ရှုပ်ထွေးသောတိုက်ပွဲ
Vol. 30 Ch. 313
တိုက်တိုက်ဆိုင်ဆိုင်ပင်၊ စုန့်ဝမ် လွင့်စင်ကျသွားသောနေရာမှာ ရှင်းယီရွှမ်း ဝင်သွားသော ဂူပေါက်ဝ ဖြစ်နေသည်။ ဂူတွင်းမှ သေပြေးရှင်ပြေး ထွက်ပြေးလာရသော ရှင်းယီရွှမ်းမှာ ဂူပေါက်ဝအရောက် သူ့ရှေ့မလှမ်းကမ်းသို့ လူတစ်ယောက် ပြုတ်ကျလာသည်ကို တွေ့လိုက်ရသဖြင့် ကြောင်သွားသညါ။
ပြုတ်ကျလာသူမှာ စုန့်ဝမ်ဖြစ်သည်ကို မြင်သောအခါ ရှင်းယီရွှမ်း မျက်ဝန်းအစုံမှာ လောဘကြောင့် တောက်ပသွားသည်။ သူ့မျက်စိထဲတွင် ထိုသည်မှာ ကောင်းကင်ဝိညာဥ်ဆေးလုံးပင် မဟုတ်ပါလား။
ရှင်းယီရွှမ်းက ပြန်မထနိုင်သေးသော စုန့်ဝမ်ကို သတ်ရန် ပြင်လိုက်စဥ်မှာပင် တတိယအဆင့် အငြိုးကြီးတစ္ဆေ ငါးကောင် ဂူထဲမှ ထွက်လာကြသည်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းရပ်သွားရသည်။
ဤအငြိုးကြီးတစ္ဆေငါးကောင်မှာ ရုပ်ပျက်ဆင်းပျက်ဖြင့် မိစ္ဆာကောင်ကြီးများသဖွယ် ဖြစ်နေပြီး အမျိုးမျိုးသော သတ္တဝါများ ပေါင်းစပ်ထားသဖြင့် မည်သည့်သတ္တဝါဟူ၍ ခွဲခြားမရတော့ပေ။ ၎င်းတို့ဆီမှ ထွက်ပေါ်နေသော စူးရှသည့် အော်သံများကလည်း ကျောချမ်းဖွယ်ရာ အလွန်တရာ တုန်လှုပ်စရာ ကောင်းလှသည်။ အော်ဟစ်သံများက စိတ်ဝိညာဥ်တိုက်ခိုက်မှုအလား ဝိညာဥ်၏ အနက်ရှိုင်းဆုံးနေရာကို တိုက်ရိုက်ထိခိုက်စေပြီး သိစိတ်ပင်လယ် ကို တုန်ခါသွားစေသည်။
ရှင်းယီရွှမ်းလည်း ဖျော့တော့တော့ အလင်းတန်းကို ထုတ်လွှတ်နေသည့် အရိုးကဲ့သို့သော လက်နက်တစ်ခု ထုတ်ယူ အသက်သွင်းလိုက်ရာ အလင်းတန်းများက ဒိုင်းသဖွယ် သူမကို ဝန်းရံကာကွယ်လိုက်သည်။ သို့သော် ထိုလက်နက်မှာ အဆင့်နိမ့်မှော်လက်နက်သာ ဖြစ်သည်။ တတိယအဆင့် အငြိုးကြီးတစ္ဆေငါးကောင်၏ စိတ်ဝိညာဥ်တိုက်ခိုက်မှုကိုမူ အပြည့်အဝ တောင့်မခံနိုင်ပေ။ အသံလှိုင်းများက အကာအကွယ်ကို ထိုးဖောက်ပြီး ရှင်းယီရွှမ်း၏ သိစိတ်ပင်လယ်ထဲ ဝင်ရောက်လာသည်။
ရှင်းယီရွှမ်းခမျာ စိတ်ဝိညာဥ်ကို ဆွဲဆုတ်ခံနေရသကဲ့သို့ ခံစားလိုက်ရပြီး နှလုံးခုန်သံများ မြန်ဆန်လာကာ အသက်ရှူရပင် ခက်ခဲလာသည်။
အငြိုးကြီးတစ္ဆေ သုံးကောင်က တစ်ကိုယ်လုံး တုန်ယင်ပြီး နာနာကျင်ကျင် ခံစားနေရသော ရှင်းယီရွှမ်းဆီ တဟုန်ထိုး ပြေးဝင်လာကြသည်။ ရှင်းယီရွှမ်းလည်း စုန့်ဝမ်ကို အရေးပင် မလုပ်နိုင်တော့၊ အားတင်းကာ နောက်ဆုတ်ရင်း ဝိညာဥ်ထိုးဖောက်နည်းစနစ်ကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလို သူမနဖူးရှေ့တွင် ကြည်လင်သော ဝိညာဥ်စွမ်းအင်ဓားတစ်လက် ဖွဲ့တည်လာပြီး ရှေ့ဆုံးမှ ပြေးဝင်လာသော အငြိုးကြီးတစ္ဆေဆီ ပစ်လွှင့်သွားသည်။
ဝိညာဥ်စွမ်းအင်ဓားက အငြိုးကြီးတစ္ဆေ၏ ဦးခေါင်းထဲ အရှိန်ပြင်းစွာ ဖောက်ဝင်သွားသည်။ အငြိုးကြီးတစ္ဆေမှာ ရုတ်တရက် ရပ်တန့်သွားပြီး၊ ပုံရိပ်ပင် ဖျော့တော့သွားကာ အော်ဟစ်နေသော အသံလည်း ပျောက်သွားသည်။ နောက်မှ ကပ်ပါလာသော နှစ်ကောင်လည်း ရပ်တန့်သွားသည်။ သို့သော် ရှင်းယီရွှမ်း တတ်ကျွမ်းသည်မှာ ပထမအလွှာသာ ဖြစ်သဖြင့် တတိယအဆင့် အငြိုးကြီးတစ္ဆေကို သုတ်သင်ရန်မှာမူ အလှမ်းဝေးလွန်းလှသည်။
အသက်တစ်ရှိုက်စာတွင်းမှာပင် အငြိုးကြီးတစ္ဆေ၏ ဝိညာဥ်ပုံရိပ် ပြန်လည်တည်ငြိမ်သွားပြီး စူးရှစွာ အော်ဟစ်ရင်း ပြေးဝင်လာပြန်သည်။
ထိုအချိန်မှာပင် ကျင်းလေ့လည်း တိုက်ပွဲဧရိယာအတွင်း ရောက်ရှိလာသည်။ ရောက်ရောက်ချင်း စူးရှသောအသံများ၏ တိုက်ခိုက်မှု ခံလိုက်ရပြီး ရှင်းယီရွှမ်းတစ်ယောက် အလူးအလဲ ခုခံနေရပုံကို မြင်လိုက်ရသဖြင့် အခြေအနေကို ရိပ်မိသွားသည်။ လေနဂါးအလံကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ၊ သူ့ရှေ့တွင် လေတံတိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ သို့တိုင် လေနဂါးအလံမှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ကာကွယ်နိုင်သော မှော်ရတနာ မဟုတ်သဖြင့်၊ အနည်းငယ် ထိခိုက်သွားပြီး ပေ ၅၀ ခန့်ထိ ဆုတ်လိုက်ရသည်။ ထိုအကွားအဝေးမှာ အသံလှိုင်းများက သိစိတ်ပင်လယ်ပေါ် ပေးလာသော ဖိအားကို များစွာလျော့နည်းသွားစေပြီး ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း ရောက်ရှိသွားသဖြင့် ကျင်းလေ့အတွက် အန္တရာယ် လျော့ပါးသွားသည်။
ရှင်းယီရွှမ်းမှာမူ အကြီးအကျယ် မျက်နှာပျက်သွားသည်။ ထိုလေတံတိုင်းက ဆုတ်လမ်းကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်သွားသည် မဟုတ်ပါလား။
"ကျင်းလေ့... နင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
"ကောင်းကင်ဝိညာဥ်ဆေးလုံးကို ငါ့ကိုပေး၊ ဒါဆိုရင် နင့်ကို ကူညီမယ်"
"ကောင်းကင်ဝိညာဥ်ဆေးလုံးက ငါ့ဆီမှာမရှိဘူး - အဲဒီ လေလွင့်ကျင့်ကြံသူ ယူသွားပြီ"
ရှင်းယီရွှမ်းက ပြောဆိုနေရင်း လှိုင်းတံပိုးအလံကို ထုတ်ဆင့်ပြီး ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ရေအလျဉ်များစွာ ရုတ်ချည်း ထွက်ပေါ်လာပြီး လေထုထဲတွင် အရှိန်ပြင်းစွာ လည်ပတ်ရင်း သူမကို အကာအကွယ် ပေးထားလိုက်သည်။
ကျင်းလေ့က အနီးဝန်းကျင်ကို လှည့်ပတ်ကြည့်သော်လည်း သူ့တိုက်ခိုက်မှုကြောင့် လွင့်စင်သွားသော စုန့်ဝမ်ကို မတွေ့ရသဖြင့် စဥ်းစားရကြပ်သွားသည်။
"အဲဒီ လေလွင့်ကျင့်ကြံသူ ဘယ်ကို ထွက်ပြေးသွားတာလဲ"
ရှင်းယီရွှမ်းက အငြိုးကြီးတစ္ဆေများ၏ တိုက်ခိုက်မှုကို အံကြိတ်တင်းခံရင်း "သူ ဂူထဲကို ထွက်ပြေးသွားတယ်" ဟု ဖြေလိုက်သည်။
"မဖြစ်နိုင်တာ။ နင်လို ရွှေအမြုတေ အထွတ်အထိပ်ကျင့်ကြံသူတောင် ဒီကောင်တွေရဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို မနည်းတောင့်ခံနေရတာ။ ရွှေအမြုတေ အစောပိုင်း ကျင့်ကြံသူက ဘယ်လိုလုပ် လွတ်မြောက်သွားနိုင်မှာလဲ"
"ငါလည်း မသိဘူး။ သူ့မှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကနေ ကာကွယ်ပေးနိုင်တဲ့ မှော်ရတနာတစ်ခု ရှိနေလို့နေမှာပေါ့"
စကားပြောနေစဥ်မှာပင် သူမ၏နဖူးမှ နောက်ထပ် ဝိညာဥ်စွမ်းအင်ဓားတစ်လက် ထွက်ပေါ်လာပြီး ဒဏ်ရာရပြီးသား အငြိုးကြီးတစ္ဆေကို တိုက်ခိုက်လိုက်ပြန်သည်။
အငြိုးကြီးတစ္ဆေ၏ ဝိညာဥ်ခန္ဓာကိုယ်မှာ ပိုမို၍ မှုန်ဝါးသွားပြီး ၎င်း၏ စွမ်းအားလည်း သိသိသာသာ လျော့နည်းသွားကာ ခြိမ်းခြောက်နိုင်းစွမ်း လျော့ကျသွားသည်။
ကျင်းလေ့က ဆေးလုံး မရသော်လည်း ရှင်းမိသားစု ပါရမီရှင်ကို သုတ်သင်နိုင်ပါက အမြတ်ဟု သဘောထားကာ "တကယ်လို့ အဲလိုဆိုရင် နင် ဒီနေရာမှာပဲ သေလိုက်တော့"ဟု ကြုံးဝါးရင်း တိုက်ခိုက်လိုက်သည်။ ချက်ချင်းဆိုသလို လေတံတိုင်းက ရုတ်ချည်း ပြိုလဲသွားပြီး ဧရာမ လေဆင်နှာမောင်းအသွင် ပြောင်းလဲကာ ရှင်းယီရွှမ်းဆီ တိုးဝင်သွားသည်။
ရှင်းယီရွှမ်း၏ မျက်နှာအမူအရာရာမှာ ရေခဲကဲ့သို့ အေးစက်သွားသည်။
"ကျင်းလေ့... ဒီရန်ငြိုးကို ငါ မှတ်ထားမယ်"
သူမကဲ့သို့သော ရှင်းမိသားစု၏ ပါရမီရှင်တွင် သက်ကယ်ရတနာများ ရှိထားပြီးသားပင်။ အသက်ဘေး ကြုံလာချိန် အခြားနည်း မရှိတော့သည်အထိ ဖိအားပေးခြင်း ခံလာရပါက ထုတ်သုံးရန်သာ ရှိတော့သည်။ ရုတ်တရက် ရှင်းယီရွှမ်း လက်ထဲတွင် ဝိညာဥ်ဖြိုခွင်းအဆောင် နှစ်ရွက် ပေါ်လာပြီး ချေမွလိုက်သည်နှင့် ဝိညာဥ်စွမ်းအင်ဓားနှစ်လက် ထွက်ပေါ်လာပြီး အနီးကပ်လာသော အငြိုးကြီးတစ္ဆေ နှစ်ကောင်ဆီ ပစ်လွှင့်သွားသည်။
ဝိညာဥ်စွမ်းအင်ဓားများ ထိမှန်သည်နှင့် အငြိုးကြီးတစ္ဆေများ ရပ်တန့်သွားပြီး မျက်တောင်တစ်ခတ်အတွင်းပင် ဝိညာဥ်ပုံရိပ် ဝေဝါးလာပြီး ပေါက်ကွဲကာ အပိုင်းအစများအဖြစ် ကြွေလွင့် ပျောက်ကွယ်သွားတော့သည်။ ဒဏ်ရာရထားသော အငြိုးကြီးတစ္ဆေလည်း ဆက်မတိုက်ခိုက်ရဲတော့ဘဲ ဂူထဲသို့ ခြေကုန်သုတ် ဝင်ပြေးသွားတော့သည်။
အငြိုးကြီးတစ္ဆေများအား သတ်ဖြတ်နေစဥ်မှာပင် ရှင်းယီရွှမ်းသည် လှိုင်းတံပိုးအလံကို အသုံးပြုကာ သူမ၏ နောက်ဘက်တွင် ဧရာမ ရေတံတိုင်းကြီးကို ဖန်တီးလိုက်သည်။ နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လျက် တိုးဝင်လာသော လေဆင်နှာမောင်းမှာ ရေတံတိုင်းနှင့် တိုက်မိသွားသည်။
“ဝုန်း”
ကောင်းကင်နှင့်မြေကြီးပင် တုန်ဟည်းသွားသကဲ့သို့ နားကွဲမတတ် ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ လေဆင်နှာမောင်းရော၊ ရေတံတိုင်းကြီးပါ ပျက်ပြယ်သွားသည်။
ကျင်းလေ့ မျက်နှာပျက်သွားသည်။ ရှင်းယီရွှမ်းတွင် ဝိညာဥ်ဖြိုခွင်းအဆောင် နှစ်ရွက် ရှိနေလိမ့်မည်ဟု သူ အမှန်ပင် မျှော်လင့်မထားခဲ့မိချေ။ ၎င်းမှာ စိတ်ဝိညာဥ်တိုက်ခိုက်မှုကို ကာကွယ်နိုင်သည့် မှော်ရတနာ မပိုင်ဆိုင်ထားသော သူ့အတွက် ကြီးမားသော အန္တရာယ် ဖြစ်နေသည်။
"ကျင်းလေ့... သေစမ်း"
ရှင်းယီရွှမ်း၏ ဒေါသတကြီး အော်ဟစ်သံနှင့်အတူ ကြီးမားသာ ရေနဂါးကြီးတစ်ကောင် လှိုင်းတံပိုးအလံမှ ထွက်ပေါ်လာပြီး ကျင်းလေ့ဆီ တိုးဝင်သွားသည်။
ကျင်းလေ့ သက်ပြင်းချလိုက်တော့သည်။ သူ့အနေဖြင့် အငြိုးကြီးတစ္ဆေများအား ရင်ဆိုင်ရန် အားသာချက် မရှိသဖြင့် ဂူအတွင်း ဝင်ရောက်ရန် မဖြစ်နိုင်သလို၊ ဝိညာ်ဖြိုခွင်းအဆောင် ထပ်မံရှိနေသေးနိုင်သည့် ရှင်းယီရွှမ်းနှင့်လည်း ရင်ဆိုင်လိုစိတ် မရှိတော့ပေ။ ကျင်းလေ့လည်း ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ လေတံတိုင်းတစ်ခု ဖန်တီး ကာကွယ်ရင်း အဝေးသို့ ထွက်ပြေးသွားတော့သည်။
ရှင်းယီရွှမ်းသည် တစ္ဆေမြူခိုးများထဲ ပျောက်ကွယ်သွားသော ကျင်းလေ့နောက် လိုက်ရန် စိတ်မကူးချေ။ တစ္ဆေမြူထဲ ကျင်းလေ့ကဲ့သို့ လေဓာတ်နည်းစနစ် ကျွမ်းကျင်သူကို ဖမ်းဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ထို့အပြင် ကောင်းကင်ဝိညာဥ်ဆေးလုံး ယူဆောင်သွားသော လေလွင့်ကျင့်ကြံသူ၏ လျှို့ဝှက်ဆန်းကြယ် နည်းစနစ်များကို ပိုမိုမက်မောနေခဲ့သည် မဟုတ်ပါလား။
ရှင်းယီရွှမ်းလည်း ဆေးလုံးများသောက်ပြီး ဒဏ်ရာ ကုသရင်း ဂူဝင်ပေါက်တွင် နေရာယူလိုက်သည်။ ဤဂူထဲတွင် အငြိုးကြီးတစ္ဆေများစွာ ရှိနေသည်ကို သူမိ သိထားပြီး ဖြစ်သည်။ စိတ်ဝိညာဥ်တိုက်ခိုက်မှု ခုခံနိုင်သည့်ရတနာ ရှိနေလျှင်ပင် အဆက်မပြတ် ရင်ဆိုင်ရမည့် စိတ်ဝိညာဥ်တိုက်ခိုက်မှုများကို ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ပေ။ ထိုသူ ဂူထဲမှ ထွက်ပြေးလာရမည်မှာ ကျိန်းသေပင်။ အချိန်သာ စောင့်ရပေလိမ့်မည်။
……..