အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄) အံ့မခန်းဓား
"အစ်ကိုရှုက ပိုပိုပြီး သန်မာလာနေပြီ"
အဝေးတွင် စုမြောင်ရင်က ဤမြင်ကွင်းကို ကြည့်ပြီး အော်လိုက်သည်။
သူမသည် ဤရှေးဟောင်းနန်းတော်ကမ္ဘာတွင် ရှုချွမ်းနှင့် တွေ့ဆုံပြီးကတည်းက သူ၏ခွန်အားသည် ပိုပိုပြီး ကြီးထွားလာခဲ့သည်။
ပြီးတော့ အခုတော့ မယုံနိုင်လောက်အောင် အဆင့်တစ်ခုကို ရောက်နေပါပြီ။ နိဗ္ဗာနနယ်ပယ် အဆင့်၁ ကျင့်ကြံမှုဖြင့် သူသည် နိဗ္ဗာနနယ်ပယ် အဆင့်၇ တွင်ရှိသည့် ရှေးဟောင်းမျိုးနွယ်စု၏ သခင်လေး ကို လက်သီးတစ်ချက်တည်းနှင့် သတ်ပစ်လိုက်သည်။
"ဒါပေမယ့်... အစ်ကိုရှုမှာ မူလချီ ရှိသေးရဲ့လား"
စုမြောင်ရင် အလွန်စိုးရိမ်နေခဲ့သည်။
သို့သော်လည်း ရှုချွမ်းသည် အလွန်အစွမ်းထက်သော ခွန်အားကို ပြသခဲ့သည်။
ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ စွမ်းအားကို ထုတ်လွှတ်ပြီးတဲ့နောက်မှာ သူက အရမ်းအားနည်းနေပြီး အခု ဝမ်တန်နှင့် တိုက်ခိုက်ခဲ့ရသည်။ ရှုချွမ်း ဘယ်လောက်ပဲ ခွန်အားကြီးပါစေ သူ ဆက်တိုက်ခိုက်ရန် အားအင်ကျန်ပါဦးမည်မဟုတ်ပေ။
သို့သော်လည်း လက်ရှိအခြေအနေက ရှုချွမ်းကို ပြန်လည်ကောင်းမွန်လာစေရန် အခွင့်အရေး မပေးသည်မှာ ထင်ရှားသည်။
ရှုချွမ်းသည် စုမြောင်ရင် ဘာတွေးနေမှန်း မသိပေ။
ဤအချိန်တွင် သူသည် ဝမ်တန်၏ ခေါင်းမဲ့အလောင်းထံသို့ ရောက်ရှိလာပြီး သူ၏ ကျန်ရှိနေသော လက်တစ်ဖက်မှ သိုလှောင်လက်စွပ်ကို ယူလိုက်သည်။
သူသည် တားမြစ်ချက်ကို ပြင်းပြင်းထန်ထန် ချိုးဖျက်လိုက်ပြီး အထဲတွင် ရတနာများစွာ ရှိနေသည်ကို တွေ့ရှိခဲ့သည်။
"ရှေးဟောင်းမျိုးနွယ်စုရဲ့ သခင်လေး ဆိုတယ့်အတိုင်း သူ့ သိုလှောင်လက်စွပ်မှာ ရတနာတွေ အများကြီးပါနေတာပဲ"
ရှုချွမ်းက ရယ်လိုက်ပြီး အထဲက အရာအားလုံးကို သူ့၏ သိုလှောင်လက်စွပ်ထဲ လွှဲပြောင်းလိုက်သည်။
ထို့နောက် သူသည် ဝမ်တန်၏ အလောင်းဘေးတွင် တည့်တည့်ထိုင်ပြီး သူ၏ မူလချီကို ပြန်လည်ရယူရန် စတင်လိုက်သည်။
သူက ရှိနေသော အခြားပါရမီရှင်များကို အာရုံမစိုက်ပေ။
"အရမ်း မာနကြီးတာပဲ"
"ဒီရှုချွမ်းရဲ့နောက်ခံက ဘာလဲ၊ သူက အဲ့လောက်တောင် အစွမ်းထက်တာလား"
"သူ့ဆီက အမှတ်တွေ မရရင် ထိပ်ဆုံးသုံးယောက်ထဲဝင်ဖို့ အခွင့်အရေး မရှိဘူး"
ကျန်ရှိနေသည့် ပါရမီရှင်များသည် ဝမ်တန်၏ ဝမ်းနည်းဖွယ်အခြေအနေကို ရင်ဆိုင်နေရသဖြင့် အလွန်အမင်း ထိတ်လန့်နေကြပေမယ့် ရှုချွမ်းကို ဘယ်သူမှ ထပ်ပြီး မနှောင့်ယှက်ရဲကြဘဲ ရှိနေသည်။
ထိုအချိန်အထိ
လူအုပ်ကြားထဲက အသံတစ်သံ ထွက်ပေါ်လာသည်။
"အားလုံးအတူတူသွားကြရအောင်"
"ဆက်တိုက်တိုက်ပွဲတွေအပြီးမှာ သူ့မှာ ခွန်အားတွေ မကျန်တော့ဘူးလို့ ငါထင်တယ်၊ အခု သူ့အစွမ်းကုန် ကျဆင်းနေပြီ၊ ဟန်ဆောင်နေတာပဲ"
"ဟုတ်တယ်၊ ဒီလူက သန်မာပေမယ့် နောက်ဆုံးတော့ နိဗ္ဗာနနယ်ပယ် အဆင့်၁ ပဲ ရှိသေးတာ၊ ကျန်တဲ့ငါတို့တွေထဲက ဘယ်သိုင်းပညာရှင် က နိဗ္ဗာနနယ်ပယ် အဆင့်၃ နဲ့ အထက်မှာ မရှိလို့လဲ"
"ငါတို့တွေ အများကြီး အတူတူပူးပေါင်းရင် သူ့တစ်ယောက်တည်းကို အနိုင်မယူ နိုင်ဘူးဆိုတာ မယုံဘူး"
"ငါတို့အားလုံး အင်အားချင်းပူးပေါင်းပြီး ရှုချွမ်းကို အရင်ဖမ်းဆီးကြမယ်၊ သူ့အမှတ်တွေကို အတင်း လွှဲပြောင်းခိုင်းပြီးမှ အမှတ်ခွဲဝေမှုကို နောက်မှ ဆုံးဖြတ်ကြတာပေါ့"
တစ်ယောက်ယောက်က ဦးဆောင်လိုက်သည်နှင့် ပါရမီရှင်အားလုံး၏ စိတ်ထဲတွင် အတွေးများ လှုပ်ခတ်လာကြသည်။
အခြားရွေးချယ်စရာ မရှိပေ၊ မည်သူက ရှုချွမ်းကို လက်ရှိသိုင်းပညာရှင် များထဲတွင် အမှတ်အများဆုံး ရရှိထားသူ ဖြစ်အောင် လုပ်ထားသနည်း။
ပြီးတော့ သူ၏ အားအင်ကုန်ခမ်းမှုကလည်း အကြီးမားဆုံး ဖြစ်သည်။
ခဏတာအတွင်း
သိုင်းပညာရှင် နှစ်ရာနီးပါးခန့်က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ရှုချွမ်းကို စိုက်ကြည့်လိုက်ကြသည်။
တစ်ယောက်ယောက်က အမိန့်ပေးလိုက်သည်နှင့် သူတို့အားလုံး လှုပ်ရှားကြတော့မည် ဖြစ်သည်။
ထို့နောက် တာအိုအော်ရာ များ ပြည့်နှက်နေသော လူငယ်တစ်ဦးက လူအုပ်ထဲမှ လျှောက်လှမ်းလာပြီး ရှုချွမ်းကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းတကယ်အားနည်းနေတာပဲဖြစ်ဖြစ်၊ အားနည်းဟန်ဆောင်နေတာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ မင်းရဲ့အမှတ်တွေကို ပေးလိုက်၊ ငါမင်းရဲ့အသက်ကို ချမ်းသာပေးမယ်"
"ဟုတ်တယ်၊ မင်းဆီက အမှတ်တွေအားလုံးကို အမြန်ဆုံး အပ်လိုက်စမ်း"
"အပ်လိုက်ရင် ငါတို့ မင်းကို ထွက်ပေါက်တစ်ခုပေးမယ်၊ မဟုတ်ရင် ငါတို့ ပါရမီရှင်တွေနဲ့ ဟောဒီ မိစ္ဆာမျိုးနွယ် မိစ္ဆာ သားရဲတွေကြားက ခြားနားချက်ကို မင်းကို သေချာပေါက် သိအောင်လုပ်ပေးမယ်"
တစ်ယောက်ယောက်က ဦးဆောင်သည်ကို မြင်သောအခါ ပါရမီရှင်အမြောက်အမြားက ဝိုင်းဝန်းအော်ဟစ်လာကြသည်။
လူ နှစ်ရာနီးပါး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလျှင် အခြားမည်သူမဆို ယခုအချိန်တွင် ထိတ်လန့်တုန်လှုပ်နေလောက်ပြီ ဖြစ်သည်။
သို့သော်လည်း ရှုချွမ်းကတော့ ဂရုမစိုက်စွာ ပြုံးလိုက်ရုံသာ ရှိသည်။
သူသည် အားအင်ပြန်မဖြည့်တော့ဘဲ မြေပြင်ပေါ်ကနေ ထရပ်လိုက်သည်။
"အမှတ်တွေက ငါ့လက်ထဲမှာ ရှိတယ်"
"မင်းတို့မှာ အရည်အချင်းရှိရင် လာယူကြလေ"
သူသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခြိမ်းခြောက်မှုများကို လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂျူနီယာညီလေးရှု... မင်း..."
ချွေ့ကျန်းက ရှုချွမ်း၏ မာနထောင်လွှားမှုကို မြင်ပြီး သူ့အတွက် မစိုးရိမ်ဘဲ မနေနိုင်ဖြစ်သွားသည်။
"စီနီယာအစ်ကိုချွေ့၊ အဆင်ပြေပါတယ်၊ ဒီလို ငါးလေးတွေကိုတော့ ကျွန်တော် လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်"
ရှုချွမ်း၏ စကားကြောင့် တာအိုအော်ရာ များနှင့် လူငယ် လင်ထျန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"မင်းက ကိုယ့်အုတ်ဂူကိုယ်တူးနေမှတော့ ငါတို့ကို အပြစ်မတင်နဲ့တော့"
"တိုက်ကြ"
သူ၏ အမိန့်ပေးမှုနှင့်အတူ အချိန်အတော်ကြာ ပြင်ဆင်ထားသည့် သိုင်းပညာရှင် အမြောက်အမြားက သူတို့၏ အစွမ်းထက်ဆုံး တိုက်ကွက်များကို ထုတ်ဖော်ပြီး ရှုချွမ်းဆီသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။
အစွမ်းထက်သော နတ်ဘုရားစွမ်းရည်များ၊ ပြိုင်ဘက်ကင်းသော သိုင်းပညာများ၊ လျှို့ဝှက်ကျင့်စဉ်များ...
ပါရမီရှင် နှစ်ရာနီးပါး အတူတကွ တိုက်ခိုက်ကြသဖြင့် ထွက်ပေါ်လာသော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
ဤကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် ကမ္မနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် တိုက်ရိုက် ရင်မဆိုင်ရဲပေ။
မဟုတ်ပါက ပြင်းထန်သော ဒဏ်ရာကို သေချာပေါက် ရရှိသွားနိုင်သည်။
သို့သော်လည်း ဤကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသည့်တိုင် ရှုချွမ်းကတော့ လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ပြေးဝင်လာသော တိုက်ကွက်များကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
ထိုတိုက်ခိုက်မှုများက သူ့ထံသို့ ရောက်ရှိရန် လက်မအနည်းငယ်အလိုမှာပင်
ရှုချွမ်း လှုပ်ရှားလိုက်သည်။
သူသည် ဝမ်တန်နှင့် တိုက်ခိုက်စဉ်ကပင် အသုံးမပြုခဲ့သည့် နတ်ဘုရားသတ်ဓားကို ကောက်ကိုင်လိုက်သည်။
ထို့နောက် ချက်ချင်းဆိုသလို အဆုံးမရှိသော ဓားချီများက သူ့ထံမှ လျှံထွက်လာပြီး ပါရမီရှင်များ၏ ရှေ့မှောက်တွင် ပေါ်ပေါက်လာတော့သည်။
ဤအခိုက်အတန့်တွင်
ရှိနေသော ပါရမီရှင်အားလုံးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် သတ္တုချင်း ထိခိုက်သံကို ကြားလိုက်ရသည်။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအော်ရာ က အဆက်မပြတ် ပြင်းထန်လာပြီး လူတိုင်းကို လွှမ်းခြုံသွားသည်။
"ကောင်းကင်ပိုင်းဖြတ်ခြင်း"
ရှုချွမ်းက ဤစကားလုံးနှစ်လုံးကို အသာအယာ ရေရွတ်လိုက်သည်။
ဒါက ဝမ်တန်ကို သတ်ပြီးနောက် နတ်ဘုရားသတ်ဓားသိုင်း အမွေအနှစ်ထဲကနေ သူ အခုလေးတင် နားလည်သဘောပေါက်သွားသည့် တိုက်ကွက်တစ်ခု ဖြစ်သည်။
ယခုအချိန်က သူ့ရှေ့က လူများကို အသုံးပြုပြီး ဤတိုက်ကွက်၏ စွမ်းအားကို စမ်းသပ်ရန် အကောင်းဆုံးအချိန်ပင်။
သူ၏ စကားသံ ဆုံးသွားသည်နှင့်တပြိုင်နက်
ကောင်းကင်ယံတွင် ဆူပွက်နေသော သတ်ဖြတ်ခြင်းအော်ရာ က နောက်ဆုံးတွင် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသည့်အလား မည်သည့် ချန်လှပ်မှုမျှမရှိဘဲ ပေါက်ကွဲထွက်သွားတော့သည်။
ယင်း၏ ဦးတည်ရာက ရှုချွမ်းထံသို့ ပြေးဝင်လာသော တိုက်ကွက်များဆီသို့ အတိအကျပင် ဖြစ်သည်။
ဘုန်း
ဓားချီများ လျှံထွက်သွားပြီး ကောင်းကင်ယံကို ဆုတ်ဖြဲပစ်မည့် ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤလူများ ထုတ်ဖော်ထားသည့် နည်းလမ်းမျိုးစုံနှင့် ထိပ်တိုက် တွေ့ဆုံသွားတော့သည်။
နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
စမ်းသပ်မှု ကွင်းပြင်တွင် တောက်ပလှသော မီးရှူးမီးပန်းများကဲ့သို့ နောက်ဆုံးတိုက်ကွက် အမျိုးမျိုး ပေါက်ကွဲသွားကြပြီး စူးရှတောက်ပနေခဲ့သည်။
ပြီးတော့ ရှုချွမ်း၏ ဓားချက်က နောက်ဆုံးတိုက်ကွက် အမြောက်အမြားကို ချေမှုန်းပြီးနောက်တွင်လည်း ယင်း၏ အရှိန်အဟုန်က လျော့မသွားဘဲ ပါရမီရှင်အုပ်စုဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
သေခြင်းတရား၏ အော်ရာ က လင်ထျန်း အပါအဝင် စမ်းသပ်မှု နေရာလွတ် တစ်ခုလုံးကို လွှမ်းမိုးသွားသည်။ ရှုချွမ်းကို ဝိုင်းရံထားသည့် ပါရမီရှင်အားလုံး ဤအခိုက်အတန့်တွင် ထိတ်လန့်မှုနှင့် မသက်မသာဖြစ်မှုများကို ခံစားလိုက်ရသည်။
သူတို့သည် ငရဲတံခါးကြီး သူတို့အတွက် ပွင့်သွားသည်ကို မြင်တွေ့လိုက်ရသည့်အလား ဖြစ်နေသည်။
သတ်ဖြတ်ခြင်းအော်ရာ များနှင့် ပြည့်နှက်နေသည့် ထိုပြင်းထန်လှသော ဓားချီက သူတို့၏ အနက်ရှိုင်းဆုံး အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။
ဤအခိုက်အတန့်တွင် သူတို့၏ မျက်လုံးများက လျင်မြန်စွာ ချဉ်းကပ်လာသော ဓားချီကိုသာ မြင်တွေ့နေရပြီး မကြုံစဖူး ကြောက်ရွံ့မှုများက သူတို့၏ နှလုံးသားထဲတွင် တိုးဝှေ့လာခဲ့သည်။
ဦးဆောင်နေသည့် လင်ထျန်းပင်လျှင် ဤဓားချက်ကို ရင်ဆိုင်ရသောအခါ ချွေးစေးများ ပြန်လာခဲ့သည်။
သူက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး “လူတိုင်း ၊အားလုံးစုပေါင်းပြီး ဒီတိုက်ခိုက်မှုကို ပိတ်ဆို့လိုက်၊ မဟုတ်ရင် ငါတို့အားလုံး သေကုန်လိမ့်မယ်”
သူတို့သည် ဤဓားချက်ကို သူတို့အနားသို့ လုံးဝ အကပ်ခံ၍မဖြစ်ပေ၊ မဟုတ်ပါက သူ သေချာပေါက် သေရလိမ့်မည် ဖြစ်သည်။
လင်ထျန်းတင်မကဘဲ တိုက်ခိုက်ခဲ့ကြသည့် ပါရမီရှင်အားလုံး ဤသို့ပင် ခံစားလိုက်ရသည်။
အကယ်၍ သူတို့ ဤဓားချက်ကို မတားဆီးနိုင်လျှင် သူတို့ သေရလိမ့်မည်။
ဘုန်း
ပါရမီရှင် နှစ်ရာခန့်က နောက်တစ်ကြိမ် ခွန်အားအပြည့် ထုတ်ဖော်လိုက်ကြပြီး အချို့ဆိုလျှင် သွေးလောင်ကျွမ်းစေသည့် လျှို့ဝှက်ဆန်းကြယ်ကျင့်စဉ်များနှင့် ပေါက်ကွဲစေတတ်သော နည်းလမ်းမျိုးစုံကို အသုံးပြုကာ ရှုချွမ်း၏ ဓားချက်ကို ထိပ်တိုက် တားဆီးလိုက်ကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
ပြင်းထန်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ရှုချွမ်းကို ဝိုင်းရံထားသည့် ပါရမီရှင်အားလုံး လွင့်ထွက်သွားကြကာ သွေးများအန်လျက် မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။
လင်ထျန်းပင်လျှင် ချွင်းချက်မရှိခဲ့ပေ။
အစောပိုင်းက အားမာန်အပြည့်ရှိနေသော ပါရမီရှင် နှစ်ရာခန့်မှာ ယခုအခါတွင် တိုက်ခိုက်နိုင်စွမ်းများ လုံးဝ ဆုံးရှုံးသွားခဲ့ကြရပြီ ဖြစ်သည်။
တစ်ဖက်တွင်မူ ဝိုင်းရံတိုက်ခိုက်မှုတွင် မပါဝင်ခဲ့သည့် ချွေ့ကျန်းနှင့် အခြားလူများသည် သူတို့ရှေ့က မြင်ကွင်းကို ငေးကြည့်ရင်း ဆွံ့အလျက် ဘာကိုမှ မတွေးတောနိုင်ဘဲ ရှိနေကြသည်။
သူတို့ ဘာကို မြင်လိုက်ရတာလဲ။
ရှုချွမ်းသည် သူ၏ ကိုယ်ပိုင်ခွန်အား၊ ဓားတစ်ချက်တည်းဖြင့်ပင် ပါရမီရှင် နှစ်ရာခန့်၏ ပူးပေါင်းတိုက်ခိုက်မှုကို ချေမှုန်းပစ်လိုက်ပြီး သူတို့အားလုံးကို တိုက်ခိုက်နိုင်စွမ်း မရှိအောင် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
ထိုမျှမကဘဲ အားနည်းသော လူအများအပြားမှာ ရှုချွမ်း၏ ဓားချက်အောက်တွင် တိုက်ရိုက်ပင် သေဆုံးသွားခဲ့ကြရသည်။
ရှုချွမ်းကို ဝိုင်းရံထားသည့် အုပ်စုထဲတွင် အနိမ့်ဆုံး ကျင့်ကြံခြင်းက နိဗ္ဗာနနယ်ပယ် အဆင့်၃ နှင့် အထက်တွင် ရှိနေကြပြီး ဦးဆောင်နေသည့် လင်ထျန်းပင်လျှင် နိဗ္ဗာနနယ်ပယ် အဆင့်၈ တွင် ရှိနေသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သည်ကို သိထားသင့်သည်။
သို့သော်လည်း သူတို့သည် ရှုချွမ်း၏ ဓားချက်တစ်ချက်ကိုပင် တောင့်ခံနိုင်ခြင်း မရှိခဲ့ကြပေ။