← Chapters

အခန်း ၈၅၈

Vol. 81 Ch. 858

အခန်း ၈၅၈

Vol. 81 Ch. 858

အခန်း (၈၅၈) - လေဟာနယ်သန့်စင်ခြင်း အစောပိုင်းအဆင့် ပြီးပြည့်စုံခြင်း (၅) ။

"ပေါက်ကရတွေ ပြောမနေနဲ့။ တာအိုရောင်းရင်းကျိုးဆိုတာ ဘယ်လောက်တောင် ထူးခြားတဲ့ ပါရမီရှင်လဲ...”

"သူ့အသက်က ခုနစ်ရာပဲ ရှိသေးပေမဲ့ လေဟာနယ်သန့်စင်ခြင်းအဆင့် အစောပိုင်း ကျင့်ကြံသူ ဖြစ်နေပြီ။ ပြီးတော့ သတ္တမအဆင့် အစီအရင်ပညာရှင်လည်း ဟုတ်သေးတယ်...”

"ကြားရသလောက်တော့ ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်လည်း ဟုတ်သေးတယ်တဲ့။ တကယ်ကို ထူးချွန်ပြောင်မြောက်လှတဲ့ ပါရမီရှင်ပဲ။ နတ်ဘုရားဝင်စားတယ်လို့ ပြောရင်တောင် မလွန်သေးဘူး...”

"တာအိုရောင်းရင်းထောင်က တာအိုရောင်းရင်းကျိုးရဲ့ အလားအလာကို မျက်စိကျပြီး သူ့ရဲ့ ကံကြမ္မာအရှိန်အဝါကို အသုံးချချင်လို့… တမင် အောက်ကျခံပြီး လက်ထပ်လိုက်တာ ဖြစ်နိုင်တယ်...”

"ဒီမိန်းမက လှည့်ကွက်တွေ အများကြီး… အင်မော်တယ်ဖြစ်ဖို့အတွက်ဆိုရင် ဘာမဆို လုပ်ဝံ့တဲ့သူပဲ။ သူ့ရဲ့ ခန္ဓာကိုယ်ကိုတောင် ပေးအပ်ဖို့ ဝန်မလေးဘူး...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက အေးစက်စွာ ရယ်မောလျက် ပြောလိုက်၏။

သူသည် ထောင်ချီလီဟူသော ဤမိန်းမ၏ စိတ်ကူးကို စောစီးစွာကတည်းက သိမြင်ထားခဲ့ပြီး ဖြစ်သည်။

မြင်မြင်ချင်း ချစ်မိသွားခြင်း သို့မဟုတ် စိတ်လှုပ်ရှားသွားခြင်းမျိုး အဘယ်မှာ ရှိပါမည်နည်း။ ဤသည်မှာ ကြိုတင်ပြင်ဆင်ထားသော တွက်ကွက်များသာ ဖြစ်ပေသည်။

ဤကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့် မိန်းမတစ်ဦးသည် အလွန်အမင်း ရိုးသားနေလိမ့်မည်ဟု သူ လုံးဝမယုံကြည်ချေ။

"သိပ်ဟုတ်တာပေါ့။ တာအိုရောင်းရင်းကျိုးက မဟာယာနအဆင့် ကျင့်ကြံသူ ဖြစ်လာမယ်လို့ အပြည့်အဝ အာမမခံနိုင်ပေမဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်မြတ်တစ်ပါး ဖြစ်လာမှာကတော့ သေချာပေါက်ပဲ...”

"ဒီလိုပါရမီရှင်မျိုးက အနာဂတ်မှာ လူသားမျိုးနွယ်ရဲ့ အရှင်မြတ်တစ်ပါး ဖြစ်လာမှာ။ သူ့ကို လက်ထပ်တာထက် ပိုပြီး ခိုင်မာတဲ့ ပတ်သက်မှုမျိုး ဘယ်မှာ ရှိဦးမလဲ...”

"နှမြောစရာကောင်းတာက ကျုပ်က မိန်းမလည်းမဟုတ်သလို သမီးလည်း မရှိဘူး။ မဟုတ်ရင်တော့ သူ့ကို သေချာပေါက် လက်ထပ်ပေးလိုက်မှာပဲ...”

အခြား လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက နှမြောတသဟန်ဖြင့် ပြောလိုက်၏။

သူသည်လည်း မိမိကိုယ်ကိုယ် ထောင်ချီလီနှင့် စိတ်ကူးချင်း တူညီနေသည်ဟု ခံစားမိနေ၏။

သို့ရာတွင် ချက်တတ်ပြုတ်တတ်သော အိမ်ရှင်မပင် ဖြစ်စေကာမူ ဆန်မရှိလျှင် ထမင်းချက်၍မရနိုင်သည် မဟုတ်ပါလား။

မိမိကိုယ်တိုင်က မိန်းမမဟုတ်သကဲ့သို့ သမီးလည်း မရှိသဖြင့် ဤကိစ္စကို မည်သို့မျှ မတတ်နိုင်ချေ။

"ကျုပ်မှာတော့ သမီးလည်းရှိသလို မြေးမလေးလည်း ရှိတယ်။ တာအိုရောင်းရင်းကျိုးနဲ့ နီးစပ်အောင်လည်း ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ တာအိုရောင်းရင်းကျိုးက စိတ်မဝင်စားခဲ့ဘူး။ ကျုပ်တို့မှာ ရေစက်မပါဘူးလို့ပဲ ပြောရတော့မှာပေါ့...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူအချို့က သက်ပြင်းချလျက် ပြောလိုက်ကြ၏။

အမှန်စင်စစ် ဤကာလအတောအတွင်း ၎င်းတို့သည် မိမိတို့မိသားစုမှ အမျိုးသမီးကျင့်ကြံသူများစွာကို ကျိုးစွေ့နှင့် မိတ်ဆက်ပေးရန် ကြိုးပမ်းခဲ့ကြသည်။

ကိုယ်လုပ်တော်အဖြစ် ထားရှိလျှင်ပင် လက်ခံနိုင်ကြပေ၏။

သို့ရာတွင် တစ်ဖက်လူက လုံးဝ မျက်စိမကျခဲ့ချေ။

ထို့ကြောင့် ၎င်းတို့လည်း လက်လျှော့လိုက်ကြရုံမှတစ်ပါး အခြားမရှိတော့ချေ။

မဟုတ်ပါက တစ်ဖက်လူကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသာ ရှိမည်ဖြစ်ရာ ၎င်းတို့သည် ထိုမျှအထိ မိုက်မဲကြသူများ မဟုတ်ကြပေ။

"ထားလိုက်ပါတော့။ ဒါက ကျုပ်တို့ ဖုန်းရှီးမြို့အတွက် တကယ်တော့ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။ အခု တာအိုရောင်းရင်းထောင်က တာအိုရောင်းရင်းကျိုးကို လက်ထပ်လိုက်တော့ အင်အားချင်း ပေါင်းစပ်သွားပြီ။ ဖုန်းရှီးမြို့မှာ သူတို့ရဲ့အင်အားက အကြီးမားဆုံး ဖြစ်သွားတာပေါ့…”

“ဒါက ဖုန်းရှီးမြို့ရဲ့ အာဏာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုက်သလို ဖြစ်သွားပေမဲ့ အနည်းဆုံးတော့ အားလုံး စည်းစည်းလုံးလုံး ရှိသွားပြီး ကွဲပြားမသွားတော့ဘူး။ ဒါက ကျုပ်တို့ ဖုန်းရှီးမြို့အတွက် ကောင်းတဲ့ အလှည့်အပြောင်းတစ်ခုပဲ။ ဒီလိုအန္တရာယ်များတဲ့ ကြယ်ကွဲပင်လယ်ထဲမှာ ကျုပ်တို့လူသားမျိုးနွယ်တွေ အချင်းချင်း ပြန်တိုက်ခိုက်ပြီး အင်အားဖြုန်းတီးနေလို့ မဖြစ်ဘူးလေ...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးတစ်ဦးက မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်၏။

သူသည် ဤကဲ့သို့သောကိစ္စ၏ သက်ရောက်မှုအပေါ် ကောင်းမွန်သော ရှုထောင့်မှ ကြည့်မြင်နေပြီး ကောင်းသောကိစ္စတစ်ခုအဖြစ် ရှုမြင်ထားပေသည်။

အနည်းဆုံးအနေဖြင့် အကျိုးစီးပွားအတွက်ကြောင့် အချင်းချင်း ထိပ်တိုက်တွေ့ဆုံရမည့် ဘေးမှ ကင်းဝေးသွားပေလိမ့်မည်။

"ဟုတ်ပါ့။ အခု တစ်ကျွန်းလုံးမှာ သတ္တမအဆင့် အဆင့်မြင့်အစီအရင်ဖြစ်တဲ့ ဓာတ်ငါးပါးရွှီမီမြူခိုးအစီအရင်ကို ဖြန့်ကြက်ထားပြီးပြီဆိုတော့ ဖုန်းရှီးကျွန်းက လုံးဝ အန္တရာယ်ကင်းသွားပြီ။ လောလောဆယ်တော့ ပြင်ပရန်သူတွေ လာမှာ မဟုတ်ဘူး။ ကျုပ်တို့လည်း ကျွန်းရဲ့ တခြားနေရာတွေမှာ မြို့အသစ်တွေ တည်ဆောက်လို့ ရပြီ…”

“ဒါကို အမြန်ဆုံးစတင်ဖို့ လိုအပ်တယ်။ ဖုန်းရှီးမြို့တော်ရဲ့ လူဦးရေက ပိုပြီး များပြားလာလို့ လူအများကြီးကို မဆံ့နိုင်တော့ဘူး။ ဖုန်းရှီးမြို့တော်ရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့အတွက် သာမန်လူတွေကို တခြားနေရာတွေဆီ အရင်ဆုံး ပြောင်းရွှေ့ပေးရမယ်…”

“ကျုပ်တို့ ဖုန်းရှီးကျွန်းကို အပြီးသတ် တည်ဆောက်ပြီးသွားရင်တော့ ဒီနေရာက ကြယ်ကွဲပင်လယ်ထဲမှာရှိတဲ့ လူသားမျိုးနွယ်တွေရဲ့ အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်။ ကျုပ်တို့လည်း ဒီနေရာမှာ ယာယီ ခြေကုပ်ယူနိုင်သွားပြီပေါ့...”

"တော်သေးတာပေါ့ တာအိုရောင်းရင်းကျိုး ရှိနေလို့။ မဟုတ်ရင်တော့ ကျုပ်တို့အားလုံး ကြယ်ကွဲပင်လယ်ထဲမှာ သေဆုံးသွားခဲ့ကြတာ ကြာလှပြီ...”

"ဟုတ်ပဗျာ။ စစချင်းတုန်းက ကြယ်ကွဲပင်လယ်ထဲကို ရောက်လာရင် တကယ်ကို ဆိုးရွားပြီး လူအသေအပျောက် များလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုအခြေအနေကို ကြည့်ရတာ ထင်ထားတာထက် အများကြီး ပိုပြီး ကောင်းမွန်နေတယ်...”

လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများစွာမှာ အချင်းချင်း စကားစမြည် ပြောဆိုလျက် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြ၏။

၎င်းတို့သည် လက်ရှိ ဖုန်းရှီးမြို့၏ ဖွံ့ဖြိုးတိုးတက်မှုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်ဟု ခံစားနေကြရသည်။

…………

ထိုအချိန်တွင် မြို့တော်ဝန်နန်းတော်ရှိ လျှို့ဝှက်ဂူဗိမာန်တစ်ခုအတွင်း၌…။

ဤနေရာကား ဖုန်းရှီးတာအိုအရှင် တရားကျင့်ကြံအားထုတ်နေသော နေရာပင် ဖြစ်ပေသည်။

သူမသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူမ၏ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းသော ဟင်းလင်းပြင် လှုပ်ခတ်မှုများ ဖြစ်ပေါ်နေလျက် ကောင်းကင်နှင့်မြေကြီး၏ မူလစွမ်းအင်များက တရဟော တိုးဝင်လာနေတော့၏။

ဖူးခနဲ မြည်သံနှင့်အတူ ရုတ်တရက်ဆိုသလို သူမသည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရာ ဝတ်ဆင်ထားသော ဝတ်ရုံပေါ်၌ ရဲရဲနီသွားလေတော့သည်။

"သေစမ်း... ပြီးခဲ့တဲ့အကြိမ် ခန္ဓာပေါင်းစည်းခြင်းတိုက်ပွဲတုန်းက ရခဲ့တဲ့ဒဏ်ရာက ပြင်းထန်လွန်းတယ်...”

"ဒီလောက်အချိန်အကြာကြီး ကုန်ဆုံးသွားတာတောင် အရှင်းမသက်သာသေးဘူးပဲ..."

"ဒီအတောအတွင်း ဖုန်းရှီးမြို့တော်မှာ ဘာကြီးမားတဲ့ကိစ္စမှ မဖြစ်ပွားခဲ့ဖို့ပဲ မျှော်လင့်ရတော့မယ်..."

ဖုန်းရှီးတာအိုအရှင်မှာ အလွန်ပင် ကူကယ်ရာမဲ့လျက် သက်ပြင်းချလိုက်မိ၏။

မိမိ၏ဒဏ်ရာများမှာ မကြာမီ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟူ၍ နဂိုက မျှော်လင့်ထားခဲ့သော်လည်း တံခါးပိတ်ကျင့်ကြံသည်မှာ နှစ်တစ်ရာ၊ နှစ်ရာခန့် ကြာမြင့်သွားသည့်တိုင်အောင် ယနေ့အထိ သက်သာလာခြင်း မရှိသေးပေ။

အလွန်ဆုံးရှိမှ ခန္ဓာကိုယ်အတွင်းရှိ ဒဏ်ရာများကို ဖိနှိပ်ထားနိုင်ရုံသာ ရှိပြီး ပိုမိုဆိုးရွားမလာအောင် တားဆီးထားနိုင်ခြင်းသာ ဖြစ်၏။

ဤသည်ကို တွေးတောမိပြီးနောက် သူမသည် စိတ်အာရုံကို လှုပ်ရှားလိုက်ကာ မိမိ၏ ယုံကြည်ရသော လက်အောက်ငယ်သားဖြစ်သူ စစ်ယွီရှီးထံသို့ ချက်ချင်းပင် အသံလွှင့်ကာ ဆင့်ခေါ်လိုက်သည်။

ရှူးခနဲ အသံတစ်ချက်နှင့်အတူ မကြာမီအချိန်အတွင်းမှာပင် နက်မှောင်သော လျှို့ဝှက်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကြောင်တစ်ကောင်ကဲ့သို့ ကျွမ်းကျင်ဖျတ်လတ်သော မိန်းမလှလေးတစ်ဦးသည် ဂူဗိမာန်အတွင်းသို့ ရုတ်ချည်း ရောက်ရှိလာခဲ့လေသည်။

သူမသည် လေဟာနယ်အတွင်း ပျော်ဝင်နေသကဲ့သို့ ရှိပြီး ခန္ဓာကိုယ်မှ အရှိန်အဝါသည် ဘေးပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေ၏။

"ဖုန်းရှီးအစ်မ... အစ်မရဲ့ဒဏ်ရာက အရှင်းမသက်သာသေးဘူးလား..."

စစ်ယွီရှီးသည် ဖုန်းရှီးတာအိုအရှင်ကို အလွန်စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

သူမသည် ဖုန်းရှီးတာအိုအရှင်၏ ခန္ဓာကိုယ်မှ အရှိန်အဝါမှာ ယခင်အတိုင်းပင် ရှိနေပြီး မည်သည့်တိုးတက်မှုမှ မရှိသည်ကို ခံစားမိလေသည်။ အမှန်အတိုင်းဆိုရပါက ဖုန်းရှီးတာအိုအရှင်၏ ဒဏ်ရာများမှာ ယခုထက်ထိ သက်သာမလာသေးသည်ကို သူမလည်း ထင်မှတ်မထားခဲ့ပေ။

"ကိစ္စမရှိပါဘူး... ဒါက ယာယီပါပဲ။ ငါ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာက ကောင်းကင်ဖီးနစ်သွေးမျိုးဆက်လေ... ပြန်လည်ကောင်းမွန်နိုင်စွမ်းက အရမ်းအားကောင်းတော့ ငါ့ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ မကြာသေးခင်က ဖုန်းရှီးမြို့တော်ရဲ့ အခြေအနေတွေ ဘယ်လိုရှိလဲ။ ငါ တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်မှာ ဘာပြဿနာကြီးကြီးမားမားမှ မရှိခဲ့ဘူးမလား...”

ဖုန်းရှီးတာအိုအရှင်က လက်ယမ်းပြလိုက်၏။

သူမသည် မိမိ၏ဒဏ်ရာကို တမင်သက်သက် ဖုံးကွယ်ထားခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူမ၏ညီမငယ်ကို မစိုးရိမ်စေလိုသောကြောင့်ပင် ဖြစ်သည်။

ထို့အပြင် အခြားသူ စိုးရိမ်ပူပန်နေသည့်တိုင် မည်သည့်အကျိုးသက်ရောက်မှုမှ ရှိလိမ့်မည်မဟုတ်သလို မိမိကိုလည်း ကူညီနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေမည့်အစား ဖုံးကွယ်ထားလိုက်ခြင်းက ပို၍ကောင်းမွန်ပေသည်။

နောင်တစ်ချိန်တွင်မူ ဒဏ်ရာများကို ပျောက်ကင်းစေမည့် အခွင့်အလမ်းကို ရှာဖွေနိုင်ကောင်း ရှာဖွေနိုင်ပေလိမ့်မည်။

"မကြာသေးခင်က ဖုန်းရှီးမြို့တော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ တော်တော်လေး ကောင်းမွန်ပါတယ်..."

ထိုစကားကို ကြားသောအခါ စစ်ယွီရှီးသည် ခေါင်းညိတ်လိုက်ပြီး ပြီးခဲ့သော နှစ်နှစ်ရာအတွင်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်မကျန် ဖုန်းရှီးတာအိုအရှင်အား တစိမ့်စိမ့် ရှင်းပြလေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက် ဖုန်းရှီးတာအိုအရှင်သည် စစ်ယွီရှီးထံမှတစ်ဆင့် လွန်ခဲ့သော နှစ်နှစ်ရာအတွင်း ဖုန်းရှီးမြို့တော်၌ ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားကာ စိတ်ထဲတွင် အလွန်တရာ အံ့ဩတုန်လှုပ်သွားရ၏။

မိမိ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဤမျှလောက် များပြားလှသော ကိစ္စရပ်များ ဖြစ်ပျက်ခဲ့လိမ့်မည်ဟူ၍ လုံးဝ ထင်မှတ်မထားခဲ့မိချေ။

All Chapters