← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အပိုင်း ၁၁၆

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လေးပစ်ကွင်းထဲသို့ ဝင်ရောက်ပြီးနောက် အခြားကျောင်းသား တစ်ဆယ့်ငါးယောက်မှာ သူတို့၏ ပုံမှန်နေရာများ၌ နေရာယူလိုက်ကြ၏။ အမျိုးသမီး ကိုးယောက်နှင့် အမျိုးသား ခြောက်ယောက် ဖြစ်သည်။

ရဲ့ကျင်းယွီက ဆိုလွန်ကို တွဲခေါ်လာသည်ကို မြင်သည့်အခါ လီနျန်ကျန်းက ချက်ချင်း အေးစက်စွာ အော်ဟစ်လိုက်သည်။ “ခွင့်ပြုချက်မရှိတဲ့သူတွေ စာမေးပွဲဖြေမယ့်နေရာကို ဝင်ခွင့်မရှိဘူး။”

ရဲ့ကျင်းယွီက သူမကို ဂရုမစိုက်ဘဲ ဆိုလွန်ကို လေးပစ်ကွင်းထဲသို့ ဆက်ပြီး တွဲခေါ်သွား၏။

ဆိုလွန်က ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်... ကျွန်တော် လုပ်နိုင်တယ်။ အစ်မ အပြင်မှာပဲ စောင့်နေပါ။”

ရဲ့ကျင်းယွီက မျက်ရည်များကို အတင်းအကျပ် ထိန်းထားရင်း ဆိုလွန်၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ရုတ်တရက် အုပ်မိုးကာ သူ၏ မျက်လုံးများကို ညင်သာစွာ နမ်းလိုက်၏။ သူမက တုန်ရီစွာ ပြောလိုက်သည်။ “ကျွန်မသာ ပေးနိုင်မယ်ဆိုရင် သခင်လေးကို အခုချက်ချင်း ကျွန်မရဲ့ မျက်လုံးတွေ ပေးပစ်လိုက်ချင်တယ်။ ကျွန်မ တစ်သက်လုံး မျက်စိကန်းသွားရမယ်ဆိုရင်တောင် ဝမ်းမြောက်ဝမ်းသာ ပေးမှာ။”

ရဲ့ကျင်းယွီက နာကျင်မှုများကို ဖိသိပ်ကာ လေးပစ်ကွင်းထဲမှ ထွက်ခွာသွားပြီး အပြင်ဘက် မလှမ်းမကမ်းမှနေ၍ စိုးရိမ်တကြီး စောင့်ကြည့်နေ၏။

လီနျန်ကျန်းက ရှင်းပြလိုက်သည်။ “စာမေးပွဲမစခင် လေးပစ်နောက်ဆုံးစာမေးပွဲရဲ့ စည်းမျဉ်းတွေကို ငါထပ်ပြောမယ်။ ထုံးစံအတိုင်း စာမေးပွဲကို ခက်ခဲမှုအဆင့် သုံးဆင့် ခွဲထားတယ်။”

“ပထမအဆင့်က အမှတ် ၇၀။ မင်းတို့က ၁၈၀ ကျင်းလေးကို သုံးရမယ်။ ပုံသေပစ်မှတ်က ၂၉၅ ပေ အကွာမှာရှိပြီး လှုပ်ရှားပစ်မှတ်က ၁၆၄ ပေ အကွာမှာ ရှိတယ်။”

“ဒုတိယအဆင့်ကတော့ အမှတ် ၉၀ ပဲ။ မင်းတို့က ၂၅၀ ကျင်းလေးကို သုံးရမယ်။ ပုံသေပစ်မှတ်က ၄၉၂ ပေ အကွာမှာရှိပြီး လှုပ်ရှားပစ်မှတ်က ၃၂၈ ပေ အကွာမှာ ရှိမယ်။”

“တတိယအဆင့်ကတော့ အမှတ်ပြည့် ၁၀၀ မှတ်ပဲ။ မင်းတို့က ၃၈၀ ကျင်းလေးကို သုံးရမယ်။ ပုံသေပစ်မှတ်က ၈၂၀ ပေ အကွာမှာရှိပြီး လှုပ်ရှားပစ်မှတ်က ၅၉၀ ပေ အကွာမှာ ရှိမယ်။”

အမှန်တကယ်၌မူ အထက်ပါ အမှတ်ပြည့်များကို တစ်ဝက်စီ ခွဲခြားထားခြင်း ဖြစ်၏။ လေးပစ်စာမေးပွဲ၌ ပုံသေပစ်မှတ်နှင့် လှုပ်ရှားပစ်မှတ်ဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်ပြီး အပိုင်းတစ်ခုစီကို သီးခြားစီ အမှတ်ပေးခြင်း ဖြစ်သည်။

ပထမအဆင့်မှာ ကျောင်းဆင်းစာမေးပွဲကို အောင်ရုံသာ ဖြေဆိုလိုသည့် ကျောင်းသားများအတွက်သာ ရည်ရွယ်ခြင်း ဖြစ်၏။ ဒုတိယအဆင့်နှင့် တတိယအဆင့်မှာမူ အမှတ်ကောင်းကောင်း ရရှိရန် ရည်မှန်းထားသူများအတွက် ဖြစ်သည်။

သို့သော်လည်း လူအများစုမှာ ဒုတိယအဆင့်ကိုသာ ရွေးချယ်ကြပေလိမ့်မည်။ အကြောင်းမှာ ခက်ခဲမှုနှင့် ရမှတ်မှာ မျှတသောကြောင့်ပင်။ တတိယအဆင့်၏ အမှတ်ပြည့်မှာ ဒုတိယအဆင့်ထက် ဆယ်မှတ်သာ ပိုသော်ငြား သုံးဆမှ လေးဆခန့်အထိ ပိုမို ခက်ခဲသည်။

တတိယအဆင့်အတွက်မူ စတုတ္ထအဆင့် လေးကိုင်စစ်သည်တစ်ဦးသာ အမှတ်ကောင်းကောင်း ရရှိရန် ဖြစ်နိုင်ခြေ ရှိသည်။

လက်မောင်းအင်အား တစ်ခုတည်းနှင့်ဆိုပါက ဆိုလွန်မှာ လက်ရှိအချိန်၌ အကောင်းဆုံး ဖြစ်ရုံလျှင်ပင် တတိယအဆင့် လေးကိုင်စစ်သည်မျှသာ ရှိသေး၏။ သူက ၃၈၀ ကျင်းလေးကို မနည်းဆွဲရုံသာ ဆွဲနိုင်မည်ဖြစ်ပြီး ပစ်မှတ်ကို တည်ငြိမ်စွာ ချိန်ရွယ်ရန်မှာမူ မဖြစ်နိုင်သလောက်ပင် ခက်ခဲလှပေလိမ့်မည်။

ထို့ကြောင့် ဒုတိယအဆင့်ကို ရွေးချယ်ခြင်းကသာ သူ၏ အမျှော်အမြင်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်ပေလိမ့်မည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် လေးပစ်မဟာစာစစ်မှူးနှင့် ကြီးကြပ်ရေးမှူး ခြောက်ဦးတို့ ကွင်းထဲသို့ ဝင်ရောက်လာကြ၏။

ယခုအလှည့်၌ ဖြေဆိုသူ တစ်ဆယ့်ခြောက်ယောက်သာ ရှိသော်ငြား စာစစ်မှူး တစ်ဆယ့်ခြောက်ယောက်နှင့် ကြီးကြပ်ရေးမှူး ခြောက်ဦးအထိ ရှိနေသည်။ ဝန်ထမ်းအရေအတွက်က ကျောင်းသားများထက်ပင် ပိုများနေ၏။

ကြီးကြပ်ရေးမှူးများထဲ၌ ဆိုလွန်နှင့် သိကျွမ်းသူ နှစ်ဦး ပါဝင်နေ၏။ ထိုသူတို့မှာ မင်းသမီး ကျိနင်နှင့် ကျန်းနင်တို့ ဖြစ်ကြသည်။

သူတို့ထဲမှ လေးဦးမှာ မြင့်မြတ်နတ်နဂါးကျောင်းတော်၏ ကောင်းကင်ကြယ်တာရာကျောင်းတော်မှ လာရောက်ကြခြင်း ဖြစ်ပြီး အားလုံးမှာ နဂါးလေးသည်တော်များ ဖြစ်ကြသည်။

ကြီးကြပ်ရေးမှူးချုပ်၏ အမည်မှာ ဗာဒူး ဖြစ်၏။ အသက် ၃၉ နှစ်အရွယ် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦး ဖြစ်ပြီး အေးစက်စက် အကြည့်များနှင့် ထူးထူးခြားခြား ရှည်လျားသည့် လက်မောင်းများကို ပိုင်ဆိုင်ထားသည်။ မွေးရာပါ လေးသည်တော်တစ်ဦး ဖြစ်သလို ကောင်းကင်ကြယ်တာရာကျောင်းတော်၏ အထူးချွန်ဆုံး နဂါးလေးသည်တော်များထဲမှ တစ်ဦးလည်း ဖြစ်သည်။

လီနျန်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လေးသည်တော်တွေ... ကြီးကြပ်ရေးမှူးတွေနဲ့ စာစစ်မှူးတွေကို စစ်သည်တော်တွေလို အလေးပြုကြစမ်း။”

ဆိုလွန်နှင့် အခြားကျောင်းသား တစ်ဆယ့်ငါးယောက်တို့က စင်မြင့်ဆီသို့ ညီညာစွာ အလေးပြုလိုက်ကြ၏။

လီနျန်ကျန်းက အမိန့်ပေးလိုက်သည်။ “မင်းတို့ရဲ့ စာမေးပွဲဖြေမယ့် နေရာတွေကို ပြန်ကြတော့။”

ချက်ချင်းဆိုသလိုပင် ကျောင်းသား တစ်ဆယ့်ငါးယောက်က သူတို့အတွက် သတ်မှတ်ထားသည့် နေရာများဆီသို့ လျှောက်လှမ်းသွားကြ၏။

စာမေးပွဲဖြေမည့် နေရာဆိုသည်မှာ မြေပြင်ပေါ်၌ ဆွဲထားသည့် စက်ဝိုင်းတစ်ခုမျှသာ ဖြစ်၏။ သို့သော်လည်း ဆိုလွန်မှာ မြေပြင်ပေါ်ရှိ စက်ဝိုင်းကိုမပြောနှင့် မည်သည့်အရာကိုမျှ သဲသဲကွဲကွဲ မမြင်ရချေ။

လီနျန်ကျန်းက အေးစက်စွာ မေးလိုက်သည်။ “ဆိုလွန်... မင်း ဘာလို့ ရပ်နေတာလဲ။”

ဆိုလွန်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ “ဆရာမ... ကျွန်တော့်မျက်လုံးတွေ ဘာမှမမြင်ရတော့ဘူး။ ကျွန်တော့်ကို စာမေးပွဲဖြေမယ့် နေရာဆီ တွဲခေါ်ပေးပါဦး။”

သူ၏ စကားကြောင့် လူတိုင်း မှင်တက်သွားကြ၏။ ဘေးပတ်ပတ်လည်ရှိ ဖြေဆိုသူ ကျောင်းသားအားလုံးက ချက်ချင်းပင် လှည့်၍ စိုက်ကြည့်လာကြသည်။

လီနျန်ကျန်းက ဆိုလွန်၏ တောက်ပကြည်လင်နေသည့် မျက်လုံးများကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ဆိုလွန်... မင်း ဘာလှည့်ကွက် သုံးဖို့ ကြိုးစားနေတာလဲ။”

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါမှ ကျန်းနင်တစ်ယောက် မင်းသမီး ကျိနင် ပြောခဲ့သည်ကို အပြည့်အဝ နားလည်သွား၏။ ဤသည်မှာ တကယ့်ကို အမှားအယွင်းမရှိသည့် နည်းလမ်းပင်။ မျက်စိကန်းသွားပါက မြားကို မည်သို့ ပစ်နိုင်မည်နည်း။

ကျန်းနင်က မင်းသမီး ကျိနင်ဆီသို့ မသိမသာ လှမ်းကြည့်လိုက်မိသော်လည်း သူမ၏ လှပသည့် မျက်နှာထက်၌မူ မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မျှ ရှိမနေပေ။

ကျန်းနင်က အရှေ့သို့ တစ်လှမ်းတိုးလာသည်။ “သခင်လေးဆိုလွန်... ဒီစာမေးပွဲကို မအောင်ဘူးလို့ ခံစားရရင် ဒီအတိုင်း နှုတ်ထွက်လိုက်လို့ ရပါတယ်။ ဒီလို ယုတ်ညံ့တဲ့ လှည့်ကွက်မျိုး သုံးနေဖို့ မလိုပါဘူး။ မင်းရဲ့ မျက်လုံးတွေက တကယ်ပဲ ဘာမှမမြင်ရတဲ့ ပုံစံမျိုး ပေါက်နေလို့လား။”

ထိုစကားကို ကြားရသည့်အခါ အခြားကျောင်းသားများ၏ မျက်နှာ၌လည်း သံသယဖြစ်ဖွယ် အရိပ်အယောင်များ ပေါ်လာကြ၏။

အထက်တန်းလွှာ မိန်းကလေးငယ်များမှာ ဆိုလွန်ကို ပြန်လည် အားပေးနေကြသော်ငြား သူ အမှန်တကယ် မျက်စိကန်းသွားပြီဟု မယုံကြည်ကြပေ။ သူက အရှုံးမခံချင်သောကြောင့် တမင်သက်သက် ဆင်ခြေပေးနေသည်ဟုသာ ထင်မှတ်နေကြသည်။

လီနျန်ကျန်းကလည်း အေးစက်စွာ ထပ်ပြောသည်။ “ဆိုလွန်... မင်း ရှုံးမှာကြောက်ရင် အခုချက်ချင်း နှုတ်ထွက်လိုက်။ လူတိုင်းရဲ့ အချိန်ကို လာမဖြုန်းနဲ့။”

ဆိုလွန်က သူမကို လုံးဝဂရုမစိုက်ဘဲ စင်မြင့်ထက်ရှိ မင်းသမီး ကျိနင်ဆီသို့ လှမ်းကြည့်လိုက်သည်။ “မင်းသမီး... ကျုပ်မျက်လုံးတွေ ဘာမှမမြင်ရတော့ဘူးဆိုတာ မင်းသမီး အသိဆုံး ဖြစ်ရမယ်။”

မင်းသမီး ကျိနင်က အေးစက်စွာ ပြန်ပြောလိုက်သည်။ “ဆိုလွန်... ဒီနောက်ဆုံးစာမေးပွဲက နင့်ကံကြမ္မာကို ဆုံးဖြတ်ပေးမှာမလို့ နင့်မှာ ဖိအားတွေ အများကြီးရှိနေတာကို ငါနားလည်တယ်။ ဒါပေမဲ့ တော်ဝင်မိသားစုကို စွပ်စွဲပုတ်ခတ်တာက ပေးဆပ်မှု ရှိရမယ်။ နင်က မျက်စိကန်းနေတယ်လို့ ပြောတာပဲ။ ကျောင်းတော်မှ သခင်ဗာဒူးဟာ အထူးချွန်ဆုံး နဂါးလေးသည်တော်တစ်ဦး ဖြစ်ပြီး လူသားတွေရဲ့ မျက်လုံးအကြောင်းကို အသေအချာ လေ့လာထားသူပဲ။ နင့်ရဲ့ အမြင်အာရုံမှာ တကယ်ပဲ ပြဿနာရှိနေလားဆိုတာ သူ့ကို အစစ်ဆေးခိုင်းကြည့်တာပေါ့။”

ဗာဒူးက စင်မြင့်ထက်မှ ဆင်းလာပြီး ဆိုလွန်၏ အရှေ့၌ ရပ်တန့်လိုက်၏။ သူက ဆိုလွန်၏ မျက်ခွံများကို ဖြဲ၍ အကြိမ်အနည်းငယ် အသေအချာ စစ်ဆေးကြည့်ပြီးနောက် ကြေညာလိုက်သည်။ “ဒီဖြေဆိုသူရဲ့ သူငယ်အိမ်က ပုံမှန်ပဲ။ မျက်ကြည်လွှာလည်း ပုံမှန်ပဲ။ အလင်းပြန်မှုကလည်း ပုံမှန်အတိုင်းပဲ။ သူ့ရဲ့ အမြင်အာရုံမှာ ဘာပြဿနာမှ မရှိပါဘူး။”

ထိုစကားကို ကြားလိုက်ရချိန်၌ လူတိုင်းက ဆိုလွန်အား ရွံရှာမုန်းတီးစွာ စိုက်ကြည့်လိုက်ကြ၏။ သူက အနုပညာ၌ ထူးခြားသည့် ပါရမီရှိသည်မှာ ငြင်းမရသော်လည်း အကျင့်စာရိတ္တပိုင်းကမူ တကယ့်ကို အောက်တန်းကျလှသည်။ သူ၏ သိုင်းပညာ အားနည်းပြီး နောက်ဆုံးစာမေးပွဲ၌ အရှက်ကွဲမည်ကို ကြောက်ရွံ့သည့်အတွက် မျက်စိကန်းချင်ယောင် ဆောင်ရဲသည်အထိ ဖြစ်၏။ ဤကဲ့သို့ အရှက်မရှိသည့် စိတ်ကူးမျိုးကို သူတစ်ယောက်သာ တွေးမိပေလိမ့်မည်။

ထို့အပြင် သူ၏ သရုပ်ဆောင်မှုကလည်း တကယ့်ကို အသုံးမကျလှပေ။ သူ၏ မျက်လုံးများက အလွန်တရာ တောက်ပကြည်လင်နေသဖြင့် လူအတစ်ယောက်ပင်လျှင် ထိုမျက်လုံးများ၌ မည်သည့်ပြဿနာမျှ မရှိကြောင်း သိနိုင်သည်။

ဆိုလွန်က ပြုံးလိုက်သည်။ “ကျုပ် ဆင်ခြေပေးဖို့ ကြိုးစားနေတာ မဟုတ်သလို ညည်းတွားနေတာလည်း မဟုတ်ပါဘူး။ ကျုပ်ကို စာမေးပွဲဖြေမယ့် နေရာဆီ တွဲခေါ်ပေးမယ့်သူတစ်ယောက်ပဲ လိုချင်တာပါ။”

ထို့နောက် သူက လက်ကို ဆန့်ထုတ်လျက် သူ့အား လမ်းပြပေးမည့်သူကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်၏။

သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အရှေ့သို့ တိုးမလာကြချေ။ လူတိုင်းက ဆိုလွန်၏ လုပ်ရပ်မှာ အောက်တန်းကျလှပြီး လိမ်ညာနေသည်ဟုသာ ထင်မှတ်နေကြသည်။ သူတို့အနေဖြင့် သနားစိတ် ရှိနိုင်သော်ငြား လူအဖြစ် အလှည့်စားခံရန်မူ အလိုမရှိကြပေ။

ထို့ကြောင့် ဆိုလွန်မှာ လူအတစ်ယောက်ကဲ့သို့ မလှုပ်မယှက် ရပ်နေမိပြီး သူ့အား နေရာချပေးမည့်သူကိုသာ စောင့်နေရ၏။

လီနျန်ကျန်းက တင်းမာစွာ ပြောလိုက်သည်။ “ဆိုလွန်... ငါ ဆယ်အထိ ရေတွက်မယ်။ မင်းသာ စာမေးပွဲဖြေမယ့် နေရာကို မသွားရင် မင်းကို စာမေးပွဲကွင်းထဲကနေ အခုချက်ချင်း မောင်းထုတ်ပစ်မယ်။”

“ဆယ်... ကိုး... ရှစ်... ခုနစ်... ခြောက်...”

အကြည့်အားလုံးက ဆိုလွန်တစ်ယောက်တည်းဆီသို့သာ စူးစိုက်ကျရောက်နေ၏။

အဆုံး၌မူ အထက်တန်းလွှာ မိန်းကလေးတစ်ဦးက ဆက်၍ မကြည့်ရက်တော့ပေ။ သူမက အတိတ်၌ ဆိုလွန်အား အလွန်တရာ ရူးသွပ်စွဲလန်းခဲ့ဖူးပြီး သူ၏ အသည်းခွဲခြင်းကို ခံခဲ့ရသူ ဖြစ်၏။ ဆိုလွန်ကို အရိုးထဲကပါ နာကျည်းခဲ့ဖူးသော်ငြား လက်ရှိအချိန်၌ ဤကဲ့သို့ အခြေအနေမျိုးကိုမူ ရက်ရက်စက်စက် ဆက်၍ စိုက်မကြည့်ရက်နိုင်တော့ပေ။

ထို့ကြောင့် သူမက အရှေ့သို့ လှမ်းလာကာ ဆိုလွန်၏ လက်ကို ဆုပ်ကိုင်ပြီး သူ၏ စာမေးပွဲစက်ဝိုင်းထဲသို့ တွဲခေါ်သွားပေးလိုက်၏။ သူမကိုယ်တိုင်လည်း ဆိုလွန်က တမင် ဟန်ဆောင်နေသည်ဟု ရင်ထဲမှ ယုံကြည်နေသော်ငြားလည်း ဤအတိုင်း ရပ်မနေလိုပေ။

နေရာသို့ ရောက်ရှိသွားချိန်၌ အရှေ့ရှိ စင်မြင့်ပေါ်၌ လေးသုံးလက်ကို တင်ထားသည်ကို ဆိုလွန် မြင်လိုက်ရ၏။ ထိုသည်တို့မှာ ၁၈၀ ကျင်းလေး ၊ ၂၅၀ ကျင်းလေးနှင့် ၃၈၀ ကျင်းလေးတို့ ဖြစ်ကြသည်။

မြားများအနေဖြင့်မူ တရားဝင် စာမေးပွဲအတွက် အစင်း ၃၀ နှင့် အစမ်းပစ်ခတ်ရန်အတွက် ၃ စင်း ရှိနေသည်။

လီနျန်ကျန်းက အမိန့်ပေးလိုက်သည်။ “မင်းတို့ရဲ့ လေးတွေကို စမ်းသပ်ကြည့်ကြ။”

ကျောင်းသားများက သူတို့အရှေ့ရှိ လေးများကို ကောက်ကိုင်လိုက်ကြပြီး လေးကြိုးကို ဆွဲကာ ချိန်ရွယ်ခြင်းများကို စမ်းသပ်လေ့ကျင့်ကြ၏။

ဆိုလွန်က အလယ်၌ရှိသည့် ၂၅၀ ကျင်းလေးကို ကောက်ကိုင်လိုက်သည်။ သူက အထက်တန်းလွှာစစ်သည်တော် တံဆိပ်အတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် အနည်းဆုံး ဒုတိယအဆင့် စံနှုန်းကို အသုံးပြုရမည် ဖြစ်၏။

လေးကြိုးကို ဆွဲလိုက်ပြီး လေး၏ ဟန်ချက်ကို စမ်းသပ်ကြည့်လိုက်သည်။

လေး၌ မည်သည့်ပြဿနာမျှ မရှိချေ။ ရန်သူများက အပြင်ပန်းအားဖြင့် ပစ္စည်းများကို နှောင့်ယှက်ဖျက်ဆီးထားခြင်း မရှိပုံရသည်။

သို့သော်လည်း သူတို့အနေဖြင့် ထိုသို့လုပ်ရန် လုံးဝ မလိုအပ်ပေ။ ကျိနင်က သူ၏ မျက်လုံးများကို ကန်းအောင် လုပ်ပြီးသား ဖြစ်၏။ ဤအချက်တစ်ခုတည်းနှင့်ပင် ဆိုလွန်မှာ ယနေ့စာမေးပွဲ၌ အကြီးအကျယ် ကျရှုံးရန် သေချာနေလေပြီ။ အခြားအရာများကို လိုက်လံ နှောင့်ယှက်နေရန်မှာ လုံးဝ အပိုသက်သက်သာ ဖြစ်နေပေလိမ့်မည်။

လီနျန်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “အစမ်း ပစ်ခတ်ကြစမ်း။”

တရားဝင် စာမေးပွဲမစမီ သူတို့၌ အစမ်းမြား ပစ်ခတ်ရန် အခွင့်အရေး သုံးကြိမ်သာ ရှိသည်။

ဆိုလွန်က လေးကို မြှောက်လိုက်ပြီး ၁၆၄ ပေ အကွာရှိ ပစ်မှတ်ကို ချိန်ရွယ်နိုင်ရန်အတွက် အလင်းတန်းစလေးတစ်ခုခုကို တွေ့လိုတွေ့ငြား မျက်လုံးများကို အစွမ်းကုန် ဖြဲကြည့်လိုက်မိ၏။

အစမ်းပစ်ခတ်မှုအတွက် ပစ်မှတ်မှာ ၁၆၄ ပေ မျှသာ ဝေးသော်လည်း ဆိုလွန်အတွက်မူ ၁၆၄ ပေ အကွာအဝေး၌ ဝေဝါးသည့် ပုံရိပ်တစ်ခုပင် ရှိမနေပေ။ သူ၏ အရှေ့ဘက်ရှိ အရာအားလုံးမှာ မှောင်မည်းနေသည့် အရိပ်မည်းကြီးများအဖြစ်သာ ဝေဝါးနေသည်။

အရှေ့ရှိ အရိပ်မည်းများဆီသို့ အစွမ်းကုန် မှန်းဆကာ ချိန်ရွယ်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လေးကြိုးကို လွှတ်လိုက်သည်။

ရှူးးး မြားတစ်စင်း လေထဲသို့ ပျံသန်းထွက်ခွာသွား၏။

ချက်ချင်းဆိုသလိုပင် လူတိုင်းက ဝါးလုံးကွဲမတတ် ထရယ်ကြ၏။ ဆိုလွန်၏ မြားမှာ ပစ်မှတ်နှင့် ၆၅ ပေ ကျော်အထိ လွဲချော်သွားခြင်း ဖြစ်သည်။

မှန်သည်။ ၁၆၄ ပေ မျှသာ ဝေးသည့် ပစ်မှတ်ကို သူ၏မြားက ၆၅ ပေ အပြည့် လွဲချော်သွားသည်။

ဤကဲ့သို့ ရလဒ်မျိုးက တကယ့်ကို အရှက်ရဖွယ် ကောင်းလှ၏။ မျက်စိကန်းချင်ယောင် ဆောင်နေရသည်မှာ မဆန်းတော့ပေ။ မဟုတ်ပါက ဤမျှ ညံ့ဖျင်းလှသည့် စွမ်းဆောင်ရည်သာ ပေါ်ထွက်သွားလျှင် သူ့အား အားပေးနေသည့် လူများက သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ကြပေလိမ့်မည်။ အထူးသဖြင့် ငွေရောင်ကာစီနို၌ သူနိုင်မည်ဟု လောင်းကြေးထပ်ထားကြသူများ ဖြစ်သည်။

ဤမျှအထိ စုတ်ပြတ်သတ်နေသည့် အရည်အချင်းနှင့်ဆိုလျှင် အိမ်၌သာ ပုန်းနေသင့်သည်။ အဘယ်ကြောင့် အပြင်ထွက်လာပြီး လူတွေကို လိုက်လံ လိမ်ညာနေရသနည်း။

သို့သော်လည်း ကျိနင်တစ်ယောက်သာ လုံးဝ ပြုံးမနေပေ။ အကြောင်းမှာ ဆိုလွန်က ၂၅၀ ကျင်းလေးကို အမှန်တကယ် ဆွဲနေနိုင်သည့်အတွက် ဖြစ်၏။ ဤသည်မှာ သူက အရူးလုပ်ရန်အတွက် သူ၏ အစစ်အမှန် စွမ်းအားများကို တမင် ဖုံးကွယ်ထားခြင်း ဖြစ်ကြောင်း သက်သေပြနေသည်။

အကယ်၍ သူမသာ သူ၏ မျက်လုံးများကို ကန်းအောင် လုပ်သည့် ဝှက်ဖဲကို အသုံးမပြုခဲ့ပါက ဆိုလွန် ယနေ့၌ အမှန်တကယ် အောင်မြင်သွားနိုင်သည်။ ထိုသို့ဆိုလျှင် ကာစီနိုရှိ လောင်းကြေးကိုလည်း ဆိုလွန် အနိုင်ရသွားပေလိမ့်မည်။ ထိုသည်ကို တွေးမိရင်း ကျိနင်တစ်ယောက် ကိုယ်ခန္ဓာ အနည်းငယ် တုန်ယင်သွားရ၏။

ကံကောင်းစွာဖြင့် ဆိုလွန်၏ မျက်လုံးများကို ကန်းစေမည့် သူမ၏ စိတ်ချရသည့် အစီအစဉ်က အောင်မြင်သွားလေပြီ။ ယခုအခါ၌မူ ဆိုလွန်ကို မည်သူကမှ ကယ်နိုင်တော့မည် မဟုတ်ချေ။

တောင်တန်းများ ပြိုလဲပြီး မြစ်ရေများ နောက်ပြန်စီးဆင်းသွားလျှင်ပင် ထိုအကောင် ဤအခြေအနေကို ပြောင်းပြန်လှန်နိုင်တော့မည် မဟုတ်ပေ။ ဆိုလွန် ရှုံးနိမ့်သွားပြီ... သူ ပြီးဆုံးသွားလေပြီ။

ဆိုလွန် ပတ်ဝန်းကျင်မှ လှောင်ပြောင်မှုများကို ဂရုမစိုက်ဘဲ သူ၏ ဒုတိယမြောက်မြားကို ကောက်ကိုင်လိုက်၏။

ပထမအကြိမ် ပစ်ခတ်မှုကို အခြေခံကာ သူ၏ ရပ်တည်ချက်ကို ပြန်လည် ပြင်ဆင်လိုက်သည်။ နှစ်မိနစ်ခန့်အထိ သေချာ ချိန်ရွယ်ပြီးနောက်မှ လေးကြိုးကို လွှတ်လိုက်သည်။

လူအချို့က ချက်ချင်းပင် ထပ်မံ၍ ဝါးလုံးကွဲမတတ် ဆူညံစွာ ရယ်မောလိုက်ကြပြန်သည်။ “ဟားဟားဟား”

ယခုတစ်ကြိမ်၌မူ အနည်းငယ် ပိုကောင်းလာသည်ဟု ဆိုရမည် ဖြစ်၏။ ပစ်မှတ်ကို ၄၉ ပေ မျှသာ လွဲချော်သွားသည်။

အခြားဖြေဆိုသူများနှင့် အထူးသဖြင့် ဆိုလွန်ကို သဘောကျခဲ့ကြသည့် အထက်တန်းလွှာ မိန်းကလေးငယ်များမှာ ဆက်၍ပင် မကြည့်ရက်နိုင်ကြတော့ချေ။ သူမတို့က အော်ဟစ်လိုက်ကြသည်။ “ဆိုလွန်... ဆက်မပစ်ပါနဲ့တော့။ လက်လျှော့လိုက်ပါတော့။”

ဆိုလွန်က တတိယမြောက် အစမ်းမြားကို ကောက်ကိုင်လိုက်သည်။ ဤသည်မှာ သူ၏ နောက်ဆုံးမြား ဖြစ်၏။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး အမှောင်ထုထဲ၌ သူ၏ တည်နေရာကို တစ်ဖန် ပြန်လည် ချိန်ညှိလိုက်ပြန်သည်။

ယခုတစ်ကြိမ်၌မူ သူက သုံးမိနစ်အပြည့်အထိ ချိန်ရွယ်နေ၏။ လူတိုင်းက ရယ်မောခြင်းကို ရပ်တန့်လိုက်ကြပြီး မည်သည့်ရလဒ် ထွက်ပေါ်လာမည်နည်းဟု သူ၏ မြားဆီသို့ စူးစိုက်ကြည့်နေကြသည်။

အဆုံး၌ ပြင်ဆင်မှုများ ပြီးဆုံးသွားကာ ဆိုလွန်က မြားကို ပစ်လွှတ်လိုက်၏။ ရှူးးး

ပို၍ များပြားသည့် လူအုပ်ကြီးက ထိန်းမနိုင်သိမ်းမရ ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြပြန်သည်။ “ဟားဟားဟားဟား” အကြောင်းမှာ ယခုတစ်ခေါက်၌ ဆိုလွန်က ပစ်မှတ်ကို ၄၂ ပေ အကွာအဝေးဖြင့် လွဲချော်သွားပြန်သည့်အတွက် ဖြစ်၏။

အစမ်းမြား သုံးစင်းစလုံး လုံးဝ ကုန်ဆုံးသွားလေပြီ။ လေ့ကျင့်ရန် အခွင့်အရေး မရှိတော့သည့်အတွက် တရားဝင် နောက်ဆုံးစာမေးပွဲကြီး စတင်ရန် အချိန်ကျရောက်လာသည်။

လီနျန်ကျန်းက ကြေညာလိုက်သည်။ “ဖြေဆိုသူတွေ... မင်းတို့ရဲ့ ခက်ခဲမှုအဆင့်တွေကို ရွေးချယ်ကြတော့။”

ဖြေဆိုသူများက သူတို့၏ ရွေးချယ်မှုများကို စတင် ပြောဆိုလာကြ၏။ ကျောင်းသား တစ်ဆယ့်ငါးယောက်ထဲမှ ကိုးယောက်က ပထမအဆင့်ကို ရွေးချယ်ကြသည်။

သူတို့က ၁၈၀ ကျင်းလေးကို အသုံးပြုကြမည်ဖြစ်ပြီး အမှတ်ပြည့်မှာ ၇၀ မှတ်သာ ဖြစ်၏။ သူတို့ အုပ်စုက ကျောင်းဆင်းစာမေးပွဲကို အောင်ရုံသာ ဖြေဆိုလိုကြသူများ ဖြစ်သည်။

ကျောင်းသား ခြောက်ယောက်တို့ကမူ ရမှတ်ကောင်းကောင်း ရရှိရန် ရည်ရွယ်ချက်ဖြင့် ဒုတိယအဆင့်ကို ရွေးချယ်လိုက်ကြသည်။ သူတို့က ၂၅၀ ကျင်းလေးကို အသုံးပြုကြမည်ဖြစ်ပြီး ပုံသေပစ်မှတ်မှာ ၄၉၂ ပေ နှင့် လှုပ်ရှားပစ်မှတ်မှာ ၃၂၈ ပေ အကွာ၌ ရှိသည်။

လီနျန်ကျန်းက အေးစက်စွာ ပြောသည်။ “ဆိုလွန်... မင်းရဲ့ ခက်ခဲမှုအဆင့်ကို ရွေးချယ်စမ်း။”

ချက်ချင်းဆိုသလိုပင် အားလုံးက နားစွင့်လိုက်ကြပြီး ဆိုလွန်၏ ရွေးချယ်မှုကို စောင့်ဆိုင်းနေကြသည်။

ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “တတိယအဆင့်။”

ဆိုလွန်၏ အပြောကို ကြားလိုက်ရချိန်၌ သူတို့ အားလုံး အလွန်တရာ အံ့ဩမှင်တက်သွားကြရ၏။ သူတို့၏ နားကိုပင် သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားကြသည်။

ဆိုလွန်တစ်ယောက် ရူးသွားပြီလော။ သူ၏ မြှားပစ်စွမ်းရည်က အလွန်တရာ ညံ့ဖျင်းလှသည် မဟုတ်လော။

ထိုသို့တိုင်အောင် တတိယအဆင့်ကို ရွေးချယ်လိုက်သေးသည်။ ယခုအခါ ဆိုလွန်က ၈၂၀ ပေ အကွာရှိ ပုံသေပစ်မှတ်နှင့် ၅၉၀ ပေ အကွာရှိ လှုပ်ရှားပစ်မှတ်ကို ပစ်ခတ်ရန်အတွက် ၃၈၀ ကျင်းလေးကို အသုံးပြုရတော့မည် ဖြစ်၏။

ဆိုလွန်အနေဖြင့် ၁၆၄ ပေ အကွာရှိ ပစ်မှတ်ကိုပင် မထိအောင် မပစ်နိုင်ပါက ၈၂၀ ပေ အကွာရှိ ပစ်မှတ်ကို ထိမှန်ရန်မှာမူ လုံးဝ စိတ်ကူးယဉ် အိပ်မက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

ထို့နောက်၌မူ ဆိုလွန်က သူတို့အားလုံးကို ပို၍ပင် တုန်လှုပ်ချောက်ချားသွားစေမည့် ကိစ္စတစ်ခုကို လုပ်ဆောင်လိုက်ပြန်သည်။

ဆိုလွန်က သူ၏ အိတ်ကပ်ထဲမှ အနက်ရောင် အဝတ်စတစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ မျက်လုံးများကို စည်းလိုက်သည်။

ဆိုလွန် ရူးသွပ်ပြီလော...။

အပိုင်း ၁၁၆ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters