အခန်း ၁၂၀
Vol. 12 Ch. 120
အပိုင်း ၁၂၀
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ကျရှုံးသွားသည့် ကျောင်းသူမှာ ဆိုလွန်အား လေးပစ်ကွင်းဆီသို့ ဆွဲခေါ်ပေးသည့် မိန်းကလေးပင်။
စာမေးပွဲ ကျရှုံးသွားလျှင်ပင် သူမအတွက် အရေးမကြီးပေ။ ကျောင်းဆင်းရန်နှင့် အိမ်ထောင်ပြုရန် တစ်နှစ် နောက်ကျသွားမည်ဟုသာ အဓိပ္ပာယ်ရ၏။ ထို့အပြင် သူမထံ လက်ရှိအချိန်၌ အိမ်ထောင်ပြုလိုသည့် ဆန္ဒ လုံးဝ မရှိသေးချေ။
**--**--**--**--**--**--**--**
အခိုက်အတန့်ကြာပြီးနောက် ဒုတိယပိုင်း၏ ဒုတိယနှစ် စာမေးပွဲ စတင်လေပြီ။
ဒုတိယနှစ် စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား ခြောက်ယောက်သည် ပေ ၃၃၀ အကွာမှ ပြေးလွှားနေသည့် သမင်ငယ်တစ်ကောင်အား ၂၅၀ ကျင်း ရှိသော လေးဖြင့် ပစ်ခတ်ရမည် ဖြစ်သည်။
လက်ရှိအချိန်၌ ဆိုလွန်က သူ၏ စိတ်ဝိညာဉ်အပေါ်ကို အာရုံစိုက်ထား၏။ စတင်မည့် အချက်ပေးသံ ထွက်ပေါ်လာရန် စောင့်ဆိုင်းနေသည်။
သူ ပစ်ခတ်ရမည့် အလှည့် မရောက်သေးပေ။ သို့သော် မမြင်ရဘဲ စိတ်ဝိညာဉ်စွမ်းအား သက်သက်ကိုသာ အသုံးပြုကာ သက်ရှိသတ္တဝါတစ်ကောင်အား မည်သို့ ပစ်မှတ်သော့ခတ်ရမည်ကိုနည်း သူ မသိသေးချေ။ ဤသည်က နောက်ဆုံးစာမေးပွဲ၌ အနိုင်ရရန် သော့ချက်ပင်။
ဤအခွင့်အရေးကို အသုံးချကာ သူ လေ့ကျင့်ရလေမည်။
မြန်ဆန်စွာ ပြေးလွှားနေသော ပစ်မှတ်ကို သော့ခတ်ချရန် လိုအပ်၏။ လက်ရှိ ဒုတိယနှစ် စာမေးပွဲမှ အမည်းရောင် သမင်ငယ်က သူ၏ ပြည့်စုံသော လေ့ကျင့်ရေးပစ်မှတ် ဖြစ်လာပေလိမ့်မည်။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အပြည့်အဝ အာရုံစိုက်လိုက်သည်။ မျောလွင့်ခြင်း ကျင့်စဉ်ကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ အရာအားလုံး အာရုံခံရန် စိတ်ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်၏။
ချက်ချင်းပင် ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအားက အနီးအနားရှိ သက်ရှိခန္ဓာကိုယ်တိုင်း၏ အသက်စွမ်းအင်ကို အာရုံခံမိသွားသည်။
ပုံမှန်အားဖြင့် လူတို့က စိတ်ဝိညာဉ်စွမ်းအားကို မျက်လုံးမှတစ်ဆင့် ထုတ်လွှတ်ရန် လိုအပ်သည်ဟု ထင်မှတ်တတ်ကြ၏။ သို့သော် ထိုသည်က ထင်ယောင်ထင်မှားဖြစ်မှုသာပင်။
တကယ်တမ်း၌ ဦးနှောက် ၊ အတိအကျဆိုရလျှင် နဖူးမှတစ်ဆင့် ဖြတ်သန်းသွားခြင်း ဖြစ်သည်။ သို့သော် မျောလွင့်ခြင်း ကျင့်စဉ်၏ အစပြုသူများက မျက်လုံးကို အသုံးပြု၍ အာရုံစိုက်ကာ ထုတ်လွှတ်တတ်ကြ၏။
အဘယ်ကြောင့်ဆိုသော် အမြင်အာရုံနှင့် ပေါင်းစပ်လိုက်ခြင်းက နားလည်ရန် ပိုမို လွယ်ကူစေသောကြောင့်ပင်။
တစ်စုံတစ်ယောက်က ကျင့်စဉ်ကို ကျွမ်းကျင်သွားသည့်အခါ မျက်လုံးများ မလိုအပ်တော့ချေ။ ဥပမာအားဖြင့် ရဲ့ကျင်းယွီအနေဖြင့် အိပ်ပျော်နေသည့် အချိန်၌ပင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားက ပတ်ဝန်းကျင်ကို အာရုံခံနိုင်စွမ်း ရှိနေ၏။
ဆိုလွန်၏ စိတ်ဝိညာဉ်စွမ်းအား အကွာအဝေးမှာ ပေ ၁၀၀၀ ခန့် ဖြစ်သည်။ ထို့ကြောင့် ထိုဧရိယာအတွင်းရှိ သက်ရှိခန္ဓာကိုယ်တိုင်းက သူ၏ အာရုံခံနိုင်စွမ်းအတွင်း၌ ရှိနေ၏။
လူတစ်ယောက်ချင်းစီက မှေးမှိန်သော အလင်းရိပ်တစ်ခုအလား ပေါ်လာပြီး တစ်ခုစီက မတူညီသည့် အရောင်အသွေးများဖြင့် တောက်ပနေကြသည်။
ဆိုလွန် အာရုံစိုက်လိုက်ပြီး အချက်ပေးသံ ထွက်ပေါ်လာရန်နှင့် လှုပ်ရှားနေသည့် ပစ်မှတ်ဖြစ်သော အမည်းရောင် သမင်ငယ် ပေါ်လာမည်ကို စောင့်ဆိုင်းနေလိုက်၏။
လီနျန်ကျန်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "နေရာယူ... အသင့်ပြင်။"
ချက်ချင်းပင် ကျောင်းသား ခြောက်ယောက်က သူတို့၏ လေးကြိုးများကို ဆွဲတင်ကာ မြားများကို တပ်ဆင်လိုက်ကြ၏။
စူးရှသည့် အချက်ပေးသံ ထွက်ပေါ်လာသည်။ "ပစ်။"
ချက်ချင်းပင် ပေ ၃၃၀ အကွာမှ သမင်ငယ် ခြောက်ကောင်က သူတို့၏ တွင်းများထဲမှ ပြေးထွက်လာကြပြီး အသက်လုကာ ပြေးလွှားလာကြ၏။
လျင်မြန်စွာ ပြေးလွှားနေကြပြီး ပြေးလမ်းကြောင်းများက လုံးဝ ကျပန်းဖြစ်နေ၏ကြသည်။
ချက်ချင်းပင် ဆိုလွန် အခြားပစ်မှတ်အားလုံးကို လျစ်လျူရှုလိုက်ပြီး အမည်းရောင် သမင်ငယ်ထံသို့သာ သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အပြည့်အဝ အာရုံစိုက်လိုက်၏။
ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားက ပစ်မှတ်အပေါ်သို့ သော့ခတ်နိုင်ကြောင်း သဘောပေါက်သွားသည်။ သို့သော် ယခုချက်ချင်း ပစ်ခတ်လိုက်ပါက ထိမှန်ရန် လုံးဝ မဖြစ်နိုင်ချေ။
ရပ်တန့်နေသည့် ပစ်မှတ်တစ်ခုအတွက် သူ၏ စိတ်ထဲ၌ အတိအကျ တူညီသော ပုံရိပ်ယောင်နေရာတစ်ခုကို တည်ဆောက်ထားပြီး ဖြစ်၏။ သူ၏ မျက်လုံးများက ပစ်မှတ်ဗဟိုကို မမြင်နိုင်သော်ငြား သူ၏ စိတ်ဝိညာဉ်ကမ္ဘာထဲ၌ မြင်တွေ့နိုင်ပြီး ပြည့်စုံစွာ ချိန်ရွယ်နိုင်သည်။
သို့သော် လက်ရှိအချိန်၌ ထိုပုံရိပ်ယောင်နေရာကို တည်ဆောက်၍ မရနိုင်တော့ပေ။ သမင်ငယ်က အလွန်မြန်ဆန်စွာ ပြေးလွှားနေသောကြောင့် ပုံရိပ်ယောင်နေရာက အဆက်မပြတ် ပြောင်းလဲနေရလေမည်။
ထို့ကြောင့် သမင်ငယ်ကို အာရုံခံမိပြီး သော့ခတ်နိုင်သော်ငြား အမှန်တကယ် ချိန်ရွယ်၍ မရနိုင်ဖြစ်နေ၏။
သမင်ငယ်က ပို၍ပို၍ မြန်ဆန်စွာ ပြေးလွှားနေသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ဆိုလွန်၏ သော့ခတ်ထားသည့် အကွာအဝေးမှ ထွက်သွားလေပြီ။
ဆိုလွန်၏ နှလုံးက ရေခဲတမျှ အေးစက်သွား၏။ ဤသည်က ဒုတိယနှစ် ပစ်မှတ်သာ ရှိသေးသည်။ တတိယနှစ် ပစ်မှတ်ဖြစ်သည့် တောခွေးတစ်ကောင်က နှစ်ဆ သို့မဟုတ် သုံးဆခန့် ပိုမြန်မည်ဖြစ်ပြီး များစွာ ပိုသေးငယ်လိမ့်မည်။
သူအနေဖြင့် ဒုတိယနှစ် ပစ်မှတ်ကိုပင် မထိမှန်နိုင်ပါက တတိယနှစ် ပစ်မှတ်ကို ထိမှန်ရန် ဆိုသည်မှာ ဝေလာဝေးပင်။
ထို့အပြင် မင်းသမီး ကျိနင်က သူ့အား သေတွင်းထဲသို့ တွန်းပို့ချင်နေ၏။ တတိယနှစ် စာမေးပွဲအတွက် သူမ ပြင်ဆင်ထားသည့် သက်ရှိပစ်မှတ်က သေချာပေါက် ပိုမြန်ပြီး ပိုသေးငယ်ပေလိမ့်မည်။
ဆိုလွန် တစ်ယောက် စိုးရိမ်ပူပန်မှုများဖြင့် ပူလောင်နေသည်။ ဤအထိ ရောက်လာပြီ ဖြစ်ရာ သူ တကယ်ကို မရှုံးနိမ့်ချင်ပေ။ အကယ်၍ ရှုံးနိမ့်သွားလျှင် အတိတ်က သူ၏ ကြိုးစားအားထုတ်မှု အားလုံးက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ သူ အဆုံးသတ်သွားမည်ဖြစ်သလို ဆိုမိသားစုလည်း အဆုံးသတ်သွားပေလိမ့်မည်။
သူ ကျရှုံးသွားပြီး လူတိုင်း၏ ကိုယ်ချင်းစာမှုကို ရရှိလျှင်ပင် ထိုကိုယ်ချင်းစာတရားက သူ လုံးဝ မလိုအပ်သည့် အရာပင်။
ဆိုလွန် လေးနက်စွာ စိတ်ထဲမှ လှမ်းပြောလိုက်သည်။ "အသူရာမိစ္ဆာကြယ်... မျက်လုံးတွေ မပါဘဲ မြန်မြန်ဆန်ဆန် လှုပ်ရှားနေတဲ့ ပစ်မှတ်ကို ငါ မချိန်ရွယ်နိုင်ဘူး။"
အသူရာမိစ္ဆာကြယ်ကလည်း အရာအားလုံးကို ရှင်းလင်းစွာ အာရုံခံမိနေ၏။
ဆိုလွန် မျက်မှောင်ကျုံ့လိုက်သည်။ "နည်းလမ်း ရှိသေးလား။ စိတ်ဝိညာဉ်စွမ်းအား လုံလောက်တဲ့အထိ သန်မာလာတဲ့အခါ အာရုံခံကမ္ဘာထဲမှာ အချိန်ကို နှေးကွေးသွားစေနိုင်တယ်လို့ မင်း ပြောခဲ့တာ ငါ မှတ်မိတယ်။"
အသူရာမိစ္ဆာကြယ်က အခိုက်အတန့်မျှ တိတ်ဆိတ်သွားပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "ရှိတယ် သခင်။ ဒါပေမဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ နဂါးစွမ်းအား အများကြီး ပေးဆပ်ရလိမ့်မယ်။ ကျွန်တော်တို့ ခက်ခက်ခဲခဲ စုဆောင်းထားရတဲ့ စွမ်းအင်တွေ အားလုံး ကုန်ခန်းသွားနိုင်သလို သခင့်ရဲ့ ခန္ဓာကိုယ်ကိုလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ဖြစ်စေလိမ့်မယ်။"
ဆိုလွန် ရူးသွပ်စွာ ပြုံးလိုက်၏။ "အင်း...။ ဒါဆို လုပ်ကြတာပေါ့။ ဒီတစ်ကြိမ် ရှုံးသွားရင် အရာအားလုံး ဆုံးရှုံးရမှာပဲ။ ဒီစိတ်ဝိညာဉ်စွမ်းအားနဲ့ နဂါးစွမ်းအားတွေကို သိမ်းထားလည်း အသုံးမဝင်တော့ဘူး။"
**--**--**--**--**--**--**--**
"ပစ်... ပစ်... ပစ်... ပစ်..."
အချက်ပေးသံ ဆယ်ကြိမ် ထွက်ပေါ်လာပြီးနောက် ဒုတိယနှစ် စာမေးပွဲ ပြီးဆုံးသွားလေပြီ။
ဒုတိယနှစ် စာမေးပွဲကို အောင်မြင်ရန် ကျောင်းသားတစ်ယောက်က မြားဆယ်စင်း၌ ငါးစင်း ထိမှန်ရမည် ဖြစ်၏။ ကျောင်းသား ခြောက်ယောက်အနက် သုံးယောက်သာ အောင်မြင်သည်။
ပုံမှန်အားဖြင့်ဆိုလျှင် သူတို့အနက် အနည်းဆုံး ငါးယောက်ခန့် အောင်မြင်ပေလိမ့်မည်။ သို့သော် သူတို့၏ စိတ်များက ဖရိုဖရဲ ဖြစ်နေပြီး ဆိုလွန်ကြောင့် လုံးဝ အာရုံလွင့်ပါးနေရာ သူတို့၏ စွမ်းဆောင်ရည်များကို ဆိုးရွားသွားစေသည်။
ပုံမှန်အားဖြင့် စွမ်းဆောင်ရည် ကောင်းမွန်တတ်သော အထက်တန်းလွှာ မိန်းကလေး နှစ်ဦးပင် အာရုံလွင့်ပါးနေ၏။ သူမတို့၏ စာမေးပွဲ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက် ဆိုလွန်ထံသို့ ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
ထို့နောက် အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံး အချိန်ကာလ ဆိုက်ရောက်လာလေပြီ။
ကြီးကြပ်ရေးမှူးများ ၊ စာမေးပွဲစစ်ဆေးသူများ ၊ ကျောင်းသားများ အပါအဝင် ပရိသတ်ထဲရှိ လူတိုင်းက သူတို့၏ အာရုံအားလုံးကို ဆိုလွန်ထံသို့ ပို့ထားလိုက်ကြ၏။
"တတိယနှစ် စာမေးပွဲ... တရားဝင် စတင်ပြီ။"
"ပစ်မှတ်... စာကလေးပျံ။ ပစ်ခတ်ရမည့် အကွာအဝေး... ပေ ၈၂၀။"
**--**--**--**--**--**--**--**
ပုံမှန်အားဖြင့် စာမေးပွဲစစ်ဆေးသူက ဤသည်ကို ကျယ်လောင်စွာ ဖတ်ပြရန် မလိုအပ်ဘဲ ပစ်မှတ်ကို လွှတ်ပေးလိုက်ရုံသာ ဖြစ်သည်။ သို့သော် လီနျန်ကျန်းက မတရားမှုအတွက် အလွန်တရာ ဒေါသထွက်နေသောကြောင့် ပရိသတ်၏ ဒေါသကို ဆွပေးရန်အတွက် အော်ဟစ်လိုက်ခြင်းပင်။
ချက်ချင်းပင် ရှိနေသူ အားလုံး၏ မျက်နှာထက်၌ တုန်လှုပ်ချောက်ချားမှုများ ပေါ်လွင်လာကြ၏။
သူတို့က မည်သို့လုပ်၍ ဤမျှအထိ အရှက်မဲ့ကြရသနည်း။ ဆိုလွန်က မျက်လုံးကို အဝတ်စည်းထား၏။ တတိယအဆင့် ပစ်မှတ်အဖြစ် တောခွေးတစ်ကောင်ကို ထားရှိခြင်းကပင် လုံလောက်အောင် ခက်ခဲနေပြီ ဖြစ်သည်။ ယခုအခါ၌ သူတို့က တကယ်ကြီး စာကလေးပျံအဖြစ် ပြောင်းလဲလိုက်ကြသည်လော။
အလွန်မြန်ဆန်အောင် ပျံနိုင်သည့် ငှက်တစ်ကောင် ဖြစ်ပြီး လူတစ်ယောက်၏ လက်ဖဝါးထက် အနည်းငယ်မျှသာ ပိုကြီး၏။ အမြင့်ဆုံး အမြန်နှုန်း၌ စာကလေး တစ်ကောင်က တစ်စက္ကန့်လျှင် ပေ ၂၆၀ မှ ၃၀၀ အထိ ပျံသန်းနိုင်သည်။
မှန်၏။ တစ်စက္ကန့်လျှင် ပေ ၃၀၀ ပင်။ ထိုအမြန်နှုန်းက မြားတစ်စင်း၏ အမြန်နှုန်းနှင့်ပင် တူညီနေသည်။ တစ်နည်းဆိုရသော် နှစ်စက္ကန့်အတွင်း အာရုံခံနိုင်စွမ်း အကွာအဝေးမှ ထွက်ခွာသွားပေလိမ့်မည်။ ဤမျှ ရူးသွပ်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် စိတ်ဝိညာဉ်ဖြင့် သော့ခတ်နိုင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
ရှိနေသူအာလုံးက စင်မြင့်ထက်ရှိ မင်းသမီး ကျိနင်ထံသို့ လုံးဝ မယုံကြည်နိုင်မှုများဖြင့် လှမ်းကြည့်လိုက်ကြ၏။
အဆင့်ခုနစ် သို့မဟုတ် အဆင့်ရှစ် လေးကိုင်စစ်သည်များပင် ပျံသန်းနေသည့် စာကလေးကို မထိမှန်နိုင်ချေ။ ယခုအခါ ဆိုလွန်သည်လည်း လုပ်နိုင်မည် မဟုတ်ချေ။ မျက်လုံးကိုလည်း အဝတ်ဖြင့် စည်းထားသေး၏။
ချက်ချင်းဆိုသလိုပင် ကျောင်းသူ ကျောင်းသားများ အားလုံးက ကျယ်လောင်စွာ ကန့်ကွက် အော်ဟစ်လိုက်ကြသည်။ "အရှက်မရှိလိုက်တာ။ အရှက်မရှိလိုက်တာ။"
"ဒီကိစ္စက လုံးဝ မတရားဘူး။"
လီနျန်ကျန်းက မြင့်မြတ်နတ်နဂါးကျောင်းတော်မှ ကြီးကြပ်ရေးမှူးချုပ် နဂါးလေးသည်တော် ဗာဒူးအား စိုက်ကြည့်လိုက်၏။ "အရှင်ဗာဒူး... ရှင် ဘယ်လိုထင်လဲ။"
ထိုအချိန်၌ ဗာဒူးတစ်ယောက် မီးပေါ်၌ ကင်ခံနေရသကဲ့သို့ ခံစားနေရသည်။ အကယ်၍ သူ သဘောတူလိုက်ပါက တော်ဝင်မိသားစုက ဆိုလွန်အား ဖိနှိပ်ရာ၌ ကူညီသော ကြံရာပါတစ်ဦး ဖြစ်သွားမည်ဖြစ်ပြီး သူ၏ ဂုဏ်သတင်းသည်လည်း မြောင်းထဲသို့ ရောက်သွားပေလိမ့်မည်။
သို့သော် သူ သဘောမတူပါကလည်း တော်ဝင်မိသားစုကို စော်ကားမိသွားဦးမည်။ သူတို့ ကောင်းကင်ကြယ်တာရာ ကျောင်းတော်မှ နဂါးလေးသည်တော်များကို မြင့်မြတ်နတ်နဂါးကျောင်းတော်က မွေးစားထားသည့် ကလေးအလား ဆက်ဆံတတ်ကြသည်။
အနုပညာဆောင်နှင့် စိတ်ဝိညာဉ်ဆောင်မှ ကျွမ်းကျင်သူများက နိုင်ငံရေးနှင့် ကင်းကင်းရှင်းရှင်း နေနိုင်သော်ငြား လေးသည်တော်များ၌ ထိုသို့သော အခွင့်အရေး မရှိချေ။
ဗာဒူးက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "စာမေးပွဲ... ဆက်လုပ်ပါ။"
လူအုပ်ကြီးက ဗာဒူးအား မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြသည်။ မြင့်မြတ်နတ်နဂါးကျောင်းတော်မှ နဂါးလေးသည်တော် တစ်ဦးက ဤမျှအထိ အောက်တန်းကျလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ကြချေ။
**--**--**--**--**--**--**--**
ဗာဒူးက ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်၏။ "မင်းသမီး... သုံးရက်အတွင်း မြင့်မြတ်နတ်နဂါးကျောင်းတော်က ကျွန်တော့်ကို နှင်ထုတ်လိမ့်မယ်။"
ကျိနင်ကမူ တည်ငြိမ်စွာ ပြုံးလိုက်သည်။ "ဟက်... စိတ်အေးအေးထားပါ။ ရှင့်အတွက် အများကြီး ပိုကောင်းတဲ့ နေရာတစ်ခုကို စီစဉ်ပေးမယ်။"
**--**--**--**--**--**--**--**
တစ်ချိန်တည်းတွင် လူအုပ်ကြီး၏ ဒေါသက ဆူပွက်လာလေပြီ။ ဒေါသထွက်နေသည့် ကျောင်းသားများက စင်မြင့်ထက်သို့ ပြေးတက်ရန် အသင့်ဖြစ်နေကြ၏။
လီနျန်ကျန်းနှင့် မြို့စောင့်တပ်သားများကလည်း သူတို့ကို တားဆီးမည့် ရည်ရွယ်ချက် လုံးဝမရှိဘဲ တည်ငြိမ်စွာဖြင့်သာ စောင့်ကြည့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း မတရားမှုအတွက် ဒေါသထွက်နေကြသောကြောင့်ပင်။
ထိုအခိုက် ကျန်းနင်က ခက်ထန်စွာ အော်ဟစ်လိုက်၏။ "မင်းတို့ ပုန်ကန်ချင်နေကြတာလား။ အချိန် ကုန်နေပြီ။ ဆိုလွန် မပစ်ရင် သူ ရှုံးပြီပဲ။"
ကျန်းနင်၏ စကားများက ဓာတ်ဆီထဲသို့ မီးစကျသွားသကဲ့သို့ ဒေါသထွက်နေသည့် ကျောင်းသားများက လုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားကြပြီး ရှေ့သို့ ပြေးဝင်လာကြတော့၏။
အခြေအနေက အဓိကရုဏ်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည်အခါ ဆိုလွန်က သူ၏ ညာဘက်လက်ကို လေထဲသို့ ရုတ်တရက် မြှောက်တင်လိုက်သည်။
ချက်ချင်းပင် ကွင်းပြင်တစ်ခုလုံး လုံးဝ တိတ်ဆိတ်သွား၏။ လူတိုင်းက သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။
ဆိုလွန်က တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းသမီး ကျိနင်... ဒီနေ့ကို မှတ်ထားလိုက်။" သူ၏ လေသံက အလွန်တရာ အေးစက်နေသည်။
ထို့နောက် သူက လီနျန်ကျန်းဘက်သို့ လှည့်လိုက်သည်။ "ဆရာမလီ... ကျွန်တော့်ကို စာမေးပွဲဖြေရမယ့် နေရာ ခေါ်သွားပေးပါ။"
နီရဲကာ မျက်ရည်များ ရစ်ဝိုင်းနေသော မျက်လုံးများဖြင့် လီနျန်ကျန်းက ဆိုလွန်၏ လက်ကို ဆွဲကာ နေရာဆီသို့ ခေါ်ဆောင်သွား၏။ ထိုသည်ကို မြင်သည့်အခါ ကျောင်းသားများက သူတို့၏ အလျင်စလို ပြေးဝင်မှုကို ရပ်တန့်လိုက်ကြသည်။
သူတို့က ဆိုလွန်၏ အနောက်၌ တိတ်ဆိတ်စွာ ရပ်နေကြပြီး သူတို့၏ အာရုံအားလုံးကို ဆိုလွန်ထံသို့သာ စူးစိုက်ထားလိုက်ကြ၏။
လီနျန်ကျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "နေရာယူ... အသင့်ပြင်။"
ဆိုလွန်က မြားကို အမြန် တပ်ဆင်လိုက်သည်။ ထို့နောက် နဂါးစွမ်းအား အသုံးပြုကာ လေးကြိုးကို အဆုံးထိ ဆွဲတင်လိုက်ပြီး ကောင်းကင်ယံဆီသို့ ထောင့်ဖြတ် ချိန်ရွယ်လိုက်၏။
သူ၏ မျက်လုံးများကို အဝတ်ဖြင့် စည်းထားဆဲပင်။
သူ၏ ခေါင်းကို အနည်းငယ် ငုံ့ထားကာ လေထဲမှ အသံများကို သူ၏ နားဖြင့် သေချာနားထောင်နေသည်။
ဆိုလွန် အသက်ပြင်းပြင်း ရှူသွင်း၏။ ထို့နောက် လုံးဝ ငြိမ်သက်သွားပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အာရုံစိုက်ကာ စူးရှလှသည့် အချက်ပေးသံ ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေလိုက်သည်။
"ပစ်..."
အပိုင်း ၁၂၀ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
(Free book ကို ညကြရမယ်နော်။ အခု ခဏလောက် အိပ်လိုက်ဦးမယ်။ 😁)