← Chapters

အခန်း ၈၆၀

Vol. 81 Ch. 860

အခန်း ၈၆၀

Vol. 81 Ch. 860

အခန်း (၈၆၀) – အဆင့်တက်လှမ်းသွားသော ‘စာအုပ်ကူ’၊ ကံကြမ္မာခြောက်ဖြာ ဟောကိန်းထုတ်ခြင်း နတ်ဘုရားစွမ်းရည် (၂) ။

ဝုန်း...

ချက်ချင်းပင် ကျိုးစွေ့သည် သူ့ကိုယ်ပေါ်ရှိ 'စာအုပ်ကူ'ထံမှ အလင်းတန်းများ ဖြာထွက်လာသည်ကို ခံစားလိုက်ရ၏။ ခန္ဓာကိုယ်ပေါ်တွင်လည်း သိပ်သည်းများပြားလှသော ရုန်းသင်္ကေတများ ပေါ်ပေါက်လာပြီး အလွန်နက်နဲကာ လေဟာနယ်ထဲသို့ ပျော်ဝင်သွားသည့်နှယ် ဖြစ်လေသည်။

ဝိုးတဝါးဖြင့် ၎င်း၏ခန္ဓာကိုယ်အတွင်းပိုင်း၌ သိပ်သည်းများပြားလှသော စာအုပ်များ ပေါ်ထွက်လာသည့်အလား ထင်မှတ်ရပေသည်။

အဆုံးအစမဲ့သော အသိပညာများသည် ၎င်း၏ခန္ဓာကိုယ်အတွင်း၌ ပေါက်ဖွားလာခဲ့၏။

ဘန်း...

ထိုစဉ် 'စာအုပ်ကူ'၏ အတွင်းပိုင်းနေရာလွတ်သည် ထပ်မံကျယ်ပြန့်လာကြောင်းကို ခံစားလိုက်ရသည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက မည်မျှအထိ ကျယ်ပြန့်သွားမှန်းပင် မသိနိုင်တော့ဘဲ အဆုံးအစမဲ့နေသည်ဟုပင် ဆိုနိုင်ပေသည်။

အကယ်၍ သတ္တမအဆင့် 'စာအုပ်ကူ'၏ အတွင်းပိုင်းနေရာလွတ်သည် ပုံရိပ်ယောင်စာအုပ်ကမ္ဘာတစ်ခု ဖြစ်သည်ဆိုလျှင်ပင် ထိုအရာက အလယ်အလတ်ကမ္ဘာငယ် တစ်ခုသာ ဖြစ်၏။

သို့သော်လည်း ယခု အဋ္ဌမအဆင့်သို့ တက်လှမ်းသွားပြီးနောက်တွင်မူ မဟာကမ္ဘာကြီးတစ်ခု ဖြစ်လာခဲ့ချေပြီ။

ထိုအထဲတွင် ထည့်သွင်းသိုလှောင်ထားနိုင်သည့် စာအုပ်များနှင့် အသိပညာများသည် ယခင်ကထက် အဆမည်မျှပိုများလာသည်ကိုပင် မသိနိုင်တော့ပေ။

"ဒါက..."

ကျိုးစွေ့က သူ၏ဝိညာဉ်သည် 'စာအုပ်ကူ'နှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေကြောင်းကို ရှာဖွေတွေ့ရှိလိုက်သည်။

သူ၏ဝိညာဉ်သည် 'စာအုပ်ကူ' အတွင်းသို့ ပျော်ဝင်သွားပြီး 'စာအုပ်ကူ'၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပုံရကာ အရာအားလုံးကို စောင့်ကြည့်ထိန်းချုပ်နေသည့် 'စာအုပ်ကူ'၏ ကောင်းကင်တာအိုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ချက်ချင်းပင် 'စာအုပ်ကူ'၏ အတွင်းကမ္ဘာထဲတွင် ကုန်းမြေတိုက်ကြီးများ၊ သမုဒ္ဒရာများသာမက ရေတွက်၍မရနိုင်သော ကျွန်းစုများပါ ပေါ်ပေါက်လာခဲ့၏။

များပြားလှသော တောင်တန်းများ၊ မြစ်ချောင်းများ၊ ချိုင့်ဝှမ်းများနှင့် သဲကန္တာရ အစရှိသည့် နေရာများစွာသည်လည်း အလိုအလျောက် ဖြစ်တည်လာခဲ့သည်။

ဤသည်က ပြီးပြည့်စုံသော မဟာကမ္ဘာကြီးတစ်ခု ဖြစ်နေခြင်းပင်။

သို့သော်ငြား ဤကမ္ဘာကြီးသည် ဟာလာဟင်းလင်း ဖြစ်နေဆဲဖြစ်ပြီး နေရာတော်တော်များများသည် အဆုံးအစမဲ့ ကျယ်ပြန့်နေသည့် လွင်ပြင်ကြီးများအဖြစ်သာ ရှိနေသေး၏။

ဤသည်မှာ 'စာအုပ်ကူ'၏ ကျင့်ကြံခြင်းအဆင့်က ကြီးမားစွာ တိုးတက်လာခဲ့သည်ဆိုသော်လည်း အသိပညာများ အလွန်အမင်း လိုအပ်နေဆဲ ဖြစ်သောကြောင့် ဖြစ်လေသည်။

'စာအုပ်ကူ'၏ အတွင်းပိုင်းနေရာလွတ်ကို ပြည့်နှက်သွားစေရန် အဆုံးအစမဲ့သော အသိပညာများကို အသုံးပြုရန် လိုအပ်သေးသည်။

ထိုသို့မှသာ 'စာအုပ်ကူ'၏ နောက်ထပ်ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်၏။

ယခင်က ရရှိခဲ့သော အသိပညာများစွာမှ ရရှိလာသည့် အာဟာရဓာတ်များသည် ဤအချိန်တွင် အခြေခံအားဖြင့် လုံးဝကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။

အသိပညာများ ပိုမိုရရှိနိုင်ခြင်း မရှိပါက အချိန်တိုအတွင်း 'စာအုပ်ကူ'သည် ဆက်လက်ကြီးထွားလာမည် မဟုတ်ချေ။

'ပိုများတဲ့ အသိပညာနဲ့ စာအုပ်တွေကို ရဖို့ဆိုတာ ဒီလောက် မလွယ်ကူလောက်ဘူး...'

'အခုက လူသားမျိုးနွယ်ဆီကို ပြန်သွားလို့မရတော့ လူသားမျိုးနွယ် ဧကရာဇ်မြို့တော်ကလာတဲ့ အသိပညာတွေကိုလည်း ရနိုင်မှာ မဟုတ်ဘူး...'

'ဒါပေမဲ့ တခြားမျိုးနွယ်စုတွေ ရရှိထားတဲ့ လျှို့ဝှက်ကျမ်းတွေကို အပြင်လူကျင့်ကြံသူတွေ ရဖို့ဆိုတာ သဘာဝကျကျပဲ မဖြစ်နိုင်ပြန်ဘူး...'

'အနားကပ်ဖို့တောင် မဖြစ်နိုင်တဲ့ကိစ္စပဲ...'

'အာ... ဟုတ်ပြီ... ဖေးဟော်လျှို့ဝှက်နယ်မြေ... အဲဒီနေရာဟာ တစ်ချိန်တုန်းက ဖေးဟော်မျိုးနွယ်စုရဲ့ ဘိုးဘေးနယ်မြေဖြစ်ခဲ့တာပဲ...'

'အဓိကနေရာထဲမှာ ယခင်တုန်းက ဖေးဟော်မျိုးနွယ်စုရဲ့ လျှို့ဝှက်ကျမ်းတွေ ကျန်ရစ်နေလောက်သေးတယ်...'

'ဖေးဟော်လျှို့ဝှက်နယ်မြေကို အမြန်ဆုံး ထိန်းချုပ်နိုင်ဖို့ လိုအပ်နေပုံပဲ...'

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူသည် ဖေးဟော်လျှို့ဝှက်နယ်မြေမှာ ဧရာမရတနာသိုက်ကြီး တစ်ခုဖြစ်သည်ဟု ခံစားနေရ၏။

အကယ်၍ အပြည့်အဝ တူးဖော်နိုင်မည်ဆိုလျှင် မိမိအတွက် အကျိုးကျေးဇူးများမှာ မည်မျှကြီးမားမည်ကို တွေးကြည့်နိုင်ပြီး မှန်းဆ၍ပင် မရနိုင်ချေ။

မှန်ပေသည်၊ အချိန်တိုအတွင်း ဤရတနာသိုက်ကြီးအား အပြောင်ရှင်းအောင် တူးဖော်ရန်ဆိုသည်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သော ကိစ္စဖြစ်သည်။

သို့သော်လည်း သူ့၌ အချိန်များစွာ ကျန်ရှိနေသေးသည်ဖြစ်ရာ သဘာဝကျကျပင် လောစရာမလိုချေ။

ဝုန်း...

နောက်တစ်စက္ကန့်တွင် နောက်ထပ်သော သတင်းအချက်အလက်တစ်ခုက ဒီရေလှိုင်းများအလား သူ၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ စီးဝင်သွားလေသည်။

ထိုအရာက ကံကြမ္မာခြောက်ဖြာဟောကိန်းထုတ်ခြင်း နတ်ဘုရားစွမ်းရည်ပင် ဖြစ်၏။

(စကားချပ် - ကံကြမ္မာခြောက်ဖြာဟောကိန်းအတတ် ဆိုတာက တရုတ်ရိုးရာ ၁ချင်(易经)ရဲ့ (卦)လိုင်းခြောက်ကြောင်းကို အခြေခံပြီးတော့ ကံကမ္မ၊ အတိတ်၊ အနာဂတ်ကို တွက်ကိန်းထုတ်တဲ့ နည်းစနစ်တစ်ခုပါ။ မူရင်းဘယ်လိုခေါ်သလဲတော့ မသိပါ။ လှအောင် ကြည့်ကျက်အမည်ပေးထားခြင်းပါ။)

ဤသည်မှာ အဋ္ဌမအဆင့်သို့ တက်လှမ်းသွားသော 'စာအုပ်ကူ'မှ ပေါက်ဖွားလာသည့် အစွမ်းထက်သော ကံ၊ ကံ၏အကျိုး နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်သည်။

ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် အကြောင်းတရားနှင့် အကျိုးဆက်မျိုးစုံမှတစ်ဆင့် မတူညီသော လူများနှင့် အရာဝတ္ထုများကို ခြေရာခံနိုင်မည် ဖြစ်သည်။

အတိုင်းအတာ တစ်ခုအထိဆိုလျှင် အနာဂတ်ကိုပင် ကြိုတင်သိမြင်နိုင်ပေသည်။

'ကံကြမ္မာကူ'၏ အနာဂတ်ကို ကြိုတင်သိမြင်ခြင်းနှင့် မတူညီသည်မှာ 'ကံကြမ္မာကူ'သည် အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှသာ ကပ်ဘေးစွမ်းအင်များ ရောက်ရှိလာသည်ကို သိရှိပြီး အလိုအလျောက် ကြိုတင်သိမြင်ခြင်းကို အသက်သွင်းလေ့ရှိခြင်း ဖြစ်၏။

သို့ရာတွင် ကံကြမ္မာခြောက်ဖြာဟောကိန်းထုတ်ခြင်းကမူ မတူညီဘဲ ၎င်းက အကြောင်းတရားနှင့် ကံအကျိုးဆက်စွမ်းအားများကို အခြေခံ၍ ကိစ္စရပ်အမျိုးမျိုးကို ကြိုတင်သိမြင်နိုင်ရန် ကိုယ်တိုင်ကိုယ်ကျ အသက်သွင်းရခြင်း ဖြစ်သည်။

ဤနတ်ဘုရားစွမ်းရည်သည် ပြိုင်ဘက်ကင်းစွာ အစွမ်းထက်ပြီး အဆုံးမဲ့ အသုံးဝင်လှသည်ဟု ဆိုနိုင်ပေသည်။

"ကံကြမ္မာခြောက်ဖြာဟောကိန်းထုတ်ခြင်း..."

ချက်ချင်းပင် ကျိုးစွေ့က စိတ်ဆန္ဒတစ်ချက်ဖြင့် ဤနတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်သည်။

ဝုန်း...။

ဤအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးသည် ဇောက်ထိုးမိုးမျှော် ပြောင်းလဲသွားကြောင်းကို သူ ခံစားလိုက်ရသည်။ ဤကမ္ဘာကြီးတွင် သိပ်သည်းများပြားလှသော အဖြူအမည်း မျဉ်းကြောင်းများ ပေါ်လာသကဲ့သို့ ဖြစ်နေပြီး ဤသည်မှာ အကြောင်းတရားနှင့် ကံအကျိုးဆက်မျဉ်းကြောင်းများပင် ဖြစ်၏။

ကမ္ဘာကြီးတစ်ခုလုံးသည် အဆုံးအစမဲ့သော အကြောင်းတရားနှင့် ကံအကျိုးဆက် မျဉ်းကြောင်းများဖြင့် ယက်လုပ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဤသည်မှာ အကြောင်းတရားနှင့် ကံအကျိုးဆက် ကွန်ရက်ကြီးပင်။

သက်ရှိအားလုံးသည် ဤကွန်ရက်ကြီးမှ ရုန်းထွက်နိုင်ရန် မဖြစ်နိုင်ဘဲ အမြဲတမ်း အကြောင်းတရားနှင့် ကံအကျိုးဆက်များကြားတွင် တည်ရှိနေကြခြင်း ဖြစ်၏။

ဟောကိန်းထုတ်ခြင်းဆိုသည်မှာ အဆုံးအစမဲ့သော အကြောင်းတရားနှင့် ကံအကျိုးဆက်မျဉ်းကြောင်းများမှတစ်ဆင့် အကြောင်းမှ အကျိုးသို့ သွားကာ မိမိလိုချင်သော ရလဒ်ကို ခြေရာခံပြီး မိမိလိုအပ်သော သတင်းအချက်အလက်များကို ရယူခြင်းပင် ဖြစ်လေသည်။

ငန်းများ ဖြတ်ပျံသွားပါက ခြေရာ‌နောက်ကြောင်းကျန်ခဲ့မည်မှာ အသေအချာပင်။

သက်ရှိများလည်း ထိုနည်းတူဖြစ်၏။

ဤကမ္ဘာပေါ်တွင် ပေါ်ပေါက်လာသမျှသည် သေချာပေါက် ခြေရာနောက်ကြောင်းများ ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ၎င်းတို့နှင့် သက်ဆိုင်သော သတင်းအချက်အလက်များ ကျန်ရစ်နေမည်သာ။

ဤအတိတ်က သတင်းအချက်အလက်များကို ကောင်းကင်တာအိုမှ မှတ်တမ်းတင်ထားပြီး ဤကမ္ဘာကြီး၏ အချိန်နှင့်ဟင်းလင်းပြင် အနက်ပိုင်းအတွင်းသို့ ပျော်ဝင်သွားစေသည်။

အချို့သော အစွမ်းထက်ကျင့်ကြံသူများသည် ဟောကိန်းထုတ်ခြင်းပညာရပ်မှတစ်ဆင့် ကောင်းကင်တာအိုနှင့် ဆက်သွယ်ကာ အကြောင်းတရားနှင့် ကံအကျိုးဆက်များကို ထိုးထွင်းသိမြင်နိုင်ပြီး အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို တွက်ချက်နိုင်စွမ်း ရှိကြသည်။

ဤသည်က ဟောကိန်းထုတ်ခြင်းပညာရပ်၏ အခြေခံသဘောတရားပင် ဖြစ်၏။

သို့ရာတွင် ဤအချက်ကို လုပ်ဆောင်နိုင်ရန်မှာမူ အလွန်အမင်း ခက်ခဲလှသည်။

ပထမဦးစွာ အစွမ်းထက်သော ဝိညာဉ်အရည်အသွေး လိုအပ်သည်။ သို့မဟုတ်ပါက ကောင်းကင်တာအိုနှင့် ဆက်သွယ်၍ အကြောင်းတရားနှင့် ကံအကျိုးဆက်များကို ထိုးထွင်းသိမြင်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

ဒုတိယအနေဖြင့် အစွမ်းထက်သော တွက်ချက်မှုစွမ်းရည် လိုအပ်၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်တာအိုမှ ရရှိသော သတင်းအချက်အလက်များသည် အဆုံးအစမဲ့ပြီး တိမ်တိုက်များကဲ့သို့ ကျယ်ပြောလှသောကြောင့် ဖြစ်လေသည်။

သာမန်ကျင့်ကြံသူများအနေဖြင့် ဤမျှများပြားသော သတင်းအချက်အလက်များကို ရရှိပါက လုံလောက်သော တွက်ချက်မှုစွမ်းရည်မရှိလျှင် ချက်ချင်းပင် ဦးနှောက်ပေါက်ကွဲကာ ဝိညာဉ်ဝန်ပိပြီး သေဆုံးသွားရပေမည်။

နောက်ဆုံးတွင်မူ အစွမ်းထက်သော ဉာဏ်ပညာထိုးထွင်းသိမြင်နိုင်စွမ်း ဖြစ်သည်။

လုံလောက်သော တွက်ချက်မှုစွမ်းရည် ရှိလျှင်ပင် အဆုံးအစမရှိ ရှုပ်ထွေးပွေလီနေသော သတင်းအချက်အလက်များကို ရရှိလာသောအခါ မိမိလိုအပ်သော အချက်အလက်များကို ဖော်ထုတ်တွက်ချက်ရန် လုံလောက်သော ဉာဏ်အလင်းပွင့်နိုင်စွမ်းနှင့် ဉာဏ်ပညာတို့ လိုအပ်ပေသည်။

သို့သော်ငြား ထိုကဲ့သို့သော ဉာဏ်အလင်းပွင့်နိုင်စွမ်းမျိုးမှာ လူတိုင်း ပိုင်ဆိုင်ထားနိုင်သည် မဟုတ်ချေ။

တွက်ချက်ရမည့် ကိစ္စရပ်များ ပိုမိုရှုပ်ထွေးလေလေ လိုအပ်သော ဉာဏ်အလင်းပွင့်နိုင်စွမ်းကလည်း ပိုမိုအံ့မခန်းဖြစ်ရလေလေပင်။

မှန်ပေ၏၊ ရိုးရှင်းသော ကိစ္စရပ်များဆိုလျှင်မူ လိုအပ်သော ဉာဏ်အလင်းပွင့်နိုင်စွမ်းက များစွာ မလိုအပ်ပေ။

ထို့ကြောင့် သာမန်အားဖြင့် ဝိညာဉ်လောကအတွင်း၌ပင် အမှန်တကယ် နက်နဲသော ဟောကိန်းထုတ်ဗေဒင်ဆရာများသည် ပြိုင်ဘက်ကင်းစွာ ရှားပါးလှ၏။

ပါရမီအမျိုးမျိုး ပေါင်းစပ်ထားပြီး အမှန်တကယ် ဟောကိန်းထုတ်နိုင်ကာ အကြောင်းတရားနှင့် ကံအကျိုးဆက် နတ်ဘုရားစွမ်းရည်များကို နားလည်သဘောပေါက်နိုင်သော ကျင့်ကြံသူများသည် အလွန်အမင်း နည်းပါးလှပြီး လက်ချိုးရေတွက်၍ပင် ရနိုင်သည်ဟု ဆိုနိုင်သည်။

သို့ရာတွင် ကျိုးစွေ့ကမူ မတူညီပေ။

'စာအုပ်ကူ'၏ စွမ်းအားကို အသုံးပြုခြင်းဖြင့် သူသည် လုံလောက်သော အစွမ်းထက် တွက်ချက်မှုစွမ်းရည်နှင့် အလွန်အမင်း အစွမ်းထက်သော ဉာဏ်အလင်းပွင့်နိုင်စွမ်းတို့ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

၎င်းကို ဗေဒင်ဟောကိန်းထုတ်ခြင်းနှင့် ပေါင်းစပ်လိုက်ပါက ကျားကို အတောင်တပ်သကဲ့သို့ ပို၍ပင် အစွမ်းထက်လာမည် မဟုတ်ပါလော။

'ဒီအကြောင်းတရားနဲ့ ကံအကျိုးဆက် နတ်ဘုရားစွမ်းရည်က အနာဂတ်ကို ဟောကိန်းထုတ်နိုင်ရုံလောက် မရိုးရှင်းဘူး...'

'တစ်ချိန်တည်းမှာပဲ အတိတ်ကို ဗေဒင်ဟောနိုင်သလို အတိတ်က သတင်းအချက်အလက်တွေကိုလည်း ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတယ်...'

‘'စာအုပ်ကူ’ လွှမ်းခြုံထားတဲ့ နေရာဖြစ်နေသရွေ့ အဲဒီနေရာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေကို သိနိုင်တယ်...'

'အခု ‘စာအုပ်ကူ’က အဋ္ဌမအဆင့်ကို တက်လှမ်းသွားပြီး လူသားမျိုးနွယ်ရဲ့ ကံကြမ္မာနဲ့ ချိတ်ဆက်ထားပြီးပြီ...'

'ဆိုလိုတာက လူသားမျိုးနွယ်ကံကြမ္မာ လွှမ်းခြုံထားတဲ့ နေရာတိုင်းက သတင်းအချက်အလက်တွေ အကုန်လုံး ပုန်းကွယ်လို့မရနိုင်တော့ဘူး...'

'အိမ်ပြင်မထွက်ရင်တောင်မှ လူသားမျိုးနွယ် အုပ်ချုပ်တဲ့နေရာတွေမှာ ဖြစ်ပျက်နေသမျှ ကိစ္စတွေကို သိနိုင်နေပြီပဲ...'

ကျိုးစွေ့၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။

All Chapters