အခန်း ၁၁၇
Vol. 12 Ch. 117
အပိုင်း ၁၁၇
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဆိုလွန်က သူ၏ မျက်လုံးများကို အနက်ရောင် အဝတ်စဖြင့် ဖုံးအုပ်လိုက်သောအခါ စောင့်ကြည့်နေသူများ အားလုံး ဇဝေဇဝါ ဖြစ်သွားကြရ၏။ ဆိုလွန်က မည်သည်ကို လုပ်ရန် ကြိုးစားနေသည်နည်း။
လီနျန်ကျန်းက အေးစက်စွာ မေးလိုက်သည်။ "ဆိုလွန်... ဒါ ဘာသဘောလဲ။"
ဆိုလွန်က ခပ်အေးအေးပင် တုံ့ပြန်သည်။ "ကျုပ်မျက်လုံးတွေက သဲသဲကွဲကွဲ မမြင်ရတော့ဘူးလေ။ ဝေဝါးနေတဲ့ အလင်းရောင်က အာရုံနောက်စေရုံပဲ ရှိလို့ လုံးဝ မမြင်ရအောင် လုပ်လိုက်တာ ပိုကောင်းလိမ့်မယ်။"
ထိုအခိုက် အထက်တန်းလွှာ ကျောင်းသားတစ်ဦးက လှောင်ပြုံး ပြုံးလိုက်သည်။ "ဆိုလွန်က တကယ် အကြံပိုင်တာပဲ။ အခု သူ သုညမှတ်ရသွားရင်တောင် ဆင်ခြေပေးစရာ ရှိသွားပြီ။ သူက သူ့အရည်အချင်း ညံ့လို့ မဟုတ်ဘူး... တတိယအဆင့်ကို ရွေးချယ်သလို မျက်စိကိုလည်း ပိတ်ချည်ထားလို့ပါဆိုပြီး ပြောလိမ့်မယ်။ အရာအားလုံးကို အပြစ်ပုံချလို့ ရသွားပြီပေါ့။"
ထိုစကားကို ကြားသည့်အခါ သူတို့အားလုံး ချက်ချင်း သဘောပေါက်သွားကြ၏။ သူတို့က ဆိုလွန်အား ပြင်းပြသည့် ရွံရှာမုန်းတီးမှုများဖြင့် စိုက်ကြည့်လိုက်ကြသည်။
ထိုအကောင်က အလွန် ဉာဏ်များလွန်းလှ၏။ အကျင့်စာရိတ္တက တကယ်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။
လီနျန်ကျန်းက လှောင်ပြုံး ပြုံးလိုက်သည်။ ဆိုလွန် အဘယ်ကြောင့် မျက်စိပိတ်ချည်ထားသည်ကို သူမ ဂရုမစိုက်ပေ။
သူမ၏ အမြင်၌မူ ဆိုလွန် ပထမအဆင့်ကို ရွေးချယ်သည်ဖြစ်စေ ၊ တတိယအဆင့်ကို ရွေးချယ်သည်ဖြစ်စေ ရလဒ်က အတူတူသာ။ သုညမှတ်ထက် ပိုရလိမ့်မည် မဟုတ်ချေ။
**--**--**--**--**--**--**--**
ဆိုလွန်က ၂၅၀ ကျင်းလေးအစား အဘယ်ကြောင့် ၃၈၀ ကျင်းလေးကို ရွေးချယ်ရသည်နည်း။
အဘယ်ကြောင့်ဆိုသော် အမြင့်ဆုံး ရမှတ်ကို ရယူလိုသောကြောင့်ပင်။ တတိယအဆင့်မှာ ဒုတိယအဆင့်ထက် သုံးဆမှ လေးဆခန့်အထိ ပိုမို ခက်ခဲသော်ငြား သူ့အတွက်မူ ပထမအဆင့် ၊ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကြား၌ မည်သည့်ကွာခြားချက်မျှ ရှိမနေပေ။
အကယ်၍ မျက်စိမှိတ်၍ မြားပစ်မည့် သူ၏ သီအိုရီသာ ကျရှုံးသွားပါက အလွယ်ကူဆုံး အဆင့်၌ပင် ပစ်မှတ်ကို ထိမှန်နိုင်မည် မဟုတ်ချေ။
ပုံမှန်အားဖြင့် သူ့အတွက် ဆွဲရန် အလွန်ခက်ခဲမည့် ၃၈၀ ကျင်းလေးကို ဆွဲရန်အတွက် သူ၏ နဂါးစွမ်းအားကို အသုံးပြုရုံသာ ရှိတော့၏။
လီနျန်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "ဖြေဆိုသူအားလုံး ခက်ခဲမှုအဆင့်တွေကို ရွေးချယ်ပြီးပြီ။ လေးပစ် နောက်ဆုံးစာမေးပွဲကြီးကို တရားဝင် စတင်ပြီ။"
"ဒေါင်...။"
ကြီးကြပ်ရေးမှူးချုပ်က ကြေးစည်ကို တီးခတ်လိုက်၏။
ဝန်ထမ်းများက ကျောင်းသားများ ရွေးချယ်ထားသည့် ခက်ခဲမှုအဆင့်များနှင့်အညီ ပစ်မှတ်များကို နေရာချပေးလိုက်ကြသည်။
ဆိုလွန်က တတိယအဆင့်ကို ရွေးချယ်ထားသည့်အတွက် သူ၏ ပစ်မှတ်မှာ ၂၅၀ မီတာ အကွာ၌ ရှိနေ၏။
အမြင်အာရုံ အပြည့်အဝ ကောင်းမွန်သည့် လူတစ်ဦးပင်လျှင် ထိုအကွာအဝေးမှ ပစ်မှတ်ပေါ်ရှိ စက်ဝိုင်းများကို မြင်တွေ့နိုင်ရန် ရုန်းကန်ရပေလိမ့်မည်။
ပစ်မှတ်များကို အလွန်တရာ တင်းကျပ်စွာ နေရာချထားခြင်း ဖြစ်၏။ နေရာတိုင်းနှင့် မျဉ်းတိုင်းမှာ အမှားအယွင်း တစ်စုံတစ်ရာမျှ မရှိဘဲ အပြည့်အဝ တိကျနေရမည် ဖြစ်သည်။
အခြားကျောင်းသားများက သူတို့၏ လေးများကို မြှောက်ကာ မြားများကို တပ်ဆင်လိုက်ကြသည်။ ဆိုလွန် တစ်ယောက်တည်းသာ သူ၏ လေးနှင့်မြားကို အောက်ချထား၏။
သူက မင်းသမီး ကျိနင်ဘက်သို့ လှည့်လိုက်၏။ အနက်ရောင် အဝတ်စဖြင့် ဖုံးကွယ်ထားမှုကြောင့် မည်သည့်အရာကိုမှ မမြင်ရသော်ငြား ကျိနင်ကမူ သူမကို တိုက်ရိုက် စိုက်ကြည့်နေသည့်အလား ခံစားသွားရသည်။
ဆိုလွန်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "မင်းသမီး... ကျုပ်မျက်လုံးတွေကို ကန်းအောင် လုပ်ခဲ့ပေမဲ့ ကျုပ်ဘက်က ဘာညည်းတွားမှုမှ မရှိသလို သနားကြင်နာမှုလည်း မလိုအပ်ပါဘူး။ မင်းသမီးအနေနဲ့ ဂီတပညာရှင်တစ်ယောက်ရဲ့ ဇာတ်လမ်းကို ကြားဖူးချင်မှ ကြားဖူးလိမ့်မယ်။ သူ လုံးဝ နားကန်းသွားပြီးနောက်ပိုင်းမှာ ဂန္တဝင်အဆန်ဆုံးနဲ့ ရင်ခုန်စရာအကောင်းဆုံး ဂီတကို ဖန်တီးနိုင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အနုပညာဆိုတာ စိတ်ကနေ ဖန်တီးတာဖြစ်ပြီး ဂီတဆိုတာကလည်း စိတ်ကနေ ဖန်တီးတာပဲလေ။"
ထိုစကားကို ကြားရသည့်အခါ လူအုပ်ကြီးထဲမှ လူများစွာက ချက်ချင်းဆိုသလို အနည်းငယ် ယုံကြည်သွားကြ၏။ ဆိုလွန်က မင်းသမီး၏ လုပ်ကြံမှုကို ခံရပြီး မျက်စိကန်းသွားခြင်း အမှန်တကယ်ပင် ဖြစ်ပေလိမ့်မည်။
အနက်ရောင် မျက်လုံးစည်းကို တပ်ဆင်ထားသည့် ဆိုလွန်က လူအုပ်ကြီးဘက်သို့ ဖြည်းညင်းစွာ လှည့်လျက် ဆက်ပြောသည်။ "ဒီနေ့မှာ ကျုပ်မျက်လုံးတွေ မရှိရင်တောင် အာရုံစူးစိုက်နိုင်တယ် ၊ ကျုပ်ရဲ့ စိတ်ဝိညာဉ်ကို သုံးနိုင်တယ် ၊ ပြီးတော့ စိတ်နဲ့ မြားတွေ ပစ်ပြနိုင်တယ်ဆိုတာကို ခင်ဗျားတို့အားလုံးကို ပြမယ်။"
ထို့နောက် ဆိုလွန်က အသံကို မြှင့်ကာ ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ "ကံကြမ္မာရဲ့ လည်ပင်းကို ကျုပ် ညှစ်နိုင်မလားဆိုတာ ဒီနေ့ ကြည့်ကြသေးတာပေါ့။"
သူက လေးလံသည့် ၃၈၀ ကျင်းလေးကို ကောက်ကိုင်လိုက်ပြီး နဂါးစွမ်းအားကို ထုတ်ဖော်ကာ အပြင်းအထန် ဆွဲလိုက်၏။
သူ၏ ပုံမှန်ခွန်အားနှင့်ဆိုပါက ၃၈၀ ကျင်းလေးကို ဆွဲနိုင်သော်ငြား တည်ငြိမ်အောင် ထိန်းထားနိုင်မည် မဟုတ်ချေ။
သို့သော် နဂါးစွမ်းအား၏ အကူအညီဖြင့် လေးကို လွယ်ကူစွာ ဆွဲလိုက်နိုငမသည်။
ဆိုလွန်တစ်ယောက် ၃၈၀ ကျင်းလေးကို မျက်စိတစ်မှိတ်အတွင်း ဆွဲလိုက်သည်ကို မြင်သည့်အခါ မင်းသမီး ၊ လီနျန်ကျန်းနှင့် အခြားသူများအားလုံးတို့က တုန်လှုပ်စွာဖြင့် မျက်လုံးပြူးသွားကြ၏။
ဆိုလွန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မည်မျှအထိ အားနည်းသည်ကို သူတို့က အခြားသူများအားလုံးထက် ပို၍ ကောင်းစွာ သိထားကြသည်။
ထိုသို့တိုင်အောင် ယခုအခါ၌ ဆိုလွန်က ၃၈၀ ကျင်းလေးကို လွယ်ကူစွာ ဆွဲထားနေနိုင်သည်လော။
သူတို့အားလုံး တိတ်ဆိတ်သွားကြပြီး ဆိုလွန်၏ မြားကိုသာ အနီးကပ် စိုက်ကြည့်နေကြသည်။ သို့သော်လည်း ဆိုလွန်က ပစ်မလွှတ်သေးချေ။ သူက ငြိမ်သက်စွာ ရပ်နေပြီး တည်ငြိမ်စွာဖြင့် ချိန်ရွယ်နေ၏။
တစ်မိနစ် ကုန်ဆုံးသွားသော်လည်း ဆိုလွန်က ပစ်မလွှတ်သေးပေ။
အခြားကျောင်းသားများကမူ သူ့အား တိတ်တဆိတ် လှောင်ပြောင်လိုက်ကြပြီးနောက် သူတို့၏ လေးများကိုဆွဲကာ စတင် ပစ်ခတ်လိုက်ကြ၏။
**--**--**--**--**--**--**--**
မျက်စိမှိတ်လျက် မြားပစ်ခြင်းက သေချာပေါက် ရူးသွပ်ဖွယ်ရာ အိပ်မက်တစ်ခုပင်။ ဤကဲ့သို့ ယောင်ယမ်းပြောဆိုမှုကို လက်တွေ့အဖြစ် ပြောင်းလဲရန်ဆိုသည်မှာ မဖြစ်နိုင်သည့်အရာ ဖြစ်သည်။
ယခင်က သူ၏ အမြင်အာရုံက ဝေဝါးခဲ့၏။ ယခုအခါ မျက်လုံးများကို အနက်ရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသည့်အတွက် ဆိုလွန် ဘာကိုမှ မမြင်နိုင်တော့ချေ။
သူ မည်သည်ကို ဆက်လုပ်သင့်သနည်း။ မည်သို့ ချိန်ရွယ်ရမည်နည်း။
လေးပစ်ခြင်းဆိုသည်မှာ အလွန် ခက်ခဲသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။ ပြင်းထန်သည့် ခံစားချက်များ သို့မဟုတ် ခိုင်မာသည့် စိတ်ပိုင်းဖြတ်မှု ရှိရုံဖြင့် အောင်မြင်နိုင်မည် မဟုတ်ချေ။
ဆိုလွန် သူ၏ မျက်လုံးများကို အပြည့်အဝ ဖုံးအုပ်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်နယ်မြေထဲသို့ အပြည့်အဝ ဝင်ရောက်သွား၏။
သူ၏ မျက်လုံးများက မမြင်ရတော့သည့်အတွက် လုံးဝ အသုံးမလိုတော့ပေ။ ထိုအစား အရာအားလုံးကို အာရုံခံရန် စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်သည်။
အသူရာမိစ္ဆာကြယ်က လေးနက်စွာ သတိပေးသည်။ "သခင်... သခင်ရဲ့ စိတ်နှလုံးက တည်ငြိမ်နေတဲ့ ရေကန်တစ်ခုလို အပြည့်အဝ ငြိမ်သက်နေရမယ်။ လှိုင်းဂယက်လေး တစ်ချက်တောင် ရှိနေလို့ မရဘူး။"
ဆိုလွန်က သူ၏ ခံစားချက်အားလုံးကို အပြည့်အဝ လွှတ်ချလိုက်ပြီး သူ၏ အတွင်းစိတ်နှလုံးကို ရပ်တန့်နေသည့် ရေပြင်ကဲ့သို့ တည်ငြိမ်သွားစေသည်။ စိတ်ဝိညာဉ်နယ်မြေထဲ၌ ရေပြင်မှာ အပြည့်အဝ ညီညာပြန့်ပြူးနေပြီး အပြစ်အနာအဆာကင်းသည့် လပြည့်ဝန်းကို ရောင်ပြန်ဟပ်နေ၏။
ဆိုလွန် ဝမ်းနည်းမှု ၊ ဒေါသထွက်မှုနှင့် စိတ်ခံစားချက် အတက်အကျများကို လုံးဝ ခံစားရခြင်း မရှိတော့ပေ။
သူ လေးကိုမြှောက်ကာ မြားကို တပ်ဆင်လိုက်သည်။ လေးကြိုးကို မဆွဲသေးဘဲ ပစ်မှတ်ရှိရာဘက်ဆီသို့ မြားကို ခပ်ကြမ်းကြမ်း ချိန်ရွယ်ထားလိုက်၏။
ဆိုလွန်က စိတ်ထဲမှ မေးလိုက်သည်။ "အသူရာမိစ္ဆာကြယ်... ငါ နဂါးချီကို ပစ်လွှတ်တဲ့အခါ ပစ်မှတ်ကို ထိသွားရင် မင်းက တုံ့ပြန်မှုကို အတိအကျ အာရုံခံနိုင်မှာ သေချာလား။"
အသူရာမိစ္ဆာကြယ်က ချက်ချင်း တုံ့ပြန်သည်။ "သေချာတယ်။ ကျွန်တော်က စွမ်းအင်တွေအပေါ် အာရုံခံနိုင်စွမ်း ရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကိုယ်တိုင် ထုတ်လွှတ်လိုက်တဲ့ နဂါးစွမ်းအား ဆိုရင်ပေါ့။"
ဆိုလွန် သူ၏ နဂါးစွမ်းအားကို စတင် စုစည်းကာ လှည့်ပတ်လိုက်၏။
ရွှီးးး။
ထက်မြက်သည့် နဂါးချီက မြားထိပ်ဖျားမှနေ၍ ထွက်ခွာသွားသည်။ မြားတံကိုယ်တိုင်က လှုပ်ရှားသွားခြင်း မရှိဘဲ မျက်စိဖြင့်မမြင်နိုင်သည့် နဂါးချီသာ ပစ်လွှတ်ခြင်း ခံလိုက်ရ၏။
ဆိုလွန်၏ နဂါးချီမှာ အလွန် အားနည်းသော်ငြား မြေဆွဲအား၏ သက်ရောက်မှုကို လုံးဝ မခံရဘဲ ဖြောင့်တန်းသည့် မျဉ်းတစ်ကြောင်းတည်းအတိုင်း အလွန်ဝေးကွာသော နေရာအထိ ပျံသန်းသွားနိုင်သည်။
ခဏအကြာ၌ နဂါးချီမှာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ ပျောက်ကွယ်သွား၏။ ဤသည်မှာ နဂါးစွမ်းအားက ပစ်မှတ်ကို မထိမှန်ခြင်း ဖြစ်သည်။
ပစ်မှတ်ကို ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် နဂါးချီမှာ ပြန်လည် ရောင်ပြန်ဟပ်လာမည် ဖြစ်၏။ အသူရာမိစ္ဆာကြယ်က ထိုရောင်ပြန်ဟပ်မှုကို ချက်ချင်း ဖမ်းယူနိုင်မည်ဖြစ်ပြီး ဆိုလွန်၏ ချိန်ရွယ်မှု မှန်ကန်ကြောင်း သူ့အား ပြောပြပေးနိုင်ပေလိမ့်မည်။
ဤသည်မှာ မျက်စိမှိတ်၍ မြားပစ်ခြင်းအတွက် သူ၏ သီအိုရီပင်။ တစ်ခါမျှ မစမ်းသပ်ဖူးခဲ့ချေ။ လုပ်ငန်းစဉ် တစ်ခုလုံးမှာ ရောင်ပြန်ဟပ်လာသော နဂါးချီကို ဖမ်းယူနိုင်သည့် အသူရာမိစ္ဆာကြယ်၏ စွမ်းရည်အပေါ်၌သာ မှီခိုနေရ၏။
အသူရာမိစ္ဆာကြယ်က တင်ပြသည်။ "လွဲသွားတယ် သခင်။"
ဆိုလွန်၏ ပထမဆုံး နဂါးချီ ပစ်ခတ်မှုက ပစ်မှတ်ကို မထိမှန်သည့်အတွက် မည်သည့် ရောင်ပြန်ဟပ်မှုမျှ ရှိမနေပေ။
အမှောင်ထုထဲ၌ ဆိုလွန်က သူ၏ တည်နေရာကို ချိန်ညှိလိုက်ပြီး နဂါးစွမ်းအား အနည်းငယ်ကို ထပ်မံ စုစည်းကာ ပစ်လွှတ်လိုက်ပြန်၏။
"လွဲသွားတယ်။"
"လွဲသွားတယ်။"
"လွဲသွားတယ်။"
အကြိမ်မည်မျှ လွဲချော်သွားသည်ကို ဆိုလွန် မသိတော့ချေ။ ဤသည်မှာ အလွန်တရာ ခက်ခဲသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။ အမှောင်ထုထဲ၌ သူ၏ တည်နေရာကို အဆက်မပြတ် ချိန်ညှိရပြီး နဂါးချီကို စုစည်းကာ ပစ်မှတ်ဆီသို့ ပစ်လွှတ်နေရသည်။
စောင့်ကြည့်နေသော လူများအတွက်မူ ဆိုလွန်က လေးပစ်သည့် အနေအထားဖြင့် မလှုပ်မယှက် ရပ်တန့်နေသည်ကိုသာ မြင်တွေ့နေရ၏။
၁၅ ကြိမ်... ၁၈ ကြိမ်... ၂၃ ကြိမ်...
ဆိုလွန်က စိတ်မလောပေ။ သူ၏ ရပ်တည်ချက်ကို သေချာစွာ ချိန်ညှိပြီး နဂါးချီကို ဆက်လက် ပစ်လွှတ်နေလိုက်သည်။
ရုတ်တရက် အသူရာမိစ္ဆာကြယ်က အာမေဍိတ်သံဖြင့် အသိပေးသည်။ "ထိပြီ။"
၃၃ ကြိမ်မြောက် ကြိုးစားမှု၌ ဆိုလွန်၏ နဂါးချီက ပစ်မှတ်ကို ထိမှန်သွားလေပြီ။
အသူရာမိစ္ဆာကြယ်က ဆက်ရှင်းပြသည်။ "နဂါးချီက ပစ်မှတ်ကို ထိတယ်... ဒါပေမဲ့ ဗဟိုအမှတ်ကိုတော့ မဟုတ်သေးဘူး။ အနီရောင် ဗဟိုအမှတ်က သမင်သွေးနဲ့ ဆေးခြယ်ထားလို့ နဂါးချီ ထိမှန်သွားတဲ့အခါ စွမ်းအင်တစ်စိတ်တစ်ပိုင်းက ရောင်ပြန်မဟပ်ခင် စုပ်ယူခံလိုက်ရလိမ့်မယ်။"
ဆိုလွန်က သူ၏ ဦးတည်ရာကို ထပ်မံ၍ အနည်းငယ် ချိန်ညှိလိုက်ပြန်၏။
တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်... လေးကြိမ်... ငါးကြိမ်...
အသူရာမိစ္ဆာကြယ်က ဝမ်းသာအားရ အော်လိုက်သည်။ "ထိပြီ။ ထိသွားပြီ သခင်။ ဗဟိုအမှတ်ကို တည့်တည့်ပဲ။ ဒီနေရာကို မှတ်ထား။ အတိအကျ ဒီနေရာပဲ။"
နဂါးချီက ဗဟိုအမှတ်ရှိ သမင်သွေးကို ထိမှန်သွားချိန်၌ တစ်စိတ်တစ်ပိုင်းက ရောင်ပြန်ဟပ်လာပြီး တစ်စိတ်တစ်ပိုင်းမှာ သွေးထဲသို့ ပျောက်ကွယ်သွား၏။ ဤနည်းဖြင့် ဗဟိုအမှတ်ကို အတိအကျ ထိမှန်သွားကြောင်း အသူရာမိစ္ဆာကြယ် အတိအကျ သိလိုက်ခြင်း ဖြစ်သည်။
ဤသည်မှာ အတိအကျ နေရာပင်။ ဆိုလွန် အနေဖြင့် ဤတိကျသည့် ဦးတည်ရာအတိုင်း ချိန်ရွယ်ထားသရွေ့ ဗဟိုအမှတ်ကို သေချာပေါက် ထိမှန်ပေလိမ့်မည်။
သို့သော်လည်း လက်ရှိအချိန်၌ ဆိုလွန်အနေဖြင့် မြားကို ပစ်လွှတ်နိုင်မည် မဟုတ်ချေ။ အကယ်၍ မြားကို ယူရန် လှမ်းလိုက်ပါက သူ၏ ခန္ဓာကိုယ်က လှုပ်ရှားသွားမည်ဖြစ်ပြီး ဤအနေအထားကို ဆုံးရှုံးသွားရပေလိမ့်မည်။
ထို့အတွက်ကြောင့် အသူရာမိစ္ဆာကြယ်၏ အကူအညီဖြင့် ဆိုလွန်က သူ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌ လေးပစ်ကွင်း တစ်ခုလုံး၏ ပုံရိပ်ယောင် နေရာတစ်ခုကို စတင် တည်ဆောက်လိုက်၏။
နဂါးစွမ်းအားဖြင့် သူ ယခုလေးတင် ရှာဖွေတွေ့ရှိသော ပြီးပြည့်စုံသည့် ဗဟိုအမှတ်နေရာကို အသုံးပြုကာ တိကျသော အချက်အလက်များကို စုဆောင်း၍ သူ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌ ပုံရိပ်ယောင် သုံးဖက်မြင် နေရာတစ်ခုကို ဖန်တီးလိုက်သည်။
၂၅၀ မီတာ အကွာအဝေး ၊ ပစ်မှတ်၏ တိကျသည့် တည်နေရာ ၊ ပစ်မှတ်၏ အမြင့်နှင့် ဗဟိုအမှတ်၏ အလယ်တည့်တည့်တို့... အရာအားလုံးက ပုံရိပ်ယောင်ထဲတွင် ပေါ်လာ၏။
ချက်ချင်းဆိုသလိုပင် အသူရာမိစ္ဆာကြယ်နှင့် ဆိုလွန်က သူ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌ နေရာတစ်ခုလုံးကို ဖန်တီးတည်ဆောက်လိုက်ကြသည်။
ဤစိတ်ဝိညာဉ်နယ်မြေထဲ၌ အရာ နှစ်ခုသာ ရှိသည်။
တစ်ခုမှာ ၂၅၀ မီတာ အကွာ ၊ ၁.၂၃ မီတာ အမြင့်၌ ရှိနေသည့် ပစ်မှတ်၏ ဗဟိုအမှတ် ဖြစ်၏။
အခြားတစ်ခုမှာ ဆိုလွန်ကိုယ်တိုင်ပင်။
လက်တွေ့၌ သူ လှုပ်ရှားမှုတစ်ခု လုပ်လိုက်တိုင်း စိတ်ဝိညာဉ်နယ်မြေထဲရှိ သူ၏ ခန္ဓာကိုယ်ကလည်း အမှားအယွင်း တစ်စုံတစ်ရာမျှ မရှိဘဲ ထိုအတိုင်း အတိအကျ လိုက်ပါ လှုပ်ရှားသွား၏။
ယခုအခါ ဆိုလွန်အနေဖြင့် စိတ်ဝိညာဉ်နယ်မြေထဲ၌ ချိန်ရွယ်ရန် လိုအပ်တော့သည်။
လက်တွေ့ကမ္ဘာ၌ သူ မမြင်ရသော်ငြား စိတ်ဝိညာဉ်နယ်မြေထဲ၌မူ အပြည့်အဝ ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရ၏။
ဤနည်းလမ်း တစ်ခုလုံးမှာ ဆိုလွန် သူ့ဘာသာသူ တွေးတော ဖန်တီးထားခြင်း ဖြစ်သည်။ ဤနည်းလမ်းက အလုပ်ဖြစ်မည်လား။ သူ မသိပေ။
ဆိုလွန် လေးကို ခက်ထန်စွာ ဆွဲလိုက်ပြီး စတင် ချိန်ရွယ်လိုက်၏။ သူ၏ စိတ်ဝိညာဉ်နယ်မြေထဲ၌လည်း ဆိုလွန်က လေးကိုဆွဲကာ ချိန်ရွယ်လိုက်သည်။
တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်...
**--**--**--**--**--**--**--**
အခြားကျောင်းသား ဆယ့်ငါးယောက်က ချိန်ရွယ်ခြင်းကို အဆုံးသတ်လိုက်ကြပြီး သူတို့၏ မြားများကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်ကြ၏။
သူတို့၏ ရလဒ်များမှာ အလယ်အလတ်အဆင့်မျှသာ ရှိပြီး ၇၀ ရာခိုင်နှုန်းခန့် ထိမှန်ကြသည်။ အံ့မခန်း မဟုတ်သော်ငြား ကျောင်းဆင်း နောက်ဆုံးစာမေးပွဲကြီးကို အောင်မြင်ရန်မူ လုံလောက်နေ၏။
သို့သော်လည်း ဆိုလွန် တစ်ယောက်တည်းသာ အမှောင်ထုထဲ၌ ချိန်ရွယ်ရင်း လုံးဝ မလှုပ်မယှက် ရပ်တန့်နေသည်။
အခြားသူများက မြားငါးစင်း ပစ်လွှတ်လိုက်ကြသော်လည်း ဆိုလွန်ကမူ လှုပ်ရှားခြင်း မရှိသေးပေ။
အခြားသူများက မြားဆယ်စင်း ပစ်လွှတ်လိုက်ကြသော်လည်း ဆိုလွန်က လေးကို မဆွဲရသေးချေ။
အခြားသူများက မြား ၁၅ စင်း ၊ ထို့နောက် အစင်း ၂၀ အထိ ပစ်လွှတ်လိုက်ကြ၏။ သူက ကျောက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲသွားသည့်အလား မလှုပ်မယှက် ရှိနေဆဲပင်။
အခြားကျောင်းသားများ၏ ပစ်မှတ်များမှာ ၉၀ သို့မဟုတ် ၁၅၀ မီတာ အကွာ၌သာ ရှိသည်။ ဆိုလွန် တစ်ယောက်တည်း၏ ပစ်မှတ်သာ ၂၅၀ မီတာ အကွာ၌ ရှိနေ၏။
အခြားသူများက ၁၈၀ ကျင်းလေး သို့မဟုတ် ၂၅၀ ကျင်းလေးကို အသုံးပြုကြသည်။ သူ တစ်ယောက်တည်းသာ ၃၈၀ ကျင်းလေးကို အသုံးပြု၏။
စာမေးပွဲ၌ အချိန်ကန့်သတ်ချက် ရှိသည်။ သူတို့က ၁၅ မိနစ်အတွင်း မြား အစင်း ၂၀ ကို ပစ်ခတ်ရမည် ဖြစ်၏။
ယခုအခါ အခြားကျောင်းသား ၁၅ ယောက်က သူတို့၏ မြားအစင်း ၂၀ ကို ပစ်ခတ်ပြီးစီးသွားကြလေပြီ။ စာမေးပွဲ ပြီးဆုံးရန် သုံးမိနစ်မျှသာ ကျန်ရှိတော့၏။
သဲနာရီကို စိုက်ကြည့်လျက် လီနျန်ကျန်းက သတိပေးသည်။ "ဆိုလွန်... မင်းမှာ သုံးမိနစ်ပဲ ကျန်တော့တယ်။ သုံးမိနစ် ပြည့်သွားတဲ့အထိ မင်း မပစ်ရသေးရင်ပဲ ဖြစ်ဖြစ် ၊ လေးကြိုးကို မလွှတ်ရသေးရင်ပဲ ဖြစ်ဖြစ် သုညမှတ်ပဲ ရလိမ့်မယ်။"
ကျောင်းသားတစ်ဦးက လှောင်ပြုံး ပြုံးလျက် ပြောသည်။ "ဆိုလွန်... မြားအနည်းငယ်လောက်ကို ရမ်းသန်းပြီး ပစ်လိုက်စမ်းပါ။ ချိန်ရွယ်နေတဲ့ပုံစံမျိုး ဟန်ဆောင်မနေနဲ့။ ငါတို့ကလည်း မင်းဆီက ဘာမှ မမျှော်လင့်ထားဘူးကွာ။"
ထိုအခိုက်၌ပင် မလှုပ်မယှက် ရှိနေသည့် ဆိုလွန်က ရုတ်တရက် သူ၏ လေးကို ခက်ထန်စွာ ဆွဲလိုက်၏။
ရှိနေသူအားလုံးတို့၏ မျက်လုံးများ ပြူးကျယ်လာပြီး သေချာ အာရုံစိုက်လိုက်ကြသည်။။
သေချာပေါက် မည်သူကမှ ကောင်းမွန်သည့် ရလဒ်တစ်ခုကို မမျှော်လင့်ထားကြချေ။ ပစ်မှတ်ကို သူ မည်မျှအထိ ဆိုးရွားစွာ လွဲချော်သွားမည်နည်း ဆိုသည်ကိုသာ သူတို့ မြင်တွေ့ချင်ကြခြင်း ဖြစ်သည်။
မင်းသမီးကျိနင်၏ လှပသည့် မျက်လုံးများက ကျဉ်းမြောင်းသွား၏။ ဆိုလွန် ထိုမြားကို ပစ်လွှတ်လိုက်သော အချိန်မှာပင် သူ့အတွက်ရော ၊ ဆိုမိသားစုကိုပါ အဆုံးသတ်ရန် အချက်ပေးလိုက်ခြင်း ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ကျန်းနင်က သူ၏ နဂါးစွမ်းအားအားလုံးကို စုစည်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အရှုံးပေးရန် နီးကပ်နေပြီး မျှော်လင့်ချက်မဲ့နေသည့် အချိန်၌ ဆိုလွန်က ထိုမြားကို မင်းသမီးဆီသို့ လှည့်၍ ပစ်ခတ်မည်ကို စိုးရိမ်နေသောကြောင့်ပင်။
**--**--**--**--**--**--**--**
လက်ရှိအချိန်၌ ဆိုလွန်က တိတ်ဆိတ်နေလျက် ရှိသည်။
'ကံကြမ္မာ... မင်းရဲ့ လည်ပင်းကို ငါ ညှစ်ထားနိုင်မလား။ အရာအားလုံးက ဒီအချိန်လေး တစ်ခုအပေါ်မှာပဲ မူတည်နေပြီ။'
'အောင်မြင်မှုအတွက် ငါ ဆုတောင်းနေမှာ မဟုတ်ဘူး။ ငါလုပ်နိုင်ရင် လုပ်မယ်။ အကယ်၍ မလုပ်နိုင်ရင်တော့ ပျက်စီးခြင်းကိုပဲ ငါရွေးချယ်လိုက်မယ်။'
ဆိုလွန်က သူ၏ ဒေါသနှင့် စိတ်စွမ်းအားအားလုံးကို ပစ်မှတ်ထံ အာရုံစူးစိုက်လိုက်ပြီးနောက် လေးကြိုးကို လွှတ်ချလိုက်၏။
"ရွှီးးး" ဆိုလွန်၏ မြားက အလွန်လျင်မြန်စွာ ပျံသန်းသွား၏။ ကြယ်ပျံတစ်စင်းအလားပင် ထင်မှတ်ရသည်အထိ မြန်လှသည်။
တစ်စက္ကန့်ခန့် အတွင်း၌ပင် ထက်မြက်သည့် မြားတစ်စင်းက လေထဲ၌ ဖြောင့်တန်းသော မျဉ်းတစ်ကြောင်းကို ရေးဆွဲသွားပြီး ပစ်မှတ်အားစိုက်ဝင်သွားသည်။
ဗဟိုအမှတ်ကို တည့်တည့်ပင်...။
"ဟားဟားဟား။" လူအုပ်ကြီးထံမှ ကြိုတင် စီစဉ်ထားသည့် ရယ်မောသံများက ချက်ချင်းပင် ရပ်တန့်သွားကြသည်။
မင်းသမီး ၊ ကျန်းနင်နှင့် ဗာဒူးတို့မှာ နေရာမှ ခုန်ထမတတ် ဖြစ်သွားကြရ၏။
ရှိနေကြသည့် သူများအားလုံးက ဆိုလွန်ပစ်ခတ်လိုက်သည့် မြားကို လုံးဝ မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြ၏။
ဗဟိုအမှတ်... ဗဟိုအမှတ်ကို တည့်တည့်ကို ထိမှန်သွားခြင်းပင်။
အပိုင်း ၁၁၇ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မူရင်းမှာ မီတာသုံးပေမဲ့ မြန်မာစာဖတ်သူတွေနဲ့ ပိုရင်းနှီးအောင် ပေအဖြစ် ပြောင်းသုံးပါတယ်ဗျ။ ဒီတစ်ပိုင်းကို ယောင်ယမ်းပြီး မီတာ အဖြစ်ရေးမိထားတာ ထင်တယ်။ ")
လိုက်ပြင်ဖို့ရာ ဖျားနေတော့ ခေါင်းအရမ်းကိုက်နေလို့ မပြင်တော့ဘူးနော်။ ကျန်တဲ့အပိုင်းတွေကိုတော့ ပေနဲ့လာပါမယ်ဗျ။ 😔