← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အပိုင်း ၁၁၈

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ဆိုလွန်၏ မြားက ဗဟိုအမှတ်ကို တည့်တည့် ထိမှန်သွား၏။ ဤသည်က မည်သို့ဖြစ်နိုင်မည်နည်း။

လူအချို့က ကောင်းကင်သို့ မော့ကြည့်လိုက်ကြပြီး ယနေ့ ကမ္ဘာကြီး ပြောင်းပြန်လန်သွားပြီလားဟု တွေးတောနေမိကြသည်။

မျက်စိမမြင်ရသူ တစ်ဦးက ဗဟိုအမှတ်ကို မထင်မှတ်ဘဲ မည်သို့ ထိမှန်နိုင်မည်နည်း။ ကောင်းကင်ဘုံက သူ့အား စောင့်ရှောက်နေခြင်းလော။

ထိုအခိုက်အတန့်၌ ကျိနင်တစ်ယောက် အသက်ရှူရခက်ခဲသွားသလို ခံစားလိုက်ရ၏။ သူမ၏ နှလုံးခုန်သံများပင် ရပ်တန့်သွားသည့်အလားပင်။

တစ်ချိန်တည်းမှာပင် ကျန်းနင် မျက်နှာပျက်သွားသည်။ “ဒါက တိုက်ဆိုင်မှု ဖြစ်ရမယ်။ သေချာပေါက် ကံကောင်းသွားတာပဲ။ ဆိုလွန်က သောက်ရမ်း ကံကောင်းသွားရုံသက်သက်ပဲ။”

သို့သော်လည်း ဆိုလွန်၏ ဆက်တိုက်ပစ်ခတ်လိုက်သည့် မြှားကိုးစင်းက သူတို့၏ မျက်နှာကို အလွန် လျင်မြန်စွာ ရိုက်ချလိုက်၏။

“ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး ရွှီးးး” မြားကိုးစင်း... မြားကိုးစင်းကို ဆက်တိုက် ပစ်ခတ်လိုက်ခြင်းပင်။

ဆိုလွန်က သူ၏ နဂါးစွမ်းအားအားလုံးကို စုစည်းလိုက်ပြီး လေးကို လျင်မြန်စွာဆွဲကာ ကိုးကြိမ်ဆက်တိုက် ပစ်ခတ်လိုက်၏။

ထိုမြားကိုးစင်းက ဖြောင့်တန်းသည့် မျဉ်းတစ်ကြောင်းအဖြစ် ပုံဖော်သွားပြီး လေထုကို ခွင်းလျက် အနက်ရောင် ကြယ်ပျံများအလား ပျံသန်းသွားကြသည်။

“ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...” ပစ်မှတ်ကို ထိမှန်သည့် အသံများက ငှက်ပျောဖက်ပေါ်သို့ မိုးသည်းထန်စွာ ရွာသွန်းသည့်အလား ဆက်တိုက် ပဲ့တင်ထပ်သွား၏။

မြားကိုးစင်းစလုံးက ဗဟိုအမှတ်ကို အပြည့်အဝ ထိမှန်သွားသည်။ ပထမဆုံးမြားနှင့်ပါ ပေါင်းလိုက်လျှင် မြားဆယ်စင်းစလုံးမှာ အလွန်တရာ သိပ်သည်းစွာ စုပြုံနေသည့်အတွက် မြားတစ်စင်းတည်းအလားပင် ထင်မှတ်ရ၏။

ပရိသတ်ကြီးထုကြီးမှာ တိတ်ဆိတ်သွားကြသည်။

သူတို့၏ မျက်လုံးများက ပြူးကျယ်နေပြီး မျက်တောင်ခတ်ရန်ပင် မဝံ့ရဲကြချေ။ သူတို့၏ ပါးစပ်များမှာလည်း ဟောင်းလောင်းပွင့်နေကာ ပိတ်ရန်ပင် မေ့လျော့နေကြ၏။

အရာအားလုံးက အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသည့်အတွက် သူတို့ သေသေချာချာပင် မမြင်လိုက်ရပေ။ ဆိုလွန်က မြားဆယ်စင်းစလုံးကို ပစ်ခတ်ပြီးစီးသွားလေပြီ။

ရှိနေသူများက ဤသည်မှာ ယုတ္တိမတန်ဟု ခံစားနေကြရသည်။ ထိုမြားဆယ်စင်းက ဆိုလွန် ပစ်ခတ်လိုက်ခြင်း မဟုတ်ဘဲ ကောင်းကင်ဘုံမှ ကျဆင်းလာကာ ပေ ၈၂၀ အကွာရှိ ဗဟိုအမှတ်၌ အံ့ဖွယ်နည်းဖြင့် ပေါ်လာသည့်အလားပင်။

ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးက ဆိုလွန်၏ လက်များကို လမ်းညွှန်ပေးကာ အံ့မခန်း မြားဆယ်စင်းကို ပစ်ခတ်စေခဲ့သည့်အလားပင် ထင်မှတ်ရ၏။

အထက်တန်းလွှာ ကျောင်းသူများသည်လည်း ဂီတဖျော်ဖြေပွဲ၌ သူမတို့ ခံစားခဲ့ရသည်များကို ထပ်မံ ခံစားလိုက်ကြရပြန်သည်။

လွှမ်းမိုးခံလိုက်ရသည့် ထိုခံစားချက် ၊ အသက်ရှူမှားလောက်သည့် သူတို့၏ စိတ်များကို လွင့်စင်သွားစေသလို ခံစားရစေသည့် သာယာဖွယ်ကောင်းသော ခံစားချက်ပင်။

မြားဆယ်စင်းက ဗဟိုအမှတ်ကို ထိမှန်သွားရုံသက်သက် မဟုတ်ချေ။ ထိုမြားများက သူမတို့၏ စိတ်နှလုံးနှင့် သူတို့၏ စိတ်စွမ်းအားများကိုပါ ထိမှန်သွားခြင်း ဖြစ်သည်။

မျက်စိကန်းနေသည့် လူတစ်ယောက်... အမြင့်ဆုံး ခက်ခဲမှုအဆင့်ကို ရွေးချယ်ခဲ့ပြီး ရှိနေသူ အားလုံး၏ လှောင်ပြောင်မှုကို ရင်ဆိုင်ခဲ့ရသည့် လူတစ်ယောက်... ထိူသို့တိုင်အောင် သူ၏ တုံ့ပြန်မှုက ဗဟိုအမှတ်ကို အပြည့်အဝ ထိမှန်သွားသည့် ဆက်တိုက် မြားဆယ်စင်းပင် ဖြစ်နေ၏။

ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး လုပ်ဆောင်နိုင်မည့်အရာ မဟုတ်ချေ။ နတ်ဘုရားတစ်ပါးသာလျှင် လုပ်ဆောင်နိုင်ပေလိမ့်မည်။ ဆိုလွန်က နတ်ဘုရားတစ်ပါး၏ ပူးကပ်ခြင်းကို ခံထားရသည် သို့မဟုတ် သူကိုယ်တိုင်က နတ်ဘုရားတစ်ပါးဖြစ်နေသည်လော။

မြားအားလုံးကို ပစ်ခတ်ပြီးနောက် ဆိုလွန်က သူ၏ လေးကို အောက်ချလိုက်ပြီး ဘေးဘက်၌ မတ်မတ် ရပ်နေလိုက်၏။

လေးပစ်စာမေးပွဲအတွက် အချိန်ကန့်သတ်ချက်မှာ ၁၅ မိနစ် ဖြစ်၏။ သုံးမိနစ်သာ ကျန်ရှိတော့သည့် အချိန်အထိ သူက ပထမဆုံးမြားကို မပစ်ရသေးချေ။

သို့သော်လည်း တစ်မိနစ်ပင် မပြည့်သည့် အချိန်အတွင်း သူက မြားဆယ်စင်းကို တစ်စင်းပြီးတစ်စင်း ပစ်လွှတ်ခဲ့ပြီး ဆယ်စင်းလုံးကို ထိမှန်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

ထို့အတွက်ကြောင့် သူ ပစ်ခတ်ပြီးစီးသွားသည့်တိုင် စာမေးပွဲအချိန်က မကုန်ဆုံးသေးပေ။ သဲနာရီထဲမှ သဲများက စီးကျနေဆဲပင်။

စင်မြင့်ဘက်သို့ မျက်နှာမူလျက် ဆိုလွန်က လေးစားစွာ ဦးညွှတ်လိုက်ပြီး စစ်သည်တော်တစ်ဦး၏ နှုတ်ဆက်ခြင်းကို လုပ်ဆောင်လိုက်၏။

လေးပစ်ကွင်း တစ်ခုလုံးက မိနစ်အနည်းငယ်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ရှိ၏။ ထို့နောက်... မိုးသက်မုန်တိုင်းတစ်ခုအလား မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သံများ ထွက်ပေါ်လာတော့သည်။

သို့သော် ကျိနင်ကမူ အသက်ရှူကျပ်ပြီး ပြိုလဲသွားမတတ် ခံစားချက်ကို တစ်ဖန် ပြန်လည် ခံစားလိုက်ရပြန်သည်။

ကံကြမ္မာသီချင်းနှင့် ထိုညကကဲ့သို့ပင် သူ့အား ဖျက်ဆီးပစ်ရန် သူမ၏ ကြိုးစားအားထုတ်မှုများက အလွယ်တကူ ချေမှုန်းခံလိုက်ရပြီး သူမကို အရူးတစ်ယောက်အလား ဖြစ်သွားစေ၏။

သို့သော် ယနေ့၌ ထိုခံစားချက်က ပို၍ပင် ပြင်းထန်နေ၏။

ဆိုလွန်က တကယ်ပင် နတ်ဘုရားတစ်ပါး၏ ပူးကပ်မှုကို ခံထားရသည်လော။ သူမက သူ့မျက်လုံးများကို ကန်းအောင် လုပ်ခဲ့သော်ငြား သူက အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးပြနိုင်သေးသည်လော။

သူမက တကယ်ပင် ကောင်းကင်ဘုံ၏ ဆန္ဒကို ဆန့်ကျင်နေခြင်းလော။ မျက်စိကန်းနေသည့် အမျိုးသားက ရှိနေသူအားလုံး၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်များကို နောက်ထပ်တစ်ကြိမ် သိမ်းပိုက်သွားပြန်၏။ သူမ၏ စိတ်ဝိညာဉ် အပါအဝင်ပင်။

ထိုညက သူမ ခံစားခဲ့ရသည့်အတိုင်းပင် အတိအကျ ခံစားလိုက်ရသည်။ သူ့ထံ ဒူးထောက်ဦးညွှတ်ချင်လာသည့် ပြင်းပြသော ဆန္ဒတစ်ခု ၊ ငြင်းပယ်၍မရနိုင်သည့် ဆွဲဆောင်မှုတစ်ခုပင်။

အနီး၌ ရပ်နေသည့် ကျန်းနင်၏ မျက်နှာအမူအရာမှာလည်း ဆိုးရွားစွာ ပြောင်းလဲသွား၏။ သူ၏ ချောမောသည့် မျက်နှာမှာ သွေးဆုတ်သွားသကဲ့သို့ လုံးဝ ဖြူရော်နေသည်။

ကျိနင်က သူမ၏ မျက်လုံးများကို မှိတ်လိုက်ပြီး ကလေးဘဝက အမှတ်ရစရာများကို အကြိမ်ကြိမ် ပြန်လည် တမ်းတလိုက်၏။ မီးတောက်များထဲ ဝါးမျိုခံလိုက်ရသည့် သူမ၏ အိမ် ၊ သွေးများ ဖုံးလွှမ်းနေသည့် သူမ၏ ဖခင်... စစ်သားတစ်စု၏ အကြိမ်ကြိမ် စော်ကားမှုကို ခံခဲ့ရသည့် သူမ၏ မိခင်...။

‘ငါ သန်မာရမယ်။ ပြိုလဲသွားလို့ မဖြစ်ဘူး။ ငါ အရှုံးပေးလို့ မရဘူး။’ ကျိနင်က သူမကိုယ်သူမ အကြိမ်ကြိမ် သတိပေးလိုက်၏။ ပြိုကျပျက်စီးတော့မည့် သူမ၏ စိတ်ကို တစ်ဖန် ပြန်လည်၍ ခိုင်မာကာ ရေခဲတမျှ အေးစက်သွားစေရန် သူမကိုယ်သူမ အတင်းအကျပ် ဖိအားပေးလိုက်သည်။

ခဏအကြာ၌ မင်းသမီး ကျိနင်က သူမ၏ မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ မျက်လုံးများက လုံးဝ အေးစက်နေပြီး မည်သည့် စိတ်ခံစားချက်မျှ ရှိမနေတော့ချေ။ သူမက အနီးရှိ ကောင်းကင်ကြယ်တာရာကျောင်းတော်မှ ကြီးကြပ်ရေးမှူးချုပ်အား စိုက်ကြည့်လိုက်သည်။ “အရှင် ဗာဒူး... သူ အဲဒါကို ဘယ်လို လုပ်လိုက်တာလဲ။”

ဗာဒူးက ဗဟိုအမှတ်ရှိ မြားဆယ်စင်းကို ကြောင်အမ်းအမ်း စိုက်ကြည့်နေဆဲ ရှိ၏။ ကျိနင်၏ စကားကို ကြားသည့်အခါ တစ်ခဏမျှ ရပ်တန့်သွားပြီး ခေါင်းရမ်းလိုက်သည်။ “ကျွန်တော်... ကျွန်တော် မသိပါဘူး မင်းသမီး။ ဒါက လုံးဝ အံ့ဖွယ်အမှုတစ်ခုပါပဲ။”

မင်းသမီး ကျိနင်က အသံကို မြှင့်ကာ အေးစက်စွာ ပြောလိုက်သည်။ “အဲဒါက ကျွန်မ လိုချင်တဲ့ အဖြေ မဟုတ်ဘူး။ သူ အဲဒါကို ဘယ်လိုလုပ်လိုက်တာလဲဆိုတာကို ကျွန်မ သိချင်တာ။”

မြင့်မြတ်နတ်နဂါးကျောင်းတော်မှာ အလွန်တရာ လေးစားခံရပြီး အထူးသဖြင့် အနုပညာဆောင်နှင့် စိတ်ဝိညာဉ်နန်းတော်တို့ ဖြစ်၏။ သို့သော်လည်း ကောင်းကင်ကြယ်တာရာကျောင်းတော်မှာမူ လောကကြီးနှင့် အဆက်အသွယ် မပြတ်တောက်သေးပေ။

အဘယ်ကြောင့်ဆိုသော် လေးပစ်ခြင်းမှာ သာမန် ကျွမ်းကျင်မှုတစ်ခု ဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ကောင်းကင်ကြယ်တာရာကျောင်းတော်မှ နဂါးလေးသည်တော်များက လောကရေးရာ ကိစ္စရပ်များ၌ ပိုမို ပါဝင်ပတ်သက်ကြပြီး အာဏာနှင့် စည်းစိမ်တို့၏ လွှမ်းမိုးမှုကို ကြီးမားစွာ ခံရ၏။

အချို့သော အကျင့်ပျက် နဂါးလေးသည်တော်များဆိုလျှင် ငွေအတွက် အမှောင်အဖွဲ့အစည်းထံမှ အမည်မသိ လုပ်ကြံသတ်ဖြတ်ရေး တာဝန်များကိုပင် လက်ခံတတ်ကြသေးသည်။

ထို့အတွက်ကြောင့် ကျိနင်က သူ့အား အေးစက်စွာ ဆူပူလိုက်သောအခါ ဗာဒူးက အလိုအလျောက် ခေါင်းငုံ့သွားရ၏။

ဗာဒူး သက်ပြင်းချလိုက်သည်။ “မင်းသမီး... ကျွန်တော် တကယ်ပဲ မသိပါဘူး။ တိကျတဲ့ တွက်ချက်မှုတွေ လုပ်ပြီးနောက်မှာ သူက ဗဟိုအမှတ်ရဲ့ တိကျတဲ့ နေရာကို ရှာတွေ့သွားပြီး သူ့ရဲ့ ရပ်တည်ချက်ကို အပြည့်အဝ ပုံသေမှတ်ထားပြီး ပစ်ခတ်သွားတာလည်း ဖြစ်နိုင်ပါတယ်။”

“အကယ်၍ ဒီလူကသာ တိုင်းပြည်ရဲ့ နယ်စားပယ်စားတစ်ယောက် မဟုတ်ခဲ့ဘူးဆိုရင် သူက နှစ်အနည်းငယ်အတွင်းမှာပဲ ကောင်းကင်ကြယ်တာရာကျောင်းတော်မှာ မြင့်မားတဲ့ ရာထူးတစ်ခုကို သေချာပေါက် ရရှိမှာ အမှန်ပါပဲ။”

မင်းသမီး ကျိနင် မျက်မှောင်ကျုံ့လိုက်သည်။ “ကျွန်မ သိချင်တာက လှုပ်ရှားနေတဲ့ ပစ်မှတ်တွေနဲ့ရော သူက အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်ဦးမလားဆိုတာပဲ။”

ဗာဒူးက ခေါင်းရမ်းလိုက်၏။ “မဖြစ်နိုင်ပါဘူး။ ရပ်တန့်နေတဲ့ ပစ်မှတ်တစ်ခုကို မလှုပ်ရှားတဲ့အတွက် တွက်ချက်လို့ ရပါတယ်။ ဒါပေမဲ့ လှုပ်ရှားနေတဲ့ ပစ်မှတ်တွေက အရမ်း မြန်ပါတယ်။ သူ့မျက်လုံးတွေက မမြင်ရဘူးဆိုရင် အဲဒါတွေကို ထိမှန်ဖို့က လုံးဝ မဖြစ်နိုင်ပါဘူး။”

ကျိနင်က သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်၏။ “ဒါဆိုရင် ကောင်းပြီ။”

ဆိုလွန်က အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးခဲ့ပြီး သူမကို နောက်ထပ်တစ်ကြိမ် အကြီးအကျယ် တုန်လှုပ်သွားစေခဲ့သည်။ သို့သော် သူမက တုန်လှုပ်မှုကို ဘေးဖယ်ထားကာ သူ့ကို အရင်ဆုံး ဖြုတ်ချနိုင်ရန် အာရုံစိုက်ရမည် ဖြစ်၏။

ကျိနင် အေးစက်စွာ မေးလိုက်သည်။ “လှုပ်ရှားနေတဲ့ ပစ်မှတ်တွေရဲ့ ဒုတိယအချီအတွက် နဂိုက ဘယ်လို သက်ရှိသတ္တဝါတွေကို သုံးဖို့ စီစဉ်ထားတာလဲ။”

ကျန်းနင် ခေါင်းညိတ်လိုက်သည်။ “ပထမအဆင့်က ပျံသန်းနေတဲ့ အပြားဝိုင်းတွေကို သုံးပြီး ဒုတိယအဆင့်က ပြေးနေတဲ့ သမင်ငယ်တွေကို သုံးပါတယ်။ တတိယအဆင့်ကတော့ တောခွေးတွေကို သုံးတာပါ။”

ပျံသန်းနေသည့် အပြားဝိုင်းမှာ သေးငယ်သော်ငြား ပျံသန်းမှုလမ်းကြောင်းက ပုံသေဖြစ်၏။ သမင်ငယ်ကမူ ပစ်မှတ်ကြီး ဖြစ်သည်။ တတိယအဆင့်ရှိ တောခွေးက သေးငယ်ပြီး အလွန် လျင်မြန်စွာ ပြေးလွှားနိုင်သည့်အတွက် ထိမှန်ရန် အခက်ခဲဆုံးပင်။

မင်းသမီး ကျိနင်က အေးစက်စွာ ပြောလိုက်သည်။ “တတိယအဆင့်ကို ပြောင်းလိုက်။ အဲဒီအစား စာကလေးပျံတွေကို သုံးပါ။”

ကျန်းနင် တုန်ရီသွား၏။ စာကလေးပျံဆိုသည်မှာ အလွန်တရာ သေးငယ်ပြီး ကောင်းကင်ယံ၌ လျင်မြန်စွာ ပျံသန်းနိုင်သည်။ ဝင်သက်ထွက်သက် တစ်ချက်အတွင်း၌ပင် ပေပေါင်းများစွာ အကွာအဝေးအထိ ပျံသန်းသွားနိုင်၏။

ကြယ်လေးပွင့်အဆင့် နဂါးလေးသည်တော် တစ်ယောက်ပင်လျှင် လျင်မြန်စွာ ပျံသန်းနေသည့် စာကလေးပျံတစ်ကောင်ကို ထိမှန်ရန် အလွန်တရာ ခက်ခဲမည်ဖြစ်၏။ မျက်စိကန်းနေသူ တစ်ယောက်အတွက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

မင်းသမီး ကျိနင်က ဆိုလွန်အား သေတွင်းထဲသို့ တွန်းပို့ရန် သေချာပေါက် ဆုံးဖြတ်ထားခြင်းပင်။

သို့သော်လည်း သူက ငြင်းခုံရန် မဝံ့ရဲပေ။ “ဟုတ်ကဲ့... ကျွန်တော် ချက်ချင်းပဲ စီစဉ်လိုက်ပါ့မယ်။”

**--**--**--**--**--**--**--**

ရုတ်တရက် အစောပိုင်းက ဆိုလွန်ကို စာမေးပွဲနယ်မြေထဲသို့ အတင်းအကျပ် ဆွဲခေါ်သွားခဲ့သည့် အထက်တန်းလွှာ ကျောင်းသူလေးက သူ့ထံ ပြေးဝင်လာပြီး သူ၏ ပါးပြင်ကို နွေးထွေးစွာ နမ်းရှိုက်လိုက်သည်။ “သက်တော်ရာကျော် ရှည်ပါစေ...။ သက်တော်ရာကျော် ရှည်ပါစေ...။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်...။ အစောက ရှင့်ကို သံသယဝင်ခဲ့မိလို့ပါ။ အခုကစပြီး ရှင့်ကို အမြဲတမ်း ယုံသွားပါ့မယ်လို့ ကျွန်မ ကျိန်ဆိုပါတယ်။”

ဆိုလွန်က သူမ၏ ရုတ်တရက် အနမ်းကြောင့် မှင်သက်သွား၏။ ထိုသည်ကို မြင်သည့်အခါ အခြားသော အထက်တန်းလွှာ ကျောင်းသူများကလည်း ဆိုလွန်ထံသို့ စိတ်အားထက်သန်စွာဖြင့် ပြေးဝင်လာကြသည်။

လက်ရှိအချိန်၌ ဆိုလွန်က သူတို့၏ ရည်းစားဟောင်း သက်သက် မဟုတ်တော့ချေ။ သူက သူတို့၏ ကိုးကွယ်ရာ ၊ သူတို့၏ နတ်ဘုရား ဖြစ်နေလေပြီ။

ကျန်ရှိနေသည့် ကျောင်းသား ခြောက်ယောက်မှာမူ အဆုံးမရှိသည့် မနာလိုမှုများဖြင့် ပြည့်နှက်နေသော်ငြား ဆိုလွန်အား ကြည့်နေသည့် သူတို့၏ မျက်နှာများထက်၌ ကြီးမားသည့် တုန်လှုပ်မှုနှင့် ကိုးကွယ်ယုံကြည်မှုတို့ပင် ပေါ်လွင်နေ၏။

ယခုလေးတင် ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးက သူတို့၏ နားလည်ထားမှုများကို အပြည့်အဝ ပြောင်းပြန်လှန်ပစ်လိုက်သည်။ ဤသည်က အလွန်တရာ အံ့ဩဖွယ် ကောင်းလွန်းလှ၏။ ဆိုလွန်က သူတို့ အိပ်မက်ထဲ၌ပင် မလုပ်ဆောင်နိုင်သည့် အရာတစ်ခုကို လက်တွေ့၌ အောင်မြင်စွာ လုပ်ဆောင်သွားသည်။

လီနျန်ကျန်းကမူ ထိုအရာအားလုံးကို စောင့်ကြည့်နေပြီး သူမ၏ မျက်နှာအမူအရာက အဆက်မပြတ် ပြောင်းလဲနေ၏။ ရုတ်တရက် သူက ဆိုလွန်အနီးသို့ လျှောက်သွားကာ လေးနက်စွာ ပြောသည်။ “ဆိုလွန်... မင်းရဲ့ မျက်လုံးတွေကို ငါ ကြည့်လို့ ရမလား။”

ဆိုလွန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်လုံးများကို ဖုံးအုပ်ထားသည့် အနက်ရောင် အဝတ်စကို ဖြည်ချလိုက်သည်။

လီနျန်ကျန်းက သူ၏ မျက်လုံးများကို အနီးကပ် သေချာစွာ စိုက်ကြည့်လိုက်ပြီးနောက် ကွာခြားချက်ကို နောက်ဆုံးတွင် သတိပြုမိသွား၏။

သူ၏ မျက်လုံးများက အလွန် တောက်ပပြီး ဆွဲဆောင်မှုရှိသော်ငြား အာရုံစူးစိုက်နိုင်မှု လိုအပ်နေသည်။ မည်သည့် အရာဝတ္ထုကိုမျှ သေချာစွာ စိုက်ကြည့်နိုင်ခြင်း မရှိသည့်အတွက် သူ၏ အကြည့်များက လုံးဝ ဝေဝါးနေ၏။

လီနျန်ကျန်း သက်ပြင်းချလိုက်သည်။ “ငါ တောင်းပန်ပါတယ်။”

ထို့နောက် လီနျန်ကျန်း မျက်မှောင်ကျုံ့လျက် ဆက်ပြောသည်။ “မင်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်။ စာမေးပွဲရဲ့ ဒုတိယပိုင်းမှာ သူတို့က ညစ်ပတ်တဲ့ လှည့်ကွက်တွေကို သေချာပေါက် သုံးလိမ့်မယ်။”

အနီးရှိ ကျောင်းသူတစ်ဦးက ပြတ်သားစွာ ပြောလိုက်သည်။ “အကယ်၍ အဲဒီလို ဖြစ်လာခဲ့ရင် ကျွန်မတို့တွေ စာမေးပွဲကို သပိတ်မှောက်မယ်။”

“မှန်တယ်။ စာမေးပွဲကို သပိတ်မှောက်မယ်။ ဆိုလွန်အတွက် တရားမျှတမှုကို ကျွန်မတို့ တောင်းဆိုရမယ်။” များပြားလှသည့် ကျောင်းသူများက တစ်သံတည်း သဘောတူညီစွာဖြင့် အော်ဟစ်လိုက်ကြ၏။

ဆိုလွန် ပြုံးလိုက်သည်။ “ဒီနေ့မှာ ဘယ်သူကမှ ကျုပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ကံကြမ္မာက ကျုပ်ရဲ့ လက်ထဲမှာ ရှိလို့ပဲ။”

တစ်နာရီ ကုန်ဆုံးသွားပြီးနောက်... လေးပစ်စာမေးပွဲ၏ ဒုတိယပိုင်းကြီး တရားဝင် စတင်လေပြီ။

အပိုင်း ၁၁၈ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters