ရှင်းမိသားစုပါရမီရှင်၏ ဇတ်သိမ်းခန်း
Vol. 30 Ch. 310
တဖြည်းဖြည်းနှင့် ရှင်းလီယန် ဒေါသထွက်ကာ မျက်နှာတစ်ခုလုံး မည်းမှောင်လာသည်။ ဤတိုက်ပွဲသည် ကြွက်တစ်ကောင်ကို အမဲလိုက်ရုံတင် မဟုတ်တော့ဘဲ သူ့သိက္ခာနှင့်ပါ သက်ဆိုင်လာခဲ့ချေပြီ။
ရှင်းမိသားစု၏ တိုက်ရိုက်မျိုးဆက်၊ အနာဂတ်ဆက်ခံသူလောင်းလျာ ရွှေအမြုတေ နှောင်းပိုင်းအဆင့်ဖြစ်ပြီး ရွှေအမြုတေ စဦးပိုင်းအဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးကို အနိုင်မယူနိုင် ဖြစ်နေသည် မဟုတ်ပါလား။ ဤကိစ္စသာ ပြင်ပသို့ သတင်းပြန့်သွားပါက ခေါင်းပင် ဖော်ဝံ့တော့မည် မဟုတ်ပေ။
"သေလိုက်စမ်း"
ရှင်းလီယန်၏ ကြုံးဝါးသံအဆုံးတွင် ရေခဲမှန်ချပ်ဆီမှ ဆယ်ပေခန့်ရှည်သော ရေခဲလှံကြီးတစ်ခု ထွက်ပေါ်လာပြီး စုန့်ဝမ်ထံ အဟုန်ပြင်းစွာ တိုးဝင်လာသည်။ ၎င်း ဖြတ်သန်းသွားရာတလျှောက် ရေခဲလွှာများ ဖြစ်ပေါ်လာပြီး လေထုပင် ခဲသွားသယောင် ထင်မှတ်ရသည်။
ထိုရေခဲလှံကြီး၏ အရှိန်မှာ အလွန်တရာ မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်စာအတွင်းမှာပင် စုန့်ဝမ်နှင့် ဆယ်ပေအကွာထိ ရောက်လာသည်။ ဝိညာဉ်မီးတောက်များကို အလွန်အကျွံ အသုံးပြုခဲ့ရသဖြင့် အားနည်းနေသော မီးလျှံငှက်ငယ်မှာ ထိတ်လန့်တကြား ပြေးလာပြီး စုန့်ဝမ်၏ ကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။
စုန့်ဝမ် နှုတ်ခမ်းတစ်ချက် မဲ့လိုက်မိသည်။ အသက်ဝိညာဥ် ကင်းမဲ့သော ဝိညာဥ်မီးတောက်ဆိုပါက ပျက်စီးသည်အထိ ထိုးကျွေးခုခံ၍ ရသည်။ အသက်ဝိညာဥ်ရှိ ဝိညာဥ်သားရဲပမာ ဖြစ်ပေါ်လာသော မီးလျှံငှက်ငယ်မှာမူ သူ့အသက်ကို တန်ဖိုးထားပြီး သခင်ဖြစ်သူကိုပင် ထိုးကျွေးနေပြီ မဟုတ်ပါလား။
"ဟိုတောင်မကြီးနဲ့ ဝေးလာပြီဆိုတော့ ဒီပြဇာတ်ကို အဆုံးသတ်ရမယ့်အချိန် ရောက်ပြီ" ဟု စုန့်ဝမ်က ရေရွတ်လိုက်သည်။ ရှင်းလီယန်က သူ့ကို သတ်ဖြတ်၍ ဝိညာဥ်မီးတောက်များ ရယူရန် ဆန္ဒရှိနေသလို၊ စုန့်ဝမ်ကလည်း သူ့ဆီမှ ကောင်းကင်ဝိညာဉ်ဆေးလုံးကို မျက်စိကျနေခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်နှင့် အရိပ်သဏ္ဍာန်နှစ်ခု စုန့်ဝမ်၏ ဘေးတစ်ဖက်စီတွင် ထွက်ပေါ်လာသည်။ ငွေရောင်ဖုတ်ကောင်က ရှေ့မှနေ၍ ထိုရေခဲလှံကြီးဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ တစ္ဆေဘုရင်ကလည်း ကြီးမားသော ဓားကြီးတစ်စင်းကို ကိုင်စွဲလျက် နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားသည်။
ငွေရောင်ဖုတ်ကောင်က ဖျက်ဆီးမရနိုင်သော ဝိညာဥ်ရတနာဒိုင်းတစ်ခုပမာ ကြံခိုင်သောခန္ဓာကိုယ်ကို အားပြုပြီး အလောင်းချီ ထုတ်လွှတ်ရင်း ရေခဲလှံကို လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
ကံဆိုးပေစွ၊ ရေခဲလှံမှာ စွမ်းအင်းမြင့်မှော်ရတနာ၏ အားပြည့်တိုက်ခိုက်မှုပီပီ အလွန်အမင်း အားကောင်းလှသည်။ အလောင်းချီမှာ ရေခဲလှံစွမ်းအင်၏ တိုက်စားမှုကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားပြီး၊ လက်အစုံ၏ ဖမ်းဆုပ်မှုကို မရှိသကဲ့သို့ ဖောက်ထွက်လာကာ ငွေရောင်ဖုတ်ကောင်၏ ပခုံးကို တိုးလျှိုပေါက် ဖောက်ထွက်သွားသည်။ ငွေရောင်ဖုတ်ကောင်၏ ခန္ဓာကိုယ်တွင် ရေခဲလွှာတစ်ခု ရုတ်တရက် ပေါ်လာပြီး အဝေးသို့ လွင့်ထွက်သွားသည်။ ရေခဲလှံမှာ အရှိန်ပင် လျော့မသွားချေ။
“ဦးနှောက်မရှိတဲ့ကောင်ကွာ”ဟု စုန့်ဝမ် ဆဲလိုက်မိသည်။ ဒင်းပျက်စီးသွားပါက ပြုပြင်ရမည့် ကုန်ကျစရိတ်မှာ မနည်းလှပေ။
ငွေရောင်ဖုတ်ကောင်နောက် ကပ်လိုက်လာသော တစ္ဆေဘုရင်က သူ့ထံ ဆက်တိုးဝင်လာသော ရေခဲလှံကို ဓားဖြင့် ပိုင်းခုတ်ချလိုက်သည်။
“ချွမ်..”
ကျယ်လောင်သည့် သတ္ထုချင်း ရိုက်ခတ်သံနှင့်အတူ တစ္ဆေဓားမှာ နောက်ပြန်ကန်ထွက်သွားပြီး တစ္ဆေဘုရင်လည်း ဓားလွတ်မကျစေရန် မနည်းထိန်းရင်း ဆုတ်ပေးလိုက်ရသည်။
ဆက်တိုက် တိုက်ခိုက်ခံရမှုကြောင့် ရေခဲလှံကြီး၏ အရှိန်မှာ လေးပုံတစ်ပုံခန့် နှေးကွေးသွားသော်လည်း၊ အရှိန်ပြင်းစွာ ပြေးဝင်လာနေဆဲပင်။
စုန့်ဝမ်မျက်နှာ တည်ကြည်လေးနက်သွားသည်။ ရှင်းလီယန်၏ စွမ်းအားပြည့် တိုက်ခိုက်မှုမှာ မျှော်လင့်ထားခဲ့သည်ထက် များစွာ ပိုမိုကြီးမားနေသည်။ အဆင့်တူသော်လည်း စဦးပိုင်းနှင့် နှောင်းပိုင်းအဆင့် ကွာဟချက်မှာ အဆင့်ကြီးတစ်ခု ကွာဟနေသည့်အလားပင်။
စုန့်ဝမ် မြေကမ္ဘာစေတီကို အသက်သွင်းလိုက်သော်လည်း ရေခဲလှံနှင့် ထိတွေ့ချိန်တွင် ချက်ချင်းပင် ပြိုကွဲသွားသည်။ မတတ်သာသည့်အဆုံး နောက်ဆုံးအကာအကွယ်ဖြစ်သည့် အဆိပ်တစ်သောင်းခန္ဓာကျင့်စဥ်ကို အသက်သွင်းပြီး အစိမ်းရောင်ကြေးခေါင်းလောင်းကြီး ဖန်တီးခုခံလိုက်ရသည်။ ရေခဲလှံမှာ ခေါင်းလောင်းနှင့် ထိတွေ့ချိန်တွင် အရှိန်နှင့် စွမ်းအင် ထက်ဝက်ခန့် လျော့သွားသော်လည်း ကာကွယ်နိုင်သည်ထက် ပိုမိုုနေဆဲပင်။ ခေါင်းလောင်းမှာ အဆက်မပြတ် တုန်ခါနေရင်း အသက်ရှူချိန် အနည်းငယ်အတွင်း ပြိုကွဲမည့်အလား အက်ကြောင်းများ ထင်လာသည်။
ခုခံရန်နည်းလမ်းကုန်ပြီး၊ ရှောင်တိမ်းရန် လမ်းပိတ်သွားသဖြင့် မျက်လုံးပြူး၊ မျက်ဆံပြူးဖြစ်နေသော စုန့်ဝမ်ကို ကြည့်ကာ ရှင်းလီယန်က ကျေနပ်အားရစွာ ပြုံးရင်း တစ်လှမ်းချင်း ရှေ့တက်လာခဲ့သည်။
သို့သော် ခြေတစ်လှမ်းသာ လှမ်းရသေးချိန် သူ့ကျောဘက်မှ အန္တရာယ်အငွေ့အသက်တစ်ခု ချဥ်းကပ်လာသည်ကို ခံစားမိလိုက်သဖြင့် ရှင်းလီယန် အမြန်လှည့်ကြည့်လိုက်ရာ ကူတစ်ကောင် သုံးပေအကွာထိ ချဥ်းကပ်ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အကြီးအကျယ် ထိတ်လန့်သွားသည်။ ယင်းမှာ စုန့်ဝမ် အားအထားရဆုံး တတိယအဆင့် အရိပ်ကူပင်။
အခြားအချိန်ဆိုပါက၊ သူ့ကျင့်ကြံခြင်းအဆင့်နှင့် သတိရှိမှုတို့ကြောင့် ထိုကူပိုးကောင် ဤမျှလောက်အထိ နီးကပ်မလာခင်ကတည်းက သတိပြုမိခဲ့လိမ့်မည် ဖြစ်သည်။ သို့သော် ယခုအခါ ယုံကြည်ချက်လွန်ကဲမှုကြောင့် ပေါ့ဆသွားခဲ့ခြင်း ဖြစ်သည်။
ကူကောင်က အလွန်လျင်မြန်စွာ ချဥ်းကပ်လာခြင်း ဖြစ်သဖြင့် ရေခဲမှန်ချပ်ကို အသက်သွင်း ခုခံရန် အချိန်မမီတော့ပေ။ ဝိညာဥ်ဒိုင်းကာကိုသာ ဖန်တီးခုခံလိုက်ရသည်။ ဝိညာဥ်ဒိုင်းကာအား ထိမိလုဆဲဆဲတွင် ကူကောင်က ရုတ်တရက် ဇလုံကြီးအရွယ်ထိ ကြီးထွားလာပြီး အရှိန်ပြင်းစွာ ဝင်တိုက်ပါတော့သည်။
ဝိညာဥ်ဒိုင်းကာမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့သော်လည်း ပျက်စီးသွားခြင်း မရှိပေ။ သို့သော်လည်း၊ ကူပိုးကောင်က ချွန်ထက်သော သွားများဖြင့် ကိုက်ဖြတ်လေရာ ဝိညာဥ်ဒိုင်းကာမှာ ချက်ချင်းပင် ပျက်စီးမတတ် ဖြစ်လာသည်။
"သေစမ်း"
ရှင်းလီယန်က ဓားတစ်လက် ထုတ်ယူပြီး ကူကောင်ကို ခုတ်ပိုင်းချလိုက်သည်။
အရိပ်ကူက အရွယ်အစားကို ချက်ချင်း ပြန်ကျုံ့လိုက်ရာ ဓားချက် လွဲချော်သွားသည်။ ထိုအချိန်လေးမှာပင် အရိပ်ကူက ဝိညာဥ်ဒိုင်းကာကို ပျက်စီးစေမည့် နောက်ဆုံးကိုက်ချက်ကို ကိုက်ချလိုက်ပြီး ဘေးဘက်သို့ တိမ်းရှောင်သွားသည်။
ရှင်းလီယန်မှာ အားအပြည့်သုံးထားသော ဓားချက် လွဲချော်သွားသဖြင့် လဲကျလုလု ဖြစ်သွားပြီး ဟန်ချက်ကို မနည်းပြန်ထိန်းလိုက်ရသည်။
ထိုအခိုက်အတန့်မှာပင် ရေခဲလှံ ထိမှန်မှုကြောင့် အပိုင်းပိုင်း အစစဖြစ်သွားရမည့် စုန့်ဝမ်လည်း ရှင်းလီယန်၏ ကျောဘက်တွင် ရုတ်တရက် ပေါ်လာပြီး အေးခဲလဓားဖြင့် ရှင်းလီယန်၏ ဒန်တန်နေရာကို ထိုးချလိုက်သည်။
သေခြင်းတရားနှင့် နီးကပ်လာခဲ့သည့် အခြေအနေတွင် ဗီဇအသိစိတ်ကြောင့် ရှင်းလီယန် ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ယိမ်းပြီး ရှောင်လိုက်ရာ အေးခဲလဓားက ဒန်တန်ကို မထဘဲ ဝမ်းဗိုက်ကိုသာ စိုက်ဝင်သွားသည်။
“အား”
ရှင်းလီယန် နာကျင်မှုကို အောင်ခံရင်း ညာလက်ဖြင့် စုန့်ဝမ်၏ ဓားကိုင်လက်ကို ဖမ်းဆုပ်ကာ ဘယ်လက်ဖြင့် ဝိညာဥ်ခွင်းအဆောင်ကို ချေမွလိုက်သည်။ အဆောင် အသက်ဝင်သည်နှင့် ဝိညာဥ်စွမ်းအင်ဓားသွားတစ်ခု စုန့်ဝမ် နဖူးကို ဖောက်ဝင်သွားသည်။ တပြိုင်တည်းမှာပင် ရှင်းလီယန်က ဝိညာဥ်ထိုးဖောက်နည်းစနစ်ဖြင့် တိုက်ခိုက်ရာ ဝိညာဥ်စွမ်းအင်ဓား နောက်တစ်လက် ထွက်ပေါ်လာပြီး ထပ်မံဖောက်ဝင်သွားပြန်သည်။
အလွန်တရာ နီးကပ်နေပြီး၊ လက်ကို ဖမ်းချုပ်ခံထားရသဖြင့် စုန့်ဝမ် ရှောင်တိမ်းနိုင်စွမ်း မရှိတော့ဘဲ ထိခိုက်ခံလိုက်ရသည်။ ဝိညာဥ်စွမ်းအင် ဓားနှစ်လက်ကြောင့် သိစိတ်ပင်လယ် တုန်ခါပြီး အသည်းခိုက်မတတ် နာကျင်သွားသော်လည်း သိစိတ်ပင်လယ်ရှိ လျှို့ဝှက်ဆန်းကြယ်တွင်းနက်က ဝိညာဥ်စွမ်းအင်ဓားများကို ချက်ချင်း စုပ်ယူသွားသဖြင့် ကြီးကြီးမားမား ထိခိုက်မိခြင်းမျိုး မကြုံခဲ့ရပေ။
စုန့်ဝမ်လည်း ရုန်းထွက်မရသည့်အဆုံး အေးခဲလဓားအတွင်း ဝိညာဥ်စွမ်းအင်အပြည့် ထည့်သွင်းစီးဆင်းစေပြီး ရှင်းလီယန်၏ ခန္ဓာကိုယ်ကို ထိုးမွှေဖျက်ဆီးရန် ကြိုးစားသည်။
သို့သော်လည်း ရှင်းလီယန်က ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသလို၊ သူ့ခန္ဓာကိုယ်တွင် အားကောင်းလှသော ဝိညာ်ဒိုင်းတစ်ခုက ထပ်မံပေါ်ထွက်ပြီး တားဆီးထားသဖြင့် အေးခဲလဓားမှာ လက်မဝက်ခန့်သာ လှုပ်ရှားနိုင်သည်။ သူ့တွင်လည်း ရှင်းရွယ်ရွယ်နှင့် ရှန်းယွဲ့ကဲ့သို့ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူ၏ ဝိညာဥ်စွမ်းအင်တစ်စက အကာအကွယ်အဖြစ် ရှိနေခဲ့ခြင်းပင်။
ရှင်းလီယန်လည်း စိတ်ဝိညာဥ်တိုက်ခိုက်မှုက စုန့်ဝမ်အပေါ် မည်သည့်ထိခိုက်မှုမျှ မရှိသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားသည်။ ချက်ချင်းပင် သတိဝင်လာပြီး ရေခဲမှန်ချပ်ဖြင့် တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်လေးအတွင်းမှာပင် အရိပ်ကူက သူ့ခါးပေါ်ရှိ ဒဏ်ရာမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး နှလုံးနားအထိ ရောက်ရှိလာသည်ကို သတိပြုမိလိုက်သဖြင့် စုစည်းထားသော ဝိညာဥ်စွမ်းအင်ကို ရေခဲမှန်ချပ်ဆီ မပို့လွှတ်နိုင်တော့ပေ။ အရိပ်ကူကို ပိတ်လှောင်တားဆီးရန်သာ အသုံးချလိုက်ရသည်။
ထိုအခိုက်အတန့်တွင်၊ စုန့်ဝမ်၏ ဘယ်လက်က ဖုတ်ကောင်လက်အသွင် ပြောင်းလဲသွားပြီး ချွန်ထက်သော လည်သည်းများဖြင့် ရှင်းလီယန်၏ မျက်လုံးအစုံကို ထိုးဖောက်လိုက်တော့သည်။
"ဇွပ်"
"အား..."
ပြင်းထန်လွန်းသော နာကျင်မှုကြောင့် ရှင်းလီယန် အာရုံလွင့်သွားပြီး ဝိညာဥ်စွမ်းအင် ထိန်းချုပ်မှု လွတ်သွားကာ ကာကွယ်ရေးစွမ်းအားကို လုံးဝဆုံးရှုံးသွားသည်။
ချက်ချင်းပင် အေးခဲလဓားက ရှင်းလီယန်၏ ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ စိုက်ဝင်သွားခဲ့ပြီး၊ ဒန်တန်ကိုပါ ဖောက်ထွင်းသွားတော့သည်။
ဒန်တန်ပျက်စီးသွားပြီး၊ အေးခဲလဓား၏ ကိုယ်တွင်းအဂ်ါများအား အဆက်မပြတ် ထိုးမွှေဖျက်ဆီးမှုကြောင့် ရှင်းလီယန်၏ အသက်စွမ်းအင် ပျက်သုဥ်းသွားခဲ့ရတော့သည်။
စုန့်ဝမ် သက်ပြင်းချရင်း ရှင်းလီယန်၏ သွေးအဆီအနှစ်နှင့် ဝိညာဥ်ကို ဝါးမြိုရန် ပြင်လိုက်သည်။
“ရွှီး…”
ထိုအခိုက် စူးရှသည့် လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး လက်နက်တစ်ခု သူ့ဆီတည့်တည့် ပြေးဝင်လာသည်ကို စုန့်ဝမ် အာရုံခံမိလိုက်သည်။
စုန့်ဝမ်လည်း စစ်ဆေးစူးစမ်းမနေတော့ဘဲ ရှင်းလီယန်၏ သိုလှောင်လက်စွပ် ဝတ်ဆင်ထားသည့်လက်ကို ဖြတ်ယူပြီး ဘေးဘက် ပေ ၃၀ အကွာထိ ခုန်ရှောင်လိုက်သည်။ တချိန်တည်းမှာပင် အားကောင်းသော အလောင်းချီစွမ်းအင် ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ကို လွှမ်းခြုံကာ ဥပုံသဏ္ဍာန်ရှိသော အနက်ရောင် ဒိုင်းကာတစ်ခုအဖြစ် ကာကွယ်ပေးလိုက်သည်။
ထိုအခါမှသာ စုန့်ဝမ် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် ရတနာလက်နက်ကို စစ်ဆေးရန် အာရုံစိုက်နိုင်တော့သည်။ ၎င်းမှာ အလျားတစ်တောင်ခန့် ရှိကာ၊ သံဆူးချွန်သဏ္ဍာန် ရှိသည်။ မကူးပြောင်းမီက တိဗက်ဘုန်းတော်ကြီးများ ကိုင်ဆောင်လေ့ရှိသည့် ဝရဇိန်ကျိုင်းတုတ်ပုံစံပင်။ ကိုယ်ထည်မှာ လုံးဝန်းသောတုတ်တံသဏ္ဍာန်ဖြင့် အန္တရာယ်ရှိဟန် မပေါ်သော်လည်း ထိပ်ဖျားရှိ ဆူးချွန်မှာ သေစေနိုင်သည့်လက်နက်ဟု ဖော်ညွှန်းနေသည်။ ၎င်းသည် ချောင်းမြောင်းတိုက်ခိုက်ရန် အလွန်သင့်တော်သော လက်နက်အမျိုးအစား ဖြစ်သည်။
ထိုသံဆူးချွန်သဏ္ဍာန် ရတနာလက်နက်သည် လေထုထဲတွင် လည်ပတ်နေပြီး စုန့်ဝမ်နောက်သို့ လျင်မြန်စွာ လိုက်လံ တိုက်ခိုက်နေသည်။ ထိုလက်နက်၏ တိုက်ခိုက်မှုကြောင့် အနက်ရောင်ဒိုင်းကာမှာ အပိုင်းပိုင်း အစစ ကွဲအက်သွားခဲ့ရပြီး၊ အလောင်းချီများပင် ပျက်ပြယ်သွားသည်။
ထိုသံဆူးချွန်လက်နက် ဆက်လက်တိုးဝင်လာပြီး စုန့်ဝမ်၏ ခန္ဓာကိုယ်အား ထိလုဆဲဆဲတွင် ရုတ်တရက် သွေးမြူများ ထွက်ပေါ်လာသည်။ သံဆူးချွန်လက်နက်က သွေးမြူများကြား ဖောက်ထွက်သွားသော်လည်း မည်သည့်အရာကိုမျှ ထိတွေ့မိခဲ့ခြင်း မရှိပေ။
သွေးမြူများ လျော့ပါးသွားချိန်တွင် စုန့်ဝမ်က အစအနပင် မကျန်၊ လုံးဝပျောက်ကွယ်သွားခဲ့သည်။ အဆင့်မြင့် သွေးလွတ်မြောက်နည်းစနစ် အားကိုးဖြင့် စုန့်ဝမ် သေတွင်းမှ နောက်တစ်ကြိမ် လွတ်ခဲ့ခြင်းပင်။
….