← Chapters

အခန်း ၁၃၃၆

Vol. 134 Ch. 1336

အခန်း ၁၃၃၆

Vol. 134 Ch. 1336

အခန်း (၁၃၃၆) ကြမ်းကြုတ်တဲ့ ကျားတစ်ကောင်တောင် စိတ်နှလုံးနူးညံ့လာနိုင်တယ်

အင်ပါယာမြို့တော်၊ တိတ်ဆိတ်သော ခြံဝင်း၏ အပြင်ဘက်တွင်..

ယဲ့လန်က သူမ၏ဓားကို ပိုက်ကာအေးစက်သော နံရံကို တိတ်တဆိတ် မှီနေသည်။

ပြီးခဲ့သည့်အကြိမ်က အစေခံမလေးထံတွင် တစ်ခုခုပုံမှန်မဟုတ်ကြောင်း သတိပြုမိပြီးကတည်းက ဤနေရာတွင် နေထိုင်ရန်သူမ ဆုံးဖြတ်ခဲ့၏။ သူမ၏ကိုယ်ပိုင် ကျင့်ကြံခြင်းမှာ အင်ပါယာ မြို့တော်တွင် ကြီးကြီးမားမားအောင်မြင်မှုရရန် မလုံလောက်သော်လည်း၊ အနည်းဆုံးတော့ လူသား ဧကရာဇ်တွင် မသေမျိုးဌာနမှလွဲ၍သတင်းများကို ပေးပို့ရန်လမ်းကြောင်းတစ်ခု ရှိနေပါသည်။

သူမက မှောင်မိုက်နေသော ကောင်းကင် ကန့်လန့်ကာဆီသို့ မော့ကြည့်လိုက်ရာ၊ သူမ၏အတွေးများက သူမတစ်ခါမျှခြေမချဖူးသောတိုက်ကြီးများဆီသို့ လွင့်မျောသွားခဲ့သည်။

ထိုအချိန်မှာပင် အလျင်စလိုခြေသံများ လျင်မြန်စွာ ချဉ်းကပ်လာ၏။

ယဲ့လန်က ခေါင်းလှည့်ကြည့်လိုက်ရာ သံချပ်ကာ ဝတ်ဆင်ထားသောအမျိုးသမီးကို တွေ့လိုက်ရ၏။ သူမမှာပြီးခဲ့သည့်အကြိမ်က သတင်းအချက်အလက်များပြန်လည် ယူဆောင်လာခဲ့သော စစ်သူကြီးကူလီဖြစ်သည်။

သူမက မတ်တပ်မရပ်ဘဲမနေနိုင်တော့ဘဲ တစ်ဖက်လူကိုအူကြောင်ကြောင်ဖြင့် စိုက်ကြည့်နေမိသည်။

"..."

ကူလီကလည်း လူသားဧကရာဇ်၏ဘေးတွင် လင်ရှူးယာမှလွဲ၍ ဤခြံဝင်းအတွင်းသို့လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သည့် တစ်ဦးတည်းသော စတုတ္ထအဆင့်နယ်ပယ်သာ ရှိသည့် ဤဓားကျင့်ကြံသူကို အကဲခတ်ကြည့်လိုက်၏။

ဤသူက မည်သည့်အရာအတွက် တာဝန်ရှိကြောင်း သူမ မသိသော်လည်း ယဲ့လန်၏မျက်လုံးများထဲရှိ ဖုံးကွယ်၍မရနိုင်သော တင်းမာမှုအရိပ်အယောင်ကို သူမ မြင်တွေ့နိုင်ခဲ့သည်။

ခေတ္တမျှတွေးတောပြီးနောက် ကူလီက ပြုံးလိုက်သည်။ "လိုက်ခဲ့ပါ၊သတင်းကောင်းတစ်ခုပါ။"

အမျိုးသမီးနှစ်ဦးက ခြံဝင်းအတွင်းသို့လျင်မြန်စွာ ဝင်ရောက်သွားကြပြီး အစေခံမလေးသတင်းပို့သည်ကို စောင့်ဆိုင်းပြီးနောက် အရက်ကန်ဆီသို့ တိုက်ရိုက် သွားရောက်ခဲ့ကြသည်။

"ဟင်း.."

အရက်ကန် အတွင်းမှ လူကပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်၏။ ယခုအခါ ကောင်လေး၏ စာမှလွဲ၍ သူ၏စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်သောအရာမှာ အလွန်နည်းပါးလှသည်။

သေချာပေါက် လူသားဧကရာဇ်၏ကျဆင်းလာသော စွမ်းအင်များက အရာများစွာကို တွေးတောရန် သူ့ကိုထောက်ပံ့ပေးနိုင်စွမ်း မရှိတော့သလို သူ၏အတိတ်က အတွေ့အကြုံများကိုပင် စတင် မေ့လျော့လာခဲ့ရာ ၎င်းမှာ ဧကရာဇ်အငွေ့အသက်၏နက်ရှိုင်းစွာတိုက်စားခြင်းကို ခံရသည့် လက္ခဏာပင်ဖြစ်သည်။

ကူလီစကားပြောတော့မည့်ဆဲဆဲ အပြင်ဘက်မှ ပြင်းထန်သော အသက်ရှူသံများကို ကြားလိုက်ရသည်။ ချက်ချင်းပင် အသက်ပြင်းပြင်းရှူနေသော ပိန်လှီသည့် လူလတ်ပိုင်းအမျိုးသား တစ်ဦးက အလျင်စလိုရောက်ရှိလာပြီး အရက်ကန်ကို ရိုသေစွာ ဂါရဝပြုလိုက်၏။

"ရှူးယာက အရှင်မင်းကြီးကို အရိုအသေ ပေးပါတယ်။"

"..."

ယဲ့လန်၏အမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ သူမ၏မျက်လုံးများထဲတွင် သတိထားမှု အရိပ်အယောင်အနည်းငယ်သာ လင်းလက်သွားခဲ့၏။

စစ်သူကြီး ကူလီပေါ်လာသည့် အချိန်မှစ၍ ယခုအချိန်အထိတစ်နာရီ၏လေးပုံတစ်ပုံမျှသာ ရှိသေးသော်လည်း သခင်ကြီးလင်က သတင်းကို ရရှိပြီး လျင်မြန်စွာလိုက်ပါလာခဲ့ပြီဖြစ်သည်။

သူမ ခန့်မှန်းချက် မှန်ကန်နေခဲ့၏။

ဤ အင်ပါယာမြို့တော်က မသေမျိုး ဌာန၏ စေ့စပ်သေချာစွာ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံထားရဖွယ် ရှိသည်။

သို့သော် ကူလီက အံ့အားသင့်ခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ယဲ့လန် မတိုင်မီက လင်ရှူးယာက အရှင်မင်းကြီး၏ဘေးတွင် အမြဲမပြတ်ရှိနေသူဖြစ်ပြီး ဘယ်သောအခါမျှဝေးကွာစွာ မရှိနေခဲ့ပေ။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်၊ ဒါက ဂုဏ်ပြုရမယ့် သတင်းစကားပါ။"

ကူလီပ ဒူးတစ်ဖက် ထောက်လိုက်ပြီး သူမ၏ ခရီးစဉ်တစ်လျှောက်မြင်တွေ့ခဲ့ရသည်များကို စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့လိုက်သည်။ "မဟာဂိုဏ်းကြီးနှစ်ခုကြားမှာ ပဋိပက္ခတွေပြန်လည်ဖြစ်ပွားနေပါတယ်။ ချီယွင်ဂူရဲ့ထိပ်တန်း တပည့်က နန်ဖျင်မှာ ကျဆုံးသွားခဲ့ပြီး မဟာလွတ်လပ်ခြင်းကြာပန်း ပုတီးစေ့ဗောဓိသတ္တရဲ့သတ်ဖြတ်ခြင်းကို ခံလိုက်ရတာပါ။ မြောက်ပိုင်းတိုက်ကြီးက မသေမျိုးတွေက ထိပ်တန်းတပည့် အစစ်အမှန်အရှင် ထိုက်ရွှီ ရဲ့ ဦးဆောင်မှုအောက်မှာ အင်အားအလုံးအရင်းနဲ့ ထွက်ပေါ်လာပြီး အရှေ့ပိုင်းတိုက်ကြီး တစ်ခွင်ကို လွှမ်းမိုးနိုင်တဲ့ စွမ်းအားနဲ့သိမ်းကျုံး တိုက်ခိုက်နေပါတယ်။ ဘုန်းကြီးတွေက နေရာတိုင်းမှာ ရှုံးနိမ့်နေပါတယ်။"

"ယုံကြည်မှုစွမ်းအင်တွေအတွက် ယှဉ်ပြိုင်ဖို့ ကျင့်ကြံသူ တစ်စုက အစစ်အမှန်အရှင် ထိုက်ရွှီကို အတုယူပြီး အရှေ့ပိုင်းတိုက်ကြီးမှာ တူညီတဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့ကြလို့ နောက်ဆုံးမှာ သာမန်ပြည်သူတွေအတွက် နာလန်ထူဖို့ အခွင့်အရေး တစ်ခု ရရှိသွားပါတယ်။"

"အခုအချိန်မှာ အနောက်ပိုင်းတိုက်ကြီးမှလွဲလို့ ကျန်တဲ့တိုက်ကြီးသုံးခုလုံးက ငြိမ်းချမ်းနေပါပြီ။ ဂိုဏ်းနှစ်ခုစလုံးအသေအပျောက်များပြားခဲ့တာက ကျွန်မတို့ရဲ့ နတ်ဘုရားမင်းဆက်အတွက်ကြီးမားတဲ့ ကံကောင်းမှု တစ်ရပ်ပါပဲ။"

"..."

သူမ စကားမဆုံးမီမှာပင် အလျင်စလို ရောက်ရှိလာသော လင်ရှူးယာက အူကြောင်ကြောင်ဖြင့် ကြည့်နေခဲ့ပြီးနောက် သူ၏မျက်နှာပေါ်တွင် ဝမ်းသာမှုများ လင်းလက်သွားခဲ့သည်။

နေ့စဉ်နေ့တိုင်း သူက တိုက်ကြီး အသီးသီးမှ သတင်း အစီရင်ခံစာများတွင် နစ်မွန်းနေပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း အခြေအနေကို မတိုးတက်စေနိုင်ခဲ့ပါ။ မမျှော်လင့်ဘဲ ထိုဂိုဏ်းနှစ်ခုက အချင်းချင်းစတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ဤကောင်းကင်က ပေးသနားသော အခွင့်အရေးက သေလုမျောပါးဖြစ်နေသော နတ်ဘုရားမင်းဆက်ကို အသက်ရှူချောင်ရန် အခွင့်အရေးတစ်ရပ် အံ့ဖွယ်တမျှ ပေးစွမ်းလိုက်သည်။

မသေမျိုးနတ်ဘုရားများနှင့် ဗုဒ္ဓများမည်မျှပင် သေဆုံးပါစေ လင်ရှူးယာဂရုမစိုက်ပါ။ လောကရှိ သေမျိုးများ ပိုမိုအသက်ရှင်ကျန်ရစ်နိုင်ရန်သာ သူ မျှော်လင့်ခဲ့၏။

ဤအကြောင်းကို တွေးရင်း သူက လူသား ဧကရာဇ်ကို အလိုအလျောက်လှမ်းကြည့်လိုက်သော်လည်း ဧကရာဇ်ရော သူ၏ဘေးရှိ ဓားကိုင် အမျိုးသမီးပါ သူနှင့် ကူလီတို့ကဲ့သို့တူညီသော ဝမ်းသာအားရမှုကို မျှဝေခံစားနေခြင်းမရှိဘဲ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေကြသည်ကို တွေ့လိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်း လင်ရှူးယာက ရုတ်တရက် အနည်းငယ်စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

အမှန်ပင် ဤလူများက သူဂရုစိုက်သောအရာများကို တန်ဖိုးမထားကြပေ။

"အရှင်မင်းကြီး"

ကူလီက ညင်သာစွာ ခေါ်လိုက်၏။ အခြေအနေကို ထည့်သွင်းစဉ်းစားပါက တိုက်ကြီးလေးခုကို ပြန်လည် သိမ်းပိုက်ရန်မျှော်လင့်ချက်မဲ့နေဆဲ ဖြစ်သော်လည်း အရာရာတိုင်းက ယခင်ကထက် များစွာ ပိုမိုကောင်းမွန်နေပြီး သူတို့ပျော်ရွှင်သင့်ပါသည်။

"မင်း သူ့ကိုတွေ့ခဲ့လား။" အမျိုးသားက ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။

"ကျွန်မ..." ကူလီက ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် အကူအညီမဲ့စွာဖြင့် မျက်လွှာချလိုက်သည်။ အမှန်ပင် အရှင်မင်းကြီးအား မည်သည့်အရာကိုမျှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူမက အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "ကျွန်မ မဟာဂိုဏ်းကြီးနဲ့ ပူးပေါင်းကြံစည်ခဲ့တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီလူကို ကျွန်မတကယ်ပဲ သိချင်စိတ် ဖြစ်မိတာပါ။ သူ့ရဲ့မရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်နေရင်တောင် လောကရှိပြည်သူတွေကို ကိုယ်စားပြုပြီး သူ့ကိုကျွန်မ တကယ်ပဲ ကျေးဇူးတင်ချင်ခဲ့တာပါ။"

"သူ့အပေါ် မင်း ဘယ်လိုခံစားရလဲ။" ထိုအမျိုးသားက ဒေါသထွက်နေပုံ မပေါ်ပေ။

"သူ အတော်လေး ကောင်းပါတယ်။ အဲဒီ ကောင်းကင်ပါရမီရှင်တွေလို မာနကြီးတာမျိုး မရှိဘဲ သူ့ရဲ့ဂိုဏ်းတူညီအစ်ကိုတွေအတွက် သူ့ရဲ့ အနာဂတ်ကိုစွန့်လွှတ်ရမယ် ဆိုရင်တောင် ရပ်တည်ပေးရဲတဲ့ သတ္တိရှိတယ်။ သူဆီမှာ..."

ကူလီ စကားပြောနေစဉ် သူမရုတ်တရက် တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး အလျင်စလိုပြင်ဆင်ပြောလိုက်၏။ "ကျွန်မ ဆိုလိုတာက မသေမျိုးသုံးပါးဂိုဏ်းအတွက်တော့ သူဟာ အလွန်ထူးချွန်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမယ့် ကျွန်မတို့ရဲ့ နတ်ဘုရားမင်းဆက်အတွက်တော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လို့ ကျွန်မတို့ ကြိုတင်ပြီး သတိထားသင့်ပါတယ်။"

အမျိုးသားက သူမ၏အမူအရာကို ကြည့်ပြီး ယဲ့လန်ကိုအဓိပ္ပာယ်ပါပါ ရုတ်တရက်ပြုံးပြလိုက်သည်။

သူ၏ကိုယ်ပိုင် တောင်ပိုင်း ကာကွယ်ရေး စစ်သူကြီးချုပ်က အမှန်တကယ်ပင်သာမန်လူ မဟုတ်ပေ။ မတူညီသောရပ်တည်ချက်များ ရှိနေလျှင်ပင် အားလီထံမှ ဤမျှကြီးမားသော ချီးကျူးစကားများကိုရရှိနိုင်သဖြင့် ထိုမဟာဂိုဏ်းကြီးတွင် သူ့ကို သဘောကျနှစ်သက်သူမည်မျှကိုဆွဲဆောင်ထားနိုင်မည်ကို ပြောစရာပင်မလိုတော့ပါဘူး။

"..."

ယဲ့လန်က သူမ၏အကြည့်ကို အရှေ့သို့သာ တည့်တည့်ထားရှိပြီး ၎င်းနှင့်ပတ်သက်၍ထူးဆန်းမှု တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။

ရှန်းယီနှင့် ထိတွေ့ဆက်ဆံဖူးသူတိုင်း ဤကဲ့သို့ ခံစားရခြင်းမှာ ပုံမှန်သာဖြစ်ပြီး၊ ထိုသို့ မခံစားရသူများမှာ မျက်ကန်းများသာဖြစ်လိမ့်မည်။

"မင်း သတင်းပို့ချင်တာ တစ်ခုခုရှိသေးလား။"

အမျိုးသားက သူ၏အကြည့်ကို သူ၏ ဘေးရှိ လင်ရှူးယာထံသို့ လွှဲပြောင်းလိုက်၏။

"အရှင်မင်းကြီးကို သတင်းပို့ပါတယ်။ တောင်ပိုင်းပြည်နယ်ဆီက နေမင်းကြီးတစ်စင်းက ကြီးမားလှတဲ့ မီးတောက်တွေနဲ့ ကောင်းကင်ယံကို ဖြတ်သန်းပြီး ဍုမေဏုတောင်ဆီကို ဦးတည်သွားတယ်လို့ သတင်းရရှိထားပါတယ်။ အသွင်အပြင်ကို ကြည့်ရတာ ရှေးဟောင်းစာပေတွေမှာ မှတ်တမ်းတင်ထားတဲ့ ဘိုးဘေးနတ်ဘုရားနဲ့ ခပ်ဆင်ဆင် တူနေပါတယ်။"

"နားလည်ပြီ၊မင်း ထွက်သွားလို့ ရပြီ။"

လူသားဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် သူ၏လက်ဖြင့် အမူအရာပြလိုက်၏။

ကောင်းကင်တာအိုစည်းမျဉ်း၏ ပြယုဒ်များက သေမျိုးလောကသို့ ဝင်ရောက်လာလျှင်ပင် သေမျိုး သတ္တဝါများဘက်မှ ရပ်တည်ပေးမည် မဟုတ်ဘဲ သူတို့ဂရုစိုက်သော စည်းမျဉ်းများကိုသာ ထိန်းသိမ်းကြမည်ဖြစ်သဖြင့် အလွန်အမင်း ဂရုစိုက်နေရန် မလိုအပ်ပေ။

All Chapters