← Chapters

အခန်း ၈၅၆

Vol. 81 Ch. 856

အခန်း ၈၅၆

Vol. 81 Ch. 856

အခန်း (၈၅၆) - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း (၃) ။

ပုံမှန်အားဖြင့် ဆေးလုံးပေါင်းများစွာ၏ အကူအညီကို ရရှိထားလျှင်ပင် လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ရန် နှစ်ရာပေါင်းများစွာ၊ သို့မဟုတ် နှစ်ထောင်ချီ၍ အချိန်ယူရပေမည်။

ထိုသို့သော ကျင့်ကြံခြင်းအမြန်နှုန်းမှာ အတော်လေး မြန်ဆန်နေပြီ ဖြစ်၏။

သို့သော်လည်း ထောင်ချီလီ၏ ခန္ဓာကိုယ်ထဲမှ ကြီးမားလှသော သန့်စင်သည့် ယင်အနှစ်သာရစွမ်းအားများကို ရရှိလိုက်ပြီးနောက်တွင်မူ နှစ်တစ်သောင်းသက်တမ်းရှိ နတ်ဘုရားဆေးမြက်ပင်များကို စားသုံးလိုက်ရသည်နှင့် တူညီသွားလေသည်။

ယင်းက သူ၏ကျင့်ကြံခြင်းအဆင့်ကို အံ့မခန်း အရှိန်အဟုန်ဖြင့် တိုးတက်သွားစေခဲ့သည်။

မှန်ပေသည်၊ လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တက်လှမ်းရန်မှာ ထိုမျှလွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ အမြောက်အမြားသည် လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်းအထိ ကျင့်ကြံနိုင်ခဲ့လျှင်ပင် အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ရန်မှာ အလွန်တရာ ခက်ခဲလှသော ကိစ္စတစ်ခု ဖြစ်ပေသည်။

ဤသည်မှာ သေးငယ်သော အတားအဆီးတစ်ခု မဟုတ်ပေ။

အကယ်၍ ချိုးဖြတ်ဝင်ရောက်ရန် ကြိုးစားလိုက်သည်နှင့် ကောင်းကင်ကပ်ဘေးငယ်ကို ရင်ဆိုင်ရမည် ဖြစ်၏။

အကယ်၍ မခုခံနိုင်ပါက အသက်သေဆုံးပြီး လမ်းစဉ်ပါ ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် သာမန် လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများသည် အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်လိုပါက အလွန်ရှည်လျားသော အချိန်ကာလတစ်ခုအထိ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရလေ့ရှိသည်။

အလုံးစုံ ပြည့်စုံစွာ ပြင်ဆင်ပြီးစီးသွားချိန်မှသာ ကောင်းကင်ဘုံကပ်ဘေးကို ဆင့်ခေါ်ကာ လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်ကြခြင်း ဖြစ်လေသည်။

"လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ဒီလောက်မြန်မြန် ချိုးဖြတ်ဝင်ရောက်လို့ မရသေးဘူး...”

"ကျင့်ကြံခြင်းအဆင့် တက်လာတဲ့အမြန်နှုန်းက အရမ်းမြန်နေသေးတယ်။ အခြေခံအုတ်မြစ် ခိုင်မာအောင် အချိန်တစ်ခုယူပြီး ကျင့်ကြံဖို့ လိုအပ်သေးတယ်...”

"မဟုတ်ရင် အခြေခံအုတ်မြစ် မခိုင်မာတာမျိုး ဖြစ်လာနိုင်တယ်...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

အကယ်၍ သူသာ ချိုးဖြတ်ဝင်ရောက်လိုပါက ယခုအချိန်တွင်ပင် လေဟာနယ်သန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ချိုးဖြတ်ဝင်ရောက်နိုင်ပေသည်။

လေဟာနယ်သန့်စင်ခြင်း မိုးကြိုးကပ်ဘေးဆိုသည်မှာ သူအဖို့ လုံးဝ ပြဿနာ မဟုတ်ပေ။

'မိုးကြိုးကပ်ဘေးကူ' ၏ အကူအညီရှိနေသဖြင့် သာမည မိုးကြိုးကပ်ဘေးမျှသာ ဖြစ်ရာ ဂရုစိုက်စရာပင် မလိုချေ။

သို့သော် မြန်မြန်ဆန်ဆန် ချိုးဖြတ်ဝင်ရောက်ခြင်းက ကောင်းမွန်သောအရာ ဖြစ်ချင်မှ ဖြစ်ပေမည်။

ထို့ကြောင့် သူသည် ယာယီအားဖြင့် ရပ်တန့်ထားလိုက်ပြီး ဤစွမ်းအားများကို အပြည့်အဝ ရင်းနှီးကျွမ်းဝင်သွားချိန်မှ ချိုးဖြတ်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်သည်။ ဤသည်မှာလည်း နောက်ကျမည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည် အနာဂတ်တွင် အင်မော်တယ်တစ်ပါး ဖြစ်လာမည့် ကျင့်ကြံသူတစ်ဦးဖြစ်ရာ လောနေရန် မလိုအပ်ပေ။

"အင်း...”

ထိုစဉ် ကျိုးစွေ့၏ဘေးတွင် လှဲလျောင်းနေသော ထောင်ချီလီက လှပသော မျက်ဝန်းအစုံကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။ သူမ၏ လှပသောမျက်နှာလေးမှာ နီရဲနေပြီး တောင့်တင်းသော ကျိုးစွေ့၏ ရင်အုပ်ကျယ်ကြီးပေါ်တွင် ခေါင်းမှီထားရင်း အလွန်ရှက်သွေးဖြာနေကာ စကားပင်မဟနိုင်အောင် ဖြစ်နေရှာသည်။

ရိုးရိုးသားသားပြောရလျှင် သူမကိုယ်တိုင်လည်း မည်သည့်အတွက်ကြောင့် ဤမျှ သတ္တိရှိသွားမှန်း မသိတော့ချေ။

သူမသည် မုဆိုးမတစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းစွာ နားလည်ထားသည့်အတွက် ဇနီးသည်ရှိနေသော ဤအမျိုးသားအပေါ် ဤသို့ မလုပ်သင့်ပေ။

ထို့အပြင် တစ်ဖက်လူမှာ ညီမဖြစ်သူများ၏ ယောက်ျား ဖြစ်နေလေသည်။

ယခု သူမ ဤသို့ ပြုမူလိုက်ခြင်းက သူတစ်ပါး၏ အချစ်ကို လုယူခြင်းဖြစ်သည့်အပြင်၊ ကိုယ့်ညီမများ၏ နောက်ကျောကို ဓားနဲ့ထိုးလိုက်ခြင်းပင် မဟုတ်ပါလော။

သို့သော် အပြစ်တင်မည်ဆိုပါကလည်း ဤအမျိုးသား၏ ဆွဲဆောင်မှု အလွန်ကြီးမားလွန်းနေခြင်းကိုသာ အပြစ်တင်ရပေမည်။ သူမကဲ့သို့သော အမျိုးသမီးပင်လျှင် မိမိကိုယ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်သွားရသည်။

ဤအမျိုးသား၏ ရုပ်ရည်က အလွန်အမင်း ဆွဲဆောင်မှုရှိလွန်းနေခြင်းသည်သာ အပြစ်ဖြစ်သည်။ သူမအနေဖြင့်လည်း ဘာမှမတတ်နိုင်ပေ။

မည်သည့် အမျိုးသမီးကမျှ ဤမျှလောက် ဆွဲဆောင်မှုရှိသော ညို့ဓာတ်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ကျင့်ကြံခြင်းစွမ်းအားများကို ဘေးဖယ်ထားလိုက်လျှင် သူမသည် သာမန် အမျိုးသမီးတစ်ဦးမျှသာ ဖြစ်၏။ အမျိုးသားတစ်ဦး၏ ဂရုစိုက်ကြင်နာမှုကို တောင့်တသော အမျိုးသမီးတစ်ဦး ဖြစ်လေသည်။

ယခင်က သူမ တစ်ကိုယ်တည်း နေထိုင်ခဲ့ခြင်းမှာ ကွယ်လွန်သွားသော ခင်ပွန်းဖြစ်သူအပေါ် တာဝန်သိတတ်မှုနှင့် ချစ်ခြင်းမေတ္တာများ ရှိနေခြင်းကြောင့် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ အကြိမ်အနည်းငယ်မျှသာ တွေ့ဆုံဖူးခဲ့ကြခြင်း ဖြစ်သည်။

အကြောင်းရင်းအမှန်မှာ သူမကို လိုက်လံပိုးပန်းနေသော ထိုလူများကို သူမ လုံးဝ အထင်မကြီးသောကြောင့်သာ ဖြစ်လေသည်။

ထို့ကြောင့် မုဆိုးမဟူသော အမည်နာမကို အကာအကွယ်တစ်ခုအနေဖြင့် အသုံးပြုကာ ထိုအမျိုးသားများ ချဉ်းကပ်လာခြင်းကို တားဆီးခဲ့ခြင်း ဖြစ်သည်။

ထိုအကာအကွယ်ကလည်း အမှန်တကယ်ပင် ထိရောက်မှုရှိခဲ့ပြီး သူမကို အနှောင့်အယှက်ပေးမှုများစွာမှ ကင်းဝေးစေခဲ့သည်။

သို့သော် ယခုမူ သူမ သဘောကျမိသော အမျိုးသားနှင့် တွေ့ဆုံချိန်တွင်မူ အခြေအနေက လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

သူမသည် သူမ၏ခန္ဓာကိုယ်ကို ပေးအပ်ရန် လိုလိုလားလား ရှိနေပေသည်။

"တာအိုရောင်းရင်းထောင် အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ...”

"စိတ်ကူးပေါက်ရာ ကောက်လုပ်မိလိုက်တာနဲ့ ဒီလိုကိစ္စမျိုး ဖြစ်သွားခဲ့ပြီ။ စုကျဲ့နဲ့ စစ်ချင်ကို ဘယ်လို မျက်နှာပြရတော့မလဲ...”

ကျိုးစွေ့က ဤအလွန်တရာ လှပချောမောသော အမျိုးသမီးကို ဖက်ထားလိုက်လေသည်။

သူသည် စိတ်ရှုပ်ထွေးနေသော အမူအရာကို ဖော်ပြလိုက်ပြီး လူကြီးလူကောင်းတစ်ယောက်ဟူသော ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားလေသည်။

"သခင်လေးကျိုး ဒါ သခင်လေးအပြစ် မဟုတ်ပါဘူး။ တကယ်တော့ အားလုံးက ကျွန်မရဲ့ အပြစ်တွေပါ...”

“ကျွန်မကိုယ်တိုင် စိတ်မထိန်းနိုင်ဖြစ်ပြီးတော့ မီးကုန်ယမ်းကုန် ဖြစ်သွားလို့ အခုလို အမှားကြီး ကျူးလွန်မိသွားတာပါ...”

"ညီမလေးစုကျဲ့နဲ့ ညီမလေးစစ်ချင်တို့ စိတ်ဆိုးမယ်ဆိုရင်လည်း ကျွန်မကိုယ်တိုင် သွားပြီး တောင်းပန်မှာပါ။ ညီမလေးနှစ်ယောက်ဆီက ခွင့်လွှတ်မှုရအောင် တောင်းပန်ပါ့မယ်...”

"ကိုယ်လုပ်တဲ့ကိစ္စ ကိုယ်တာဝန်ယူရမှာပေါ့...”

ထောင်ချီလီက ကျိုးစွေ့ကို အလွန်လေးနက်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ ကိစ္စများက ဤအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ သူမအတွက် နောင်တရစရာ ဘာမှမရှိတော့ပေ။

ခပ်ရိုင်းရိုင်းပြောရမည်ဆိုလျှင် သူမ ဤကိစ္စကို မလုပ်ခဲ့မိလျှင်မူ အမှန်တကယ် နောင်တရနေမိမည် ဖြစ်သည်။

နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်ခွင့် ရမည်ဆိုလျှင်ပင် သူမ ဤဆုံးဖြတ်ချက်ကိုသာ ချမှတ်မည်ဖြစ်၏။

သူမသည် ဤသို့သော အလွမ်းဒဏ်ကို ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ကြောင်း သူမကိုယ်သူမ ခံစားနေရသည်။

အဘယ်ကြောင့် ဟွားစစ်ချင်ကဲ့သို့သော ဆိုးသွမ်းသည့်မိန်းမက ပျော်ရွှင်စွာ နေထိုင်နိုင်ပြီး သူမကမူ ညစဉ်ညတိုင်း အခန်းကျယ်ကြီးထဲတွင် အထီးကျန်ဆန်စွာ၊ အေးစက်စွာ နေထိုင်နေရမည်နည်း။

"မဟုတ်ဘူး မဟုတ်ပါဘူး။ ဒါက မင်းရဲ့ အပြစ်မဟုတ်ပါဘူး...”

"လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ။ ဒါက ကျုပ်ရဲ့သမာဓိ မခိုင်မာလို့ ဖြစ်ရတာပါ...”

"တာအိုရောင်းရင်းထောင်ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျုပ် မျောပါသွားလို့ အခုလိုမျိုး လုပ်မိသွားတာပါ...”

"ကျုပ်တို့ အတူတူ သွားတောင်းပန်ကြမယ်လေ။ သူတို့ ခွင့်လွှတ်လာအောင် ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်...”

ကျိုးစွေ့က သဘာဝကျကျပင် တစ်ဖက်လူအား တာဝန်ယူခိုင်းမည် မဟုတ်ပေ။ သူသည် လွန်စွာတာဝန်ယူစိတ်ရှိသော အမျိုးသားတစ်ဦး မဟုတ်ပါလော။

"ဟုတ်လို့လား။ ကျွန်မက တကယ်ပဲ အဲဒီလောက် ဆွဲဆောင်မှု ရှိနေလို့လား...”

ထောင်ချီလီ၏ လှပသောမျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားနေသည့် အလင်းရောင်များ တောက်ပသွားသည်။

သူမသည် မည်သည့်စကားကိုမျှ နားမဝင်တော့ဘဲ ဤအမျိုးသားက သူမကို ဆွဲဆောင်မှုရှိသည်ဟု ပြောလိုက်သော စကားကိုသာ ကြားလိုက်ရသဖြင့် သူမ၏ စိတ်နှလုံးထဲတွင် ပျားရည်သောက်လိုက်ရသကဲ့သို့ ချိုမြိန်သွားလေသည်။

"သေချာတာပေါ့...”

"တာအိုရောင်းရင်းထောင်ရဲ့ ဆွဲဆောင်မှုက လူတိုင်း သိကြတဲ့ကိစ္စလေ...”

"ဘယ်ယောက်ျားကများ တာအိုရောင်းရင်းထောင်ကို အိမ်မခေါ်သွားချင်ဘဲ နေပါ့မလဲ...”

"မိန်းမတွေတောင် အဲဒီလို တွေးမိလောက်တယ်...”

ကျိုးစွေ့က အလွန်ရိုးသားဟန်ဖြင့် ပြောလိုက်လေသည်။

"ဒါဆိုရင်လည်း ကျွန်မတို့ နှစ်ပါးသွား အချစ်ဇာတ်လမ်းလေး နောက်တစ်ခေါက် ထပ်ကကြရအောင်လေ...”

ထောင်ချီလီမှာ သူမ၏စိတ်ထဲမှ စိတ်လှုပ်ရှားမှုများကို လုံးဝ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။

မကြာမီ အချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် နောက်ထပ်တစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို စတင်လိုက်ကြပြန်သည်။

နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့လေသည်။

အရာအားလုံးကို သပ်ရပ်စွာ ရှင်းလင်းပြီးနောက် ကျိုးစွေ့နှင့် ထောင်ချီလီတို့သည် အစီအရင်အခြေခံနေရာမှ ဖုန်းရှီးမြို့သို့ ဖြည်းညင်းစွာ ပြန်လာခဲ့ကြတော့သည်။

မည်သည့်အရာများ လုပ်ခဲ့ကြသလဲ ဆိုသည်မှာ သဘာဝကျကျပင် ပြောပြနေရန် မလိုအပ်တော့ချေ။

သူတို့နှစ်ဦးလုံး အလွန် ဝမ်းသာပျော်ရွှင်နေကြပြီး တူနှစ်ကိုယ်ကျင့်ကြံခြင်း အောင်မြင်သွားသည့် ဖြစ်စဉ်ထဲတွင် နစ်မြောနေကြသည်ဟုသာ ပြောရပေမည်။

ကျင့်ကြံခြင်းဟူသည်မျိုးမှာ ရလဒ်သည် အလွန်အရေးမကြီးဘဲ ဖြစ်စဉ်ကသာ ပို၍ အရေးကြီးသည်။

ထို့အပြင် ဤသည်မှာ နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူး အလွန်ကြီးမားလှရာ အားလုံးအတွက် အကျိုးအမြတ်များစွာ ရရှိခဲ့ကြလေသည်။

"သခင်လေးကျိုး ဒီကိစ္စ ကျွန်မကိုသာ လွှဲထားလိုက်ပါ...”

"ကျွန်မကိုယ်တိုင် ညီမလေးစုကျဲ့၊ ပြီးတော့ ညီမလေးစစ်ချင်တို့နဲ့ သွားပြောလိုက်ပါ့မယ်...”

"သခင်လေးက ဒီကိစ္စကို ဝင်မစွက်ဖက်ပါနဲ့...”

အမှတ် (၈၈) တာအိုကျောင်းတော်သို့ မပြန်မီ ထောင်ချီလီက ကျိုးစွေ့အား ပြောလိုက်သည်။ ဤပြဿနာကို သူမကိုယ်တိုင် ဖြေရှင်းချင်နေသည်။

အကယ်၍ ကျိုးစွေ့သာ ဘေးတွင်ရှိနေပါက စကားများစွာကို ပြောဆို၍ ရမည်မဟုတ်ရာ ဤကိစ္စကို သူမကိုယ်တိုင်သာ ဖြေရှင်းရပေမည်။

"ကောင်းပြီလေ...”

ကျိုးစွေ့က မျက်တောင်တစ်ချက် ခတ်လိုက်လေသည်။

ရွှစ်…။

ဤအခိုက်အတန့်တွင် ထောင်ချီလီသည် စံအိမ်တော်အတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ ယခုအချိန်တွင် ပိုင်စုကျဲ့နှင့် ဟွားစစ်ချင်တို့ နှစ်ဦးလုံးလည်း ထိုနေရာတွင် ရှိနေကြပြီး ထောင်ချီလီ ပြန်ရောက်လာသည်ကို သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်နေကြ၏။

"အိုး… အစ်မထောင်ရဲ့ ခန္ဓာကိုယ်ပေါ်က အငွေ့အသက်တွေက အရင်ကနဲ့ မတူတော့သလိုပဲ...”

"ဘယ်လိုဖြစ်လို့ လင်ယောက်ျားတစ်ယောက် ရှိနေတဲ့အငွေ့အသက် ပေါက်နေရတာလဲ...”

"အစ်မလို လတ်ဆတ်တဲ့ ပန်းတစ်ပွင့်ကို ခူးဆွတ်သွားနိုင်တဲ့ ယောက်ျားက ဘယ်သူများလဲ...”

ဟွားစစ်ချင်၏ မျက်ဝန်းလှလှအစုံက လင်းလက်သွားပြီး ထောင်ချီလီ၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးခြားသော အငွေ့အသက်များကို ပထမဆုံးအကြိမ်၌ပင် အာရုံခံမိလိုက်သည်။

ယခင်က ထောင်ချီလီကို အပျိုကြီးတစ်ဦးအဖြစ် သတ်မှတ်နိုင်သော်လည်း ယခုမူ အပျိုစင်တစ်ဦး မဟုတ်တော့ပေ။

လူကြီးတစ်ယောက်၏ ကိစ္စရပ်များကို ဖြတ်သန်းခဲ့ရပြီးနောက် ပို၍ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိလာပုံရလေသည်။

တစ်ညတည်းနှင့် ရင့်ကျက်သွားသကဲ့သို့ပင် ဖြစ်၏။

ယခင်က သူမ၏ ပထမဆုံးအကြိမ် ခံစားခဲ့ရစဉ်ကကဲ့သို့ပင် ဤအငွေ့အသက်မှာ အလွန်ရင်းနှီးနေချေသည်။

All Chapters