အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) မြင့်မြတ်နယ်မြေသို့ ပြန်လာခြင်း၊ ထျန်းယန်ဂိုဏ်း၏ ပြဿနာရှာမှု စတင်ခြင်း
ဤအချိန်တွင် ထိုက်ယိမြင့်မြတ်နယ်မြေ၏ တောင်တံခါးတည်ရှိရာနေရာ၌ ဖြစ်သည်။
ရွှေရောင်ရှေးဟောင်းနန်းတော် ပိတ်သိမ်းပြီး ရက်အနည်းငယ်ကြာပြီးနောက် ရှုချွမ်းက ကောင်းကင်ဘုရင်နယ်ပယ်အဆင့် မိစ္ဆာ သားရဲတစ်ကောင်နှင့်အတူ မြင့်မြတ်နယ်မြေသို့ တစ်ယောက်တည်း ပြန်လည်ရောက်ရှိလာခဲ့သည်။
"ကြည့်ကြဦး... တိုက်ရိုက်တပည့် ရှု ပြန်လာပြီ"
ရှုချွမ်း မြင့်မြတ်နယ်မြေ၏ အဓိကတောင်တံခါးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် အပြင်ဂိုဏ်းတပည့်တစ်စုက သူ့ကို ချက်ချင်း မြင်တွေ့သွားကြသည်။
ရုတ်တရက် အံ့အားသင့်ဖွယ် အာမေဋိတ်သံများ ထွက်ပေါ်လာပြီး တပည့်များစွာက သူ့ပတ်ပတ်လည်တွင် စုရုံးလာကြတော့သည်။
"တိုက်ရိုက်တပည့်ရှုက ဘာလို့ အခြားတိုက်ရိုက်တပည့်တွေထက် နောက်ကျပြီးမှ ပြန်လာရတာလဲ"
"တိုက်ရိုက်တပည့်ရှုက အမြင့်မြတ်ဆုံး အမွေအနှစ်ကို ရရှိခဲ့တယ်လို့ ကြားတယ်"
"အား... အဲဒါ အမှန်ပဲလား၊ ဒါဆို ငါတို့ရဲ့ ထိုက်ယိမြင့်မြတ်နယ်မြေက နောက်ထပ် သူတော်စင် တစ်ပါး ရတော့မှာပေါ့"
အခြားသော တိုက်ရိုက်တပည့်များသည် လွန်ခဲ့သောရက်အနည်းငယ်ကပင် မြတ်မြင့်နယ်မြေသို့ ပြန်လည်ရောက်ရှိနေခဲ့ကြပြီ ဖြစ်ရာ ဤရက်ပိုင်းအတွင်း ထိုတပည့်များထံမှ သတင်းအချက်အလက်များစွာ ပျံ့နှံ့နေခဲ့သည်။
ရှုချွမ်း ပြန်လာသည်ကို မြင်သောအခါ သူတို့အားလုံး မဆွေးနွေးဘဲ မနေနိုင်ကြတော့ပေ။
မကြာမီမှာပင် ရှုချွမ်း ပြန်ရောက်လာသည့် သတင်းသည် ထိုက်ယိမြင့်မြတ်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ရှုချွမ်း၏ဆရာ ဖြစ်သူ စစ်တုလင်းလည်း သတင်းကြားကြားချင်း အပြေးအလွှား ရောက်ရှိလာခဲ့သည်။
"ပြန်လာတာ ဝမ်းသာပါတယ်... ဒီခရီးစဉ်ကနေ ဘာတွေ ရိတ်သိမ်းနိုင်ခဲ့လဲ"
စစ်တုလင်း ပေါ်လာပြီး ရှုချွမ်းကို ပြုံး၍ ကြည့်ကာ မေးမြန်းလိုက်သည်။
"အများကြီး ရရှိခဲ့ပါတယ်"
ရှုချွမ်းကလည်း ပြုံးရွှင်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားသောအခါ စစ်တုလင်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
ဤသတင်းနှင့် ချွေ့ကျန်း ယူဆောင်လာခဲ့သည့် သတင်းများကို ပေါင်းစပ်ကြည့်လိုက်သောအခါ သူ၏တပည့်သည် ရှေးဟောင်းနန်းတော်ထဲတွင် အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း ချက်ချင်း သိရှိသွားသည်။
သူက ထပ်မံမမေးမြန်းတော့ဘဲ ခေါင်းညိတ်ကာ "မင်း ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကိုပဲ ဝမ်းသာလှပါပြီ" ဟု ပြောလိုက်သည်။
ရှုချွမ်း ရွှေရောင်ရှေးဟောင်းနန်းတော်ထဲသို့ ဝင်ရောက်စဉ်က သူသည် နတ်ဘုရားစွမ်းအားနယ်ပယ်သို့ ဝင်ရောက်ခါစမျှသာ ရှိသေးသည်။
သူ့တွင် ထူးခြားသော ခန္ဓာကိုယ်နှင့် အံ့အားသင့်ဖွယ် တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း စစ်တုလင်းအနေဖြင့် အတော်လေး စိုးရိမ်ပူပန်နေခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ဓားတာအိုပါရမီ အထူးချွန်ဆုံးဖြစ်ပြီး သူတော်စင်သားတော်တစ်ပါး ဖြစ်လာနိုင်ချေရှိသည့် တပည့်တစ်ယောက်ကို မနည်းမြေတောင်မြှောက်ပေးထားရခြင်း ဖြစ်သည်။
အကယ်၍ ရွှေရောင်ရှေးဟောင်းနန်းတော်ထဲတွင်သာ အသက်ဆုံးရှုံးသွားခဲ့လျှင် ဆုံးရှုံးမှုက ကြီးမားလွန်းလှပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ရှုချွမ်းက ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် သူ၏ပူပန်နေသော နှလုံးသားက နောက်ဆုံးတွင် အနားရသွားခဲ့ပြီ ဖြစ်သည်။
သူက ရှုချွမ်းကို တစ်ချက် အကဲခတ်ကြည့်လိုက်ရာ ထိုအကြည့်ကြောင့် စစ်တုလင်းတစ်ယောက် နေရာမှာတင် ကြောင်အပြီး အေးခဲသွားရတော့သည်။
"မင်း နိဗ္ဗာနနယ်ပယ်ကို အဆင့်တက်သွားတာလား... ဒါက သိုင်းတာအို အစစ်အမှန် ဝိညာဉ်ရဲ့ အော်ရာ မဟုတ်ဘူးလား"
ရှုချွမ်းထံမှ ထွက်ပေါ်နေသော နက်နဲလှသည့် အော်ရာ မှာ ကြီးမားလှသော နေမင်း ချောက်နက် ထဲသို့ ဆင်းသက်လာသကဲ့သို့ ခံစားရစေပြီး သက်ဖြတ်ဓားဝိညာဉ်၏ သတ်ဖြတ်ခြင်းအငွေ့အသက် အနည်းငယ်ကိုပါ အာရုံခံမိလိုက်သဖြင့် စစ်တုလင်းတစ်ယောက် စိတ်လှုပ်ရှားလွန်း၍ တုန်ရင်လာရသည်။
ဤခရီးစဉ်အတွင်း ရှုချွမ်းက နတ်ဘုရားစွမ်းအား နယ်ပယ် အဆင့် ၁ မှ နိဗ္ဗာနနယ်ပယ် အဆင့် ၁ အထိ တစ်ဟုန်ထိုး အဆင့်တက်လှမ်းနိုင်လိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် သူ၏အော်ရာ က အလွန်တရာ တည်ငြိမ်ပြီး နက်နဲလှရာ ၎င်းက အလျင်စလို အတင်းအကြပ် အဆင့်မြှင့်တင်ထားသည့် အခြေအနေမျိုး မဟုတ်သည်မှာ ထင်ရှားသည်။
ထို့အပြင် သူသည် သိုင်းတာအို အစစ်အမှန် ဝိညာဉ်၏ ထူးခြားသော အော်ရာ ကိုပါ အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ် ဆရာ... တပည့်က အခု နိဗ္ဗာနနယ်ပယ်ကို အဆင့်တက်လှမ်းနိုင်ခဲ့ပြီး သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကိုလည်း နှိုးထနိုင်ခဲ့ပါပြီ"
ရှုချွမ်းက ပြုံး၍ ဝန်ခံလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... တကယ်ကို ကောင်းတယ်၊ ငါ စစ်တုလင်းရဲ့ တပည့်ပီသပေတယ်"
ရှုချွမ်း၏ အတည်ပြုချက်ကို ကြားရသောအခါ စစ်တုလင်သည် သူ၏နှလုံးသားထဲမှ ဝမ်းမြောက်မှုကို မဖုံးကွယ်နိုင်တော့ဘဲ "ကောင်းတယ်" ဟု သုံးကြိမ်ဆက်တိုက် ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
အနီးနားရှိ တပည့်များအားလုံး သူ၏ကျယ်လောင်လှသော ရယ်မောသံကြောင့် နားအူသွားကြရသည်။
ဤအချက်တစ်ခုတည်းနှင့်ပင် စစ်တုလင်း မည်မျှအထိ ပျော်ရွှင်နေသည်ကို သိသာလှပေသည်။
"လိမ္မာတဲ့တပည့်... ငါနဲ့အတူ မြင့်မြတ်နယ်မြေ အရှင်ကို သွားတွေ့ကြမယ်"
စကားပြောပြီးနောက် သူက ရှုချွမ်းကို ခေါ်ဆောင်၍ ထိုက်ယိတောင်ထိပ်၏ အဓိကခန်းမ ကြီးဆီသို့ ပျံသန်းထွက်သွားတော့သည်။
သူက တောင်ထိပ်တခင်များနှင့် မြင့်မြတ်နယ်မြေအရှင်တို့အား ကြွားဝါချင်လှသဖြင့် စိတ်မရှည်နိုင်အောင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
တစ်လအတွင်း နိဗ္ဗာနနယ်ပယ်သို့ ရောက်ရှိသွားပြီး နိဗ္ဗာနနယ်ပယ်မှာတင် သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကိုပါ နှိုးထနိုင်ခဲ့သည်ဆိုလျှင် ၎င်းက မည်မျှအထိ ထူးချွန်ပြောင်မြောက်သည့် ပါရမီရှင်မျိုး ဖြစ်ရမည်နည်း။
သူကိုယ်တိုင်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိမှသာ သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကို နှိုးထနိုင်ခဲ့ ခြင်းဖြစ်ပြီး ထိုစဉ်က မြင့်မြတ်နယ်မြေ၏ တောင်ထိပ်သခင်များထဲတွင် အထူးချွန်ဆုံးဟု သတ်မှတ်ခံခဲ့ရသည်။
သို့သော် ရှုချွမ်းကမူ သူ့ထက် နယ်ပယ်ကြီး နှစ်ခုစာမျှ စောစီးစွာ နှိုးထနိုင်ခဲ့ခြင်း ဖြစ်ရာ သူ၏အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပနေတော့သည်။
အမွှေးတိုင်တစ်တိုင်စာမျှ အချိန်ကုန်လွန်ပြီးနောက် ရှုချွမ်းကို စစ်တုလင်းက ထိုက်ယိတောင်ထိပ် အဓိကခန်းမ ကြီးအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
လမ်းခရီးတွင် ရှုချွမ်းက ရွှမ်လျဲ့ကို ရှေးဟောင်းနန်းတော်ကမ္ဘာထဲသို့ ထည့်သွင်းပေးခဲ့သည်။
ပထမအချက်မှာ ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်၏ ရှေ့မှောက်တွင် ရွှမ်လျဲ့၏တည်ရှိမှုကို ဖုံးကွယ်ထားရန်ဖြစ်ပြီး ဒုတိယအချက်မှာ ရွှမ်လျဲ့ကိုယ်တိုင်ကလည်း ရွှေရောင်ရှေးဟောင်းနန်းတော်ကို နှစ်ပေါင်းများစွာ သယ်ဆောင်ထားခဲ့ရသဖြင့် အချိန်အတော်ကြာအောင် အိပ်စက်အနားယူချင်သည်ဟု ပြောဆိုခဲ့သောကြောင့် ဖြစ်သည်။
ရှုချွမ်းကလည်း သူ၏တောင်းဆိုချက်ကို သဘာဝအတိုင်း သဘောတူခဲ့သော်လည်း ကတိကဝတ်တစ်ခုတော့ ပြုလုပ်ခဲ့ရသည် အကယ်၍ ရှုချွမ်း အန္တရာယ်နှင့် ကြုံတွေ့ရပါက ရွှမ်လျဲ့အနေဖြင့် ထွက်လာပြီး ကူညီပေးရမည် ဖြစ်သည်။
"မြင့်မြတ်နယ်မြေအရှင်... ရှုချွမ်း ပြန်ရောက်လာပါပြီ"
ခန်းမ အတွင်းသို့ ခြေချလိုက်သည်နှင့် စစ်တုလင်းက အထက်တွင် ထိုင်နေသော ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်ကို ကျယ်လောင်စွာ လှမ်းအော်လိုက်သည်။
သူ၏ပင်ကိုယ်စရိုက်မှာ ထိုကဲ့သို့ပင် ဖြစ်ပြီး တစ်ခါတရံတွင် ထူးဆန်းသွေဖည်တတ်သော်လည်း တစ်ခါတရံတွင်မူ အလွန်ပင် ပွင့်လင်းဖြောင့်မတ်လှသည်။
ထိုအသံကို ကြားသောအခါ ထိုက်ယိမြင့်မြတ်နယ်မြေ၏ အရှင်သခင် 'ရွှန်လင်' က သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လှစ်လိုက်ပြီး စစ်တုလင်းကို တစ်ချက်ကြည့်ကာ ရှုချွမ်းကို ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။
"မင်းက ဒီခရီးစဉ်ရဲ့ အကြီးမားဆုံးသော အောင်နိုင်သူ ဖြစ်လာခဲ့တာပဲ"
ထိုသို့ပြောရင်း သူက ခပ်ဖွဖွ ရယ်မောလိုက်ရာ သူ မည်သို့တွေးတောနေသည်ကိုမူ မသိနိုင်ပေ။
"ဒါတွေအားလုံးက မြင့်မြတ်နယ်မြေအရှင်ရဲ့ လမ်းညွှန်မှုတွေကြောင့်ပါ"
ရှုချွမ်းက ရိုသေစွာ ဂါရဝပြုလိုက်သည်။
"မင်း နန်းတော်ထဲမှာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို ငါ ကြားသိပြီးပါပြီ၊ ဒီလို ရလဒ်ကောင်းတွေ ရရှိခဲ့တာက မင်းကိုယ်တိုင် လုံလောက်အောင် သန်မာလို့ပဲ ဖယ"
ထိုက်ယိမြင့်မြတ် နယ်မြေအရှင် ရွှမ်လင်က ပြုံး၍ ဆိုသည်။
"အခု မင်းက နိဗ္ဗာနနယ်ပယ်ကို အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ မင်းကို မြင့်မြတ်နယ်မြေရဲ့ 'သူတော်စင် လောင်းလျာ' အဖြစ် ကမ္ဘာကို တရားဝင် ကြေညာလို့ရပြီ"
ရှုချွမ်းကို ကနဦးက သူတော်စင် လောင်းလျာအဖြစ် လျှို့ဝှက်သတ်မှတ်ထားစဉ်ကပင် သူ နိဗ္ဗာနနယ်ပယ်သို့ ရောက်ရှိသည်နှင့် ထိုက်ယိမြင့်မြတ်နယ်မြေ၏ သူတော်စင် လောင်းလျာ ဖြစ်လာကြောင်း ကမ္ဘာကို တရားဝင် အသိပေးမည်ဟု ကတိပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ရှုချွမ်းက နယ်ပယ်အရ နိဗ္ဗာနနယ်ပယ်သို့ ရောက်ရှိရုံသာမက အင်အားပိုင်းတွင်လည်း ပါရမီရှင်အများအပြားကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့သည်။
ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်း ဖြစ်ပျက်ခဲ့သမျှကို သူ ကြားသိပြီးဖြစ်သည်။
ရှုချွမ်းက မိမိ၏အင်အားတစ်ကိုယ်တော်ဖြင့် ပါရမီရှင်ပေါင်း နှစ်ရာကျော်ကို နှိမ်နင်းခဲ့ပြီး ရှေးဟောင်းမျိုးနွယ်စု၏ သခင်လေး နှင့် ထျန်းယန်ဂိုဏ်း၏ သူတော်စင် တို့ကိုပင် သတ်ဖြတ်ခဲ့သည့်အပြင် ယခုအခါ သိုင်းတာအို အစစ်အမှန် ဝိညာဉ်ကိုပါ နှိုးထနိုင်ခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်မျိုးကို သူတော်စင် လောင်းလျာအဖြစ် မထား ရန် မည်သည့်အကြောင်းပြချက် ရှိပါဦးမည်နည်း။
"မြင့်မြတ်နယ်မြေ အရှင်ကို ကျေးဇူးတင်ပါတယ်"
ရှုချွမ်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး အရှင်ကို အလျင်အမြန် ဂါရဝပြု ကျေးဇူးတင်လိုက်သည်။
ထိုက်ယိမြင့်မြတ်နယ်မြေအရှင်က ရှုချွမ်းကို ကြည့်ရင်း အလွန်အမင်း ကျေနပ်အားရနေမိသည်။
သို့သော်လည်း သူတို့ သူတော်စင်လောင်းလျာ ကိစ္စကို အတည်ပြုရန် ပြင်ဆင်နေကြစဉ်မှာပင်။
ထိုက်ယိမြင့်မြတ်နယ်မြေ၏ တောင်တံခါးအပြင်ဘက်သို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်အုပ်စုတစ်စု ဆိုက်ရောက်လာခဲ့သည်။
သူတို့တစ်ယောက်ချင်းစီထံမှ ထွက်ပေါ်နေသော အစွမ်းထက်လှသည့် အော်ရာ များက မြင့်မြတ်နယ်မြေအတွင်းပိုင်းအထိ ပျံ့နှံ့ဝင်ရောက်လာခဲ့သည်။
"ရွှမ်လင်... ထွက်လာစမ်း"
ဦးဆောင်လာသူမှာ တာအို စည်းချက် များ ဝန်းရံနေသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး သူ့ပတ်ပတ်လည်တွင် လောကနိယာမများပင် ပြောင်းလဲတော့မည့်အလား ထင်မှတ်ရစေသည်။
ဤအခိုက်အတန့်တွင် သူသည် အလွန်အမင်း ဒေါသထွက်နေပြီး ကျယ်လောင်စွာ အော်ဟစ် လိုက်ခြင်း ဖြစ်သည်။
ဤအသံသည် အလွန်တရာ ကျယ်လောင်လှပြီး ထိုက်ယိမြင့်မြတ်နယ်မြေ၏ ဒေါင့်စုံနေရာတိုင်းသို့ ပျံ့နှံ့သွားကာ လူတိုင်း၏ နားထဲသို့ ရောက်ရှိသွားသည်။
ထိုက်ယိတောင်ထိပ် အဓိကခန်းမ ကြီးအတွင်းရှိ လူတိုင်းလည်း ဤအသံကို သဘာဝအတိုင်း ကြားလိုက်ရသည်။
"ဘယ်သူက မြင့်မြတ်နယ်မြေအရှင်ရဲ့ နာမည်ကို ရဲရဲဝံ့ဝံ့ အော်ခေါ်နေရတာလဲ"
လဲ့ယန် တောင်ထွတ်၏ တောင်ထိပ်သခင် 'ဟိုယန်' မှာ ဒေါသအပေါက်ကွဲဆုံး ပင်ကိုယ်စရိုက် ရှိသူဖြစ်ရာ သူက လက်ထဲက ဧရာမတူကြီးကို ချက်ချင်းကောက်ကိုင်ပြီး မည်သူက ဤမျှအထိ သတ္တိကောင်းနေသလဲဆိုသည်ကို သွားရောက်ကြည့်ရန် ပြင်ဆင်လိုက်သည်။
"နေဦး... ဒီလူက မင်း ရင်ဆိုင်နိုင်တဲ့ ပြိုင်ဘက် မဟုတ်ဘူး"
ထိုက်ယိမြင့်မြတ်နယ်မြေအရှင် ရွှမ်လင် က စိတ်လိုက်မာန်ပါ ဖြစ်နေသော ဟိုယန်ကို ခေါင်းခါပြရင်း တားဆီးလိုက်သည်။
သူက ရောက်ရှိလာသူ မည်သူဖြစ်ကြောင်းကို သိရှိပြီး ဖြစ်သည်။
ဤလူမှာ ဤနေရာရှိ မည်သည့်တောင်ထိပ်သခင်မျှ အနိုင်မတိုက်နိုင်သည့် ပြိုင်ဘက်ဖြစ်ပြီး ရွှမ်လင်၏ နာမည်ကို တိုက်ရိုက်ခေါ်ဆိုနိုင်ခွင့်ရှိသည့် အဆင့်အတန်းမျိုးလည်း ဖြစ်သည်။
သူ၏ပုံရိပ်က အလင်းတစ်ချက်လက်သွားပြီးနောက် ထိုက်ယိမြင့်မြတ်နယ်မြေအရှင်သည် တောင်တံခါးအပြင်ဘက်သို့ ပေါ်ထွက်လာခဲ့သည်။
"ဪ... မိတ်ဆွေ လင် ပါလား၊ ဘယ်လိုလေညင်းက မင်းကို ဒီအထိ တိုက်ခတ်လာစေတာလဲ"
မြင့်မြတ်နယ်မြေအရှင်က ရောက်ရှိလာသူကို ကြည့်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ရွှမ်လင်... အပိုစကားတွေ ပြောမနေနဲ့တော့၊ ငါ့သားကို သတ်ခဲ့တဲ့ လူသတ်သမားကို အခုချက်ချင်း အပ်စမ်း"
ထိုလူလတ်ပိုင်းအမျိုးသားထံမှ ပြင်းထန်လှသော တိုက်ခိုက်လိုစိတ်များနှင့်အတူ ကောင်းကင်ဘုရင်နယ်ပယ်၏ အော်ရာ များက ပျံ့နှံ့နေပြီး ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအော်ရာ များက ကြီးမားလှသော မြင့်မြတ်နယ်မြေတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
သူကတော့ အရှေ့ပိုင်းဒေသ၏ ထိပ်သီးဂိုဏ်းကြီးတစ်ခုဖြစ်သော ထျန်းယန်ဂိုဏ်း၏ ဂိုဏ်းချုပ် 'လင်ဖုန်း' ဖြစ်ပြီး ကောင်းကင်ဘုရင်နယ်ပယ် အဆင့်၈ ရှိသည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ၏တစ်ဦးတည်းသောသားဖြစ်ပြီး ထျန်းယန်ဂိုဏ်း၏ သူတော်စင် လည်း ဖြစ်သည့် 'လင်ထျန်း' မှာ ရွှေရောင်ရှေးဟောင်းနန်းတော်အတွင်း၌ ထိုက်ယိမြင့်မြတ် နယ်မြေမှ တိုက်ရိုက်တပည့်တစ်ဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရရှာသည်။
ဤအခြေအနေတွင် သူ မည်သို့လျှင် ဒေါသမထွက်ဘဲ နေနိုင်မလဲ။
ဒီနေ့တွင် သူက သားဖြစ်သူအတွက် ကလဲ့စားချေရန် ထိုလူသတ်သမားကို သေချာပေါက် သတ်ဖြတ်ရမည် ဖြစ်သည်။
ဒါက ဖခင်တစ်ယောက်အနေဖြင့် လုပ်ဆောင်ရမည့်အရာ ဖြစ်ရုံသာမက သူ၏ထျန်းယန်ဂိုဏ်း၏ သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။
သူ့သားဖြစ်သူ အသတ်ခံရသည်ကိုပင် ကလဲ့စားမချေဝံ့ပါက သူ၏ထျန်းယန်ဂိုဏ်းအနေဖြင့်နောက်နောင်အနာဂတ်မှာ အရှေ့ပိုင်းဒေသမှာ ဆက်လက်ရပ်တည်နိုင်ပါ့မလား။
"တာအိုမိတ်ဆွေ လင်က ဘာလို့ ဒီလောက်တောင် ဒေါသကြီးနေရတာလဲ၊ မင်းရဲ့သား သေဆုံးသွားရတာကို ငါ အထူးပင် ဝမ်းနည်းကြေကွဲရပါတယ်၊ ဒါပေမယ့် မင်းသားသေဆုံးမှုက ငါ့ရဲ့ ထိုက်ယိမြင့်မြတ်နယ်မြေနဲ့ ဘာဆိုင်လို့လဲ"
ဒေါသတကြီး ဖြစ်နေသော ဂိုဏ်းချုပ်လင်ဖုန်းကို ရင်ဆိုင်ရသော်လည်း ထိုက်ယိမြင့်မြတ်နယ်မြေ အရှင်ကမူ ထိုကိစ္စကို မည်သို့မျှ အရေးမစိုက်သည့်အလား အမြဲတစေ တည်ငြိမ်အေးဆေးနေဆဲပင် ဖြစ်သည်။
"ဟင်း... ငါ့ဂိုဏ်းက ပြန်ရောက်လာတဲ့ တပည့်တွေက မင်းတို့မြင့်မြတ်နယ်မြေရဲ့ တိုက်ရိုက်တပည့် ရှုချွမ်း က ငါ့သားကို သတ်လိုက်တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ကြတာကွ"
ထျန်းယန်ဂိုဏ်းချုပ် လင်ဖုန်းက ဒေါသတကြီး အော်ဟစ် လိုက်တော့သည်။