← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 21 Ch. 211-212

အခန်း (၂၁၁) အလည်အပတ်ခရီး

မက်မန်းပွင့်များသည် မိုးရေစက်တို့ဖြင့် စိုစွတ်နေပြီး ဝါးပင်များက လေပြေအ‌တိုး၌ အသာအယာယိမ်းနွဲ့နေ၏။

ရာသီဥတု တဖြည်းဖြည်း နွေးထွေးလာသည်နှင့်အမျှ မိဖုရားကြီးမာ၏ ကျန်းမာရေးမှာလည်း တိုးတက်လာသည့် လက္ခဏာများ ပြသလာ၏။ သူသည် နန်းတော်အတွင်း လှုပ်ရှားသွားလာနိုင်ရုံသာမက “ပိုးမွေးမြူရေး” လုပ်ငန်းငယ်တစ်ခုကိုပင် စီစဉ်လိုက်သေးသည်။

နွေဦးရာသီပန်းများပွင့်လာသည့်အချိန်တွင် နန်းတော်မှ ထွန်ယက်ခြင်း အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပလေ့ရှိသည်။ ထိုအခမ်းအနားတွင် ဟုန်ဝူဧကရာဇ်ကိုယ်တိုင် ထွန်တုံးကို ကိုင်တွယ်ကာ လယ်ယာမြေများကို ထွန်ယက်ပေးခြင်းဖြင့် စိုက်ပျိုးရေးကို အားပေးကြောင်း ပြသလေ့ရှိ၏။

ဟုန်ဝူဧကရာဇ်ကိုယ်တိုင် ထွန်ယက်သည်ဆိုခြင်းမှာ ပြယုဂ်သက်သက်သာ ဖြစ်သည်။ ဘုရင့်အဆောင်အယောင်များဖြင့် တန်ဆာဆင်ထားသည့် ထွန်တုံးကို ရာထူးကြီးမားသည့် အရာရှိများက ပြင်ဆင်ပေးထားပြီး ဧကရာဇ်မင်းမြတ်ကမူ ထိုထွန်တုံးကို ကိုင်တွယ်ကာ လမ်းလျှောက်ပြရုံသာ ရှိသည်။

သ်ို့‌သော်၎င်းမှာ မရှိမဖြစ်လိုအပ်သည့် အခမ်းအနားတစ်ခု ဖြစ်ပေသည်။ ဧကရာဇ်မင်း၏ အခမ်းအနားနှင့်အတူ နန်းတွင်းသူများကလည်း “ပိုးမွေးမြူခြင်း” အစီအစဉ်ကို ကျင်းပကြ၏။ဤသည်မှာ စိုက်ပျိုးရေးနှင့် ပိုးမွေးမြူရေးကို မြှင့်တင်ရန်အတွက်ပင် ဖြစ်သည်။

သို့သော်လည်း ယခုနှစ်တွင် ကျူးယွမ်ကျန်းက အခမ်းအနားသို့ကိုယ်တိုင် တက်ရောက်ခြင်းမရှိဘဲ အိမ်ရှေ့စံမင်းသား ကျူးပြန်ကိုသာ ကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့သည်။

ထိုအပြုအမူမှာ နိုင်ငံရေးကို သတိမပြုမိသူများအတွက်ပင် မြင်သာသည့်အရိပ်အယောင်တစ်ခု ဖြစ်သည်။အိမ်‌ ရှေ့စံမင်းသားအားအာဏာကို အပြည့်အဝရလွှဲ‌ပြောင်းမည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏။

၎င်းအပြင်အိမ်ရှေ့စံမင်းသားမှာ နန်းတွင်းစီမံခန့်ခွဲမှု အာဏာအများစုကို ရယူထားပြီး ဖြစ်သည်။ အထူးသဖြင့် “ဆေးဝါးထုတ်လုပ်ရေးစက်ရုံ” အမှုကိစ္စတွင် တရားစီရင်ရေးဌာနများမှာ သူ၏ဩဇာအောက်သို့ တိတ်တဆိတ် ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

အရာရှိအများစုမှာ အိမ်ရှေ့စံမင်းသားဘက်တွင် ရပ်တည်နေကြ၏။

စစ်ရေးအာဏာမှအပ အိမ်ရှေ့စံမင်းသား ကျူးပြန်မှာ မင်အင်ပါယာ၏ အာဏာထိန်းမင်းသားဖြစ်လာခဲ့ပြီး ထိပ်ဆုံးနေရာသို့ ရောက်ရန် တစ်လှမ်းသာ လိုတော့၏။

“အခုအချိန်မှာ ငါသာ သားတော်ကို နိုင်ငံအုပ်ချုပ်ခိုင်းလိုက်ရင် ဘာဖြစ်လာမလဲ”

ကျူးယွမ်ကျန်း ထိုသို့ပြောလိုက်သည့်အခါ မိဖုရားကြီးက အနည်းငယ်ပြုံးလိုက်ပြီး နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်၏။

“နန်းတွင်းအရာရှိတွေကတော့ ဝမ်းသာအားရ ဖြစ်ကြမှာပေါ့ရှင်။ ရှင်က ဂျင်ဧကရာဇ်ဝူလည်း မဟုတ်သလို ဆုန်းဧကရာဇ်ထိုင်ဇူလည်း မဟုတ်တာကိုး”

ဂျင်ဧကရာဇ်ဝူမှာ မှူးမတ်မျိုးနွယ်စုများကို အလေးထားပြီး အရာရှိများအပေါ် နူးညံ့သူဖြစ်သည်။ ဆုန်းဧကရာဇ်ထိုင်ဇူမှာမူ ပညာရှိအရာရှိများဖြင့် ကမ္ဘာကို အုပ်ချုပ်သူဖြစ်ပြီး နန်းတွင်းရှိ စစ်ဘက်၊ အရပ်ဘက် အရာရှိများအပေါ် သည်းခံတတ်သူဖြစ်၏။

အရာရှိများမှာ ထိုသို့သော ဧကရာဇ်မျိုးကိုသာ နှစ်သက်ကြပေမည်။

ကျူးယွမ်ကျန်းကဲ့သို့ ဒေါသကြီးပြီး တင်းကျပ်သည့် ဧကရာဇ်အောက်တွင် မည်သူမျှ အမှုထမ်းလိုကြမည် မဟုတ်။ အကယ်၍ သဘောကောင်းသည့် ကျူးပြန်သာ သူ၏နေရာကို အစားထိုးနိုင်မည်ဆိုပါက သူတို့မှာ အဆပေါင်းရာနှင့်ချီ၍ ဝမ်းမြောက်ကြပေမည်။

အရာရှိများမှာ သူ့ကို မကြိုက်ကြသည်မှာ ကြာပြီဖြစ်‌သော်လည်းထိုအချက်ကို မိဖုရားကြီးသာလျှင် ပွင့်ပွင့်လင်းလင်း ပြောရဲ၏။

“ဟမ့်”

ဇူယွမ်ကျန်းက အေးစက်စွာ ပြောလိုက်၏။

“ဂျင်ဧကရာဇ်ဝူနဲ့ ဆုန်းဧကရာဇ်ထိုင်ဇူတို့က မိဘမဲ့တွေနဲ့ မုဆိုးမတွေကို ဖိနှိပ်ပြီး အလွယ်တကူ အင်ပါယာကို ရခဲ့တာ။ ဒီမင်မင်းဆက်ကိုတော့ ငါက ကိုယ်တိုင်တိုက်ခိုက်ပြီး ရလာတာလေ။ အဲဒီလူတွေကို ငါက ဘယ်လိုလုပ် အလိုလိုက်ထားနိုင်မှာလဲ”

“သားတော်က အလုပ်လုပ်ရာမှာ အရည်အချင်းရှိပေမဲ့ အတွေ့အကြုံ နုနယ်သေးတယ်။ တခြားလူတွေရဲ့ လှည့်ဖျားမှုကို ခံလိုက်ရမှာကို ငါစိုးရိမ်တယ်”

“မျိုးဆက်တိုင်းက သူတို့ လုပ်စရာရှိတာ သူတို့လုပ်မှာပေါ့။ ရှင်ကိုယ်တိုင်လည်း ဟွိုင်ယိုက ဆင်းရဲတဲ့ လူငယ်လေးဘဝကနေ တစ်ဆင့်ချင်းစီ ကြံ့ကြံ့ခံပြီး ရလာခဲ့တာ မဟုတ်လား”

မင်မင်းဆက်ကို တည်ထောင်သူ ဟုန်ဝူဧကရာဇ်ကို “ဟွိုင်ယိုက လူငယ်လေး” ဟု ခေါ်ဝေါ်ရဲသည်မှာ ဤကမ္ဘာပေါ်တွင် မိဖုရားကြီးမာသာ ရှိပေသည်။

မိဖုရားကြီး၏ ဆိုလိုရင်းမှာရှင်း၏။အိမ်‌ရှေ့မင်းသား ကျူးပြန်မှာအ‌တွေ့အကြုံနုနယ်နေသေးသော်လည်း စိတ်ပူစရာမလိုဘဲ အတွေ့အကြုံရလာပါက သူ့အလိုလို ရင့်ကျက်လာမည်ဟူ၍ ဖြစ်သည်။

“မျိုးဆက်တိုင်းမှာ သူတို့ လုပ်စရာရှိတာ သူတို့လုပ်ကြတာပေါ့...”

ကျူးယွမ်ကျန်း ထိုစကားကို ပြန်လည်တွေးတောလိုက်ရာ သူ၏မျက်နှာထားမှာ တဖြည်းဖြည်း နူးညံ့လာ၏။

“ဒီနန်းတော်တံခါး ကိုးထပ်ကို ကြည့်ပါဦး”

မိဖုရားကြီးမာက ခန့်ညားထည်ဝါသည့် နန်းတော်နံရံများကို ညွှန်ပြကာ စိတ်လှုပ်ရှားစွာ ပြော၏။

“ကြည့်ရတာ ခမ်းနားပေမဲ့ အမှန်တကယ်တော့ ဒါတွေက လေလုံတဲ့ လှောင်အိမ်တွေပဲ။ ရှင်နဲ့ကျွန်မက ဒီထဲမှာ ပိတ်မိနေတာ ကြာလှပြီ။ အပြင်လောကကို မမြင်ရတာ ကြာပြီရှင်”

မိဖုရားကြီး၏ စကားက ကျူးယွမ်ကျန်း၏ စိတ်ကို ချက်ချင်း ထိခိုက်သွားစေ၏။

ဟုတ်တယ်၊ နန်းတော်ကနေ နောက်ဆုံးထွက်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာတောင် ငါမမှတ်မိတော့ဘူး။ အပြင်လောက ဘယ်လိုဖြစ်နေမလဲဆိုတာလည်း မသိတော့ဘူး။ ဒီနန်းတော်ထဲမှာ ကြာကြာနေရတာ တကယ်ပဲ မွန်းကြပ်တယ်”

ဧကရာဇ်ဇနီးမောင်နှံနှစ်ဦး အကြည့်ချင်းဆုံမိပြီး အပြန်အလှန် ပြုံးလိုက်ကြ၏။

“ကောင်းပြီ၊ အပြင်ကို လမ်းလျှောက်ထွက်ကြရအောင်”

ဟုန်ဝူဧကရာဇ်နှင့် မိဖုရားကြီးတို့ အပြင်ထွက်ခြင်းမှာ ရိုးရိုးရှင်းရှင်း လမ်းလျှောက်ခြင်း မဟုတ်ပေ။ နန်းတော်စည်းကမ်းအရဧကရာဇ်၏ တိုင်းခန်းလှည့်လည်ကြည့်ရှုခြင်းဟု ခေါ်ဆိုပေသည်။

ရထားများ၊ အစောင့်အရှောက်များမှာ၊ခြွေရံသင်းပင်များနှင့် အထူးအခမ်းအနားများလည်း လိုအပ်ပေသည်။ ဘုရင့်အခမ်းအနားဌာနက ပြင်ဆင်ရမည်ဖြစ်သလို နက္ခတ္တဗေဒဌာနကလည်း အချိန်ကောင်းကို ရွေးချယ်ပေးရ၏။အလုပ်ရှုပ်လှပေသည်။

ကျူးယွမ်ကျန်းမှာ ထိုသို့သော ရှုပ်ထွေးသည့် အခမ်းအနားများကို အလွန်မုန်းတီးသဖြင့် မည်သူ့ကိုမျှအသိမပေးဘဲသာမန်အရပ်သား ဝတ်စုံကိုသာ ဝတ်ဆင်၍ မိဖုရားကြီးနှင့်အတူ နန်းတော်မှ ထွက်ခွာလာခဲ့၏။

ဧကရာဇ်နှင့် မိဖုရားတို့ နန်းတော်မှ ထွက်ခွာခြင်းမှာ ပေါ့ပေါ့ပါးပါး ခရီးထွက်ခြင်းဖြစ်ရာအစောင့်အရှောက်များ မပါဝင်သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစေခံများ ပါဝင်မြဲဖြစ်သည်။ လက်နက်ကိုင် အစောင့်များနှင့် နန်းတွင်းသူများ စုစုပေါင်း ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့် ရှိနေ၏။

ကျူးယွမ်ကျန်းက အရာအားလုံးကို ရိုးရှင်းစေရမည် ဟု အမိန့်ပေးထားသော်လည်း ဤမျှကြီးမားသည့် ကိစ္စကို နန်းတွင်းမှ သိရှိသွားမြဲဖြစ်သည်။

ကျူးယွမ်ကျန်းနှင့် မိဖုရားကြီးထွက်ခွာသွားသည်နှင့်အိမ်‌ရှေ့စံမင်းသားထံ သတင်းပို့ရန် လူတစ်ယောက် ချက်ချင်း ပြေးသွားတော့၏။

ကံကောင်းသည်မှာ ကျူးယွမ်ကျန်းနှင့် မိဖုရားကြီးတို့မှာ ဝေးဝေးလံလံ သွားရန် အစီအစဉ် မရှိခြင်းဖြစ်သည်။ သူတို့မှာ မြို့တံခါးကိုပင် မကျော်ဘဲ မြို့ရိုးမြင့်ပေါ်၌သာ ရပ်ကာ မြစ်ရေစီးကြောင်းကို ငေးမောရင်း၊ ရန်စီမြစ်၏ မြည်ဟည်းသံကို နားထောင်ရင်း၊ မြူခိုးများဖြင့် ဖုံးလွှမ်းနေသည့် ချုံရှန်းတောင်ကို ကြည့်ရှုနေကြ၏။

ခမ်းနားသည့် ရှုခင်းကို ကြည့်ရှုလိုက်ရသဖြင့် သူတို့၏ စိတ်ဓာတ်မှာ တက်ကြွလာပြီး စိတ်အေးချမ်းမှု ရရှိသွားကြသည်။

မြို့ပြင်တွင် နွေဦးအစောပိုင်း ဖြစ်သည့်အတွက် မြက်ခင်းစိမ်းစိမ်းများနှင့် မက်မွန်ပန်းပွင့်များမှာ ဝေဆာနေ၏။ ကြိုးစားသည့် လယ်သမားများမှာ လယ်ကွင်းထဲတွင် အလုပ်ရှုပ်နေကြပြီး၊ ကလေးများနှင့် သက်ကြီးရွယ်အိုများမှာ ပျော်ရွှင်နေကြသည်။

အဝတ်အစား ဆန်းပြားစွာ ဝတ်ဆင်ထားသည့် လူငယ်ပညာတတ်များမှာ မြင်းများကို စီးကာ လှပသည့် အမျိုးသမီးများမှာလည်း ပန်းများကြားတွင် လမ်းလျှောက်နေကြသည်။ တိုင်းပြည်၏ ငြိမ်းချမ်းသာယာမှုကို ပြသသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။

ရုပ်ရှင်နှင့် ဇာတ်လမ်းများတွင် ဧကရာဇ်တို့မှာ လျှို့ဝှက်စွာ ခရီးထွက်လေ့ရှိကြသည်။ ဥပမာအားဖြင့်ဂျီရှောင်လန် ဇာတ်လမ်းတွင် ဧကရာဇ်မှာ လမ်းမများပေါ်၌ တစ်ယောက်တည်း လျှောက်သွားနေသည်ကို မကြာခဏ တွေ့ရတတ်၏။ သို့သော်လည်း ထိုသည်မှာ ဇာတ်လမ်းဆင်ထားခြင်းသာ ဖြစ်သည်။

ကျူးယွမ်ကျန်းနှင့် မိဖုရားကြီးမှာ မြို့တွင်း၌သာ လှည့်လည်ခြင်း ဖြစ်သော်လည်း နန်းတွင်းအစောင့်တပ်ဖွဲ့မှ တာဝန်ရှိသူများမှာ အရေးပေါ် စေလွှတ်ထားပြီး ဖြစ်သည်။ အနီးအနားရှိ လမ်းမများကို ရှင်းလင်းထားပြီး လက်နက်ကိုင် အစောင့်များကလည်း မြို့ရိုးပေါ်တက်သည့် လမ်းကို ပိတ်ဆို့ထားကာ ခွင့်ပြုချက်မရှိသူများကို ဝင်ရောက်ခြင်းမှ တားမြစ်ထား၏။

“အနှောင့်အယှက်ပေးတဲ့ လူတွေပဲ"

ကျူးယွမ်ကျန်းက မကျေမနပ်ဖြင့် လက်ဝါးကာပြလိုက်သည်။

“မိဖုရားနဲ့ ငါက လေညင်းခံထွက်လာတာကို အလုပ်ရှုပ်အောင် လုပ်ပြီး အရပ်သားတွေကိုပါ မောင်းထုတ်နေတယ်”

“ဒါက သူတို့တာဝန်လေရှင်”

မိဖုရားကြီးမားက ပြုံး၍ ပြော၏။

“နန်းတော်ကို ပြန်ကြရအောင်။ မဟုတ်ရင် အရပ်သားတွေကို အနှောင့်အယှက်ပေးမိပြီး ရှုပ်ထွေးသွားလိမ့်မယ်။ အဲဒါက မကောင်းဘူး”

ဧကရာဇ်ဇနီးမောင်နှံနှစ်ဦး မြို့ရိုးမှ ဆင်းလာကာ နန်းတော်သို့ ပြန်ရန် ပြင်ဆင်ကြ၏။

ပုလဲတံတားဆီသို့ ရောက်ရှိသည့်အခါ ရုတ်တရက် ကြည်လင်သာယာသည့် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။

ပုလဲတံတား ဝန်းကျင်မှာ လူစည်ကားသည့် ဈေးတန်းတစ်ခုဖြစ်သဖြင့် မည်သည့်အသံမဆို ကြားနိုင်၏။ သို့သော် ကျူးယွမ်ကျန်းမှာ ခေါင်းလောင်းသံကို အလွန်အာရုံစိုက်လိုက်ပြီးအားလုံးကို ချက်ချင်း ရပ်တန့်ခိုင်းလိုက်ပြီး ခေါင်းကိုစောင်းကာ နားထောင်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အပြုံးတစ်ခု ပေါ်လာ၏။ သူက မိဖုရားကြီးကို ပြောလိုက်သည်။

“ကိုယ်တော်မိဖုရားကို ရှားပါးတဲ့ အရာတစ်ခု ပြမယ်”

“ဘာများလဲရှင်”

“ငါးမျိုးဆက် ခေါင်းလောင်းသံပေါ့”

“ငါးမျိုးဆက် ခေါင်းလောင်းသံဆိုတာ ဘာလဲရှင်”

“ကိုယ်တော်နဲ့အတူ လိုက်လာရင် သိရလိမ့်မယ်”

ကျူးယွမ်ကျန်း မိဖုရားကြီးကို ရထားပေါ်မှ ဆွဲခေါ်လာ၏။

“ဘုရင့်ရထားကို ပြင်ဆင်...”

နန်းတွင်းအစေခံငယ်က ထိုသို့ အော်ပြောလိုက်သည်နှင့် ကျူးယွမ်ကျန်းက သူ့ကို ပြင်းပြင်းထန်ထန် ကန်လိုက်၏။

“ဘာရထားပြင်ဆင်ရမှာလဲ။ ငါတို့ရဲ့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကို နင်တို့က ဖျက်ဆီးလိုက်တာပဲ။ ဒီအခြေအနေက မရှုပ်ထွေးသေးဘူးလို့ ထင်နေတာလား။ နင်တို့အားလုံး ဒီမှာပဲ စောင့်နေကြ၊ နောက်ကလိုက်မလာနဲ့”

*********

`

အခန်း (၂၁၂) ဆုံစည်းခြင်း

ငါးသံမုန့် ဟုအမည်ရ သောမုန့်မှာချင်းချင်းအနှစ်သက်ဆုံး မုန့်တစ်မျိုးပင် ဖြစ်သည်။

ကျယ်ဝန်းလှသော မြို့တော်ကြီးထဲတွင် ထိုမုန့်ရောင်းသည့်ဆိုင်အများအပြား ရှိသော်လည်း ချင်းချင်းကမူ ပုလဲတံတားနောက်ဘက်ရှိ ဤဆိုင်ကိုသာ နှစ်သက်၏။ အကြောင်းမှာ ဤဆိုင်တွင် ငါးသံမုန့်အမျိုး‌ ပေါင်းတစ်ဆယ်ကျော်မျှပင် ရှိသောကြောင့် ဖြစ်သည်။

ချင်းချင်း ဆိုင်ရှေ့သို့ ရောက်သည့်အခါ ဆိုင်ရှင်မှာ အရသာရှိလှသော ငါးသံမုန့်ကို ပြုလုပ်နေ၏။ သူသည် နယ်ထားသော ပြောင်းဆန်လုံးကို ကြေးခေါင်းလောင်းပေါ်သို့ ပြင်းပြင်းထန်ထန် ပစ်ပေါက်လိုက်ရာ ကြည်လင်သည့် “တောင်” ဟူသော အသံတစ်ခု ထွက်ပေါ်လာသည်။

သာမန်မုန့်များမှာ ပေါင်းပြီးသည်နှင့် ချက်ချင်းရောင်းချနိုင်သော်လည်း ငါးသံမုန့်မှာမူ ကွဲပြား၏။ မုန့်သား ပိုမိုညက်ညောကာ ပိုမိုပျော့ပျောင်းလာစေရန်အတွက် ငါးကြိမ်တိုင်တိုင် ထပ်ခါတလဲလဲ ထုရိုက်ပေးရသည်။ ဖောက်သည်များကို ဆွဲဆောင်နိုင်ရန်အတွက် ဆိုင်ရှင်မှာ ကြေးခေါင်းလောင်းပေါ်တွင် တမင်ထုရိုက်ပြီး ဖန်ယန်ဒေသ၏ ရိုးရာတေးသွားအတိုင်း အသံပေးလေ့ရှိ၏။

လုပ်ငန်းစဉ်အတွင်း ဆိုင်ရှင်မှာ ကဗျာလေးတချို့ကိုလည်း အော်ဟစ်သီဆိုလိုက်သည်။

“တစ်၊ အို တစ်က ကံကောင်းခြင်းကို ယူဆောင်လာပေးတယ်၊ ကံတရားတွေ အိမ်ထဲဝင်လာစေမယ်”

“နှစ်၊ အို နှစ်က အသက်ရှည်ခြင်းကို တိုးပွားစေတယ်၊ အသက်တွေ ပိုရှည်လာမယ်”

“သုံး၊ အို သုံးက ကြွယ်ဝချမ်းသာခြင်းကို ယူဆောင်လာတယ်၊ ရတနာတွေ စီးဝင်လာမယ်”

“လေး၊ အို... ခင်ဗျား ဘယ်နှခု လိုချင်သလဲ”

“သုံးခု”

သူမမှာထိုဆိုင်၏ ပုံမှန်ဖောက်သည်တစ်ဦး ဖြစ်သည့်အတွက် ဆိုင်ရှင်နှင့် အတော်ပင် ရင်းနှီးပြီးဖြစ်သည်။ မုန့်ရောင်းသူမှာ ချက်ချင်းပင် မုန့်သုံးခုကို ထုတ်ယူကာ ကြာရွက်ခြောက်ဖြင့် ထုပ်ပေးရန် ပြင်ဆင်နေစဉ် ချင်းချင်းက ပြုံး၍ ပြော၏။

“ဒီပျားရည်မုန့်ကို မလိုတော့ဘူး။ ဟော်သွန်းသီးအရသာပဲ လိုချင်တယ်... အို မဟုတ်ဘူး၊ ဟော်သွန်းသီးအရသာကလည်း မကောင်းပါဘူး...”

မုန့်အရသာ အများအပြားကို ကြည့်ရင်း ချင်းချင်းမှာ မည်သည့်အရာကို ရွေးရမှန်းမသိ ဖြစ်နေသည်။

“အဘက ဒီသမီးလေးကို ရွေးပေးရမလား”

ထိုအချိန်တွင် ချင်းချင်း၏နောက်၌ သက်ကြီးဇနီးမောင်နှံ ရောက်ရှိလာပြီး မျက်နှာရှည်ရှည်ဖြင့် အဘိုးအိုက ရယ်မောကာ ပြော၏။

“ဒီငါးသံမုန့်မှာ အရသာ တစ်ဆယ်ကျော် ရှိပေမဲ့ အကောင်းဆုံးနဲ့ အနှစ်သက်ဆုံးကတော့ ကော်နယ်သီးမုန့်ပဲ”

ထိုစကားကို ကြားရသည့်အခါ မုန့်ရောင်းသူ၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွား၏။

“ကော်နယ်သီးမုန့်လား။ အဘကတော့ ကျွမ်းကျင်သူပါပဲ”

“ကိုယ်တော်က... ဒီငါးသံမုန့်ကို ငယ်ငယ်ကတည်းက ကြိုက်ခဲ့တာ”

အဘိုးအို၏ စကားတွင် ဖန်ယန်ဒေသ၏ လေယူလေသိမ်းများ ပါဝင်နေသည်။ ထိုအဘိုးအိုမှာ ကျူးယွမ်ကျန်းဖြစ်ပြီး ဘေးရှိအမျိုးသမီးမှာ မိဖုရားကြီးမာဖြစ်သည်။ ငါးသံမုန့်ရောင်းသူ၏ အသံကို ကြားရသည့်အခါ ကျူးယွမ်ကျန်း၏ ဇာတိချစ်စိတ်ကို နိုးကြားသွားစေသဖြင့် သူကိုယ်တိုင် အထူးတလည် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။

ဆိုင်ရှင်မှာ ရင်းနှီးနေသည့် ဒေသစကားသံကို ကြားရသဖြင့် မျက်နှာမှာ ချက်ချင်းပင် ပြုံးရွှင်သွား၏။ သူသည် ခါးတွင်စည်းထားသော ပိတ်စအကျီကို ပင့်တင်လိုက်ပြီး နဖူးမှ ချွေးများကို သုတ်လိုက်၏။

“အဘက ဖန်ယန်ကလား။ စကားပြောပုံကို ကြည့်ရတာ ရှီဟောင်မြစ်ဝှမ်းဘက်ကနဲ့ တူတယ်”

ကျူးယွမ်ကျန်း အနည်းငယ် ပြုံးလိုက်သည်။

“ငါ့ဇာတိက ရှီဟောင်မြစ်ဝှမ်း တိုင်ဖျင်မြို့နယ်ဘက်ကပါ။ နင်ကရော”

“ကျွန်တော်က ဒုန်းလုကျန့်ကပါ”

ရွာနှစ်ရွာမှာ မြစ်တစ်ဖက်စီတွင် ရှိနေပြီး ကြက်တွန်သံ၊ ခွေးဟောင်သံတို့မှာ အပြန်အလှန် ကြားနိုင်လောက်အောင် နီးကပ်သဖြင့် သူတို့မှာ အမှန်ပင် ရွာသားချင်း ဖြစ်ကြသည်။ ငါးသံမုန့်မှာ ကျူးယွမ်ကျန်း၏ ဇာတိမြေမှ ထွက်သည့် အစားအစာ ဖြစ်သဖြင့် မည်သည့်အရသာက အကောင်းဆုံးဆိုသည်ကို သူသိထားပြီးဖြစ်သည်။

“ဒီအဘက စားဖူးသူဖြစ်တော့ အဘပြောတဲ့အတိုင်းပဲ လုပ်ပါမယ်။ ကော်နယ်သီးမုန့် သုံးခုပေးပါ”

မုန့်ရောင်းသူက ကော်နယ်သီးမုန့် သုံးခုကို ထုပ်ပေးကာ ချင်းချင်းထံ ပေးလိုက်သည်။ အစားအသောက် ဝါသနာပါသည့် ချင်းချင်းမှာ အနီးရှိ ခုံတန်းလေးတွင် ထိုင်ကာ အရသာခံ၍ စားလိုက်သည်။

“ဝါး...”

တစ်ကိုက်ကိုက်လိုက်သည်နှင့် ချင်းချင်းမှာ ချက်ချင်း ပြန်ထွေးထုတ်လိုက်ပြီး မျက်နှာပျက်ကာ ဇူယွမ်ကျန်းကို မကျေမနပ်ဖြင့် ပြော၏။

“အဘ၊ ဒီအရွယ်ရောက်နေပြီကို ဘာလို့ ကျွန်မကို လှည့်စားရတာလဲ”

“ငါက ဘယ်လိုလှည့်စားလို့လဲ”

“ဒီကော်နယ်သီးမုန့်က အရမ်းစပ်ပြီး မစားရဘူး။ ဒါကိုမှ အကောင်းဆုံးလို့ ပြောနေတယ်။ ဒါ လှည့်စားတာမဟုတ်ရင် ဘာလဲ”

“ကော်နယ်သီးမုန့်ဆိုတာ စပ်စမြဲပဲ”

ကျူးယွမ်ကျန်း မုတ်ဆိတ်ကို ပွတ်သပ်ကာ ရယ်မောလိုက်သည်။

“သမီးလေး၊ အဘက မလှည့်စားပါဘူး။ ဒီကော်နယ်သီးမုန့်က ပိုစပ်လေ ပိုကောင်းလေပဲ။ ဒီစပ်မှုကို သေချာ အရသာခံနေဖို့ မလိုဘူး။ အများကြီး အပြတ်စားပြီး ချွေးထွက်အောင် လုပ်လိုက်မှသာ ဒီမုန့်ရဲ့ အနှစ်သာရကို ရမှာ”

ချင်းချင်းမှာ သူပြောသည့်အတိုင်း အပြတ်စားလိုက်၏။ အမှန်ပင် ဖြစ်သည်။ ခဏအတွင်းမှာပင် ချွေးများဒီးဒီးကျလာပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ပါးစပ်က စပ်လွန်း၍ မဖွင့်နိုင်တော့သော်လည်း နောက်ထပ်တစ်ခုကို ထပ်စားချင်နေသေးသည်။ စပ်စပ်ကလေးများကို စားနေရသလိုပင်၊ စပ်မှန်းသိသော်လည်း စားလေ စားချင်လေ ဖြစ်နေသည်။

“ငါ့ကိုလည်း ကော်နယ်သီးမုန့် တစ်ခုပေးပါ၊ ကော်နယ်သီး အများကြီးထည့်ပေးနော်”

“အရမ်းစပ်မသွားဘူးလား”

ချင်းချင်းက တိုးတိုးလေး ပြောလိုက်သည်။

“စပ်ပြီဆိုမှတော့ ပြင်းပြင်းထန်ထန် စပ်မှ အရသာရှိတာပေါ့။ အစပ်ပြေလေးတွေကတော့ သမီးတို့လို ကလေးမလေးတွေအတွက်ပဲ၊ ဟားဟား”

ကျူးယွမ်ကျန်း၏ မျက်နှာမှာ အစပ်ကြောင့် နီရဲကာ ချွေးများစီးကျနေသော်လည်း သူကမူ ဂရုမစိုက်ပေ။ စားရင်းဖြင့် သူက မုန့်ရောင်းသူကို မေး၏။

“နင် မြို့တော်မှာမုန့် လာရောင်းတာ ဘယ်လောက်ကြာပြီလဲ”

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ရောက်တာပါ အဘ”

“ဇာတိမှာကော အခြေအနေ ဘယ်လိုလဲ”

“မကောင်းပါဘူး အဘ၊ တကယ်မကောင်းတာပါ”

ဆိုင်ရှင်မှာ မုန့်လုပ်ရင်း ခေါင်းခါလိုက်သည်။

“ဇာတိမှာသာ အဆင်ပြေရင် ဘယ်သူကများ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာပြီး ဒီလို ဒုက္ခခံပြီး လာလုပ်စားပါ့မလဲ”

ထိုစကားကို ကြားရသည့်အခါ ကျူးယွမ်ကျန်း၏ မျက်နှာထားမှာ တင်းမာသွားသည်။ ဖန်ယန်မှာ သူ၏ ဇာတိမြေ ဖြစ်သည်။ မင်မင်းဆက် စတင်တည်ထောင်ချိန်မှစ၍ ဒေသခံများကို ချစ်ခင်သည့်စိတ်ဖြင့် ကျူးယွမ်ကျန်းမှာ ဖန်ယန်ဒေသအတွက် “သက်သာချောင်ချိရေး မူဝါဒ” အချို့ကို ဆက်တိုက် ထုတ်ပြန်ပေးခဲ့သည်။

၎င်းမူဝါဒတွင်အချက်သုံးချက် ရှိသည်။ ပထမအချက်မှာ ဖန်ယန်ဒေသခံများကို လယ်ခွန် ကင်းလွတ်ခွင့် ပေးခြင်း ဖြစ်သည်။ ကျူးယွမ်ကျန်းမှာ ဆင်းရဲသည့် ဘဝမှ လာသူဖြစ်သဖြင့် အစိုးရ၏ အခွန်အတုပ်များမှာ မည်မျှကြီးလေးသည်ကို သိသည်။ ထို့ကြောင့် သူ၏ဇာတိမြေကို ဆယ်နှစ်ကြာ လယ်ခွန်ကင်းလွတ်ခွင့် ပေးခဲ့ပြီး နောက်ပိုင်းတွင် တစ်သက်တာ ကင်းလွတ်ခွင့်အဖြစ် ပြောင်းလဲပေးလိုက်သည်။

ဒုတိယအချက်မှာ မြို့တော်တည်ဆောက်ခြင်း ဖြစ်သည်။ ဖန်ယန်မှာ မင်မင်းဆက်၏ အုပ်ချုပ်ရေးအရ အရေးပါသော နေရာဖြစ်သည်။

တတိယအချက်မှာ ချမ်းသာသည့် အိမ်ထောင်စုများကို ပြောင်းရွှေ့စေခြင်း ဖြစ်သည်။ ကျူးယွမ်ကျန်းမှာ ဂျီယန်နန်ဒေသမှ ချမ်းသာသူများကို ဖန်ယန်သို့ အကြိမ်ကြိမ် ပြောင်းရွှေ့ခိုင်းခဲ့ပြီး သူ၏ဇာတိမြေကို ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ခဲ့သည်။

ကျူးယွမ်ကျန်းမှာ သူ့ဇာတိမြေမှ လူများ မည်သို့နေထိုင်နေကြသည်ကို တကယ်ပင် သိလိုသည်။ သူသည် ဖန်ယန်ပြည်သူများကို အကျိုးကျေးဇူးများစွာ ပေးထားသော်လည်း အဘယ်ကြောင့် သူတို့မှာ ဒုက္ခရောက်နေကြရသနည်း။

“နင်လည်း ဖန်ယန်ကပဲဆိုတော့ အဲဒီနေရာမှာ ဘာတွေဖြစ်နေလဲဆိုတာ သိမှာပေါ့။ လယ်ကွင်းထဲက ထွက်တဲ့ သီးနှံလေးတွေက စားလို့ လောက်ရဲ့လား”

“နန်းတော်က လယ်ခွန် ကင်းလွတ်ခွင့် ပေးထားတာ မဟုတ်ဘူးလား”

“လယ်ခွန် ကင်းလွတ်ခွင့် ပေးရင်ဘာထူးမှာလဲ”

ချင်းချင်းမှာ ပါးစပ်ထဲတွင် မုန့်များပြည့်နေသဖြင့် အသံမှာ အနည်းငယ် ဗလုံးမထွေးဖြစ်နေသည်။

“အဲဒါက မြေယာသိမ်းပိုက်မှုကိုပဲ ပိုဆိုးသွားစေတာလေ”

“နင် ဘာပြောလိုက်တယ်”

“မြေယာသိမ်းပိုက်မှုအကြောင်း ပြောတာပါ”

၎င်းဝေါဟာရကို ဝူကျိရှန်းထံမှ မကြာသေးမီက သင်ယူခဲ့ရခြင်း ဖြစ်သည်။

"အဲဒါကြောင့် သာမန်ပြည်သူတွေရဲ့ ဘဝက ပိုခက်ခဲသွားတာလေ”

ကျူးယွမ်ကျန်းမှာထိုစကားကို ပထမဆုံးအကြိမ် ကြားဖူးသော်လည်း ဤစကားလုံး လေးလုံး၏ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားသည်။

“နန်းတော်က လယ်ခွန် ကင်းလွတ်ခွင့် ပေးတာက ပြည်သူတွေ အသက်ရှူချောင်အောင် လုပ်ပေးတာပဲ။ ဘာလို့ ပြည်သူတွေရဲ့ ဘဝကို ပိုခက်ခဲသွားစေရမှာလဲ”

“နန်းတော်က လယ်ခွန် ဘယ်လောက် ကောက်တာလဲ”

“မြေကောင်းဆိုရင် နွေဦးနဲ့ ဆောင်းဦးမှာ စုစုပေါင်း တစ်ဧကကို လေးဂေပဲ ကောက်တယ်”

“နန်းတော်က လယ်မြေ ဘယ်လောက် ပေးထားတာလဲ”

“လူတစ်ယောက်ကို ဧက နှစ်ဆယ် ပေးထားတယ်”

စိုက်ပျိုးရေးမှာ နိုင်ငံ၏ အခြေခံဖြစ်သည်။ ဇူယွမ်ကျန်းမှာ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် မူဝါဒအားလုံးကို ကောင်းစွာ သိရှိသည်။

“ဒါဆိုရင် ရှင်းပြရတာ လွယ်တာပေါ့။ အဘ၊ ကျွန်မတွက်ပြမယ်”

ချင်းချင်းမှာ လက်ထဲရှိ မုန့်ကို ချလိုက်ပြီး လက်ချောင်းလေးများနှင့် ရေတွက်၏။

“လူနှစ်ယောက်စာဆိုရင် နန်းတော်က ကင်းလွတ်ခွင့်ပေးတဲ့ အခွန်က တစ်အီးကျော်ပဲ ရှိတယ်။ နှစ်အီးတောင် မပြည့်ဘူး။ အသက်ရှင်ဖို့ အကျဉ်းချုံးစားရင်တောင် တစ်ယောက်စာအတွက် နှစ်လလောက်ပဲ လောက်တယ်။ ဒါပေမဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်တွေကတော့ လယ်ဧက ထောင်ပေါင်းများစွာကို သိမ်းပိုက်ထားကြတယ်။ လယ်ဧက နှစ်ထောင်လောက်ပဲရှိတဲ့ သေးငယ်တဲ့ မြေပိုင်ရှင်တစ်ယောက်တောင် နန်းတော်ကပေးတဲ့ ကင်းလွတ်ခွင့်ကြောင့် တစ်နှစ်ကို အီး ရာပေါင်းများစွာ အမြတ်ထွက်နေတာ”

“ဒီ အီးရာပေါင်းများစွာကို သုံးပြီးတော့ နောက်ထပ် လယ်မြေတွေကို ထပ်ဝယ်နိုင်တယ်။ တစ်နှစ်ပြီးတစ်နှစ်ဆိုရင် ဘာဖြစ်လာမလဲ”

“ဘေးအန္တရာယ်တွေ ကြုံလာရင် ဆင်းရဲသားတွေက ကိုယ့်လယ်ကိုပဲ ရောင်းစားရတော့မှာ။ ဒါက မြေပိုင်ရှင်တွေ လက်ထဲမှာ မြေတွေ ပိုများလာစေတာပဲ။ အဘ၊ ဒါက ဘာကိုဆိုလိုလဲ သိလား”

*********

All Chapters