← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အပိုင်း ၁၁၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

ထျန်းရွှေမြို့ရိုးထက်၌ ရပ်နေရင်း ဆိုဟန်ရီတစ်ယောက် ထပ်ခါတလဲလဲ ရေရွတ်နေမိ၏။ “ဒီနေ့ ငါ နာမည်ကြီးလာမယ့်ကိစ္စကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ဘူး။”

လက်ရှိအချိန်၌ ကြီးမားလှသည့် ထျန်းရွှေမြို့မကြီး၏ မြို့ရိုးပေါ်၌ ဧရာမစစ်တပ်ကြီးတစ်ခုက သိပ်သည်းစွာ နေရာယူထားကြသည်။ မြို့တော်ကျစ်တူးလောက် မကြီးမားသော်ငြား မြို့ရိုးများက မိုင်ပေါင်းများစွာ ရှည်လျားပြီး အမြင့်ပေ ၁၅၀ ခန့်ရှိကာ လူဦးရေသိန်းနှင့်ချီ၍ နေထိုင်ကြ၏။

ဤနေရာသည် တစ်ချိန်က လူရိုင်းများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကာလအတွင်း တောင်ပိုင်းလူရိုင်းများက နုလန်ဘုရင့်နိုင်ငံ၏ တိုက်ခိုက်မှုကြောင့် တောင်တစ်သိန်းတောင်တန်းဆီသို့ ထွက်ပြေးသွားခဲ့ကြရ၏။

ထို့အတွက်ကြောင့် အနောက်တောင်ပိုင်းလူရိုင်းများက လူရိုင်းချောက်ကမ်းပါးကို ဖြတ်ကျော်ရန် မဝံ့ရဲကြတော့ဘဲ ထျန်းရွှေမြို့အား ဆယ်စုနှစ်များစွာကြာ ငြိမ်းချမ်းခွင့် ရရှိစေခဲ့သည်။

ဆိုဟန်ရီက မြို့ရိုးထိပ်၌ မတ်မတ်ရပ်နေ၏။ သိမ်းငှက်တစ်ကောင်အလား စူးရှသည့်မျက်လုံးများဖြင့် မြို့ပြင်မိုင်အနည်းငယ်အကွာရှိ နေရာတစ်ခုကို သူ စိုက်ကြည့်နေသည်။

“ဝုန်းးး ဝေါ...”

အင်အားသုံးသောင်းရှိသည့် သူပုန်စစ်တပ်ကြီးက ဧရာမဒီရေလှိုင်းကြီးတစ်ခုအလား ထျန်းရွှေမြို့ဆီသို့ တရကြမ်း ချီတက်လာနေကြ၏။ လူတစ်သောင်းရှိသော စစ်တပ်တစ်ခုကို အဆုံးအစမဲ့ဟု ဆိုကြသည်။

သို့သော် ဤသူပုန်စစ်တပ် သုံးသောင်းက မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး နယ်နိမိတ်ကိုပင် မမြင်နိုင်ချေ။ လှိုင်းထန်နေသည့် သမုဒ္ဒရာဒီရေလှိုင်းတစ်ခုနှင့် တကယ်ပင် တူညီနေသည်။

အချိန်ကျရောက်လာလေပြီ။ တစ်နှစ်နီးပါး ကြိုတင်ပြင်ဆင်ထားသည့် ပုန်ကန်မှုကြီးက နောက်ဆုံး၌ ရောက်ရှိလာပြီ ဖြစ်၏။

ဤပုန်ကန်မှု၏ အရင်းအမြစ်မှာ လွန်ခဲ့သည့်ရှစ်နှစ်ခန့်က မြို့စားကြီး ဆိုလုံ ရုတ်တရက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ချိန်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ သူက ထျန်းရွှေမြို့မှ ထွက်ခွာပြီး ကျစ်တူးမြို့တော်သို့ ဆေးကုသမှု ခံယူရန် သွားရောက်ခဲ့ရ၏။

ရှည်လျားလှသည့် ရှစ်နှစ်တာ ကာလပတ်လုံး ထျန်းရွှေမြို့၌ အစစ်အမှန် အရှင်သခင် ရှိမနေချေ။ သဘာဝကျစွာပင် အခြားသောအကြောင်းရင်းတစ်ခုမှာ ထျန်းရွှေမြို့၏ အနာဂတ်သခင်လေး ဆိုလွန်က အလွန်တရာ အရည်အချင်းမရှိသည့် အမှိုက်ကောင်တစ်ကောင်အဖြစ် နာမည်ကြီးနေသောကြောင့်ပင်။

ဤသည်တို့ကြောင့် ဝါရင့်မြို့စားနယ်စားများက သူတို့၏ အရှင်သခင်အပေါ် လေးစားမှုနှင့် ကြောက်ရွံ့မှုတို့ မရှိကြတော့ပေ။

သူပုန်စစ်တပ်၌ စစ်သည် သုံးသောင်းရှိပြီး ထျန်းရွှေမြို့မကြီး၏ မြို့စောင့်တပ်၌မူ တစ်သောင်းသာ ရှိ၏။ သို့သော်လည်း ဆိုဟန်ရီက လုံးဝ ဂရုမစိုက်ချေ။ ထိုသူပုန် သုံးသောင်းကို သူ အရေးပင် မလုပ်ပေ။

သူ အရွယ်ရောက်လာကတည်းက တစ်ယောက်ချင်း တိုက်ခိုက်မှု၌ဖြစ်စေ ၊ စစ်ပွဲ၌ စစ်တပ်ကို ဦးဆောင်ရာ၌ဖြစ်စေ မည်သည့်တိုက်ပွဲ၌မှ တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိချေ။

ဤမျှ ကြီးမားပြီး အစွမ်းထက်သည့် သူပုန်စစ်တပ်ကြီးကို ရင်ဆိုင်နေရသော်ငြား သူ အနည်းငယ်မျှ ကြောက်ရွံ့မနေပေ။ ထိုအစား သူ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့်သာ ပြည့်နှက်နေသည်။

ဤသည်က သူ စောင့်ဆိုင်းနေခဲ့သည့် စစ်ပွဲပင်။ ယနေ့ ပြီးဆုံးသွားပြီးနောက် ရှုံးပွဲမရှိ ဆိုဟန်ရီဟူသည့် သူ၏ ဂုဏ်သတင်းကို နုလန်ဘုရင့်နိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားစေမည် ဖြစ်၏။

သူ... ဆိုဟန်ရီသည်သာ ထျန်းရွှေမြို့ကြီးကို ထိန်းသိမ်းထားသည့် မဏ္ဍိုင်ကြီးဖြစ်ကြောင်း လူတိုင်းကို မြင်တွေ့စေချင်သည်။ အထူးသဖြင့် ဆိုနင်ပင်းကို မြင်စေချင်သည်။ သူက ဆိုမိသားစု၏ တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်ကြောင်း တစ်လောကလုံးကို မြင်တွေ့စေချင်သည်။

“ဒုန်းးး ဒုန်းးး ဒုန်းးး”

သူပုန် သုံးသောင်းက ညီညာသည့် ခြေလှမ်းများဖြင့် ချီတက်လာကြ၏။ သူတို့က ထျန်းရွှေမြို့ဆီသို့ လွှမ်းမိုးနိုင်စွမ်းရှိပြီး တားဆီး၍မရနိုင်သော အရှိန်အဝါများဖြင့် ချဉ်းကပ်လာကြသည်။ စိတ်စွမ်းအား အားနည်းသူ တစ်ယောက်သာဆိုလျှင် ချီတတ်လာသည့်မြင်ကွင်းကို မြင်ရုံဖြင့် ပြိုလဲသွားပေလိမ့်မည်။

ရုတ်တရက် ဆိုဟန်ရီက သူ၏ ညာဘက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ခံလိုက်ရကြောင်း ခံစားလိုက်ရသည်။ ထိုသူမှာ သူ၏ ဇနီး ယန်ဟုန်ရီပင်။

မှန်သည်။ သူတို့နှစ်ဦးစလုံး၏ နာမည်များ၌ ရီဟူသည့် စာလုံး ပါဝင်နေ၏။ အဘယ်ကြောင့်ဆိုသော် ထိုနာမည်များကို ဆိုလုံကိုယ်တိုင် ပေးထားသောကြောင့်ပင်။

ယန်ဟုန်ရီက ဆိုမိသားစု အရာရှိတစ်ဦး၏ သမီး ဖြစ်သည်။ အတိတ်က တိုက်ပွဲတစ်ခု၌ သူမ၏ ဖခင် ယန်လျဲ့က အရှင်ဆိုလုံအား ကာကွယ်ရင်း ကျဆုံးသွားခဲ့၏။

ထို့ကြောင့် ဆိုလုံက ယန်ဟုန်ရီကို သူ၏ ကိုယ်ပိုင် သမီးအရင်းတစ်ယောက်အလား ပြုစုပျိုးထောင်ခဲ့ပြီး တင်းကျပ်စွာ လေ့ကျင့်ပေးခဲ့သည်။

ယန်ဟုန်ရီက ဆိုဟန်ရီနှင့် အတူတူပင်။ သူမက ဆိုလုံ၏ မွေးစားသမီး ဖြစ်၏။ သို့သော်လည်း သူမ၏ ဖခင်အရင်းကို သိရှိပြီး ထင်ရှားသည့် မိသားစုတစ်ခုမှ ဆင်းသက်လာသောကြောင့် ယန်ဟူသည့် မျိုးရိုးအမည်ကို ဆက်လက် အသုံးပြုခဲ့သည်။

ဆိုဟန်ရီ ၊ ဆိုနင်ပင်း ၊ ယန်ဟုန်ရီနှင့် ဆိုလွန်တို့ အားလုံးက အတူတကွ ကြီးပြင်းလာခဲ့ကြခြင်း ဖြစ်၏။

ကလေးဘဝကတည်းက ဆိုလွန် အကြောက်ဆုံးလူမှာ ဆိုဟန်ရီ သို့မဟုတ် ဆိုနင်ပင်း မဟုတ်ချေ။ ဆိုဟန်ရီက အလွန် မောက်မာပြီး သူ့အား အထင်သေးကာ လျစ်လျူရှုထားတတ်သည်။ ဆိုနင်ပင်းက အလွန် နူးညံ့သိမ်မွေ့၏။

ယန်ဟုန်ရီ တစ်ဦးတည်းကသာ တင်းကျပ်ပြီး ကြမ်းတမ်းသည်။ သူမက ဆိုလွန်အပေါ် ညှာတာလေ့မရှိပေ။ သူ အပြစ်လုပ်မိသည့် အချိန်တိုင်း၌ သူမက သူ့ကို ဆူပူကြိမ်းမောင်းခြင်း သို့မဟုတ် ရိုက်နှက်ခြင်းတို့ကို လုပ်ဆောင်တတ်၏။

ဆိုဟန်ရီကဲ့သို့ပင် ယန်ဟုန်ရီက ဆိုမိသားစုအပေါ် နက်ရှိုင်းစွာ သစ္စာရှိပြီး ခိုင်မာသည့် တာဝန်သိစိတ် ရှိ၏။ ထို့အတွက်ကြောင့် သူမက ဆိုလွန်အား သူမ၏ သွေးသားအရင်းအချာ မောင်လေးတစ်ယောက်အဖြစ် သဘောထားခဲ့သည်။

သူမ၌ ကြမ်းတမ်းသည့် စရိုက်နှင့် မြင့်မားသော သိုင်းပညာစွမ်းရည်များ ရှိ၏။ ဆိုလွန်ထံသို့ သူမ လက်သီးဖြင့် ထိုးလိုက်သည့်အခါတိုင်း ဆိုလွန် လုံးဝ မကာကွယ်နိုင်ချေ။ အချိန်ကြာလာသည်နှင့်အမျှ ဆိုလွန်က သူ၏ မွေးစားအစ်မအား ကျားတစ်ကောင်အလား ကြောက်ရွံ့လာတော့သည်။

ယန်ဟုန်ရီတစ်ယောက် ဆိုဟန်ရီ၏ ဇနီး ဖြစ်လာရသည့် အကြောင်းရင်း နှစ်ချက် ရှိ၏။ ပထမအချက်အနေဖြင့် ဆိုဟန်ရီက ဆိုနင်ပင်းနှင့် လက်ထပ်နိုင်ရန် ဆိုလုံထံ၌ မူလက တောင်းဆိုခဲ့သော်ငြား ဆိုနင်ပင်း၌ စေ့စပ်ထားသူ ရှိနေပြီးဖြစ်သောကြောင့် ဆိုလုံက သူ၏ မွေးစားသား၏ အကြံအစည်ကို ငြင်းပယ်ခဲ့ရသည်။

ဒုတိယအချက်အနေဖြင့် ယန်ဟုန်ရီက သူမ၏ မွေးစားအစ်ကို ဖြစ်သူ ဆိုဟန်ရီအား ကလေးဘဝကတည်းက မြတ်နိုးနေခဲ့သောကြောင့်ပင်။

ထို့ကြောင့် ဆိုလုံက တာဝန်ယူကာ ဆိုဟန်ရီနှင့် ယန်ဟုန်ရီတို့၏ မင်္ဂလာပွဲကို စီစဉ်ပေးခဲ့သည်။ သူ၏ အမြင်နှင့် ထျန်းရွှေမြို့ရှိ လူတိုင်း၏ မျက်လုံးထဲ၌ သူတို့နှစ်ယောက်က အလွန် လိုက်ဖက်ညီသည့် စုံတွဲတစ်တွဲပင်။

ယန်ဟုန်ရီက အရပ်ရှည်ပြီး သန်မာကာ လှပ၏။ ထို့အပြင် သူမ၏ သိုင်းပညာစွမ်းရည်များကလည်း အလွန်တရာ ထူးချွန်သည်။ သူမက ဆိုဟန်ရီလောက် မသန်မာသော်ငြား အဆင့်မြင့် စစ်သည်တော်တစ်ဦး ဖြစ်နေဆဲပင်။ နုလန်ဘုရင့်နိုင်ငံ တစ်ဝန်းလုံး၌ အမျိုးသမီး အဆင့်မြင့် စစ်သည်တော်များမှာ အလွန်တရာ ရှားပါးလှ၏။

ဆိုဟန်ရီက ဇနီးဖြစ်သူ၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ “မကြောက်နဲ့။ ငါ့အတွက် ဒီသူပုန်တွေက အားနည်းတဲ့ ကြက်တွေ ၊ ခွေးတွေကလွဲရင် ဘာမှမဟုတ်ဘူး။ အသုံးမကျဘူး။ ဒီနေ့တိုက်ပွဲက ငါ့နာမည်ကို ကျော်ကြားစေလိမ့်မယ်။”

သူ တကယ် ချစ်မြတ်နိုးရသည့် အမျိုးသမီးမှာ ဆိုနင်ပင်း ဖြစ်သော်ငြား သူတို့က အတူတကွ ကြီးပြင်းလာခဲ့ကြသောကြောင့် သူ၏ ဇနီးအပေါ်၌ မိသားစုတစ်ယောက်အလား ဂရုစိုက်ဆဲပင်။

စစ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ယန်ဟုန်ရီက ခင်ပွန်းဖြစ်သူ၏ နှစ်သိမ့်စကားကို ကြားလိုက်ရ၏။ သူမ၏ လှပသော မျက်လုံးများက အကြွင်းမဲ့ ယုံကြည်မှု ၊ နက်ရှိုင်းသည့် လေးစားမြတ်နိုးမှုတို့ဖြင့် ချက်ချင်း ပြည့်နှက်လာသည်။

ယန်ဟုန်ရီ သက်ပြင်းချလိုက်သည်။ “ဟူး... ဆိုလွန် ဘယ်လိုနေမလဲ။ ဒီနေ့က သူ့နောက်ဆုံးစာမေးပွဲပဲ။”

ဆိုဟန်ရီ မျက်မှောင်ကျုံ့သွားကာ အေးစက်စွာ ပြောလိုက်သည်။ “မင်းက အဲဒီအလေအလွင့်ကောင်ကို မျှော်လင့်နေတုန်းလား။ ဆိုမိသားစုမှာ အားကိုးနိုင်တာ တစ်ယောက်ပဲ ရှိတယ်။ အဲဒါ ငါပဲ။”

ယန်ဟုန်ရီက သူမ၏ မျက်မှောင်ကို အနည်းငယ် ကျုံ့လိုက်သော်ငြား ခင်ပွန်းနှင့် ငြင်းခုံခြင်း မပြုချေ။

အနီးရှိ အစွမ်းထက်သည့် ဝါရင့်စစ်သည်ကြီးတစ်ဦးက အရိုအသေပေးလိုက်သည်။ “သခင်... ပထမဆုံးဝင်တိုက်ဖို့ မြင်းတပ်ကို ကျွန်တော် ဦးဆောင်သွားရမလား။”

သူ၏ နာမည်မှာ ယန်နူ ဖြစ်သည်။ တစ်ချိန်က ထျန်းရွှေမြို့၏ နံပါတ်တစ် သိုင်းပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး အဆင့်နှစ် နဂါးစစ်သည်တော် တစ်ဦးပင်။ သူက ဆိုဟန်ရီ ၊ ယန်ဟုန်ရီနှင့် အခြားသူများ၏ သိုင်းဆရာလည်း ဖြစ်၏။ ယခုအခါ၌ ထျန်းရွှေမြို့စောင့်တပ်၏ မြင်းတပ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်နေလျက် ရှိသည်။

ဆိုဟန်ရီ လှောင်ပြုံး ပြုံးလိုက်သည်။ “ဟက်... မလောပါနဲ့ ဆရာ။ ကျွန်တော်တို့ မြင်းတပ်က သူပုန်စစ်တပ်ကို အပိုင်းပိုင်းဆွဲဖြဲပစ်မယ့် နောက်ဆုံးအဆုံးအဖြတ် ဖြစ်လိမ့်မယ်။”

“ဒုန်းးး ဒုန်းးး ဒုန်းးး” သူပုန်စစ်တပ်က တဖြည်းဖြည်းနှင့် ပိုမို နီးကပ်လာလေပြီ။

ငါးမိုင်... သုံးမိုင်... နှစ်မိုင်... တစ်မိုင်... ထိုအချိန်၌ မြို့ရိုးပေါ်ရှိ မြို့စောင့်တပ်သားများက အထိတ်တလန့် ရေရွတ်လာကြသည်။ သိပ်သည်းပြီး ကြီးမားလှသည့် သူပုန်စစ်တပ်ကြီးကို အောက်သို့ ငုံ့ကြည့်လိုက်သောအခါ သူတို့၏ မျက်လုံးများက တင်းမာမှုများဖြင့် ပြည့်နှက်နေ၏။

ထိုသည်ကို မြင်သည့်အခါ ဆိုဟန်ရီက သူ၏ လက်ကို မြှောက်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရေရွတ်သံအားလုံးက ရပ်တန့်သွား၏။

သူက ဤစစ်တပ်ကို ရှစ်နှစ်တိုင်တိုင် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်သားများ​က သူ၏ အမိန့်များကို တင်းကျပ်စွာ လိုက်နာကြပြီး ဆိုဟန်ရီ၏ ဆုပေးဒဏ်ပေးစနစ်များကလည်း တရားမျှတ၏။ ထို့အပြင် သူက စံပြအဖြစ် ဦးဆောင်ခဲ့ပြီး သူ၏ စစ်သည်များကို မိသားစုဝင်များအလား ချစ်ခင်ခဲ့သည်။

သူ၏ ကွပ်ကဲမှုအောက်၌ ဤတစ်သောင်းသော စစ်တပ်က အနိုင်ယူ၍မရနိုင်သည့် လက်ရွေးစင်တပ်ဖွဲ့တစ်ခု ဖြစ်လာလေပြီ။

ဆိုဟန်ရီက ဤစစ်တပ်၏ စိတ်ဝိညာဉ်ပင် ဖြစ်၏။ စစ်သည်များက ဆိုလွန်ဆိုသည်မှာ မည်သူမှန်းပင် မသိကြတော့ဘဲ ဆိုလုံ၏ နာမည်ကိုပါ မေ့လျော့လာကြပြီ ဖြစ်သည်။

သူတို့က လူတစ်ယောက်တည်းကိုသာ သိရှိပြီး ခေါင်းဆောင်တစ်ဦးတည်းကိုသာ နောက်လိုက်ကြ၏။ ထိုသူမှာ သူတို့၏ အရှုံးမရှိသည့် တပ်မှူးကြီး ဆိုဟန်ရီပင်။

ပေ ၁၆၀၀... ပေ ၁၃၀၀... ပေ ၁၀၀၀၌ သူပုန်စစ်တပ်က ရပ်တန့်သွားပြီး သူတို့၏ တိုက်ခိုက်ရေးစစ်ကြောင်းများကို စတင် ဖွဲ့စည်းလိုက်ကြ၏။ လေးသည်တော်များနှင့် ဒူးလေးသမားများက ပထမဆုံး တိုက်ခိုက်မှုလှိုင်းအတွက် ပြင်ဆင်ကာ သူတို့၏ လက်နက်များကို အသင့်ပြင်ထားလိုက်ကြသည်။

ဆိုဟန်ရီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “စစ်သည်တို့... ထျန်းရွှေမြို့ရဲ့ မဏ္ဍိုင်က ဘယ်သူလဲ။”

စစ်သည်တို့က တစ်သံတည်း ညီညာစွာ ဟစ်ကြွေးလိုက်ကြ၏။ “ကျွန်တော်တို့ပါ။”

ဆိုဟန်ရီ၏ မျက်လုံးများက အရောင်တောက်လာသည်။ “စစ်သည်တို့... ထျန်းရွှေမြို့က ဘယ်သူ့မြို့လဲ။”

စစ်သည်တို့က ဟိန်းဟောက်လိုက်ပြန်၏။ “ကျွန်တော်တို့မြို့ပါ။”

ဆိုဟန်ရီက ခက်ထန်စွာ အော်ဟစ်လိုက်သည်။ “ဒီကလေ​ကချေ သူပုန် သုံးသောင်းကို မင်းတို့ ကြောက်လား။”

“မကြောက်ဘူး။”

“သူတို့ကို ကြောက်လား။”

“မကြောက်ဘူး။”

ဆိုဟန်ရီက အားကုန် အော်ဟစ်လိုက်၏။ “သတ်... သတ်... သတ်...”

“ဒီနေ့ ငါတို့ရဲ့ ဂုဏ်ကျက်သရေကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး။ ဒီနေ့ ငါတို့တွေ ဂန္ထဝင်တွင်ရမယ်။”

“လေးသည်တော်တွေ... အသင့်ပြင်။”

ဆိုဟန်ရီက သူ၏ ဓားမကြီးကို ပြင်းထန်စွာ ဆွဲထုတ်လိုက်ပြီး ကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်သည်။

လေးဆွဲသံ များစွာ ထွက်ပေါ်လာ၏။

ချက်ချင်းပင် လေးသည်တော် သုံးထောင်က သူတို့၏ လေးကြိုးများကို ဆွဲတင်ကာ မြားများကို ညီညာစွာ တပ်ဆင်လိုက်ကြပြီး လူတစ်ယောက်တည်းအလား ချို့ယွင်းချက်မရှိ လှုပ်ရှားလိုက်ကြ၏။

“ပစ်။” ဆိုဟန်ရီက သူ၏ ဓားမကြီးကို အောက်သို့ ခုတ်ချလိုက်သည်။

“ရွှီးးး ရွှီးးး ရွှီးးး”

မြို့ရိုးထက်မှ အမည်းရောင် မြားမိုးများက ပြင်းထန်သည့် မိုးသက်မုန်တိုင်းတစ်ခုအလား သူပုန်စစ်တပ်ပေါ်သို့ သွန်းလောင်းကျလာ၏။

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် တော်ဝင်အကယ်ဒမီ၏ လေးပစ်ကွင်း၌ စာမေးပွဲ၏ ဒုတိယပိုင်း စတင်နေပြီ ဖြစ်သည်။

ဤစာမေးပွဲအပိုင်း၌ မတူညီသည့် အတန်းသုံးခုက အတူတကွ ဖြေဆိုခြင်း မရှိတော့ဘဲ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြေဆိုရမည် ဖြစ်၏။ ပထမနှစ်၌ စာမေးပွဲဖြေဆိုသူ ကိုးယောက် ၊ ဒုတိယနှစ်၌ ခြောက်ယောက် ရှိပြီး တတိယနှစ်၌ ဆိုလွန် တစ်ယောက်တည်းသာ ရှိသည်။

ပထမဆုံးအနေဖြင့် ပထမနှစ်ကျောင်းသားများအတွက် လှုပ်ရှားနေသည့် ပစ်မှတ်အား ပစ်ခတ်ရမည့် စာမေးပွဲ ဖြစ်၏။ ကျောင်းသား ကိုးယောက်က သူတို့၏ လေးများကို ဆွဲတင်ကာ ကောင်းကင်ယံဆီသို့ ချိန်ရွယ်လိုက်ကြသည်။

ကြီးကြပ်ရေးမှူးက အော်ဟစ်လိုက်၏။ “ပစ်။”

ချက်ချင်းပင် ပေ ၁၆၀ အကွာမှ ရွှံ့စေးပြားဝိုင်း ကိုးခုက ကောင်းကင်ယံဆီသို့ တည့်မတ်စွာ လွင့်စင်လာပြီး တစ်ခုနှင့်တစ်ခု ပေ ၁၀၀ စီ ကွာဝေးသည်။

“ရွှီးးး ရွှီးးး ရွှီးးး”

ကျောင်းသား ကိုးယောက်က သူတို့၏ မြားများကို ပစ်ခတ်လိုက်ကြ၏။ ချိန်ရွယ်ရန် အချိန် လုံးဝနီးပါး မရှိသောကြောင့် သူတို့၏ ပင်ကိုယ်အာရုံသိစိတ်များကိုသာ အပြည့်အဝ အားကိုးခဲ့ကြရသည်။

“ဒုတ် ဒုတ် ဒုတ်” ကောင်းကင်ယံ၌ ရွှံ့စေးပစ်မှတ် ငါးခု ကွဲကြေသွား၏။

ပစ်ခတ်လိုက်သည့် မြားကိုးစင်းအနက် ငါးစင်းသာလျှင် ပစ်မှတ်ကို ထိမှန်ခဲ့သည်။ ထိမှန်နှုန်းမှာ ၅၀ ရာခိုင်နှုန်းကျော်သာ ရှိ၏။

ပထမအချီ မြားများ ပစ်ခတ်ပြီးနောက် ကျောင်းသား ကိုးယောက်က တစ်မိနစ်ခန့် အနားယူလိုက်ကြသည်။

ကြီးကြပ်ရေးမှူး၏ အသံက နောက်တစ်ကြိမ် ပဲ့တင်ထပ်သွား၏။ “ပစ်။”

ပေ ၁၆၀ အကွာမှ နောက်ထပ် ရွှံ့စေးပြားဝိုင်း ကိုးခုက ယခင်ဦးတည်ရာနှင့် အမြန်နှုန်းအတိုင်း ကောင်းကင်ယံဆီသို့ လွင့်စင်လာပြန်သည်။ ယခုတစ်ကြိမ်၌လည်း ကျောင်းသား ကိုးယောက်က ပစ်မှတ် ငါးခုကို ထိမှန်ခဲ့ပြန်၏။

“ပစ်။”

“ပစ်။”

“ပစ်။”

အချီဆယ်ချီ ပြည့်သည့်အထိ အမိန့်ပေးသံများက ဆက်တိုက် ပဲ့တင်ထပ်နေ၏။

ဆယ့်ငါးမိနစ် ကြာပြီးနောက် ပထမနှစ်၏ လှုပ်ရှားနေသည့် ပစ်မှတ်စာမေးပွဲ ပြီးဆုံးသွားလေပြီ။ လူတိုင်းက မြားဆယ်စင်းစီ ပစ်ခတ်ခဲ့ရပြီး ပစ်မှတ်ငါးခုအထက် ထိမှန်ပါက အောင်မြင်မည် ဖြစ်၏။

ကျောင်းသား ကိုးယောက်အနက် ရှစ်ယောက်က ဘွဲ့ယူစာမေးပွဲကို ချောမွေ့စွာ အောင်မြင်သွားကြသည်။ ကျောင်းသူ တစ်ဦးတည်းသာ ကျရှုံးခဲ့ပြီး မြားဆယ်စင်းအနက် နှစ်စင်းသာ ထိမှန်ခဲ့၏။

အပိုင်း ၁၁၉ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters