အခက်ကြုံရပြီ
Vol. 30 Ch. 312
မျက်တောင်တစ်ခတ်စာအတွင်း ဝိညာဥ်စွမ်းအင်ဓား ပေါက်ကွဲသွားရာ စိုက်ဝင်ခံရသော ဦးခေါင်းပါ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားသည်။ ကြောက်လန့်သွားသော အငြိုးကြီးတစ္ဆေမှာ သတ္တဝါတိုင်း၏ အခြေခံဖြစ်သည့် ရှင်သန်လိုသည့် ဗီဇစိတ်၏ မောင်းနှင်မှုကြောင့်၊ အထက်မြူထုသို့ ထွက်ပြေးရန် ကြိုးစားတော့သည်။
စုန့်ဝမ်အနေဖြင့် ၎င်းကို ဤမျှလောက် လွယ်ကူစွာ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ ထိုအငြိုးကြီးတစ္ဆေ၏ ဝိညာဥ်မှာ များပြားလှသဖြင့် ဝါးမြိုအားဖြည့်ရန် အလွန်တရာ ကောင်းမွန်လှသောအရာတစ်ခု ဖြစ်သည်။
လျှပ်စီးလှံသုံးစင်းက ထွက်ပြေးနေသော အငြိုးကြီးတစ္ဆေဆီသို့ လျင်မြန်စွာ ပစ်လွှင့်သွားသည်။ အပြင်းအထန် ထိခိုက်ထားသော အငြိုးကြီးတစ္ဆေမှာ မရှောင်နိုင်တော့၊ လျှပ်စီးလှံများ ဆက်တိုက် ထိမှန်သွားသည်။ တစ္ဆေစွမ်းအင် အများအပြား ပျက်စီးပြယ်လွင့်သွားပြီး တဖြည်းဖြည်း ဖျော့တော့လာခဲ့သည်။
စုန့်ဝမ်သည် အခွင့်အရေးကို အရယူလိုက်ပြီး၊ အငြိုးကြီးတစ္ဆေ၏ ခန္ဓာကိုယ်ပေါ်သို့ လက်ဖြင့် ဖိနှိပ်လိုက်ရင်း ဝိညာဥ်ကို စုပ်ယူလိုက်သည်။ အငြိုးကြီးတစ္ဆေခမျာ ပျက်စီးတော့မည့် ဘေးအန္တရာယ်ကို အာရုံခံမိသည့်အလား အသည်းအသန် အော်ဟစ်ရင်း ရုန်းကန်ပါသော်လည်း အချည်းနှီးသာ ဖြစ်သွားသည်။
အသက်နှစ်ရှိုက်စာအတွင်း စုန့်ဝမ်၏ သိစိတ်ပင်လယ်တွင်းရှိ ဆန်းကြယ်တွင်းနက်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။
အငြိုးကြီးတစ္ဆေကို ဖြေရှင်းပြီးနောက်၊ စုန့်ဝမ်သည် တိုးပွားလာသော ဝိညာဥ်စွမ်းအင်ကို ထိန်းညှိရင်း၊ ဆက်လှုပ်ရှားရန် အကြံထုတ်ရင်း ခေတ္တမျှ ငြိမ်သက်စွာ ရပ်နေသည်။
သို့သော် နောက်ဖက် သူ့နောက်ဘက်မှ လှုပ်ရှားမှုအချို့ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ အငြိုးကြီးတစ္ဆေနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကို တစ်စုံတစ်ဦးက သတိပြုမိပြီး လာရောက်စစ်ဆေးခြင်းပင် ဖြစ်မည်။
လှုပ်ရှားမှု အော်ရာအရ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူပင် ဖြစ်နေနိုင်သည်။ မည်သူပင် ရောက်ရှိလာသည်ဖြစ်စေ၊ စုန့်ဝမ်အနေဖြင့် ရင်ဆိုင်လိုခြင်း မရှိပေ။ ချက်ချင်းပင် ပထမအဆင့် အလောင်းကောင်ရုပ်သေးတစ်ခု ထုတ်ယူလိုက်သည်။ ဤအလောင်းရုပ်သေးမှာ ရုပ်သေးအစားထိုးနည်းစနစ် အသုံးပြုရန်အတွက်သာ သိမ်းထားခြင်း ဖြစ်သည်။ စုန့်ဝမ်က ထိုအလောင်းရုပ်သေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအားတစ်ခုကို ထည့်သွင်းလိုက်ပြီး၊ ၎င်းကို ဂူအတွင်းသို့ ပြေးဝင်သွားစေခဲ့သည်။ ထိုဝိညာဉ်စွမ်းအားမှာ အလောင်းရုပ်သေး၏ ခန္ဓာကိုယ်အတွင်း၌ တည်မြဲမနေဘဲ အပြင်သို့ အဆက်မပြတ် ယိုစိမ့်ထွက်ပေါ်နေသည်။
စုန့်ဝမ် ကိုယ်တိုင်ကမူ တောင်အထက်ပိုင်းသို့ ပျံသန်းသွားခဲ့သည်။ ချဉ်းကပ်လာသူမှာ ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီး၊ ဤဂူမှာ မြင်သာထင်သာရှိပြီး၊ အလောင်းရုပ်သေးဆီမှ ဝိညာဥ်စွမ်းအင်လည်း ယိုစိမ့်နေသဖြင့် ထိုလူသည် စုံစမ်းစစ်ဆေးရန် ဂူအတွင်းသို့ ဝင်ရောက်သွားမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
စုန့်ဝမ်အနေဖြင့် ယခုအချိန်တွင် ဂူအတွင်းသို့ ဝင်ရောက်ရန် အခြေအနေမပေးပေ။ အကယ်၍ ၎င်းတွင် အခြားထွက်ပေါက်မရှိခဲ့ပါက၊ အတွင်း၌ ပိတ်မိကာ ဒုက္ခများရန်သာ ရှိသည်။
ရောက်ရှိလာသူမှာ စုန့်ဝမ် သံသယရှိသလို ဝိညာဥ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ဦး မဟုတ်ခဲ့ဘဲ ရှင်းယီရွှမ်း ဖြစ်နေခဲ့သည်။ သူမ၏ အခြေတည် အထွတ်အထိပ်အဆင့် အော်ရာက ပြင်းထန်လှသဖြင့် ရှုပ်ထွေးနေသော တစ္ဆေမြူထုထဲတွင် ဝိညာဥ်သန္ဓေအဆင့် အော်ရာအလား အထင်မှားသွားခြင်း ဖြစ်သည်။
ရှင်းယီရွှမ်းမှာ သွေးမန္တန်နည်းစနစ်ဖြင့် ခြေရာခံ လိုက်လာခြင်း ဖြစ်သည်။ "ဒီနေရာမှာ အငြိုးကြီးတစ္ဆေရဲ့ ဝိညာဉ်အော်ရာတွေ ရှိနေသေးတယ်။ အဲဒီလူက အခုလေးတင် ထွက်သွားတာ ဖြစ်ရမယ်" ဟု တိုးညှင်းစွာ ရေရွတ်လိုက်သည်။
အနီးဝန်းကျင်အား ဝိညာ်အာရုံဖြင့် စစ်ဆေးရင်း ရှင်းယီရွှမ်း မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလူမှာ တစ်ဦးတည်းသာ ဖြစ်သော်လည်း ဤနေရာတွင် အော်ရာအငွေ့အသက်နှစ်ခု ရှိနေသည်။ တစ်ခုက ကောင်းကင်ဆီသို့ ဦးတည်နေပြီး၊ အခြားတစ်ခုက လိုဏ်ဂူ၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ဦးတည်နေသည်။
ရှင်းယီရွှမ်း ခဏမျှ စဥ်းစားပြီးနောက် လိုဏ်ဂူအတွင်းသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုနေရာရှိ အော်ရာမှာ ပိုမိုအားနည်းသဖြင့် အားကောင်းရာသို့ လိုက်သင့်သော်လည်း ယခင်ဆုံတွေ့ချိန် အတွေ့အကြုံအရ ထိုသူမှာ ဥာဏ်များသည်ဟု သိရှိထားသဖြင့် အော်ရာအားကောင်းရာ ကောင်းကင်ဘက်မှာ အယောင်ပြသာ ဖြစ်ရမည်ဟု ရှင်းယီရွှမ်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
လိုဏ်ဂူမှာ နက်ရှိုင်းခြင်း မရှိဘဲ၊ မိုင်အနည်းငယ်ခန့်သာ ရှည်လျားသဖြင့် ခဏချင်းမှာပင် အတွင်းအကျဆုံးနေရာသို့ ရောက်ရှိသွားသည်။ ထိုနေရာမှာ ကြီးမားကျယ်ပြန့်လှသော မြေအောက်ခန်းမကြီးတစ်ခု ဖြစ်ပေသည်။ ခန်းမကြီး၏ အတွင်း၌ စားပွဲပုံစံ ကျောက်တုံးများ ရာချီ ရှိနေခဲ့သည်။
အကယ်၍ စုန့်ဝမ်သာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက၊ ၎င်းတို့သည် အလောင်းနတ်ဆိုးဂိုဏ်း၏ အလောင်းခွဲစိတ်ဂူနှင့် တသွေမတိမ်း တူညီနေကြောင်း သတိပြုမိမည်မှာ မလွဲပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ ဤခွဲစိတ်မှုခုံများမှာ များစွာ ပိုမိုကြီးမားနေပြီး၊ လူသားအလောင်းများထက် မိစ္ဆာသားရဲအလောင်းများကို ခွဲစိတ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေသည်။
စုန့်ဝမ် ဂူအတွင်းသို့ စေလွှတ်လိုက်သော အလောင်းရုပ်သေးမှာမူ အငြိုးကြီးတစ္ဆေများ လက်ချက်ကြောင့် တစ်စစီ ဆုတ်ဖြဲခြင်း ခံထားရပြီးသား ဖြစ်နေသည်။
ရှင်းယီရွှမ်းလည်း မြေအောက်ခန်းမကြီးအတွင်းသို့ ခြေလှမ်းလိုက်သည်နှင့် တတိယအဆင့် အငြိုးကြီးတစ္ဆေ ငါးကောင်၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သတိကြီးသူ ဖြစ်သဖြင့် အချိန်မီ ခုခံထွက်ပြေးနိုင်ခဲ့သော်လည်း၊ သူမ၏ ခန္ဓာကိုယ်သာမက သိစိတ်ပင်လယ်ပင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားသည်။
ရှင်းယီရွှမ်း ဂူအတွင်း ဝင်သွားပြီး မကြာမီမှာပင် စုန့်ဝမ် ကောင်းကင်ယံမှ မြေပြင်ဆီသို့ အမောတကော ပြန်ဆင်းလာသည်။ အထက်ကောင်းကင်ယံသို့ တက်ပြီး ပုန်းခိုရန် ကြံခဲ့သော်လည်း အမြင့်သို့ ရောက်သည်နှင့် အငြိုးကြီးတစ္ဆေများနှင့် ပက်ပင်းတိုးတော့သည်။ အစပိုင်းတွင် ဒုတိယအဆင့်များနှင့်သာ ရင်ဆိုင်ရသော်လည်း အထက်သို့ ဆက်တက်သောအခါ တတိယအဆင့် အငြိုးကြီးတစ္ဆေများနှင့် တိုးတော့သည်။ ထို့ထက်မြင့်သောနေရာတွင် စတုတ္ထအဆင့် အငြိုးကြီးတစ္ဆေများ၏ အော်ရာကို အာရုံခံမိသဖြင့် မနေရဲတော့ဘဲ ပြန်ဆင်းပြေးလာခြင်း ဖြစ်သည်။
တောင်အောက်သို့ ပြန်လည်ပျံသန်းပြီး မိုင်အနည်းငယ်ခန့် ခရီးပေါက်ရုံသာ ရှိသေးချိန်၊ မျှော်လင့်မထားဘဲ ကျင်းလေ့နှင့် တည့်တည့်တိုးတော့သည်။
ကျင်းလေ့မှာလည်း စုန့်ဝမ်နှင့် မထင်မှတ်ဘဲ ဆုံလိုက်ရသဖြင့် အံအားသင့်သွားသည်။ ကျင်းလေ့က ဝိညာဉ်ထိုးဖောက်နည်းစနစ်နှင့် ကောင်းကင်ဝိညာဉ်ဆေးလုံး ရယူရန်အတွက် ရှင်းလီယန်အား မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်းလီယန်က လေလွင့်ကျင့်ကြံသူတစ်ဦးနောက် လိုက်ပါသွားပြီး ရှင်းယီရွှမ်းကပါ နောက်ယောင်ခံ လိုက်ပါသွားသည်ကို သတိပြုမသဖြင့် အခွင့်အရေး ရလိုရငြား မျှော်လင့်ချက်ဖြင့် ထပ်ချပ်မကွာ လိုက်ပါလာခဲ့ခြင်း ဖြစ်ပေသည်။
တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားသည့် အချိန်တွင် ရှင်းလီယန်၏ အသက်မဲ့နေသော ခန္ဓာကိုယ်သာ တွေ့ခဲ့ရသည်။ ရှင်းလီယန်၏ဝိညာဉ်မှာလည်း တစ္ဆေမြူများ တိုက်စားခံရမှုကြောင့် အငြိုးကြီးဝိညာဉ်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ စစ်ဆေးမရတော့ပေ။ ထို့ကြောင့် ရှင်းယီရွှမ်းလက်ချက်ဟု ထင်မှတ်ကာ သူမအား အကျပ်ကိုင် ခြိမ်းခြောက်ရန် ရည်ရွယ်ပြီး အလောင်းကိုသာ သိမ်းဆည်းခဲ့သည်။ ထို့နောက် ရှင်းယီရွှမ်းေနာက် ခြေရာခံ လိုက်ပါလာစဉ်အတွင်း၊ တောင်အောက်သို့ ဆင်းလာသော စုန့်ဝမ်နှင့် မတော်တဆ တွေ့ဆုံခဲ့ပင်။
သေဆုံးပြီဟု သူထင်ထားသော ရွှေအမြုတေအဆင့် အစောပိုင်းမျှသာရှိသည့် စုန့်ဝမ်ကို မြင်လိုက်ရသဖြင့် ကျင်းလေ့ အံအားသင့်သွားသည်။
"မင်းက မသေသေးဘူးလား. ရှင်းယီရွှမ်း ဘယ်မှာလဲ"
စုန့်ဝမ်သည် ကျင်းလေ့ကို သတိနှင့် ကြည့်နေရင်း စိတ်ထဲတွင် ဆိုးရွားလှသည့် ကံကြမ္မာကိုသာ ကျိန်ဆဲနေမိတော့သည်။
"သူလား၊ တောင်အထက်ပိုင်းက ဂူတစ်ခုထဲကို ဝင်သွားတာ တွေ့ခဲ့တယ်"
ကျင်းလေ့က ချက်ချင်း မလှုပ်ရှားဘဲ သံသယဖြင့် တွေဝေနေသည်။
"အမှန်အတိုင်း ပြောစမ်း၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ရှင်းလီယန်လက်ကနေ ဘယ်လိုလုပ်ပြီး လွတ်မြောက်လာနိုင်မှာလဲ။ တတိယအဆင အငြိုးကြီးတစ္ဆေတွေ ရှိနေတဲ့ ဒီနေရာထိ ဘယ်လိုလုပ် ရောက်လာတာလဲ။ ဟုတ်ပြီ...မင်းက မတော်တဆ တက်လာခဲ့တာ မဟုတ်ဘူး။ ရှင်းယီရွှမ်း လိုက်ဖမ်းလို့ ထွက်ပြေးရင်း ရောက်လာတာပဲ! ဒါဆိုရင်... ရှင်းလီယန် သေတာ မင်းလက်ချက်ပဲ ဖြစ်ရမယ်"
စုန့်ဝမ်မှာ နှလုံးခုန်ပင် ရပ်တန့်လုနီးပါး ဖြစ်သွားပြီး၊ ချက်ချင်းပင် ထွက်ပြေးတော့သည်။
"ပြေးလို့ လွတ်မယ် ထင်နေလား၊ ကောင်းကင်ဝိညာဉ်ဆေးလုံးကို ပေးစမ်း၊ ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်”
ကျင်းလေ့က ထပ်ချပ်မကွာ လိုက်လာရင်း လေနဂါးအလံတော်ကို ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး လေမုန်တိုင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ တစ္ဆေမြူများပင် အတေးသို့ လွင့်စင်သွားသည်၊ စူးရှလှသော လေတိုးသံမှာ ပတ်ဝန်းကျင်တခွင် ပဲ့တင်ထပ်နေတော့သည်။
စုန့်ဝမ်လည်း နောက်ဘက်မှ ချဉ်းကပ်လာနေသော လေမုန်တိုင်း၏ ဖိအားကို ခံစားလိုက်ရသဖြင့် ရှိရှိသမျှ ခုခံမှုနည်းလမ်းအားလုံး ထုတ်သုံးလိုက်ရသည်။ ရှင်းယီရွှမ်းနှင့် ကျင်းလေ့ တိုက်ခိုက်စဥ်တည်းက ထိုအလံ၏အစွမ်ကို သိထားပြီး မဟုတ်ပါလား။ မြေကမ္ဘာစေတီနှင့် အစိမ်းရောင်ခေါင်းလောင်းတို့ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို ဝန်းရံကာကွယ်ထားလိုက်သည်။
လေမုန်တိုင်းက ထိုအကာအကွယ်နှစ်ခုကို မမှုချေ၊ တခဏအတွင်းမှာပင် တစ်စစီဖြစ်အောင် ချေမွပစ်လိုက်သည်။ သို့သော်လည်း၊ စုန့်ဝမ်မှာမူ လေမုန်တိုင်းက ဝါးမြိုလုဆဲဆဲမှာပင် ပျောက်ကွယ်သွားပြီး ထူထပ်သော သွေးမြူထုတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ထိုမြင်ကွင်းကြောင်း ကျင်းလေ့၏ မျက်ဝန်းအစုံမှာ စိတ်လှုပ်ရှားမှုများ လင်းလက်သွားခဲ့သည်။
"လှုပ်ရှားမှုနည်းစနစ်တစ်ခုလား"
ချက်ချင်းပင် ကျင်းလေ့၏ မျက်ဝန်းအစုံတွင် ထူးဆန်းသော အစိမ်းရောင် အလင်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။ ထိုအလင်းတန်းမှာ ဝိညာဉ်မီးတောက်များနှင့် ဆင်တူပြီး၊ ထူထပ်လှသော တစ္ဆေမြူထုကို ဖောက်ထွင်းကြည့်ရှုနိုင်သည့်အလား အဆက်မပြတ် လှုပ်ရှားနေသည်။ ယင်းမှာ ကျင်းမိသားစု၏ လျှို့ဝှက်နည်းစနစ်ဖြစ်သော နတ်မျက်စိနည်းစနစ် ဖြစ်သည်။ ဤစွမ်းအားကို အသုံးပြုပြီး၊ ကျင်းလေ့သည် စုန့်ဝမ်ညရွေ့ပြောင်းသွားသော တည်နေရာကို တိကျစွာပင် သိရှိသွားသည်။
စုန့်ဝမ်မှာ လှုပ်ရှားတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေရသဖြင့် သွေးအဆီအနှစ်များများ လောင်ကျွမ်းပြီး အလှမ်းဝေးရာသို့ မပြေးနိုင်သောကြောင့် ၃ မိုင်ခန့်အထိသာ ရှောင်တိမ်းနိုင်ခဲ့သည်။ ထိုအကွာအဝေးမှာ ကျင်းလေ့၏ နတ်မျက်စိမှ မလွတ်မြောက်နိုင်ချေ။
ကျင်းလေ့က လျင်မြန်စွာ ရောက်ရှိလာပြီး လေနဂါးအလံတော်ဖြင့် တိုက်ခိုက်လာပြန်သည်။
"လေအချုပ်ထောင် အသက်ဝင်စေ..."
ချက်ချင်းဆိုသလို လေထုတွင်း ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး၊ အနီးဝန်းကျင်ရှိ လေထုတစ်ခုလုံး မငြိမ်မသက် ဖြစ်လာသည်။။
မျက်စိတမှိတ်အတွင်း ကျင်းလေ့နှင့် စုန့်ဝမ်တို့ ပတ်လည်တွင် ကြီးမားလှသော လေတံတိုင်းကြီးတစ်ခုသည် လျင်မြန်စွာပင် ပုံပေါ်လာသည်။ ထိုလေတံတိုင်းမှာ များပြားလှသော လေဝဲကြီးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး၊ ပေငါးရာကျော် မြင့်မားကာ တစ်မိုင်ကျော်ခန့်ထိ ရှည်လျားသည်။
စုန့်ဝမ် သွေးလွတ်မြောက်နည်းစနစ် အသက်သွင်းပြီး နောက်တစ်ကြိမ် ထွက်ပြေးသော်လည်း မရတော့။
"ဖုန်း"
ခပ်အုပ်အုပ်အသံနှင့်အတူ လေတံတိုင်းနှင့် တိုက်မိသွားသော စုန့်ဝမ်မှာ ရှေ့ဆက်မတိုးနိုင်တော့ဘဲ၊ နောက်သို့ လွင့်စင်သွားသည်။ လေဝဲများမှာ အရှိန်ပြင်းလွန်းသဖြင့် အရိုးများ ကျိုးကြေသွားသည့်အလား နာနာကျင်ကျင် ခံစားလိုက်ရကာ သွေးတစ်လုတ်ပင် အန်ထွက်သွားသည်။
စုန့်ဝမ်လည်း ဟန်ချက်ပြန်ထိန်းရင်း အခြေအနေကို အကဲခတ်စဥ် တုန်ခါသွားသော လေတံတိုင်း၏ ထောင့်တစ်နေရာတွင် လစ်ဟာနေသော ဟာကွက်ငယ်ကို တွေ့လိုက်ရသဖြင့် အရှိန်ကုန်မြှင့်ပြီး ပျံသန်းသွားခဲ့သည်။
"ပြေးလို့လွတ်မယ် ထင်နေတာလား"
ကျင်းလေ့က အေးစက်စက် ရယ်မောရင်း လေနဂါးအလံတော်ကို ထပ်မံ၍ လွှဲယမ်းလိုက်ပြန်သည်။ ချက်ချင်းဆိုသလို နောက်ထပ် လေတံတိုင်းတစ်ခု မူလလေတံတိုင်း၏ နောက်ဘက်တွင် ထွက်ပေါ်လာပြီး ဟာကွက်ကို ပိတ်ဆို့လိုက်သည်။
စုန့်ဝမ်လည်း လေတံတိုင်းအသစ် ပေါ်လာပြီး မလွတ်နိုင်တော့သည်ကို သိလိုက်ရသောအခါ၊ လက်ကို မြှောက်ကာ မိုးကြိုးလက်ဝါးဖြင့် ကိုယ့်ခေါင်းကိုယ် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။ ချက်ချင်းပင် မိုးကြိုးတစ်ခု ထွက်ပေါ်လာပြီး စုန့်ဝမ်ဦးခေါင်း တစ်စစီ ပေါက်ကွဲထွက်သွားပြီး သက်မဲ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားသည်။
ထင်မှတ်မထားသော မြင်ကွင်းကြောင့် ကျင်းလေ့ ကြက်သေသေသွားသည်။
"ဒါ... ဒါက ဘာလဲဟ။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား"
ကျင်းလေ့ အာရုံပြန့်လွင့်သွားသည့် အခိုက်အတန့်မှာပင်၊ သူ့ကျောဘက် ပေငါးရာခန့်အကွာ ကောင်းကင်ယံတွင် အလင်းတစ်ချက် ဖျပ်ခနဲ လင်းလက်သွားပြီး၊ စုန့်ဝမ် ပြန်လည်ထွက်ပေါ်လာသည်။ စုန့်ဝမ်က ရုပ်သေးအစားထိုးနည်းစနစ်ဖြင့် အလောင်းရုပ်သေးကို ချန်ထားခဲ့ခြင်းပင်။
ထို့နောက် ကြိုတင်တွက်ဆထားသလို ကျင်းလေ့ အာရုံများသွားချိန် ထိန်းချုပ်မှု လျော့လျဲကာ လေတံတိုင်းတွင် ဖြစ်ပေါ်လာသာ ဟာကွက်တစ်ခုစီ မိုးကြိုးလှုပ်ရှားနည်းစနစ် အသက်သွင်းပြီး ပြေးပါတော့သည်။
သူ့နောက်ဘက်တွင် ရုတ်တရက် ဖြစ်ပေါ်လာသော ဝိညာဥ်စွမ်းအင် လှုပ်ခတ်မှုကို သတိပြုမိသွားပြီး အမြန် လှည့်ကြည့်ချိန် ထွက်ပြေးနေသော စုန့်ဝမ်ကို မြင်လိုက်ရသဖြင့် ကျင်းလေ့ အံအားသင့်သွားသည်။
“ဒီကောင် မသေဘူးလား၊ ခုနက ဘာနည်းစနစ်လဲ”
ကျင်းလေ့အနေဖြင့် ထိုအကြောင်းကို စဥ်းစားနေရန် အချိန်မရှိတော့သလို၊ လေတံတိုင်း၏ ဟာကွက်ကို ပြန်ပိတ်ရန်လည်း မမီတော့ပေ။ လေနဂါးအလံတော်ကို ထပ်မံ လွှဲယမ်းရင်း တိုက်ကွက်အသစ်ကို ထုတ်ဖော်လိုက်ရသည်။ ခဏချင်းမှာပင် လေတံတိုင်း ပျက်ပြယ်သွားပြီး မရေတွက်နိုင်သော လေဓားမြှောင် အမြောက်အမြား ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်။
ကျင်းလေ့မှာ မိုးကြိုးလှုပ်ရှားမှုနည်းစနစ်၏ မြန်နှုန်းကြောင့် စုန့်ဝမ်၏ တည်နေရာကို အတိအကျ မမှန်းနိုင်သဖြင့် ကျယ်ပြန့်သော ဧရိယာကို လွှမ်းခြုံနိုင်သည့် တိုက်ခိုက်မှုနည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဤနည်းဗျူဟာက စုန့်ဝမ်၏ အရှိန်အဟုန်ကို နှောင့်ယှက်ရုံတင်မကဘဲ၊ မဖြစ်မနေ ခုခံရသည့်အခါ လေဓားမြှောင်များ ကွဲအက်သွားသည့် အသံများမှတဆင့် တည်နေရာကို ခန့်မှန်းရန်အတွက်ပါ အထောက်အကူပြုသည်။
ကျင်းလေ့ မျှော်လင့်သည့်အတိုင်းပင်၊ လေဓားမြှောင်များ ကွဲအက်သွားသည့် အသံတစ်ခု တောင်အထက်ဘက် တစ်နေရာမှ ထွက်ပေါ်လာသည်။ ကျင်းလေ့လည်း ထိုနေရာသို့ အရှိန်ကုန်မြှင့် ပျံသန်းသွားရင်း လေနဂါးအလံတော်ကို ဝှေ့ယမ်းလိုက်ပြန်သည်။
"ဝေါင်း..."
နားကွဲလုမတတ် ကျယ်လောင်လှသော နဂါးဟိန်းဟောက်သံတစ်ခု မြည်ဟည်းသွားပြီး၊ ကြီးမားသော လေနဂါးကြီးတစ်ကောင် ဟင်းလင်းပြင်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုလေနဂါးကြီးက တစ္ဆေမြူထုများကို ထိုးဖောက်ကာ ထွက်ပြေးနေသော စုန့်ဝမ်ဆီသို့ လျင်မြန်စွာ တိုးဝင်သွားသည်။
စုန့်ဝမ်လည်း တရှိန်ထိုး ပြေးဝင်လာနေသော လေနဂါးကြီးကို မြင်တွေ့လိုက်ရသဖြင့်၊ မြေကမ္ဘာစေတီ၊ တစ္ဆေဦးခေါင်းဒိုင်းနှင့် ဝိညာဉ်ခေါင်းလောင်းဒိုင်းတို့ကို အလျင်အမြန် အသက်သွင်းလိုက်ရသည်။
ထိုမျှနှင့် စိတ်မချနိုင်သောကြောင့် မဟာဂူမိုးကြိုးနည်းစနစ် အသက်သွင်းကာ ပြေးဝင်လာနေသော လေနဂါးကြီးကို ဦးတည်လျက် မိုးကြိုးလျှပ်စီးများ ပစ်ချလိုက်တော့သည်။
"ဝုန်း… ဂျိမ်း…"
ကျယ်လောင်သည့် ပေါက်ကွဲသံနှင့်အတူ မိုးကြိုးထိမှန်သွားသော လေနဂါးကြီးမှာ တစ်ကိုယ်လုံး ခါယမ်းသွားသည်။ လေနဂါး ခန္ဓာကိုယ်တွင်လည်း ငွေရောင်လျှပ်စီးများ တဖျပ်ဖျပ် စီးဆင်းနေရင်း ပေါက်ကွဲမှုငယ်များ ဆက်တိုက် ဖြစ်ပေါ်နေသည်။
လေနဂါးမှာ ကိုယ်ထည်၏ သုံးပုံတစ်ပုံခန့် ပျောက်ကွယ်ပြီး ဟန်ချက်ပျက်သွားသော်လည်း ကြီးမားလှသော အမြီးပိုင်းဖြင့် စုန့်ဝမ်ကို အားကုန် လွှဲရိုက်ချလိုက်သည်။
“ဝုန်း…”
နားကွဲမတတ် ပြင်းထန်သော အသံကြီးနှင့်အတူ မြေကမ္ဘာစေတီနှင့် တစ္ဆေဦးခေါင်းဒိုင်းတို့၏ အကာအကွယ် စွမ်းအင်အလွှာများ ကြေမွပျက်စီးသွားသည်။
ဝိညာဥ်စွမ်းအင်ဒိုင်းကာသာ မပျက်မစီး ကျန်ရစ်ခဲ့သည်။ စုန့်ဝမ်မှာလည်း ဧရာမတူကြီးဖြင့် လွှဲရိုက်ခံရသလို မရှုမလှ ခံလိုက်ရပြီး အဝေးသို့ လွင့်စင်ထွက်သွားသည်။ ကိုယ်တွင်းအဂ်ါများပင် နေရာလွဲကုန်သည့်အလား ခံလိုက်ရသည်။
………..