အခန်း (၂၁၇-၂၁၈)
Vol. 21 Ch. 217-218
`
အခန်း (၂၁၇) - လူရှုပ်လေး
ချင်းဟွိုင်မြစ်၏ ဆယ်မိုင်ပတ်လည်သည် အလွန်ပင် ဆွဲဆောင်မှုရှိသော နေရာဖြစ်၏။
အချိန်နှောင်းနေပြီဖြစ်သော်လည်း ချင်းဟွိုင်မြစ်ပေါ်တွင် ပန်းလှေများ ဖြည်းညင်းစွာ မျှောနေဆဲဖြစ်ကာ ထိုလှေများထံမှ တေးဂီတသံများ လွင့်ပျံ့နေ၏။
မိမိရှေ့ရှိ လှပသော အမျိုးသမီးကို ကြည့်ရင်း သခင်လေးဂျင်း၏ မျက်လုံးများမှာ မူးဝေနေပြီး စိတ်အာရုံမှာလည်း လွင့်ပါးနေ၏။
ဤအလှမယ်မှာ ချင်းဟွိုင်၏ နာမည်ကျော် ပြည့်တန်ဆာ ပိုင်ယူကျင်း ဖြစ်သည်။ သူသည် ပြည့်တန်ဆာစာရင်းတွင်ထိပ်ဆုံး၌ ရှိပြီး သူ၏ ပိပါတီးခတ်မှုမှာ အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်သဖြင့် နတ်စောင်းသံကဲ့သို့ပင် ဖြစ်၏။
ပိုင်ယူကျင်းမှာအသားအရေဖြူဖွေးပြီး ကြည့်သူတိုင်း သနားစိတ်ပေါက်ဖွယ် ရှိရုံသာမက စန္ဒရား၊ စစ်တုရင်၊ စာရေး၊ ပန်းချီ အတတ်ပညာအားလုံးတွင် ထူးချွန်သူ ဖြစ်၏။ အထူးသဖြင့် ပိပါတီးခတ်ရာတွင် နာမည်ကျော်ကြားပြီး သူမ၏ရဲတိုက်ငါးခု၊ အလွှာတစ်ဆယ့်နှစ်ခု သီချင်းမှာ လက်ရာမြောက်လှသည်။
နာမည်ကျော်ပြည့်တန်ဆာတစ်ဦးဖြစ်၍ သူမ၏တန်ဖိုးမှာလည်း ကြီးမြင့်၏။ သူ၏ ပန်းလှေပေါ်တွင် လက်ဖက်ရည်တစ်ခွက်သောက်ရန် ငွေဒင်္ဂါးနှစ်ဆယ် ပေးရ၏။ သူမ၏ တေးသီချင်းတစ်ပုဒ် နားထောင်ရန် ငွေတစ်ရာထပ်ပေးရပြီး အခြား အပိုဆုကြေးများနှင့်ဆိုလျှင် ငွေအမြောက်အမြားသုံးစွဲရမည်ဖြစ်သည်။
သို့သော်လည်း အလှတရားနှင့် အနုပညာတွင် ပြိုင်ဘက်ကင်းသော ဤအလှမယ်နှင့် မည်သူမဆိုနီးကပ်ခွင့် ရနိုင်မည်မဟုတ်ပေ။ မြို့တော်တစ်ခွင် ကျော်ကြားသော သူမသည် ငွေပေး၍ ကိုယ်ခန္ဓာကို ရောင်းစားသော အောက်တန်းစား မိန်းမများနှင့် လုံးဝမတူပေ။
သာမန်သူဌေးတို့ပင်လျှင်သည် ထိုအလှမယ်၏ ဖျော်ဖြေမှုကိုမြင်တွေ့ခွင့် မရကြပေ။ ပန်းလှေပေါ်တက်၍ လက်ဖက်ရည်သောက်ခွင့်၊ ဂီတနားထောင်ခွင့် ရသူတို့မှာ ထိုခေတ်က နာမည်ကျော် စာပေပညာရှင်များ သို့မဟုတ် နယ်ပယ်အသီးသီးမှ အာဏာရှိသော သူဌေးကြီးများသာ ဖြစ်၏။
သခင်လေးဂျင်းသည် မြို့တော်၏ နာမည်ကျော် သခင်လေးလေးဦးထဲမှ တစ်ဦးဖြစ်ပြီးသူ၏ နာမည်မှာ ကျော်ကြားရုံသာမက မိသားစုဥစ္စာဓနမှာပိုင်ဆိုင်မှုမှာလည်းလည်း အလွန်များပြားသဖြင့် ပန်းလှေ၏ ပုံမှန်ဧည့်သည် တစ်ဦးဖြစ်လာ၏။
အရက်အနည်းငယ် သောက်ထားသဖြင့် သခင်လေးဂျင်းမှာ မူးဝေနေပြီးသူ့ရှေ့ရှိ အလှမယ်ကို ကြည့်ရင်း စိတ်မငြိမ်မသက် ဖြစ်လာကာ ကျောင်းသခင်မကို ခေါ်၍ အချက်ပြလိုက်၏။
"ဒီသခင်လေး ဒီည ပန်းလှေပေါ်မှာပဲ ညအိပ်တော့မယ်။ မင်းတို့ မြန်မြန်စီစဉ်ပေး"
"ညအိပ်မလို့လား"
အရွယ်လွန်နေသော်လည်း ဆွဲဆောင်မှု ရှိနေဆဲဖြစ်သော ကျောင်းသခင်မက အပြုံးဖြင့် မေးလိုက်၏။
"သခင်လေးဂျင်း လျောက်မပြောပါနဲ့။ ကျွန်မတို့ရဲ့ မိန်းကလေးတွေက အနုပညာကိုပဲ ရောင်းတာ၊ ကိုယ်ခန္ဓာကို မရောင်းဘူး။ ဒါက လှေရဲ့ စည်းကမ်းပဲ၊ သခင်လေးဂျင်းလည်း သိမှာပါ"
"အနုပညာကိုပဲ ရောင်းတယ်၊ ကိုယ်ခန္ဓာကို မရောင်းဘူးလား"
"ငါက ဒီအလှမယ်အတွက် ငွေတွေ အများကြီး သုံးထားတာ၊ လက်ဖက်ရည်သောက်ပြီး သီချင်းနားထောင်ရုံလောက်နဲ့ ပြီးရမှာလား"
“ဒီစကားက လောကကြီးကို မမြင်ဖူးသေးတဲ့ ဆင်းရဲသား စာပေသမားတွေကိုပဲ လိမ်လို့ရမှာ။ ငါ့ကို လာလိမ်လို့မရဘူး"
သခင်လေးဂျင်း၏ မျက်နှာမှာ မကျေနပ်ချက်များ ဖြင့်တင်းမာနေ၏။
" ဒီချင်းဟွိုင်မြစ်ပေါ်မှာ အနုပညာပဲ ရောင်းတယ်လို့ ပြောတဲ့ မိန်းကလေး ဘယ်လောက်များလဲ၊ တကယ်တမ်းကျတော့ ဘယ်သူက ကိုယ်ခန္ဓာကို မရောင်းစားလို့လဲ"
"ငါ ဒီအလှမယ်အတွက် သုံးထားတဲ့ ငွေတွေက ဒီလိုလှေမျိုး သုံးစင်းတောင် ဝယ်လို့ရတယ်။ မင်းတို့က စီးပွားရေးလုပ်နေတာပဲ၊ အနုပညာရောင်းပါတယ်ဆိုပြီး ဟန်ဆောင်မနေနဲ့။ မင်းတို့က မျိုးရိုးမြင့်တဲ့ မိန်းမပျိုလေးတွေများ ထင်နေသလား"
သခင်လေးဂျင်းက အေးစက်စွာ ဟားတိုက်ရယ်လိုက်၏။
" ဒီည ငါ့ကို စိတ်တိုင်းကျအောင် မလုပ်ပေးနိုင်ရင် မနက်ဖြန်ကျရင် ဒီမင်းတို့လှေ မြစ်အောက်ခြေရောက်သွားလိမ့်မယ်။ ငါပြောတာကို ယုံသလား"
ကျောင်းသခင်မမှာ အလျင်အမြန်ပင် ချော့မော့လိုက်၏။
" သခင်လေးဂျင်းမှာ ရွှေငွေတွေ အများကြီး ပိုင်ဆိုင်တာ၊ ကျွန်မတို့က သခင်လေးကို ဘယ်လိုလုပ် စိတ်ဆိုးအောင် လုပ်ရဲပါ့မလဲ။ အခုချက်ချင်း စီစဉ်ပေးပါ့မယ်၊ အခုချက်ချင်းပါ"
ငွေကြေးသာ ပေးနိုင်ပါက နာမည်ကျော် ပြည့်တန်ဆာ၏ အနုပညာကိုသာ ရောင်းသည်ဆိုသော စကားမှာ ပြက်လုံးမျှသာ ဖြစ်ကြောင်း သခင်လေးဂျင်း ကောင်းကောင်းသိ၏။
မိမိဆန္ဒကို ဖြည့်ဆည်းနိုင်တော့မည်ဟု တွေးမိသဖြင့် သခင်လေးဂျင်း၏ စိတ်မှာ ပို၍ လှုပ်ရှားလာ၏။
ထိုအချိန်တွင် ကိုယ်ရံတော်တစ်ဦး အလျင်အမြန် ရောက်လာပြီး သခင်လေးဂျင်း၏ကိုတစ်ခုခု တိုးတိုးပြောလိုက်၏။
သခင်လေးဂျင်း၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး သူ၏ မူးယစ်မှုမှာလည်း ပျောက်ကွယ်သွား၏။ သူသည် ချက်ချင်းပင် ထရပ်လိုက်ပြီးပန်းလှေပေါ်မှ လှပသော အလှမယ်ကို ပြန်ကြည့်ရင်း ပါးပြင်ကို ညင်သာစွာ ဆွဲလိုက်ကာ ရယ်မောလိုက်၏။
" ဒီသခင်လေး လုပ်စရာကိစ္စလေး ပေါ်လာလို့ ..မနက်ဖြန်ကျမှအလှမယ်လေးကို လာသိမ်းပိုက်မယ်၊ ကောင်းကောင်းလေး နေနှင့်ဦးနော်၊ ဟားဟား.."
သူသည် လှပစွာ အလှဆင်ထားသော ပန်းလှေပေါ်မှ ဆင်းကာ “ရှပ်ဘောတွမ်ဖက်စ်” ဟုခေါ်သော လှေငယ်တစ်ခုသို့ ပြောင်းစီးပြီး အိမ်သို့ အမြန်ပြန်သွား၏။
"အချိန်က နောက်ကျနေပြီ။ အိမ်မှာပဲ ကောင်းကောင်းမနေဘဲ ဘယ်သွားမို့လို့လဲ။ ဘယ်တွေ သွားဖျက်ဆီးနေတာလဲ"
ထိုအသံကို ကြားလိုက်ရချိန်သခင်လေးဂျင်းမှာ အလွန်ပင် ကြောက်ရွံ့သွားပြီးအလျင်အမြန်ပင် ဦးညွှတ်လိုက်၏။
" ဦးလေး၊ ကျွန်တော့်ကို ရှင်းပြခွင့်ပြုပါ။ ကျွန်တော် ဆေးဆိုင်ကိစ္စကို ကြည့်ရှုဖို့ သွားတာပါ။ ဦးလေးက တိုင်ယွမ်ဆေးရုံတော်မှာ တာဝန်ပြီးပြီလား"
သခင်လေးဂျင်း “ဦးလေး” ဟု ခေါ်ဆိုသူမှာ တိုင်ယွမ်ဆေးရုံတော်၏ အကြီးအကဲ ရှန်ချူရုံဖြစ်၏။
"ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ။ ဘာလို့ မမှတ်မိရတာလဲ။ ငါ့ကို ဦးလေးလို့ မခေါ်နဲ့၊ အကြီးအကဲရှန်လို့ ခေါ်။ ငါတို့ ဆက်ဆံရေးကို တခြားသူတွေ မသိစေချင်ဘူး"
"ဒီမှာ တခြားသူမှ မရှိတာ ဦးလေးရယ်။ သိပ်ပြီး သတိထားနေစရာ မလိုပါဘူး"
သခင်လေးဂျင်းက ကိုယ်ကို ကိုင်းညွှတ်ပြီး ရှန်ချူရုံအတွက် လက်ဖက်ရည် တစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်၏။
"ဦးလေး၊ လက်ဖက်ရည် သောက်ပါဦး"
ရှန်ချူရုံလက်ဖက်ရည်ခွက်ကို မလိုက်သည့်အခါ မိတ်ကပ်နံ့ သင်းသင်းလေးကို ရလိုက်၏။
ထိုအနံ့မှာ သခင်လေးဂျင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
တိုင်ယွမ်ဆေးရုံတော်၏ အကြီးအကဲအနေဖြင့် ရှန်ချူရုံ၏ အနံ့ခံနိုင်စွမ်းမှာ အလွန်ထက်မြက်သဖြင့် ဘာဖြစ်နေသည်ကို ချက်ချင်း နားလည်သွား၏။ သို့သော် သူက အေးဆေးပင် မေးလိုက်၏။
"မင်း တကယ်ပဲ ဆေးဆိုင်မှာ ရှိနေတာလား"
"ဟုတ်..."
စကားမဆုံးခင် ရှန်ချူရုံသည် လက်ထဲမှ လက်ဖက်ရည်ခွက်ဖြင်ြ သခင်လေးဂျင်း၏ မျက်နှာပသို့ ပစ်ပေါက်လိုက်ပြီး လက်ကို မြှောက်ကာ တစ်ချက် ပြင်းပြင်းထန်ထန် ရိုက်လိုက်၏။
"မင်း တကယ်ကို ကြီးပြင်းလာပြီ၊ ငါ့ကို လိမ်ရဲတဲ့အထိ ဖြစ်လာပြီပေါ့"
"ဂျင်းအာ မှားမှန်းသိပါပြီ"
သခင်လေးဂျင်းမှာ ရှန်ချူရုံ၏ ခြေထောက်နားတွင် ချက်ချင်း ဒူးထောက်လိုက်၏။
" ခုနက ဂျင်းအာ အပြင်ထွက်ပြီး ပျော်ပါးမိတာ အမှန်ပါ၊ နောက်ဆိုရင် လုံးဝ မလုပ်ရဲတော့ပါဘူး၊ လုံးဝ မလုပ်ပါဘူး။ ဦးလေး စိတ်မဆိုးပါနဲ့၊ စိတ်ဆိုးရင် ခန္ဓာကိုယ် ထိခိုက်မှာ စိုးရိမ်လို့ပါ"
သခင်လေးဂျင်း၏ ကြောက်ရွံ့နေသော ပုံစံကို မြင်သဖြင့် မြှောက်ထားသော လက်မှာ ဖြည်းညင်းစွာ ပြန်ကျသွား၏။ ရှန်ချူရုံမှာ သနားစိတ်ဝင်လာပြီး စိတ်ပျက်စွာ သက်ပြင်းချလိုက်၏။
"မင်းမှာ ဇနီးမယားလေးယောက်တောင် ရှိနေပြီ။ ဘာလို့ ဒီလို လောဘကြီးတဲ့ အကျင့်ဆိုးကို မဖျောက်နိုင်ရတာလဲ။ မင်း အသက်လည်း မငယ်တော့ဘူး၊ ငါကလည်း ကောင်းစေချင်လို့မင်းကို တင်းတင်းကျပ်ကျပ် ဆုံးမနေတာ၊ မင်း ငါ့ကို စိတ်ထဲမှာ မကျေမနပ် ဖြစ်နေမှာပဲ"
"ဦးလေး ဆုံးမတာက ဂျင်းအာ အတွက်ပါ၊ ဂျင်းအာ ဒါကို နားလည်ပါတယ်ဗျ"
အပြင်မှာဆိုလျှင် ငွေကို ရေလိုသုံးပြီး အာဏာပြလေ့ရှိသော သခင်လေးဂျင်းမှာ ယခုတော့ နာခံတတ်သူ ဖြစ်သွား၏။ သူသည် ရှန်ချူရုံ၏ ခြေထောက်ကို ညင်သာစွာ နှိပ်နယ်ပေးရင်း ဂရုတစိုက် မေးလိုက်၏။
" ဦးလေး ဒီလို ညဉ့်နက်သန်းခေါင်မှာ လာတာ၊ အရေးကြီးတဲ့ ကိစ္စရှိလို့ ဖြစ်ရမယ်"
"ဟုတ်တယ်။ကိစ္စရှိတယ်"
ရှန်ချူရုံက ပြောလိုက်၏။
"အန်ကုန်းနျူးဟွမ်ဆေးလုံးရဲ့အခြေအနေ ဘယ်လိုလဲ"
"အန်ကုန်းနျူးဟွမ်ဆေးလုံး နှစ်ထောင့်ငါးရာကို ထုတ်လုပ်ပြီးပါပြီ၊ အခု ထုပ်ပိုးနေပါတယ်။ နောက်ထပ် နှစ်ရက်လောက်ဆိုရင် ပြီးပါပြီ...""
မလိုတော့ဘူး။ အားလုံး ဖျက်ဆီးပစ်လိုက်"
"ဖျက်ဆီးမလို့လား"
သခင်လေးဂျင်း ခဏမျှ ငေးသွားပြီးနောက် အလျင်အမြန် ပြောလိုက်၏။
"ဦးလေး၊ အဲဒီ ဆေးလုံး နှစ်ထောင့်ငါးရာအတွက် ငွေအများကြီး ကုန်ထားတာပါ။ နန်းတော်ကို ပို့ရမယ့်ဟာတွေကို ဘယ်လိုလုပ်..."
"ဖျက်ဆီးလိုက် "
ရှန်ချူရုံ၏ အသံမှာ ပို၍ လေးနက်လာ၏။
"အခုချက်ချင်း ဖျက်ဆီးပစ်လိုက်"
သခင်လေးဂျင်းသည် ထပ်မပြောရဲတော့ဘဲ ခပ်တိုးတိုးသာ ပြန်ဖြေလိုက်၏။
"ဟုတ်ကဲ့၊ ကျွန်တော်အခုပဲ သွားလုပ်ပါ့မယ် ..."
*********
`
အခန်း (၂၁၈) - ရှေးဟောင်းပစ္စည်းများ၊ ပန်းချီကားများနှင့် စာပေလက်ရာများ
အန်ကုန်းနျူးဟွမ်ဆေးလုံး အပုံလိုက်ကို ရေနံဆီများ လောင်းချလိုက်ပြီး ရှန်ချူရုံက သူကိုယ်တိုင် မီးရှို့လိုက်၏။
တောက်လောင်နေသော မီးတောက်များက ရှန်ချူရုံ၏ မျက်နှာကို ထင်ဟပ်နေပြီး လေထဲတွင် ဆေးနံ့များ ပြင်းပြင်းထန်ထန် ပျံ့နှံ့နေ၏။
"ဂျင်းအာ၊ ငါဘာလို့ ဒီပစ္စည်းတွေကို မီးရှို့တာလဲဆိုတာ မင်းသိလား"
"ဦးလေး လုပ်တာမှန်သမျှ အကြောင်းရင်းရှိမှာပါ"
"တိုင်ယွမ်ဆေးရုံတော်ရဲ့ အကြီးအကဲသစ်ကလေ..."
"အဲဒီ ဝူကျိရှန်းလား"
"ဟုတ်တယ်၊ သူပဲ"
ရှန်ချူရုံခေါင်းအနည်းငယ် ငြိမ့်လိုက်၏။
"သူက ဆေးသိုလှောင်ရုံကို စစ်တဲ့အချိန်မှာအန်ကုန်းနျူးဟွမ်ဆေးလုံးတွေကိုပဲ စစ်တာ။ သူတစ်ခုခုကို ရှာတွေ့သွားပုံရတယ်"
ထိုစကားကို ကြားသောအခါ သခင်လေးဂျင်း၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများ ထင်ဟပ်လာ၏။
"ကံကောင်းလို့ တိုင်ယွမ်ဆေးရုံတော်က အဲဒီဆေးတွေကို အချိန်မီ ရှင်းလိုက်နိုင်တာ၊ သူဘာမှ မတွေ့လိုက်ရဘူး။ တော်ပါသေးရဲ့"
ရှန်ချူရုံမှာ ယခုတိုင် စိတ်မအေးသေးပေ။
"သူသာ ဆယ်ရက် ဒါမှမဟုတ် တစ်လလောက် စောပြီး စစ်ဆေးခဲ့ရင်တော့ အကြီးအကျယ် ပျက်စီးသွားမှာပဲ"
"သူတာဝန်ထမ်းဆောင်တာ လအတော်ကြာပြီ၊ သူက အမြဲတမ်း ငြိမ်ငြိမ်နေတာ။ ရုတ်တရက် ဆေးသိုလှောင်ရုံကို စစ်ဆေးတာ၊ အထူးသဖြင့် အန်ကုန်းနျူးဟွမ်ဆေးလုံးတွေကို စစ်တာက သူ့မှာ အကြောင်းရင်း တစ်ခုခုတော့ ရှိနေတာ သေချာတယ်"
"တိုင်ယွမ်ဆေးရုံတော်ဘက်ကတော့ဘာအားနည်းချက်မှ ပေါက်ကြားစရာ မရှိဘူး။ ပြဿနာက မင်းဘက်မှာပဲ ရှိနိုင်တယ်"
ရှန်ချူရုံက မီးထဲသို့ ဆီများ ထပ်လောင်းလိုက်သဖြင့် မီးတောက်မှာ ပို၍ တောက်လောင်လာ၏။
" မင်းဘက်မှာ ဘာအမှားမှ မလုပ်မိဘူးလား"
"မလုပ်မ်ိပါဘူး"
သခင်လေးဂျင်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
"ဒီဆေးဆိုင်က အလုပ်သမားတွေက ကျွန်တော်တို့နဲ့ အတူရှိနေတာ နှစ်အတော်ကြာပြီ။ သူတို့အားလုံးက ဘာက အရေးကြီးလဲဆိုတာ သိကြတယ်၊ ဘာသဲလွန်စမှ ချန်ထားမှာ မဟုတ်ဘူး"
"ဒါဆို ဝူကျိရှန်းက ဘာလို့ ဒီလို အချိန်အခါမှာ စစ်ဆေးရတာလဲ"
"ဖြစ်နိုင်တာက... "
သခင်လေးဂျင်းက ရှန်ချူရုံကို ခိုးကြည့်လိုက်ပြီး စကားတစ်ခွန်းကို ပြောမလိုလိုနဲ့ တုံ့ဆိုင်းနေ၏။
"ပြော .."
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က နန်းတော်အတွက် ဆေးဝါးတင်သွင်းမယ့်သူရွေးချယ်တဲ့အချိန်က ဆေးဆိုင်အချို့ကလည်း ပါဝင်ချင်ကြတယ်လေ..."
နန်းတွင်းကိုဆေးဝါး ပံ့ပိုးပေးခြင်းမှာ ကြီးမားသော အမြတ်အစွန်းများ ရရှိသဖြင့် အားလုံးက တိုင်ယွမ်ဆေးရုံတော်၏ ပံ့ပိုးပေးသူ ဖြစ်ချင်ကြ၏။ နှစ်စဉ်ပြုလုပ်သော ရွေးချယ်ပွမှာ တကယ်တမ်းတွင် လေလံတင်ပွဲ ဖြစ်၏။
၎င်းမှာလည်း ဟန်ပြသာဖြစ်ပြီး အဆုံးသတ်တွင် ထိုအမြတ်အစွန်းကောင်းသော အလုပ်ကို မည်သူရမည်ကို တိုင်ယွမ်ဆေးရုံတော်ကသာ ဆုံးဖြတ်ခြင်း ဖြစ်၏။
သခင်လေးဂျင်းမှာ ရှန်ချူရုံ၏ တူအရင်းဖြစ်ပြီးမျက်နှာသာအပေးခံရဆုံးသူဖြစ်၏။အမှန်တွင် ရှန်ချူရုံကိုယ်တိုင်ကသာ ဝယ်သူရော၊ ရောင်းသူပါ၊ ဒိုင်လူကြီးရော၊ ကစားသမားပါ ဖြစ်နေခြင်း ဖြစ်၏။ လေလံပွဲ မည်မျှပင် ဖြစ်ပါစေ၊ ဤအလုပ်မှာ ရှန်ချူရုံထံသို့သာ ရောက်ရှိမည် ဖြစ်၏။
သူကိုယ်တိုင် ပေါ်ပေါ်ထင်ထင် လုပ်ရန် အဆင်မပြေသောကြောင့် သခင်လေးဂျင်းကို အရုပ်အဖြစ် သုံးခြင်းသာ ဖြစ်၏။
တိုင်ယွမ်ဆေးရုံတော်၏ ဆေးဝါးပံ့ပိုးမှုအားလုံးကို ရှန်ချူရုံကထိုသို့ပင် ကိုင်တွယ်၏။ အမြဲတမ်း အတွင်းလူများသာ ပါဝင်ပြီး အပြင်လူတို့ မည်သည့်အခါမျှ အခွင့်အရေး မရရှိနိုင်ပေ။
"ဒီတစ်ခါ အန်ကုန်းနျူးဟွမ်ဆေးလုံး ရွေးချယ်ပွဲမှာ ဆေးဆိုင်ငါးဆိုင် ပါဝင်တယ်။ တခြား လေးဆိုင်ကတော့ အဆင်ပြေပေမဲ့ လျူဆေးဆိုင်က လျူဟန်လျန်ကတော့ နည်းနည်း ကပ်တယ်၊ သူနောက်ကွယ်ကနေ လုပ်နေတာများလား"
"ငါ လျူဟန်လျန်၊ ကျန်းဟန်လျန် ဆိုတာတွေကို စိတ်မဝင်စားဘူး။ အဓိကကတော့ ဒီကိစ္စကို အမြန်ဆုံး ရှင်းလိုက်၊ နောက်ဆက်တွဲ ပြဿနာတွေ မတက်စေနဲ့"
"ဟုတ်ကဲ့"
"နောက်ပြီး မနက်ဖြန်ကျရင် ဇီကူစာကြည့်တိုက်ကိုသွားပြီး ရှေးဟောင်းပစ္စည်းတွေ၊ ပန်းချီကားတွေနဲ့ စာပေလက်ရာတွေ ဝယ်ခဲ့လိုက်ဦး"
"ဟုတ်ကဲ့"
ရှန်ချူရုံမှာ တူဖြစ်သူအပေါ် အတော်လေး စိတ်ကျေနပ်၏။ သူသည် မိန်းမကိစ္စတွင် အားနည်းချက်ရှိပြီး လူရှုပ်တစ်ယောက်ဖြစ်နေသော်လည်း ရှန်ချူရုံ၏ စကားတိုင်းကိုတော့ နာခံ၏။
ရှန်ချူရှုံ ပြောသမျှကို အမှားအယွင်းမရှိ လိုက်နာ၏။
ရှန်ချူရုံတွင် သားသမီးမရှိသဖြင့်တူဖြစ်သူကိုသားကဲ့သို့ပင်သဘောထား၏။ ရောင်ရမ်းနေသော သူ၏ ပါးပြင်ကို မြင်ရသဖြင့် ရှန်ချူရုံမှာ နောင်တရမိ၏။ ခုနက ရိုက်လိုက်သော အချက်မှာ ပြင်းလွန်းသွားခြင်း ဖြစ်၏။
" ဂျင်းအာ၊ မင်းမျက်နှာ နာနေသေးလား"
"မနာပါဘူး။ ဦးလေး ရိုက်တာက ကျွန်တော့်ကို အောင်မြင်စေချင်လို့၊ ကျွန်တော့်အတွက် ကောင်းစေချင်လို့ပါ"
ရှန်ချူရုံက တူဖြစ်သူကို မေတ္တာအပြည့်ဖြင့် ကြည့်လိုက်၏။
" မင်းအတွက် ကောင်းစေချင်လို့ လုပ်တာကို သိတာနဲ့ပဲ ဦးလေးရဲ့ ပင်ပန်းရကျိုး နပ်ပါပြီ..."
ရှန်ချူရုံက သခင်လေးဂျင်းကို လမ်းညွှန်နေချိန်တွင် ဝူကျိရှန်းမှာလည်း လူကြီးတစ်ဦး၏ ဆုံးမစကားကို နားထောင်နေရ၏။
" အခု မင်းက ရာထူးကြီးတဲ့အရာရှိကြီးတစ်ဦး ဖြစ်နေပြီဆိုတော့ အရာရှိလောကရဲ့ စည်းကမ်းတွေကို ပိုနားလည်သင့်တယ်... "
ဝူကျိရှန်း၏ ယောက္ခမ ဖြစ်သူ ခရိုင်ဝန်ရှန်လင်က သူ့ကို အရာရှိဖြစ်ခြင်း၏ လျှို့ဝှက်ချက်ကို သင်ပေးနေခြင်းဖြစ်၏။
"အရာရှိတစ်ယောက်ဖြစ်ဖို့က လူရည်ချွန် ဖြစ်ဖို့ လိုတယ်၊ အရေးကြီးဆုံးကတော့ သဟဇာတ ဖြစ်ဖို့ပဲ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် နေရမယ်..."
"အရာရှိဖြစ်ဖို့ သဟဇာတ လိုသလို ပဲပြားရောင်းဖို့လည်း သဟဇာတ လိုတာပါပဲ"
အဘိုးအိုတင်က အရာရှိလောကအကြောင်း နားမလည်သော်လည်း လူ့သဘောသဘာဝကို နားလည်၏။
"ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ သဟဇာတ ရှိခြင်းက အကျိုးရှိတာပဲ"
လူကြီးနှစ်ဦး၏ ထပ်ခါတလဲလဲ ဆုံးမစကားကြောင့် ဝူကျိရှန်းမှာထပ်တလဲလဲ ခေါင်းငြိမ့်နေရ၏။
ယောက္ခမ ရှန်နှင့် အဖေဖြစ်သူအဘိုးအိုတင်တို့မှာ ယနေ့မှ မြို့တော်သို့ ရောက်ရှိလာကြပြီး မိသားစုစုံလင်စွာဖြင့် ညစာကို ပျော်ရွှင်စွာ စားသောက်နေကြ၏။
ဟုန်ဝူခေတ်တွင် အရာရှိလုပ်ရသည်မှာ မလွယ်ကူပေ။ခရိုင်ဝန်ရှန်မှာ တာဝန်သက်တမ်းကို ချောမွေ့စွာ ပြီးဆုံးအောင် ထမ်းဆောင်ခဲ့ပြီးနောက်ရာထူးမှ နုတ်ထွက်ကာ ဇာတိမြေသို့ ပြန်လည် အနားယူတော့မည်ဖြစ်သည်။
ခရိာင်ဝန်ရှန်နှင့်ဇနီးတို့တွင်သားသမီးအနေဖြင့်သခင်မလေးရွန့်တစ်ဦးသာရှိ၏။ ရာထူးတာဝန်များမှ လွတ်မြောက်ပြီးနောက်တွင် သမီးနှင့်သမက်ဆီကို လာရောက်လည်ပတ်ရင်း အဘိုးအိုတင်ကိုလည်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အဘိုးအိုတင်မှာမူ မူလက မလာချင်ပေ။ ဝူကျိရှန်းကို “ဒုက္ခ” ပေးမိမည်ကို စိုးရိမ်ပြီး မြို့ငယ်လေးတွင် ပဲပြားသာ ဆက်ရောင်းချင်၏။ ခရိုင်ဝန်ရှန်လင်တို့ဇနီးမောင်နှံ၏ အတင်းအကျပ် တိုက်တွန်းမှုကြောင့်သာ မြို့တော်သို့ မလွှဲမရှောင်သာ လိုက်ပါလာခြင်း ဖြစ်၏။
အဘိုးအိုတင်သည် လွယ်အိတ်ထဲမှ ကလေးကစားစရာ ပုလွေတစ်ချောင်းကို ထုတ်လိုက်၏။ သူ၏ တွန့်လိမ်နေသော မျက်နှာတွင် ကျေနပ်သည့် အပြုံးများ ပြည့်နှက်နေ၏။
"ကျိရှန်း၊ မင်းက အရာရှိကြီးဖြစ်လာပြီ၊ မင်းနဲ့ ရွန့်လည်း အဆင်ပြေပြေ နေနေကြတာ မြင်ရတော့ ငါ့မှာ ပျားရည်သောက်လိုက်ရသလိုပဲ စိတ်ချမ်းသာလိုက်တာ။ ငါ ဘာကောင်းတာမှ မပြင်ဆင်လာရဘူး၊ ဒါလေးပဲ လုပ်လာခဲ့တာပါ။ မင်းတို့မှာ ကလေးရလာရင် ကစားစရာလေးပေါ့...
အဘိုးအိုတင်သည် ကလေးကစားစရာကို ကိုယ်တိုင်လုပ်၍ ဝူကျိရှန်းကို ပေးခြင်း၏ရည်ရွယ်ချက် ထင်ရှားနေ၏။ မင်းတို့ လက်ထပ်တာ ကြာပြီ၊ ကလေးရဖို့ အချိန်တန်ပြီ။
သခင်မလေးရွန့်မှာ ရှက်တတ်သူဖြစ်သဖြင့် အဘိုးအိုတင်၏ ကလေးယူရန်တိုက်တွန်းချက်ကြောင့် မျက်နှာတစ်ခုလုံး ရဲသွား၏။ သူမသည် ခေါင်းငုံ့ကာ စကားမပြောရဲဘဲ လက်သည်းကိုသာ ကုတ်နေ၏။
"ရှက်နေလို့ မရဘူး။ ဒါက ဘယ်တော့မဆို ပြောရမယ့် စကားပဲ"
ရှန်လင်ကအဘိုးအိုတင်၏ စိတ်ဆန္ဒကို အပြည့်အဝ ထောက်ခံလိုက်၏။
"မကောင်းမှု သုံးခုထဲမှာ အမျိုးအနွယ် မဆက်ခံခြင်းက အကြီးဆုံးပဲ။ မင်းတို့ လက်ထပ်တာ ကြာပြီ၊ ကလေးတောင် မရသေးဘူး။ မင်းတို့ မပူရင်တောင် ငါကတော့ ပူတယ်..."
"တကယ်တော့... "
သခင်မလေးရွန့်၏ မျက်နှာမှာ ပို၍ ရဲလာကာ မကြားတကြား တိုးတိုးလေး ပြောလိုက်၏။
"ကျွန်မ ကိုယ်ဝန်ရှိနေပါပြီ..."
ထိုစကားကို ကြားသောအခါ လူကြီးသုံးဦးမှာ အလွန်ပျော်ရွှင်သွားကြ၏။
သခင်မလေးရွန့်မှာ ကိုယ်ဝန်ရှိနေသည်မှာ မှန်သော်လည်း နှစ်လကျော်ကျော်သာ ရှိသေး၏။
"အမိတာဘာ၊ ဘုရားသခင် ကောင်းချီးပေးပါစေ၊ ကလေးပေးနတ်သမီး ကောင်းချီးပေးပါစေ"
ရှန်ကတော်မှာဝမ်းသာအားရ ဆုတောင်းနေ၏။
" နောက်ဆုံးတော့ ကိုယ်ဝန်ရှိသွားပြီ၊ နောက်ဆုံးတော့ ကိုယ်ဝန်ရှိသွားပြီ..."
ညစာစားပြီးနောက်တွင် ရှန်ကတော်မှာ သခင်မလေးရွန့်ကိုကိုယ်ဝန်ဆောင် လိုအပ်ချက်များ အကြောင်း ဆက်လက် သင်ကြားပေးနေ၏။ အဘိုးအိုတင်၊ ယောက္ခမဖြစ်သူရှန်လင်နှင့် ဝူကျိရှန်းတို့မှာ ဝင်ထိုင်ရန် မသင့်တော်သဖြင့် အပြင်သို့ ထွက်ကာ လေညင်းခံရင်း စကားပြောကြ၏။
"သားမက်ဝူ၊မင်းက ပဉ္စမအဆင့် အရာရှိဖြစ်ပြီး စတုတ္ထအဆင့် အရာရှိဝတ်စုံကို ဆင်မြန်းခွင့် ရထားတာ။ အရာရှိတစ်ယောက်လို နေရမယ်၊ နေ့စဉ်ဘဝကို ပိုပြီး ဂုဏ်ရှိရှိ နေထိုင်သင့်တယ်"
ရှန်လင်က ခြံငယ်လေးကို ကြည့်၍ ပြောလိုက်၏။
" ဒီလို ကျဉ်းကျပ်တဲ့ နေရာမှာပဲ နေနေတာလား။ ပိုက်ဆံနည်းနည်း သုံးပြီး ပိုကြီးတဲ့ အိမ်တစ်လုံး မဝယ်သင့်ဘူးလား။ နောက်ပြီး ရွန့်ကလည်း ကိုယ်ဝန်ရှိနေတာ၊ သူ့ကို ပြုစုဖို့ အစေခံတွေလည်း လိုဦးမယ်"
တကယ်လည်းပိုကြီးသော အိမ်တစ်လုံးကို ပြောင်းရွှေ့ဖို့ အချိန်တန်ပြီ ဖြစ်၏။ အိမ်ငှားနေခြင်းမှာ ရေရှည်အတွက် အဆင်မပြေပေ။
"ဟုတ်ကဲ့၊ အားလပ်ချိန်ရရင် သင့်တော်တဲ့ အိမ်တစ်လုံး ဝယ်လိုက်ပါ့မယ်"
"မြို့တော်မှာ အိမ်ဝယ်တာ ဈေးကြီးမှာပဲ။ ငါ အရာရှိလုပ်လာတာ တစ်သက်လုံးပဲ၊ ပိုက်ဆံသိပ်မစုမိဘူး"
ယောက္ခမက ရယ်မောရင်း ပြောလိုက်၏။
" ကံကောင်းထောက်မပြီးငါ့မှာ စုထားတဲ့ ပန်းချီကား လက်ရာတွေ ရှိသေးတယ်၊ တန်ဖိုးရှိနိုင်ပါတယ်။ မင်း ယူသွားပြီး ရောင်းလိုက်၊ အိမ်ဝယ်ဖို့ အထောက်အကူ ဖြစ်မှာပါ..."
"မလိုပါဘူး၊ မလိုပါဘူး၊ ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်၊ အိမ်ကြီးတစ်လုံး ဝယ်ဖို့ လုံလောက်တဲ့ ပိုက်ဆံ ရှိပါတယ်"
"မင်းပိုက်ဆံက မင်းဟာလေ။ ငါပေးတာက ငါ့စိတ်စေတနာပါ။ အဲဒီ ပန်းချီကားတွေကလည်း အလကားပါပဲ။ သင်္ချိုင်းထဲ ယူသွားတာထက်စာရင် ရောင်းစားပြီး မင်းသုံးတာ ပိုကောင်းတာပေါ့"
*********