှင်းလီယန်ထံ တိုးဝင်သွားသည်။
သူ့ဆီ ချဥ်းကပ်လာသော မိုးကြိုးကို မော့ကြည့်လိုက်ပြီး၊ ရှင်းလီယန်၏ မျက်နှာမှာ တည်ကြည်လေးနက်သွားသည်။
"ဒီကြွက်စုတ်က... အစွမ်းအစ ရှိသေးတာပဲ"
ရှင်းလီယန် မန္တန်လက်ကွက်အချို့ ထပ်ဖော်လိုက်ရာ မှန်ချပ်ဆီမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ယခင်တစ်ကြိမ်ထက် ပိုမိုထူထပ်သော ရေခဲဒိုင်းကာတစ်ခု ထွက်ပေါ်လာသည်။
“ဂျိမ်း..”
မိုးကြိုးက ရေခဲဒိုင်းကာကို ထိမှန်သွားရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်သွားသည်။ မိုးကြိုး ပျေက်ကွယ်သွားသလို၊ ရေခဲဒိုင်းကာမှာလည်း ကြေမွသွားသည်။
ပေါက်ကွဲမှုအရှိန် ပြင်းထန်လွန်းသဖြင့် ရှင်းလီယန်ပင် အရှိန်တန့်သွားသော်လည်း ချက်ချင်းပင် လှုပ်ရှားမှုနည်းစနစ်ကို အမြင့်ဆုံး မြှင့်တင်ပြီး ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။
ခဏချင်းမှာပင်၊ ဆယ်မိုင်ကျော်ခန့် ခရီးပေါက်ခဲ့ကြပြီး မြင့်မားသော တောင်ကြီးတစ်လုံးဆီသို့ ရောက်ရှိလာကြသည်။ စုန့်ဝမ်က တောင်ပေါ် မတက်ဘဲ၊ ထိုတောင်ခြေ၌သာ တစ်ပတ်ပြီး တစ်ပတ် ပတ်ပြေးနေခဲ့သည်။
"ကြွက်စုတ်... မင်း ဘယ်လောက်ပြေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ရှင်းလီယန်က ဒေါသတကြီး ကြိမ်းမောင်းရင်း အရှိန်ကုန်မြှင့် လိုက်လာရာ မကြာမီ မိုင်ဝက်ခန့်အကွာထိ ကပ်လာသည်။
တိုက်ခိုက်ရန် လက်လှမ်းမီသည့် အကွာအဝေးကို ရောက်လာပြီ ဖြစ်သဖြင့် ရှင်းလီယန် ဦးခေါင်းထက်တွင် ဝဲပျံလိုက်ပါလာသော မှန်ချပ်ကြီးဆီမှ ရေခဲဆူးချွန်များ ထွက်ပေါ်လာပြီး စုန့်ဝမ်ဆီသို့ ပစ်လွှင့်လာတော့သည်။
ထိုအခိုက်အတန့်တွင်၊ ငွေရောင် မီးလျှံငှက်ငယ်တစ်ကောင် စုန့်ဝမ်၏ ခန္ဓာကိုယ်ထဲမှ ပျံသန်းထွက်ပေါ်လာသည်။ ထိုမီးလျှံငှက်က မီးလျှံများကို မှုတ်ထုတ်လိုက်ရာ၊ ပြင်းထန်သော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင်လျှင် တောက်လောင်လုနီးပါး ဖြစ်သွားသည်။ မီးလျှံများသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး၊ အလျားဆယ်ပေကျော်ခန့် ရှိသော မီးလျှံနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ရေခဲဆူးချွန်များနှင့် ရိုက်ခတ်မိသွားသည်။
ရေခဲနှင့် မီးလျှံတို့ ထိတွေ့မိကြချေပြီ။ အပူနှင့် အအေး၊ မီးလျှံနှင့် ရေခဲ ထိတွေ့မိကြရာ ကျယ်လောင်သာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် နှစ်ခုလုံး ပျောက်ကွယ်သွားပြီး မြူထုတိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ဝိညာဉ်မီးတောက်လား"
ရှင်းလီယန် အံသြတကြီး ရေရွတ်ရင်း မျက်လုံးအစုံမှာ လောဘကြောင့် တောက်ပလာသည်။
အဆုံးမဲ့ပင်လယ်တွင် ဝိညာဥ်မီးတောက် ရှားပါးသည့်အပြင် ဤကဲ့သို့သော သန့်စင်သည့် ဝိညာဥ်မီးတောက်မျိုးမှာ ဒဏ္ဍာရီများထဲတွင်သာ တည်ရှိသောအရာမျိုး ဖြစ်သည်။
ထိုသူ၏ဇစ်မြစ်မှာ မရိုးရှင်းဘဲ၊ အင်အားစုကြီးတစ်ခု၏ တပည့်ဖြစ်နိုင်သည်ဟု တွေးမိသော်လည်း ရှင်းလီယန်တွင် လက်လျှော့ရန် စိတ်ကူးမရှိပေ။ ရှင်းမိသားစုမှာ အဆုံးမဲ့ပင်လယ်တွင် အင်အားအကြီးမားဆုံးသော အင်အားစုများဖြစ်သည့် မိသားစုသုံးစုနှင့် ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ တစ်ခုဖြစ်သဖြင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိ။ အကယ်၍ ထိုလူကိုသာ သတ်ဖြတ်နိုင်မည်ဆိုပါက၊ ထိုဝိညာဉ်မီးတောက်သည် သူ့ပိုင်ဆိုင်မှု ဖြစ်လာမည်မှာ ဧကန်မုချပင်။
ထိုအတွေးနှင့်အတူ မှန်ချပ်ကြီးအတွင်း ဝိညာဥ်စွမ်းအားများ ထပ်မံဖြည့်သွင်းပြီး အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်တော့သည်။
“အေးခဲစေ”
ချက်ချင်းပင် အလွန်တရာ အေးစက်လှသော မြူနှင်းထုကြီး မှန်ချပ်ထဲမှ စီးကျလာပြီး စုန့်ဝမ်ဆီသို့ အရှိန်ပြင်းစွာ တိုးဝင်သွားသည်။ မီးလျှံငှက်ငယ်ကလည်း မီးတောက်တစ်ခု မှုတ်ထုတ် ကာကွယ်လိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင် မီးလျှံနဂါးကြီးမှာ အစွမ်းမပြနိုင်တော့၊ ချက်ချင်းပင် မြူနှင့်ထု၏ ဝါးမြိုမှုကို ခံလိုက်ရပြီး ရေခဲတုံးထဲ ပိတ်လှောင်ခြင်း ခံလိုက်ရသည်။ မည်သည့် အပူဓာတ်ကိုမျှ ထုတ်လွှတ်နိုင်ခြင်း မရှိတော့။
ရှင်းလီယန်က ကျေနပ်အားရစွာ ပြုံးလိုက်ပြီး မှန်ချပ်တွင်းမှ ပိုမိုအားကောင်းသော ရေခဲမြူနှင်းများ ထပ်မံထုတ်လွှတ်ကာ မီးလျှံငှက်ငယ်ကို အမိဖမ်းရန် ကြိုးစားတော့သည်။
မီးလျှံငှက်ငယ်က ကောင်းကင်ယံသို့ မြင့်မားစွာ ပျံတက်သွားပြီး စိမ်းပြာရောင်မီးလျှံများကို အဆက်မပြတ် မှုတ်ထုတ်လိုက်သည်။ ထိုမီးတောက်က ယခင်မီးတောက်နှင့် မတူ၊ အေးခဲယင်မီးတောက်အမျိုးအစား ဖြစ်သည်။ မီးတောက်နှင့် မြူနှင်းထု ထိပ်တိုက်တွေ့သည်နှင့် ပေါက်ကွဲမှု ဖြစ်မလာဘဲ၊ ထူထဲလှသော ရေခဲတုံးကြီးအဖြစ် ပြောင်းသွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
ရှင်းလီယန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ ထိုမီးလျှံငှက်ငယ်က အပူရှိန်မြင့်ယန်မီးတောက်အပြင်၊ အအေးလွန်ကဲသည့် ယင်မီးတောက်မျိုးပါ ထုတ်လွှတ်နိုင်သဖြင့် ဒဏ္ဍာရီတွင်ပင် မကြားခဲ့ဖူးသော ရတနာတစ်ပါးပင် ဖြစ်နေသည်။
"အခြေတည် အထွတ်အထိပ်တစ်ယောက်က ဝိညာဥ်မီးတောက် နှစ်မျိုးလုံး ပိုင်ဆိုင်ထားတာလား။ ဒီလူက ဘယ်သူလဲ"
……….