← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အပိုင်း ၁၁၅

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

မနက်စာ စားပြီးနောက် ဆိုနင်ပင်းက ဆိုလွန်အတွက် ကိုယ်ကျပ် လေးကိုင်စစ်သည်ဝတ်စုံကို ကိုယ်တိုင် ဝတ်ဆင်ပေးနေ၏။ ထိုဝတ်စုံကို ဈေးကြီးသည့် စပါးကြီးမြွေရေခွံဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

လေးကိုင်စစ်သည်ဝတ်စုံကို ဝတ်ဆင်ထားသည့်အခါ ဆိုလွန်က အလွန်တရာ ရဲရင့်ခန့်ညားနေပုံရ၏။ သူ့အား ကြည့်ရင်း ဆိုနင်ပင်း၏ လှပသည့် မျက်လုံးများထဲ၌ မျက်ရည်များ ရစ်သိုင်းလာသည်။

ဆိုနင်ပင်းက ပြောသည်။ “မောင်လေးက တကယ် ဆွဲဆောင်မှု ရှိလွန်းတယ်။ အခု မောင်လေးပုံစံကိုသာ ကွေ့ချင်းရှောင် မြင်သွားရင် အရင်က မောင်လေးအပေါ် အဲဒီလောက် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတာကို သူ သေချာပေါက် နောင်တရသွားမှာပဲ။”

အစ်မဖြစ်သူ၏ နှုတ်မှ အသုံးမကျသည့် စေ့စပ်ထားသူ၏ အမည်ကို ကြားလိုက်ရသဖြင့် ဆိုလွန် ပြုံးလိုက်သော်ငြား အနည်းငယ် မျက်မှောင်ကျုံ့သွား၏။ လက်ရှိအချိန်၌ ကွေ့ချင်းရှောင်အကြောင်းကို သူ မပြောချင်ကြောင်း သိသာနေသည်။

ဆိုနင်ပင်းက သူ၏ အနည်းငယ် ပြောင်းလဲသွားသည့် စိတ်အခြေအနေကို သတိမထားမိပေ။ ဆိုလွန်၏ မျက်လုံးများက တောက်ပနေကာ ဆိုးသွမ်းပြီး အလွန်တရာ ဆွဲဆောင်မှုရှိလှ၏။

သူမက သူ၏ မျက်မှောင်ကျုံ့နေမှုကို ပြေလျော့သွားစေရန် ပွတ်သပ်ပေးလိုက်သည်။ “ကလေးဆိုးလေး... လင်ဟိုင်မြို့က မြို့စားကြီး ကွေ့ရှင်းဖူနဲ့ အစ်မတို့ရဲ့ မင်္ဂလာစေ့စပ်မှုက အရမ်း အရေးကြီးတယ်။ ပြီးတော့ မောင်လေးက စေ့စပ်ထားတဲ့သူကို မမြင်ဖူးသေးလို့ပါ။ သူက တကယ် အရမ်းဆွဲဆောင်မှုရှိပြီး မျက်စိတစ်မှိတ်တောင် အကြည့်မလွှဲနိုင်လောက်အောင် လှတာ။ မောင်လေးသာ မြို့စားရာထူးကို ချောချောမွေ့မွေ့ ဆက်ခံပြီး ထျန်းရွှေမြို့ရဲ့ သခင် ဖြစ်လာတာနဲ့ အစ်မတို့ လင်ဟိုင်မြို့ကိုသွားပြီး မင်္ဂလာကိစ္စကို တရားဝင် ဆွေးနွေးကြမယ်။”

ဆိုနင်ပင်းက သူ၏ ခါးပတ်ကို တင်းကျပ်စွာ ပတ်ပေးလိုက်၏။ သွယ်လျရှည်လျားပြီး မတ်မတ်ရပ်နေသော သူ၏ ခန္ဓာကိုယ်နှင့် ချောမောလှပသည့် မျက်နှာကို သူမ ကြည့်လိုက်သည်။ ဆိုလွန်က မရေမတွက်နိုင်သော မိန်းကလေးများကို ရူးသွပ်သွားစေနိုင်လောက်သည့်အထိ အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလွန်းလှ၏။ သူမက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဆိုလွန်အပေါ် အလွန် ဂရုစိုက်တတ်သည့် အစ်မဖြစ်သူက မျက်မှောင်ကျုံ့လိုက်သည်။ “မောင်လေး... မျက်လုံးတွေက ဘာဖြစ်နေတာလဲ။”

သူ၏ မျက်လုံးများက ပြီးပြည့်စုံနေပုံရသော်ငြား တစ်ခုခု ထူးဆန်းနေသည်ဟု သူမ ခံစားနေရဆဲပင်။

ဆိုလွန် ပြုံးလိုက်သည်။ “ဘာမှမဖြစ်ပါဘူး... အစ်မရဲ့ အလှတရားတွေကြောင့် မျက်စိကန်းသွားလို့ပါ။”

ဆိုနင်ပင်းက ပြုံးလျက် နောက်ပြောင်လိုက်သည်။ “အစ်မ မောင်လေးက အရမ်းဆွဲဆောင်မှုရှိလို့ လူတိုင်းကိုတောင် တကယ် မျက်စိကန်းသွားစေနိုင်တာပါ။”

ထို့နောက် သူမက သူ၏ နှာခေါင်းထိပ်လေးကို သူမ၏ နှာခေါင်းဖြင့် ချစ်စနိုး ပွတ်တိုက်လိုက်၏။

ဆိုလွန်က အခွင့်ကောင်းယူ၍ သူမ၏ သေးသွယ်သည့် ခါးလေးကို ဆွဲဖက်ကာ သူမ၏ နှုတ်ခမ်းကို ခိုးနမ်းလိုက်သည်။

ဆိုနင်ပင်း၏ နူးညံ့သည့် ခန္ဓာကိုယ်လေး တုန်ယင်သွားပြီး ပါးပြင်များ ချက်ချင်း နီရဲသွား၏။

သူမက တိုးတိုးလေး ပြောသည်။ “ဒီကောင်ဆိုးလေး... မြန်မြန် လွှတ်စမ်း။”

ဆိုလွန် လွှတ်မပေးပေ။ ထိုအစား သူမကို ပို၍ တင်းကျပ်စွာ ဆွဲဖက်လိုက်ပြီး နူးညံ့သည့် ခန္ဓာကိုယ်လေးကို သူ၏ ကိုယ်နှင့် ဖိကပ်ထားလိုက်၏။ သူမ၏ နူးညံ့သည့် နားရွက်ဖျားလေးအနီးသို့ ကပ်ကာ တိုးတိုးလေး ပြောသည်။ “အစ်မ... ကျွန်တော် ပြန်လာတာကို အိမ်ကနေ စောင့်နေပေးပါ။”

ထို့နောက် ဆိုနင်ပင်း၏ နားရွက်ဖျားလေးကို ညင်သာစွာ ကိုက်လိုက်ပြီးနောက် လှည့်၍ ထွက်လာ၏။

ဆိုနင်ပင်း၏ ခန္ဓာကိုယ် တစ်ဝက်ခန့် ထုံကျဉ်သွား၏။ သူမ၏ လှပသည့် မျက်နှာလေးမှာ အရက်မူးနေသူကဲ့သို့ နီမြန်းနေသည်။ တောက်ပပြီး အနည်းငယ် ဝေဝါးနေသည့် မျက်လုံးများဖြင့် ဆိုလွန်၏ ကျောပြင်ကို သူမ ကြည့်နေမိသည်။

ဘယ်အချိန်ကတည်းက စတင်ခဲ့မှန်း သူမ မသိသော်ငြား ဆွဲဆောင်မှုရှိပြီး လွမ်းဆွေးတတ်သည့် ဤကောင်လေးက သူမ၏ အသက်သွေးကြော ဖြစ်လာလေပြီ။

သို့သော် အကြောင်းပြချက် မသိရဘဲ သူမ ဝမ်းသာကာ ရှက်သွေးဖြာနေရသော်ငြား စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခုက သူမ၏ ရင်ထဲ၌ စွဲကပ်နေပြီး မည်သည့်အတွက်ကြောင့်မှန်း သူမ စဉ်းစား၍ မရပေ။

**--**--**--**--**--**--**--**

“သခင်လေး... မင်္ဂလာနံနက်ခင်းပါ။”

“သခင်လေး... မင်္ဂလာနံနက်ခင်းပါ။”

“သခင်လေး... အကောင်းဆုံး ကြိုးစားပါ။”

ဆိုလွန်က သူ၏ မှတ်ဉာဏ်ကို အားကိုးလျက် မြို့စားအိမ်တော်ထဲမှ ထွက်ခွာလာ၏။ လမ်းတစ်လျှောက်၌ မိသားစု၏ စစ်သည်များနှင့် အစေခံများက သူ့အား ဦးညွှတ် နှုတ်ဆက်ကြသည်။ သူကလည်း ပြုံးပြကာ ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။

မြို့စားအိမ်တော် အပြင်ဘက်၌ ရဲ့ကျင်းယွီက မြင်းလှည်းကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

ဆိုလွန် လျှောက်သွားကာ ရဲ့ကျင်းယွီအား တိုးတိုးလေး ပြောသည်။ “အစ်မ... ကျွန်တော့်ကို တွဲတင်ပေးပါ။”

ရဲ့ကျင်းယွီ အံ့ဩသွားသော်ငြား ဆိုလွန်၏ လက်ကို ကိုင်ကာ မြင်းလှည်းပေါ်သို့ တွဲတင်ပေးလိုက်သည်။

“သခင်လေး အောင်ပွဲခံပြီး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။”

မြို့စားအိမ်တော်၏ ပင်မတံခါးဝ၌ အစေခံများနှင့် စစ်သည်များ အားလုံးက အသံကုန် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။

ဆိုလွန်သည်လည်း ပြုံးလိုက်ပြီး သူတို့ကို လက်ပြနှုတ်ဆက်လိုက်သည်။

**--**--**--**--**--**--**--**

ရဲ့ကျင်းယွီက မြင်းကြာပွတ်ကို ရိုက်ချလိုက်ပြီး တော်ဝင်မြို့တော် အကယ်ဒမီဆီသို့ မြင်းလှည်းကို မောင်းနှင်လိုက်၏။

လက်ရှိအချိန်၌ ဆိုလွန်နှင့် ကျိနင်တို့ကြားမှ လောင်းကြေးက တော်ဝင်မြို့တော် တစ်ခုလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်နေလေပြီ။

ယနေ့က နောက်ဆုံး အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ မြို့စားအိမ်တော်မှ တော်ဝင်မြို့တော် အကယ်ဒမီသို့ သွားရာလမ်းတစ်လျှောက်၌ လာရောက်ကြည့်ရှုသူများဖြင့် ပြည့်နှက်နေ၏။ သူတို့ထဲမှ လူအများအပြားက ဆိုလွန်အတွက် ကျယ်လောင်စွာ အားပေးနေကြသည်။

“ဆိုလွန်... ငါတို့ မင်းကို ထောက်ခံတယ်။ မင်း နောက်ဆုံးကျရင် နိုင်ကို နိုင်ရမယ်။”

“ဆိုလွန်... မင်း သေချာပေါက် နိုင်အောင်လုပ်ပြီး မင်းသမီး ကျိနင်ကို နင်းခြေပစ်လိုက်။”

“အကောင်းဆုံး ကြိုးစား ဆိုလွန်... မင်း နိုင်ရမယ်။ မင်း နိုင်ကို နိုင်ရမယ်။”

အတိတ်၌ ဆိုလွန်က ဂုဏ်သတင်း ပျက်နေသည့် အထက်တန်းလွှာ တစ်ယောက် ဖြစ်ခဲ့သော်ငြား တော်ဝင်မိသားစု၏ ဖိနှိပ်မှုကို ရဲဝံ့စွာ ဆန့်ကျင်ကာ အံ့ဖွယ်အရာများကို အကြိမ်ကြိမ် ဖန်တီးခဲ့၏။ ထို့ကြောင့် သူက တော်ဝင်မြို့တော်ရှိ မရေမတွက်နိုင်သည့် အရပ်သားများ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

လူတိုင်းက သူ၏ နောက်ဆုံး စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြပြီး နောက်ဆုံး အံ့ဖွယ်အရာ တစ်ခုကို ဖန်တီးပေးရန် မျှော်လင့်နေကြသည်။

သို့သော် အံ့ဖွယ်ရာများ ဖန်တီးနိုင်သူဟု သူတို့ မြင်ထားသည့် ဆိုလွန်က လက်ရှိအချိန်၌ လုံးဝ အမှောင်ထုထဲ၌ ရှင်သန်နေရကြောင်း မည်သူကမှ မသိကြပေ။

လေးကိုင်စစ်သည် တစ်ယောက် မျက်စိကန်းသွားခြင်းက အစားအသောက် နှစ်သက်သူ တစ်ယောက် လျှာအာရုံ ပျောက်ကွယ်သွားခြင်း ၊ သို့မဟုတ် ရေမွှေးကျွမ်းကျင်သူ တစ်ယောက် အနံ့ခံအာရုံ ပျောက်ကွယ်သွားခြင်းနှင့် တူ၏။

ငွေရောင်ကာစီနိုဘက်၌ ဆိုလွန်ဘက်က လောင်းထားသည့် ရွှေဒင်္ဂါးများက အစပိုင်း၌ ၁၀၀၀ ကျော်သာ ရှိသော်လည်း ယခုအခါ ၁၃၀၀၀ ကျော်အထိ စုပုံလာလေပြီ။

အကယ်၍ ဆိုလွန် နိုင်ပါက ငွေရောင်ကာစီနိုက ရွှေဒင်္ဂါး ၁၃၀,၀၀၀ ပေးလျော်ရမည် ဖြစ်၏။

ထိုသည်မှာ ပြည်နယ်တစ်ခုလုံး၏ တစ်နှစ်စာ အခွန်ဝင်ငွေထက်ပင် ကျော်လွန်နေသည့် မယုံနိုင်စရာ ကိန်းဂဏန်းကြီး တစ်ခု ဖြစ်သည်။ ဆိုလွန်သာ နိုင်ပါက ငွေရောင်ကာစီနိုသည် သုံးကြိမ်တိုင်တိုင် ဒေဝါလီခံရလျှင်ပင် ထိုအကြွေးကို ဆပ်နိုင်မည် မဟုတ်ပေ။ ကျိနင်နှင့် ကျိလီတို့သည်လည်း လုံးဝ ပြိုလဲသွားပေလိမ့်မည်။

ထိုမျှ များပြားလွန်းသည့် ရွှေဒင်္ဂါး ပမာဏကြီး တစ်ခုတည်းကြောင့်ပင် ဆိုလွန်ကို အကြိမ်တစ်ရာမက လုပ်ကြံရန် သူတို့အတွက် လုံလောက်နေသည်။

များပြားလှသည့် လူအုပ်ကြီး၏ မျှော်လင့်တကြီး ကြည့်ရှုနေမှုအောက်၌ ဆိုလွန်၏ မြင်းလှည်းက တော်ဝင်မြို့တော် အကယ်ဒမီထဲသို့ ဝင်ရောက်သွား၏။

ဤလမ်းတစ်လျှောက်၌မူ ဆူညံနေသည့် အားပေးသူ လူအုပ်ကြီး မရှိတော့ပေ။ ဆိုလွန်က အာရုံစိုက်ခံရဆဲ ဖြစ်သော်ငြား အကြည့်များကမူ အေးစက်သည့် ရန်လိုမှုများဖြင့် ပြည့်နှက်နေကြသည်။

အရပ်သားအဖွဲ့မှ ကျောင်းသားတိုင်းက ဆိုလွန်၏ မြင်းလှည်းကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။

အကြောင်းမှာ ထိုကျောင်းသားများက တော်ဝင်မိသားစု၏ အသစ္စာအရှိဆုံး အားပေးထောက်ခံသူများ ဖြစ်နေသည့်အတွက်ပင်။ ဆိုလွန်က မင်းသား ကျိလီ၏ လမ်းကို ပိတ်ဆို့ထားသည့် တော်ဝင်မိသားစု၏ ရန်သူ ဖြစ်၏။

သူတို့အတွက် အထူးသဖြင့် ခွင့်မလွှတ်နိုင်ဆုံး အရာမှာ ဆိုလွန်က သူတို့၏ နတ်ဘုရားမဖြစ်သည့် မင်းသမီး ကျိနင်ကို မလေးမစား လုပ်ခဲ့ခြင်း ဖြစ်သည်။ မင်းသမီး ကျိနင်နှင့် မင်းသား ကျိလီ နှစ်ဦးစလုံးက အရပ်သား ကျောင်းသားများအကြား၌ အလွန် မြင့်မားသည့် ဂုဏ်သတင်း ရှိကြ၏။

ထို့အပြင် အဖွဲ့အစည်းများကြား အားပြိုင်မှုက နိုင်ငံကို ပျက်စီးစေသည်ဟူသည့် ဆိုလွန်၏ သီအိုရီမှာ အရပ်သား အထက်တန်းလွှာများနှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ဖြစ်နေ၏။

ဆိုလွန်၏ အံ့မခန်း အနုပညာ စွမ်းရည်များကို သူတို့ လုံးဝ ဂရုမစိုက်ကြပေ။ ထိုကဲ့သို့ အသုံးမဝင်သည့် အရာများကို သူတို့ လုံးဝ စိတ်မဝင်စားကြချေ။

အရပ်သားကျောင်းသား နယ်မြေကို မြင်းလှည်း ဖြတ်သန်းသွားစဉ် ဆိုလွန်က သူတို့၏ ကျယ်လောင်သည့် လှောင်ပြောင် စော်ကားမှုများကို တစ်ဖန် ရင်ဆိုင်လိုက်ရပြန်သည်။

“ဆိုလွန်... ဒီနောက်ဆုံးစာမေးပွဲက မင်းရဲ့ အသုံးမကျတဲ့ အမှိုက်ကောင်ဆိုတဲ့ ဇာတိရုပ်မှန်ကို ဖော်ပြပေးလိမ့်မယ်။”

“ဆိုလွန်... ဒီနေ့ ပြီးသွားရင် မင်းရဲ့ ဆိုမိသားစု ကိစ္စပြတ်ပြီ။ မင်း အရာအားလုံး ဆုံးရှုံးပြီး ငါတို့လို အရပ်သားဘဝကို ကျဆင်းသွားတော့မှာပဲ။”

“နေဦး... ငါတို့က အရပ်သားတွေ ဖြစ်ပေမဲ့ ထူးချွန်တဲ့ စာပေနဲ့ သိုင်းပညာ စွမ်းရည်တွေ ရှိတယ်။ မင်းကကော။ မင်းသာ အထက်တန်းလွှာ ဂုဏ်ပုဒ်ကို ဆုံးရှုံးသွားရင် လုံးဝ အမှိုက်ကောင် ဖြစ်သွားမှာပဲ။”

“ဆိုလွန်... မင်း အရာအားလုံး ဆုံးရှုံးသွားတဲ့အခါ အဲဒီပြည့်တန်ဆာမတွေကို သွားပြီး အစွမ်းကုန် ပြုစုပေးလို့ ရတယ်။ သူတို့အတွက် ပန်းချီဆွဲပေးပြီး သီချင်းတီးခတ်ပေးပေါ့။ အဲဒါက မင်းအကျွမ်းကျင်ဆုံး အရာပဲ မဟုတ်လား။”

“အချိန်ကျလာရင် သူ အဲဒီလိုလုပ်ဖို့တောင် စိတ်ပါမယ် မထင်ဘူး။ ဒါပေမဲ့ သူ့မှာ ချောမောတဲ့ မျက်နှာလေး ရှိတယ်။ သူ ပြည့်တန်ဆာအိမ်မှာ အလုပ်ဝင်ပြီး ဧည့်သည်တွေကို ကိုယ်တိုင် ဧည့်ခံလို့ ရတာပဲ။ သူ့ခြေထောက်နှစ်ချောင်း ကားပေးလိုက်ရင် ပိုက်ဆံရှာရတာ ပိုမြန်လိမ့်မယ်။”

မြင်းလှည်း မောင်းနှင်နေသည့် ရဲ့ကျင်းယွီမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေ၏။ သူမအတွက် ဤဆိုလွန်က သူမ၏ သခင်လေးသက်သက် မဟုတ်တော့သလို ယခင်က ထူးဆန်းသည့် လန်လင်းလည်း မဟုတ်တော့ပေ။ သူက သူမ အလွန် ချစ်မြတ်နိုးပြီး အလွန်တရာ ဂရုစိုက်ရသည့် အမျိုးသားတစ်ဦး ဖြစ်နေလေပြီ။

သို့သော် ဆိုလွန်ကမူ မြင်းလှည်းအတွင်း၌ ငြိမ်းချမ်းစွာ ထိုင်နေ၏။ သူက စော်ကား လှောင်ပြောင်မှုများ အားလုံးကို လုံးဝ တုံ့ပြန်ခြင်း မရှိပေ။

အရပ်သားအဆောင်မှ ဖြတ်ကျော်လာပြီးနောက် အထက်တန်းလွှာအဆောင်သို့ ရောက်ရှိလာသည်။ ဤနေရာ၌မူ လုံးဝ ကွဲပြားခြားနားသည့် မြင်ကွင်းတစ်ခု ဖြစ်နေပြန်၏။

“ဆိုလွန်... ကျွန်မတို့ ရှင့်ကို ထောက်ခံတယ်။”

“ဆိုလွန်... ရှင် နိုင်ကို နိုင်ရမယ်။”

ဆိုလွန်၏ မြင်းလှည်း ဖြတ်သန်းသွားချိန်၌ အထက်တန်းလွှာ မိန်းကလေး အများအပြားက နွေးထွေးစွာ အော်ဟစ် အားပေးကြသည်။

သူမတို့၏ စိတ်ထဲ၌ သိုင်းပညာ တစ်ခုတည်းကိုသာ ထူးချွန်သည့် အမျိုးသားမှာ လူရိုင်းတစ်ယောက်သာ ဖြစ်သည်။ အနုပညာကသာ ထာဝရ ဖြစ်၏။ ထိုညက ကံကြမ္မာ တေးသွားဖြင့် ဆိုလွန်က သူမတို့၏ နှလုံးသားများကို လုံးဝ သိမ်းပိုက်သွားခဲ့လေပြီ။

သူတို့က သူ့အား စကားလုံးများဖြင့်သာ အားပေးခြင်း မဟုတ်ဘဲ လုပ်ရပ်များဖြင့်ပါ အားပေးကြခြင်း ဖြစ်ပြီး အထူးသဖြင့် ရွှေဒင်္ဂါးများဖြင့် ဖြစ်သည်။

သူမတို့က စုထားသည့် မုန့်ဖိုးများအားလုံးကို ယူကာ ငွေရောင်ကာစီနိုသို့ သွား၍ ဆိုလွန်ဘက်မှ လောင်းကြေးထပ်ခဲ့ကြ၏။ ဆိုလွန်က ကြက်တစ်ကောင်ကိုပင် မချည်နှောင်နိုင်လောက်အောင် သိုင်းပညာ အလွန် အားနည်းသူဖြစ်ကြောင်း သိထားကြသော်ငြား သူမတို့၏ ငွေများကို လွှင့်ပစ်လိုက်ရမည်ဆိုလျှင်ပင် လုံးဝ ဂရုမစိုက်ကြပေ။

လန်လင်းက ထိုမိန်းကလေးများကို မမြင်နိုင်သော်ငြား သူတို့၏ နွေးထွေးသည့် အရိပ်အယောင်များကို ခံစားသိရှိနိုင်၏။ သူ၏ နှုတ်ခမ်းထောင့်များ၌ အပြုံးတစ်ခု ထွက်ပေါ်လာပြီး စိတ်ထဲမှ တွေးလိုက်သည်။

“မင်းတို့အားလုံး တင်တောင်းခံရမယ့် မင်္ဂလာစရိတ်လေး နိုင်အောင်လို့ ငါ ကူညီပေးချင်ခဲ့တာ... ဒါပေမဲ့ အခုတော့ ကာစီနိုအတွက်ပဲ အလှူငွေ ထည့်ပေးလိုက်သလို ဖြစ်သွားပြီ။”

**--**--**--**--**--**--**--**

မြင်းလှည်းက လေးပစ်ကွင်းရှေ့၌ ရပ်တန့်သွား၏။ ဤသည်မှာ ယနေ့ နောက်ဆုံးစာမေးပွဲ၏ နေရာပင် ဖြစ်နေသည်။

ဆိုလွန်က လက်ကို ဆန့်ထုတ်လိုက်သည်။ “အစ်မ ကျင်းယွီ... ကျွန်တော့်လက်ကို ကိုင်ထား။”

ရဲ့ကျင်းယွီ အံ့ဩသွား၏။ သူမက ဆိုလွန်၏ လက်ကို ကိုင်ကာ ပြုံးလိုက်သည်။ “ဟုတ်ကဲ့ပါ... ကျွန်မရဲ့ ကြီးမြတ်တဲ့ သခင်လေး။ ဒီညကစပြီး ကျွန်မက သခင်လေးရဲ့ စစ်သည် မဟုတ်တော့ဘဲ အစေခံမလေး ဖြစ်သွားတော့မှာပါ။”

ဆိုလွန်က ရဲ့ကျင်းယွီရှိရာ ဘက်သို့ ကြည့်ကာ ပြုံးလိုက်သည်။ “အစေခံမလေးလား။ အစ်မက ကျွန်တော့်ကုတင်ကို နွေးနေအောင် လုပ်ပေးရမယ့် တာဝန် ယူမှာလား။”

ထိုအခိုက်အတန့်၌ ရဲ့ကျင်းယွီ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွား၏။ သူမက ဆိုလွန်၏ လက်ကို ကိုင်ထားသော်ငြား သူမ၏ ခန္ဓာကိုယ်က အမှန်တကယ်၌ ကုန်းနှီးနံဘေး၌ ရှင်းလင်းပေးနေခြင်း ဖြစ်သည်။

သို့သော် ဆိုလွန်က လေဟာပြင်ဆီသို့သာ ကြည့်နေပြီး သူမ အမှန်တကယ် ရပ်နေသည့် နေရာဆီသို့ ကြည့်မနေပေ။

ရဲ့ကျင်းယွီ မျက်နှာပျက်သွားသည်။ “သခင်လေး... သခင်လေး ဘာဖြစ်နေတာလဲ။”

ဆိုလွန်က လေးနက်စွာ ပြောသည်။ “ကျွန်တော့် မျက်စိကန်းသွားပြီ။ မနေ့က ကျန်းယုံ မြို့စားအိမ်တော်မှာ သိုင်းပညာစွမ်းရည် အရမ်းမြင့်မားတဲ့ အရပ်ပုပု မိန်းမတစ်ယောက်က ကျွန်တော့်မျက်လုံးတွေကို ထိသွားတယ်။ မနေ့က ကျွန်တော် သိပ်မတွေးမိခဲ့ပေမဲ့ ဒီနေ့ ကုတင်ပေါ်က အထမှာ ဘာမှကို မမြင်ရတော့ဘူး။”

ရဲ့ကျင်းယွီ လန့်ဖြန့်ကာ မှင်တက်သွားသည်။ ငိုနေမိမှန်း သူမကိုယ်တိုင်ပင် မသိလိုက်ခင်မှာပဲ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးကျလာလေပြီ။

မြေပြင်ပေါ်သို့ လဲပြိုကျသွားပြီး အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းသည့် ရှိုက်ငိုသံများ ထွက်ပေါ်လာ၏။

အဘယ်ကြောင့်နည်း။ ကောင်းကင်ဘုံက အဘယ့်ကြောင်း ဤမျှအထိ ရက်စက်နေသနည်း။

ရဲ့ကျင်းယွီ၏ ရင်ထဲ၌ အဆုံးမဲ့ ဝမ်းနည်းမှုနှင့် ဒေါသများက ဆူပွက်လာ၏။ သူမက ဓားကောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အပြင်သို့ ပြေးထွက်ကာ ကျိနင်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ ပေါ်ပေါက်လာသည်။ ထိုမိန်းမက မြွေပွေးကဲ့သို့ အဆိပ်ပြင်းသည့် နှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

ဆိုလွန် ခေါင်းရမ်းလိုက်သည်။ “အစ်မ ကျင်းယွီ... ဒီလို မလုပ်ပါနဲ့။ လာ... ကျွန်တော့်လက်ကို ကိုင်ပြီး လေးပစ်ကွင်းထဲ ဝင်ကြမယ်။ နောက်ဆုံးစာမေးပွဲ စတော့မယ်။”

ရဲ့ကျင်းယွီ ငိုယိုနေလျက် ဆက်ပြောသည်။ “ဒါပေမဲ့ သခင်လေးက ဘယ်လိုလုပ် စာမေးပွဲ ဆက်ဖြေမလဲ။ သခင်လေး ဘာမှကို မမြင်ရဘူးလေ။ ဘယ်လိုလုပ် မြားတွေ ပစ်မှာလဲ။”

ဆိုလွန်က လေးနက်စွာ ပြောသည်။ “ကျွန်တော် ကြိုးစားကြည့်ချင်သေးတယ်။ သိပ်ကောင်းတဲ့ စကားတစ်ခွန်း ရှိတယ်လေ... ကံကြမ္မာက ကိုယ့်ကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့အခါ သူ့ရဲ့ လည်မျိုကို ရက်ရက်စက်စက် ညှစ်ပစ်လိုက်ရမယ်တဲ့။ အကယ်၍ ကိုယ်က သူ့ကို အလျှော့ပေးဖို့ ဖိအားမပေးနိုင်ရင် အောက်ကို ဆွဲချပြီး အတူတူ သေပစ်လိုက်။”

ဆိုလွန်က ရဲ့ကျင်းယွီကို အားယူကာ ဆွဲထူလိုက်သည်။ “ထပါ... ကျွန်တော့်ကို လေးပစ်ကွင်းထဲ ခေါ်သွားပေး။ ကံကြမ္မာရဲ့ လည်မျိုကို ကျွန်တော် ထပ်ပြီး ညှစ်နိုင်မလားဆိုတာ ဒီနေ့ တစ်ခေါက်လောက် ထပ်ကြိုးစားကြည့်ပါရစေ။ အကယ်၍ မလုပ်နိုင်ဘဲ ကျွန်တော် ရှုံးနိမ့်သွားရင်... ကျွန်တော့်ရဲ့ နောက်ဆုံးမြားကို ကျိနင်ဆီ ပစ်လွှတ်မယ်။ အဲဒီလိုသာ ဖြစ်သွားရင် ဆိုမိသားစုက ကွပ်မျက်ခံရပြီး ပိုင်ဆိုင်မှုတွေ အသိမ်းခံရတဲ့အခါ အစ်မလည်း ကျွန်တော်နဲ့အတူ သေရလိမ့်မယ်။”

ရဲ့ကျင်းယွီက ခက်ထန်စွာ မတ်တတ်ရပ်လိုက်ပြီး ဆိုလွန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ “သေရမယ်ဆိုရင်လည်း အတူတူ သေကြတာပေါ့။ အကယ်၍ သခင်လေးရဲ့ နောက်ဆုံးမြားက ကျိနင်ကို မသတ်နိုင်ဘူးဆိုရင်... ကျွန်မရဲ့ စွမ်းအားတွေ အကုန်သုံးပြီး ပြေးသွားပြီး သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”

ထိုသို့ပြောပြီးနောက် ရဲ့ကျင်းယွီက ဆိုလွန်၏ လက်ကို ကိုင်ကာ ဧရာမ လေးပစ်ကွင်းကြီးထဲသို့ ဝင်ရောက်သွားလိုက်တော့၏။

အပိုင်း ၁၁၅ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters