← Chapters

အခန်း (၂၁၉-၂၂၀)

Vol. 21 Ch. 219-220

အခန်း (၂၁၉-၂၂၀)

Vol. 21 Ch. 219-220

`

`

အခန်း (၂၁၉) - လှည့်ပတ်ခြင်း

နောက်တစ်နေ့တွင် ဝူကျိရှန်းသည် ရှေးဟောင်းပစ္စည်းများ၊ ပန်းချီကားများနှင့် စာပေလက်ရာအမြောက်အမြားကို သယ်ဆောင်ကာ ဇီကူစာကြည့်တိုက်ဟု အမည်ရသော ဆိုင်သို့ ရောက်လာ၏။

"ကျွန်တော့်ဆီမှာ ပန်းချီကားနဲ့ စာပေလက်ရာအချို့ ရှိပါတယ်။ ဆိုင်ရှင်အနေနဲ့ တန်ဖိုးဖြတ်ပေးပြီး ငွေဘယ်လောက် ရနိုင်မလဲဆိုတာ ကြည့်ပေးပါဦး"

ဇီကူစာကြည့်တိုက်၏ ဆိုင်ရှင်သည် ပန်းချီကားတစ်ချပ်ကို ဖြန့်ကြည့်ပြီး သေချာစစ်ဆေး၏။

"အင်း၊ မှင်စွန်းတွေက ပေါ့ပါးပြီး သေသပ်တယ်၊ စုတ်ချက်တွေကလည်း ကောင်းတယ်၊ တံဆိပ်တုံးတွေကလည်း မှန်တယ်။ ဒါဟာ ပိုင်ရှိုးရှီးရဲ့ စစ်မှန်တဲ့ လက်ရာပဲ"

ယောက္ခမသည် အရာရှိလောကတွင် ကြာမြင့်စွာ တာဝန်ထမ်းဆောင်ခဲ့ရသဖြင့် ထိုကဲ့သို့ နာမည်ကျော် ပန်းချီကားများကို စုဆောင်းထားခြင်း ဖြစ်၏။ အသုံးမလိုတော့သဖြင့် အိမ်ဝယ်ရန်အတွက် ဝူကျိရှန်းကို ရောင်းချခိုင်းခြင်း ဖြစ်၏။

"ဒီပန်းချီကားက ဘယ်လောက်တန်သလဲ"

"ငွေဒင်္ဂါး သုံးဆယ်ပါ"

"သုံးဆယ်လား"

နာမည်ကျော် ပန်းချီဆရာတစ်ဦးလက်ရာစစ်စစ်က ငွေသုံးဆယ်သာ တန်သလား။

ဝူကျိရှန်းမှာ၎င်း‌ ဈေးနှုန်းအတွက် အံ့အားမသင့်ပေ။ သူသည် ရှေးဟောင်းပစ္စည်းဆိုင်များကို လိုက်လံမေးမြန်းခဲ့ပြီးဖြစ်ရာ ဆိုင်တိုင်းကထို‌ ငွေမျှသာ ပေးကြ၏။

ပစ္စည်းများမှာ မှန်ကန်သော နာမည်ကျော်လက်ရာများ ဖြစ်သော်လည်း ရှေးဟောင်းပန်းချီကားတိုင်းမှာ တန်ဖိုးမဖြတ်နိုင်သော ပစ္စည်းများ ဖြစ်မနေနိုင်ပေ။

ပန်းချီကား၏ ပိုင်ရှင်မှာ ယွမ်မင်းဆက်နှောင်းပိုင်းက ပုဂ္ဂိုလ်ဖြစ်ပြီး သူကွယ်လွန်ခဲ့သည်မှာ နှစ်သုံးဆယ်ပင် မရှိသေးပေ။ ထို့အပြင် ပိုင်ရှိုးရှီးမှာ ပန်းချီကားများစွာ ရေးဆွဲခဲ့သူ ဖြစ်သဖြင့် သူ၏လက်ရာများမှာ နေရာတိုင်းတွင် ရှိနေကာ သာမန်လက်ရာများ ဖြစ်နေ၏။

သူကိုယ်တိုင်ကလည်း ထိပ်တန်းပန်းချီဆရာ မဟုတ်သည့်အတွက် လက်ရာများစွာ ရှိနေသောကြောင့် မြင့်မားသော ဈေးနှုန်းကို မရနိုင်ပေ။

"ကျေးဇူးပြုပြီး ကျန်တာတွေကိုလည်း ကြည့်ပေးပါဦး..."

ဝူကျိရှန်းတွင် ပန်းချီကား ခုနစ်ချပ်၊ ရှစ်ချပ်ခန့် ရှိသော်လည်း အားလုံးမှာ သာမန်လက်ရာများသာ ဖြစ်၏။ ဇီကူစာကြည့်တိုက် ဆိုင်ရှင်၏ ဈေးနှုန်းအရ အားလုံးပေါင်းမှ ငွေသုံးရာကျော်သာ တန်ဖိုးရှိ၏။

ခရိုင်ဝန်ရှန်လင်မှာ ရာထူးမြင့်သူ မဟုတ်သဖြင့် တန်ဖိုးမဖြတ်နိုင်သော မျိုးရိုးစဉ်ဆက် လက်ရာများကို စုဆောင်းထားရန် မဖြစ်နိုင်ပေ။

"ကောင်းပြီ၊ ကျွန်တော် ရောင်းမယ်။ အားလုံး ရောင်းမယ်"

ဤသို့ဖြင့် ဝူကျိရှန်းသည် ယောက္ခမပေးလိုက်သော ပန်းချီကားအားလုံးကို အားရောင်းချလိုက်၏။

ဆိုင်ရှင်က ငွေချိန်ရန် စက်ကို ထုတ်နေစဉ်တွင် သခင်လေးဂျင်းမှာ ဆိုင်သို့ ရောက်လာ၏။

သခင်လေးဂျင်းသည် ဝူကျိရှန်းကို မသိသကဲ့သို့ ဝူကျိရှန်းသည်လည်း သခင်လေးဂျင်းကို မသိပေ။

"ဒါက ခင်ဗျားရဲ့ ငွေ၊ အားလုံးပေါင်း ငွေသုံးရာနှစ်ဆယ်ပါ။ သေချာသိမ်းထားပါဦး"

ဆိုင်ရှင်သည် ငွေများကို သေချာ ထုပ်ပိုးပေးပြီး ဝူကျိရှန်းအား လေးစားစွာ ပေးအပ်လိုက်၏။ဝူကျိရှန်းသည် ငွေများကို သယ်ဆောင်ကာ ပြန်ထွက်သွား၏။

"သခင်လေးဂျင်းက တကယ့်ကို အထူးဧည့်သည်ပါပဲ"

ဝူကျိရှန်း ပြန်သွားပြီးနောက်တွင် ဆိုင်ရှင်သည် သခင်လေးဂျင်းကို ကြိုဆိုလိုက်၏။

"ဒီတစ်ခါ ဘယ်လို ရှေးဟောင်းပစ္စည်းမျိုး ရှာနေတာလဲ"

သခင်လေးဂျင်းမှာ ထိုဆိုင်သို့ ပထမဆုံးအကြိမ် လာခြင်းမဟုတ်ဘဲ ဆိုင်ရှင်နှင့် အလွန်ခင်မင်ပုံရ၏။

"ဒီရက်ပိုင်းအတွင်း ထူးထူးခြားခြား ပစ္စည်းအသစ်တွေ ရထားတာ ရှိလား"

"ရှိပါတယ်၊ ရှိပါတယ်"

ဆိုင်ရှင်သည် ဝူကျိရှန်း ချထားခဲ့သော ပန်းချီကားများထဲမှ တစ်ချပ်ကို ကောက်ကိုင်ပြီးပြလိုက်၏။

"ဒီ “ကမ်းပါးယံပေါ်မှ ထင်းရှူးလှိုင်းများ” ကို ကြည့်ကြည့်ပါဦး။ ပိုင်ရှိုးရှီးရဲ့ လက်ရာပါ။ မှင်စွန်း၊ အရောင်သွေးတွေက တကယ်ကို လက်ရာမြောက်တယ်"

ခဏလေးက ဝူကျိရှန်းကို “သာမန်” ဟု ပြောခဲ့သော်လည်း အခုတော့ သခင်လေးဂျင်းကို “လက်ရာမြောက်” သည်ဟု လှည့်ပြောလိုက်၏။ရှေးဟောင်းပန်းချီကား အရောင်းအဝယ်ဆိုသည်မှာ ဤသို့ပင် ဖြစ်၏။

သခင်လေးဂျင်းမှာ ပန်းချီကားကို တစ်ချက်ပင် မကြည့်ဘဲ ပေါ့ပေါ့ဆဆ ပြောလိုက်၏။

"ဒီပန်းချီကားက ကောင်းသားပဲ။ ကျွန်တော် သဘောကျတယ်။ ဘယ်လောက်လဲ"

ဆိုင်ရှင်မှာ ဘာမှမပြောဘဲ လက်ချောင်းတစ်ချောင်းကို သခင်လေးဂျင်း၏ မျက်စိရှေ့တွင် ထောင်ပြလိုက်၏။

သခင်လေးဂျင်းသည် စကားမပြောဘဲ ရွှေချောင်း လေးချောင်းကို စားပွဲပေါ်သိုတင်လိုက်ပြီး ပန်းချီကားကို ယူကာ ထွက်သွား၏။

ရွှေချောင်း လေးချောင်းမှာ ငွေဒင်္ဂါး တစ်ထောင်နှင့် ညီမျှ၏။

ဝူကျိရှန်းထံမှ ငွေသုံးရာကျော်ဖြင့် ဝယ်ယူထားသော ပစ္စည်းများထဲမှ တစ်ချပ်ကို ယူ၍ သခင်လေးဂျင်းထံ ငွေတစ်ထောင်ဖြင့် ပြန်ရောင်းခြင်းမှာ အမြတ်အစွန်း ကြီးမားလှ၏။

ဒီလုပ်ငန်းကတော့ တကယ်ကို တစ်မျိုးပဲ။

သခင်လေးဂျင်းက အရူးတစ်ယောက်လား။

လုံးဝ မဟုတ်ပေ။

သူသည် ဝူကျိရှန်းက ပန်းချီကားများကို ငွေသုံးရာကျော်ဖြင့်သာ ရောင်းသွားသည်ကို ကိုယ်တိုင် မြင်ခဲ့၏။ ဆိုင်ရှင်ကလည်း သူ့ရှေ့တွင် တစ်ထောင်တောင်းသည်မှာ လိမ်ညာနေခြင်း ဖြစ်မှန်း သိ၏။သို့သော် သခင်လေးဂျင်းသည် ဘာမျှမပြောဘဲ ငွေပေးကာ ထွက်သွား၏။

အဘယ်ကြောင့်ဆိုသော် သခင်လေးဂျင်းမှာ ဇီကူစာကြည့်တိုက်၏ ပိုင်ရှင်အမှန်မှာ မည်သူဖြစ်သည်ကို ကောင်းကောင်းသိ၏။

ဤဆိုင်ကို တိုင်ယွမ်ဆေးရုံတော်မှ ဆေးပညာရှင်ကြီး ရှဲ့ထျန်းယင်း၏ ဆွေမျိုးတစ်ဦးက ဖွင့်ထားခြင်း ဖြစ်၏။ ပန်းချီကားများဝယ်ယူခြင်းမှာဟန်ပြသာ ဖြစ်၏။

“အန်ကုန်းနျူးဟွမ်ဆေးလုံး” ကိစ္စတွင် ဆေးပညာရှင်ကြီး ရှဲ့ထျန်းယင်းက အကူအညီ ပေးထားသဖြင့် သူကျေးဇူးတင်ကြောင်း ပြသရပေမည်။

ငွေအမြောက်အမြားကို လက်ဆောင်အဖြစ် တိုက်ရိုက်ပေးရန်မှာ မဖြစ်နိုင်ပေ။

ပန်းချီကား ဝယ်သည်ဆိုသော အကြောင်းပြချက်ဖြင့် ငွေတစ်ထောင်ကို ဇီကူစာကြည့်တိုက်သို့ ပေးလိုက်ခြင်းမှာ ရှဲ့ထျန်းယင်းထံသို့ ငွေပေးခြင်းသာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရှေးဟောင်းပန်းချီကားများမှာ တန်ဖိုးအတိအကျ မရှိပေ။ တရားရုံးက စစ်ဆေးလျှင်တောင် ဈေးနှုန်းကို မသိ၍ ပေးမိသည်ဟု အကြောင်းပြနိုင်ကာ လာဘ်ပေးလာဘ်ယူမှုနှင့် မပတ်သက်ဟု ငြင်းဆိုနိုင်၏။

သာမန်ဆိုင်လေးဟု ထင်ရသော ဤဇီကူစာကြည့်တိုက်မှာ ရှဲ့ထျန်းယင်း၏ လာဘ်ငွေလက်ခံရာနှင့် ငွေကြေးခဝါချရာ နေရာ ဖြစ်၏။

သခင်လေးဂျင်းနှင့် ဆိုင်ရှင်တို့မှာ ဤကိစ္စကို ကောင်းစွာ သိကြ၏။

အရောင်းအဝယ်မှာ အတု၊ အကျိုးအမြတ် လွှဲပြောင်းမှုမှာ အစစ် ဖြစ်၏။

ဝူကျိရှန်း၏ ပန်းချီကားမှာ အရေးမပါ၊ အသုံးအဆောင်သက်သက်သာ ဖြစ်၏။ အိမ်သာသုံးစက္ကူကို ပေးလျှင်တောင် သူက ငွေတစ်ထောင်ကို ပေးရမည်ပင် ဖြစ်၏။

ရှဲ့ထျန်းယးင်က အန်ကုန်းနျူးဟွမ်ဆေးလုံး ကိစ္စကို ဖုံးဖိပေးထားသည်၊ “ကျေးဇူးတင်ကြောင်း” ပြသင့် ပေသည်။

ရရှိသော အကျိုးအမြတ်မှာ ပေးအပ်သော အကူအညီနှင့် ထပ်တူဖြစ်ပြီး “ဈေးနှုန်း” မှာလည်း ရှင်းလင်း၏။ သို့သော် “အတွင်းလူ” များသာ သိရှိနိုင်၏။ အပြင်လူတို့ကတော့ သခင်လေးဂျင်းကို တန်ဖိုးမရှိသော ပစ္စည်းများအတွက် ငွေအများကြီး သုံးဖြုန်းနေသည့် အရူးဟုသာ ထင်ကြလိမ့်မည်။

သခင်လေးဂျင်းမှာ ဤသို့သော အပြုအမူမျိုးကို အကြိမ်ကြိမ် လုပ်ဖူး၏။ သူသည် နောက်ကွယ်မှ လည်ပတ်ပုံများကို ကောင်းစွာ သိရှိပြီး သူဝယ်လိုက်သော “နာမည်ကျော်လက်ရာ” မှာ တန်ဖိုးမရှိကြောင်း သိ၏။

သခင်လေးဂျင်းမှာ အလှမယ်များကိုသာ စိတ်ဝင်စားပြီး ပန်းချီကားများကို စိတ်မဝင်စားပေ။

သူသည် ပန်းချီကားကိုပင် ကြည့်ရန် ပျင်းရိသူဖြစ်၏။ လမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် စက္ကူလုံးအဖြစ် လုံးချေကာ လမ်းဘေးရှိ အမှိုက်ပုံထဲသို့ ပစ်လိုက်၏။

သကြားဖြင့်လှော်ထားသော မြေပဲရောင်းသူတစ်ဦးက ထိုပန်းချီကားကို ကောက်ယူလိုက်၏။သူသည် ပန်းချီပညာကို နားမလည်သူဖြစ်၍ ဝူဒေါင်ဇီ၏ လက်ရာစင်စစ်ကိုပင် အမှိုက်အဖြစ်သာ သုံးလိမ့်မည်ဖြစ်သည်။

သူသည် ပန်းချီကားကို မသိသော်လည်း ချင်းချင်းကိုမူ သိ၏။ ချင်းချင်းမှာ သူ့ဆိုင်သို့ မကြာခဏ လာရောက်လေ့ရှိ၏။

"သခင်မလေးချင်းချင်း၊ သခင်မလေးချင်းချင်း"

ချင်းချင်းကို မြင်လျှင် မြေပဲရောင်းသူမှာ ဝမ်းသာအားရ ခေါ်လိုက်၏။ လှော်ပြီးစ မြေပဲတွေ၊ အလုံးကြီးတွေ၊ သခင်မလေးချင်းချင်း တစ်လျန်လောက် ယူမလား"

ပြီးခဲ့တဲ့တစ်ခေါက် ရှင်ပေးလိုက်တဲ့ မြေပဲတွေထဲမှာ အပုပ်တွေ၊ ခါးတဲ့အစေ့တွေ ပါနေတယ်။ ကျွန်မ ရှင့်ဆီက ထပ်မဝယ်တော့ဘူး"

"ဒီတစ်ခါတော့ အပုပ်လုံးဝမပါဘူးလို့ ကျွန်တော် အာမခံပါတယ်၊ တစ်စေ့မှ မပါဘူး..."

"ကောင်းပြီ၊ အဲလိုဆိုဝယ်မယ်။ တစ်လျန်ပေးပါ..."

"တစ်လျန်မကလောက်ပါဘူး၊ အားလုံး ချိန်ပေးလိုက်မယ်"

မြေပဲရောင်းသူသည် ချင်းချင်းအတွက် မြေပဲများကို ချိန်ပေးလိုက်ပြီး သူတွေ့ထားသော စက္ကူကို ယူကာ မြေပဲများကို ထုပ်ပေးလိုက်၏။

*********

`

အခန်း (၂၂၀) - ဘာလို့ ဆေးပညာကို မသင်ယူရတာလဲ

ချင်းချင်းသည် သကြားဖြင့်လှော်ထားသော မြေပဲထုပ်ကြီးကို ကိုင်ကာ ပြန်လာစဉ် လမ်းဆုံတစ်ခုတွင် ချန်လျိုယီ၏ ဇနီးနှင့် ဆုံမိ၏။

ချန်လျိုယီ၏ ဇနီးသည် ကြက်ဥထည့်ထား‌သောခြင်းတောင်းတစ်လုံးကို ကိုင်ထားပြီး မျက်နှာမှာ စိတ်ပျက်လက်ပျက် ဖြစ်နေ၏။ သူမ၏ နောက်တွင် အသက် ၁၄နှစ်ကျော် ၁၅ နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦး လိုက်ပါလာသည်။

ထိုဆယ်ကျော်သက်မှာ ခန္ဓာကိုယ် တောင့်တင်းပြီး မျက်လုံးများမှာ ချန်လျိုယီ၏ ရိုးသားဖြောင့်မတ်သော ပုံစံနှင့် ဆင်တူလှ၏။

"သခင်မချန် "

ချင်းချင်းက ချန်လျိုယီ၏ ဇနီးကို အရင်နှုတ်ဆက်လိုက်ပြီးနောက် ဆယ်ကျော်သက်လေးကို ကြည့်ကာ ပြုံး၍ ပြော၏။

"ကျွန်မ ပြောတာမမှားဘူးဆိုရင် ဒါက ရှင့် သားပဲ မဟုတ်လား"

ထိုဆယ်ကျော်သက်မှာ ဖန်လုပ်ငန်းရှင် ချန်လျိုယီ၏ ပုံတူဖြစ်နေသဖြင့် သူ၏သား ဖြစ်သည်မှာ အသေအချာပင်။

"ရှင်တို့က..."

"အို .."

စကားပင် မပြောရသေးမီ ချန်လျိုယီ၏ ဇနီးက သက်ပြင်းချလိုက်၏။

"ကျွန်မတို့က သခင်လေးဝူရဲ့ အိမ်က ပြန်လာတာပါ"

"သခင်လေးဝူဆီ သွားတာလား"

"ဟုတ်တယ်၊ သခင်လေးဝူကိုလည်း တွေ့ခဲ့ပါသေးတယ်... ကျွန်မက သခင်လေးဝူကို ကြက်ဥခြင်းတောင်းတစ်လုံး ပေးချင်လို့ပါ၊ ဒါပေမဲ့ သူက လုံးဝ လက်မခံဘူး"

ချင်းချင်းသည် ချန်လျိုယီ၏ ဇနီး၏ စိတ်နေသဘောထားကို ကောင်းစွာ သိ၏။ သူမသည် ရိုးရိုးသာမန် လူတန်းစားတစ်ဦး ဖြစ်ပြီး တစ်ပြားတစ်ချပ်ကိုပင် တန်ဖိုးထားတတ်သူ ဖြစ်၏။ အကူအညီ မလိုပါက ဝူကျိရှန်းကိုကြက်ဥများ လက်ဆောင်ပေးမည့်သူ မဟုတ်ပေ။

ကြက်ဥမှာခြင်းတောင်း အကြီးကြီးတစ်ခုလုံးအပြည့်ပင်။ ချန်လျိုယီ၏ ဇနီးသည် သူမ၏ တစ်သက်တာတွင် ဤမျှ ရက်ရောဖူးခြင်း မရှိခဲ့ပေ။သူမ ရက်ရော ရခြင်းမှာ သားဖြစ်သူ၏ အနာဂတ်အတွက်သာ ဖြစ်၏။

ချန်လျိုယီသည် ဆေးဝါးစက်ရုံတွင် လက်ထောက်နေရာတစ်ခု ရထားပြီး ဖြစ်၏။ အဆင့် ၉ ရာထူးသာ ဖြစ်သော်လည်း အဆင့် ၉ ဆိုသည်မှာ အရာရှိပင် ဖြစ်၏။သူတို့လိုဆင်းရဲသော မိသားစုအတွက်မူ ကြီးမားသော တိုးတက်မှုဖြစ်၏။

ချန်လျိုယီက ဆေးဝါးစက်ရုံမှ လစာရနေပြီ ဖြစ်ရာ ချန်လျိုယီ၏ ဇနီးသည် သူမ၏သားအတွက်ပါ အစိုးရဝန်ထမ်း ရာထူးတစ်ခု ရှာပေးလို၏။ သားဖြစ်သူမှာ ၁၄ နှစ်ရှိနေပြီ ဖြစ်ရာ နောက်နှစ်အနည်းငယ်ဆိုလျှင် အိမ်ထောင်ပြုရတော့မည်ဖြစ်သည်။ အစိုးရဝန်ထမ်း ရာထူးရလျှင် သတို့သမီးကောင်း ရနိုင်ပြီး တစ်သက်တာ စိတ်ပူစရာ မလိုတော့ပေ။

ထို့ကြောင့် သူမသည် ငွေကို မနှမြောဘဲ ကြက်ဥခြင်းတောင်းအပြည့်ကို ဝယ်၍ ဝူကျိရှန်းကို ပေးအပ်ကာ သားဖြစ်သူကို ဆေးဝါးစက်ရုံတွင် အလုပ်ပေးရန် တောင်းဆိုခြင်း ဖြစ်၏။

လစာ မရလျှင်တောင် ဆေးဝါးစက်ရုံတွင် အလုပ်လုပ်နိုင်ရုံဖြင့် ကျေနပ်၏။

အစိုးရဝန်ထမ်း နေရာရပါက နှစ်အနည်းငယ်အတွင်း ရာထူးတိုးနိုင်ပြီး အဆင့်မြင့်ရာထူးကိုပင် ရရှိနိုင်၏။

မိခင်တစ်ယောက်၏ စီစဉ်မှုကို နားလည်ပေးနိုင်သော်လည်း လက်တွေ့တွင်မူ မလွယ်ကူပေ။

ဝူကျိရှန်းမှာ ဆေးဝါးစက်ရုံ၏ အကြီးအကဲ ဖြစ်သော်လည်းအရွယ်ရောက်စ ဆယ်ကျော်သက်ကို အစိုးရဝန်ထမ်း ရာထူးတစ်နေရာ ပေးရန် မဖြစ်နိုင်ပေ။ထို့အပြင် ချန်လျိုယီ၏ သားမှာ အရည်အချင်း မရှိသည့်အပြင် စာလည်းမတတ်သူ ဖြစ်၏။ ကိုယ့်နာမည်ကိုယ်တောင် မရေးတတ်သူကို မည်သို့ အစိုးရအမှုထမ်း ရာထူး ပေးနိုင်မည်နည်း။

ထို့ကြောင့် ဝူကျိရှန်းက သူမ၏ တောင်းဆိုချက်ကို ခိုင်မာစွာ ငြင်းပယ်လိုက်သဖြင့် ကြက်ဥခြင်းတောင်းကို ပြန်သယ်လာခဲ့ရခြင်း ဖြစ်၏။

"ဟူး ..."

သက်ပြင်းတစ်ချက် ထပ်ချလိုက်ကာ သူမက မျက်နှာပျက်၍ ပြော၏။

"ကျွန်မသားက စကားလည်း မပြောတတ်၊ အတတ်ပညာလည်း မသင်ယူထားဘူး။ သူ့အဖေနဲ့ ကျွန်မ မရှိတော့ရင် သူဘယ်လို အသက်မွေးရပါ့မလဲ"

"ကျွန်မက သခင်လေးဝူကို အစိုးရအမှုထမ်း ရာထူးလေး တစ်နေရာလောက် ပေးဖို့ တောင်းဆိုတာပါ၊ ဒါပေမဲ့... ကျွန်မ တောင်းပန်တာကို သခင်လေးဝူက လုံးဝ ငြင်းတယ်။ ဟူး..."

သားဖြစ်သူအတွက် ရာထူးရှာပေးခြင်းမှာ မလွယ်ကူပေ။

"အဲဒါများကိစ္စ မဟုတ်တာ။ ချင်းချင်းက ရယ်မော၍ ပြော၏။ အစိုးရအမှုထမ်း ရာထူးလေးပဲ မဟုတ်လား။ ဒါက မခက်ပါဘူး"

ထိုစကားကို ကြားသောအခါ ချန်လျိုယီ၏ ဇနီးမှာ ဝမ်းသာသွားပြီး ချင်းချင်း၏ လက်ကို ဆုပ်ကိုင်လိုက်၏။

"ချင်းချင်းသာ သားအတွက် ရာထူးလေး ရှာပေးနိုင်ရင် ကျွန်မ... ကျွန်မ တစ်သက်လုံး ခိုင်းသမျှ လုပ်ပါ့မယ်"

"သခင်လေးဝူပြောတာ ကြားလိုက်ရတယ်၊ ဆေးဝါးစက်ရုံမှာ အလုပ်လုပ်ဖို့က ခက်တယ်၊ ဒါကြောင့် တခြား လမ်းကြောင်းတစ်ခု စဉ်းစားကြည့်ပါ"

ချင်းချင်းက အခြားလမ်းကြောင်းတစ်ခုကို ညွှန်ပြလိုက်၏။

"အစိုးရအမှုထမ်း ဖြစ်ချင်တာ မဟုတ်လား။ အဲဒီတော့ လူနာတွေကို ကုသပေးတဲ့ သမားတော်လုပ်လိုက်ပေါ့"

"ရောဂါ ကုသပေးတဲ့သမား‌‌တော်လား"

"ကျွန်မရဲ့ သခင်လေးဝူက နန်းတော်ကို အစီရင်ခံစာ တင်ထားတာ ကြာပြီ၊ နန်းတော်ကလည်း ခွင့်ပြုလိုက်ပြီ။ အစိုးရပိုင် ဆေးပညာတက္ကသိုလ် ကို မကြာခင် တည်ထောင်တော့မယ်၊ အဲဒီအချိန်ကျရင်.."

ချင်းချင်းက ခဏစဉ်းစားပြီးမှ စကားလုံးကို သတိရသွား၏။

"နန်းတော်က ဆေးကျောင်းသားတွေကို အများကြီး ခေါ်တော့မယ်"

အစိုးရပိုင် ဆေးပညာတက္ကသိုလ် တည်ထောင်ရန် အစီရင်ခံစာကို နန်းတော်က အတည်ပြုပေးလိုက်ပြီ ဖြစ်ရာ ယခုနှစ် ဆောင်းရာသီ သို့မဟုတ် နောက်နှစ် နွေဦးတွင် စတင်တော့မည် ဖြစ်၏။

ချင်းချင်းမှာထိုအကြောင်းကို ကြားဖူးခြင်းသာ ဖြစ်ပြီး အသေးစိတ်ကို မသိပေ။ သို့သော် သူမ၏ စိတ်ထင်ဖြင့်ပြောလိုက်၏။

"သခင်လေးဝူပြောတာ ကြားဖူးတယ်၊ ဆေးပညာတက္ကသိုလ်မှာ လေးနှစ်သင်တန်း ပြီးသွားရင် မြို့နယ်အသီးသီးကို ပို့ပြီး အရာရှိသမား‌တော်တွေ ဖြစ်လာကြမှာတဲ့..."

ချန်လျိုယီ၏ ဇနီးနှင့် ချင်းချင်းတို့မှာ အရာရှိသမားတော်ဆိုသည်မှာ ဘာလဲဆိုတာ မသိကြသော်လည်း အရာရှိ ဟု ပါသောကြောင့် လစာရမည်မှာ သေချာ၏။

နန်းတော်ထံမှ လစာရသည်နှင့် နန်းတော်၏ လူ ဖြစ်သွားပြီး အစိုးရအမှုထမ်း ရာထူးရမည်မှာ မလွဲပေ။

ချန်လျိုယီ၏ ဇနီးအတွက်မူ သားဖြစ်သူ မည်သည့်အလုပ်လုပ်ရမည်မှာ အရေးမကြီးဘဲ အစိုးရအမှုထမ်း ရာထူးတစ်ခု ရရန်သာ အရေးကြီး၏။

အစိုးရအမှုထမ်း ရာထူးရှိလျှင် သားဖြစ်သူအတွက် တစ်သက်တာ စိတ်ပူစရာ မလိုတော့ပေ။

"သခင်လေးဝူက ကိုယ်တိုင် သင်ပေးမယ်လို့လည်း ပြောတယ်..."

ထိုစကားကို ကြားသောအခါ သူမမှာ ဝမ်းသာအားရဖြင့် မေးလိုက်၏။

"သခင်လေးဝူ ကိုယ်တိုင် သင်ပေးတာလား။ တကယ့်ကို ကောင်းတာပဲ"

သူမ၏ စိတ်ထဲတွင် စာမေးပွဲ အောင်မြင်သော ပညာရှင်များမှာ ဘုရားသခင်၏ စေလွှတ်ခြင်းကို ခံရသူများ ဖြစ်ပြီး အင်ပါယာ၏ တပည့်များ ဖြစ်သည်ဟု ထင်၏။ သခင်လေးဝူက သားဖြစ်သူကို ကိုယ်တိုင် သင်ပေးမည်ဆိုလျှင် သူသည် သခင်လေးဝူ၏ “တပည့်” ဖြစ်လာမည် ဖြစ်ပြီး တိုင်ယွမ်ဆေးရုံတော်သို့ပင် ဝင်ရောက်နိုင်မည်ဟု ထင်နေ၏။

ဝူကျိရှန်းမှာ တိုင်ယွမ်ဆေးရုံတော်၏ အကြီးအကဲ ဖြစ်ရာ တပည့်ဖြစ်သူကို မမြှောက်စားလျှင် မည်သူ့ကို မြှောက်စားမည်နည်း။

ချန်လျိုယီ၏ ဇနီးကဲ့သို့သော သူများအတွက် မိသားစုထဲတွင် နန်းတွင်းသမား‌တော်တစ်ဦး ရှိခြင်းမှာ မဖြစ်နိုင်သော အိပ်မက် ဖြစ်၏။

နန်းတွင်းသမားတော်သာ ဖြစ်လာလျှင် ဘုရင်ကို အမှုထမ်းနိုင်ပြီး ဘိုးဘေးများအတွက် ဂုဏ်ယူစရာ ဖြစ်ပေလိမ့်မည်။

တကယ်တမ်းတွင် ဝူကျိရှန်း တည်ထောင်လိုသော ဆေးပညာတက္ကသိုလ်မှာ နန်းတွင်းသမားတော်များ မွေးထုတ်ရန် မဟုတ်ဘဲ အခြေခံ လူတန်းစားအတွက် သမားတော်များကို မွေးထုတ်ရန် ဖြစ်၏။ ဝူကျိရှန်း၏ ရည်ရွယ်ချက်မှာ ဆေးကျောင်းဆင်းများကို ကျေးလက်ဒေသများသို့ စေလွှတ်ကာ ဆင်းရဲသားများကို ကုသပေးရန်နှင့် ဆေးပညာ ဗဟုသုတများကို ပြန့်နှံ့စေရန်သာ ဖြစ်၏။

၎င်းမှာ ချန်လျိုယီ၏ ဇနီး စိတ်ကူးယဉ်နေသော “နန်းတွင်းဆရာဝန်” နှင့် လုံးဝ ပတ်သက်ခြင်း မရှိပေ။

အရာရှိဖြစ်ခြင်းနှင့် နန်းတွင်းသမားတော် ဖြစ်ခြင်း ဆိုသည်မှာ ချန်လျိုယီ၏ ဇနီး၏ အလကားသက်သက် စိတ်ကူးယဉ်မှုများသာ ဖြစ်၏။

*********

All Chapters