အခန်း ၄၁၁
Vol. 42 Ch. 411
အခန်း (၄၁၁)
" ဝမ်ဝမ်အပေါ် မင်းဘယ်လိုမြင်လဲ။ " ရင်ကျန့်က မေးလိုက်သည်။
" သူက ချင်ဥပဒေကို ချိုးဖောက်ခဲ့တော့ ဥပဒေအတိုင်း အရေးယူရမှာပေါ့။ " ကျောက်ဖုန်းက တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
ဝမ်ဝမ်၏ ပြစ်မှုများက သူ့ကိုသာမက သူ၏ မျိုးဆက်များကိုပါ ရှင်းလင်းရန် လုံလောက်ပေသည်။ အထူးသဖြင့် မြေယာများကို အလွဲသုံးစားလုပ်ခြင်းဖြစ်သည်။ ချင်နိုင်ငံတွင် လူဦးရေနည်းပါးသောကြောင့် မြေယာအများစုကို အစိုးရရုံးကသာ ထိန်းချုပ်ထားသည်။ ဘွဲ့ထူးရစစ်သည်များသာ မြေယာများ ပိုင်ဆိုင်ခွင့်ရှိပြီး မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်သည်။ သို့သော် သာမန်ပြည်သူများကလည်း မြေယာများကို စိုက်ပျိုးခွင့်ရှိပြီး ပိုင်ဆိုင်ခွင့်တော့ မရပေ။ ဝမ်ဝမ်က ဝန်ကြီးချုပ်ရာထူးကို အသုံးပြုပြီး မြေယာများကို သိမ်းယူခဲ့ခြင်းဖြစ်သည်။
" သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက မျိုးဆက်တစ်ခုလုံး ကွပ်မျက်ရမယ့် ပြစ်မှုမျိုးပဲ။ " ရင်ကျန့်က ဖြည်းညင်းစွာ ပြောလိုက်သည်။
" မျိုးဆက်တစ်ခုလုံး ကွပ်မျက်ရမယ်ဆိုရင်လည်း အဲ့လိုပဲ လုပ်လိုက်ပါ။ " ကျောက်ဖုန်းက သနားညှာတာခြင်းမရှိဘဲ ပြောလိုက်သည်။
" မင်းတကယ် ဆုံးဖြတ်ပြီးပြီလား။ ဝမ်ဝမ်က မျိုးဆက်ဟောင်းတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်။ ဝမ်ဝမ်ကို အပြတ်ရှင်းလိုက်ရင် မင်းက သူတို့အတွက် ဆူးတစ်ချောင်းဖြစ်လာလိမ့်မယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
ယခုအချိန်တွင် သူက ဘုရင်တစ်ယောက်အနေဖြင့် ပြောနေခြင်းမဟုတ်ဘဲ ဖခင်တစ်ယောက်အနေဖြင့် ပြောနေခြင်းဖြစ်သည်။ ရင်ကျန့်၏ အမြင်တွင် ကျောက်ဖုန်းက သူ၏ အဆင့်အတန်းပေါ်လာလျှင်တောင် အာဏာကို အသုံးချရန် လိုအပ်သေးသည်။ သူက သူတို့ကို လုံးဝဆန့်ကျင်လိုက်လျှင် ထိုမျိုးဆက်ဟောင်းများက သူ့ကို သေသည်အထိ ခုခံကြပေလိမ့်မည်။ ကျောက်ဖုန်းက ဝမ်ဝမ်ကို ရှင်းချင်သော်လည်း သူက လမ်းကြောင်းတစ်ခုချန်ထားပေးလျှင် အနာဂတ်တွင် အခွင့်အရေးရှိလာနိုင်သည်။
" ကျွန်တော်မျိုးက သူတို့အတွက် ဆူးတစ်ချောင်းဖြစ်လာမယ်ဆိုရင်လည်း ဖြစ်ပါစေ။ ကျွန်တော်မျိုး သူတို့ကို မကြောက်ပါဘူး။ ဒီတစ်ခါ ဝမ်ဝမ်ရဲ့ မိသားစုတစ်ခုလုံးရဲ့ အသက်ကို အသုံးချပြီး တရားရုံးက လူတွေကို သတိပေးလိုက်မယ်။ သူတို့သာ လုပ်ရဲရင် ကျွန်တော်မျိုးက သူတို့ကို အဆုံးထိ လိုက်လုပ်မှာပါ။ " ကျောက်ဖုန်းက ဖုံးကွယ်ခြင်းမရှိဘဲ ပြောလိုက်သည်။
" မင်းဆုံးဖြတ်ချက်ချပြီးပြီဆိုရင်လည်း မင်းသဘောပဲ။ " ရင်ကျန့်က ထပ်မပြောတော့ပေ။ ထို့အပြင် ကျောက်ဖုန်း၏ ရဲရင့်မှုက သူကို ပို၍ ယုံကြည်မှုရှိလာစေသည်။
" အရှင်မင်းကြီး ဝမ်ဝမ်ကို ကိုင်တွယ်တဲ့အခါ ကျွန်တော်မျိုးက တာဝန်ခံအဖြစ် ခန့်အပ်ပေးပါ။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" ခွင့်ပြုတယ်။ " ရင်ကျန့်က ခဏ စဉ်းစားပြီး ပြောလိုက်သည်။
ထိုအချိန်တွင်
" သားတော် ဖုစု ခမည်းတော်ကို တွေ့ခွင့်တောင်းပါတယ်။ " ခန်းမအပြင်ဘက်မှ ဖုစု၏ အသံ ထွက်ပေါ်လာသည်။
" အသနားခံဖို့ လာတာပေါ့။ " ကျောက်ဖုန်းက ရယ်လိုက်သည်။
" ဝင်ခဲ့။ "
ခန်းမတံခါးက ပွင့်သွားပြီး ဖုစုက ခန်းမထဲသို့ ဝင်လာကာ ရင်ကျန့်နှင့် ဆယ်ပေအကွာသို့ ရောက်သည်နှင့် ချက်ချင်း ဒူးထောက်လိုက်သည်။
" သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်။ "
" ပြောစရာရှိတာပြော။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
" သူက ဖုစုအပေါ် မျှော်လင့်ချက်တွေ ထားခဲ့ပေမယ့် ဖုစုရဲ့ လက်ရှိအခြေအနေက သူ့ကို တော်တော် စိတ်ပျက်သွားစေခဲ့တဲ့ပုံပဲ။ ဒါကြောင့်လည်း သမိုင်းထဲမှာ ဖုစုကို မြောက်ဘက်နယ်စပ်ကို နယ်နှင်ဒဏ်ပေးခဲ့တာပဲ။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။
" ခမည်းတော် ဝန်ကြီးချုပ်ဝမ်က ဥပဒေကို ချိုးဖောက်ခဲ့ပြီး သက်သေတွေလည်း ခိုင်လုံနေလို့ သူ့အတွက် အသနားခံလို့ မရတာ သားတော်သိပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က ချင်နိုင်ငံကို နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ ဝန်ကြီးချုပ်ဝမ် ချင်မင်းဆက်အပေါ် သစ္စာရှိတာကို ထောက်ထားပြီး သူ့ရဲ့သားသမီးတွေကို အသက်ချမ်သာပေးဖို့နဲ့ မိသားစုတစ်ခုလုံး ဆွဲမထည့်ဖို့ ခမည်းတော်ကို တောင်းပန်ပါတယ်။ " ဖုစုက ဦးညွှတ်ပြီး ပြောလိုက်သည်။
" ဝမ်ဝမ်ရဲ့ တပည့်တွေနဲ့ လက်အောက်ခံတွေအစား မင်းက ဘာလို့ရောက်လာတာလဲ။ " ရင်ကျန့်က အေးစက်စွာ မေးလိုက်သည်။
" သားတော်က ဝန်ကြီးချုပ်ဝမ်ဆီမှာ တပည့်ခံခဲ့တာမဟုတ်ပေမယ့် သူက သားတော်ကို ဂရုစိုက်ပြီး သင်ကြားပေးခဲ့တာဖြစ်လို့ ဆရာတစ်ဝက်ပါပဲ။ ဒါကြောင့် သားတော်လာခဲ့တာပါ။ " ဖုစုက ပြန်ပြောလိုက်သည်။
" ချင်နိုင်ငံ တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်က ဘာလဲ မင်းသိလား။ " ရင်ကျန့်က ဖုစုကို စိုက်ကြည့်ပြီး မေးလိုက်သည်။
" ချင်နိုင်ငံ တည်ဆောက်ရေးရဲ့ အခြေခံအုတ်မြစ်က ဥပဒေပါ။ ဒါပေမယ့် ဥပဒေအောက်မှာ လူစိတ်ခံစားချက်ဆိုတာ ရှိပါသေးတယ်။ " ဖုစုက ပြန်ပြောလိုက်သည်။
" ဥပဒေအောက်မှာ လူတိုင်းက စိတ်ခံစားချက်အကြောင်း ပြောနေမယ်ဆိုရင် ချင်နိုင်ငံက ဘာဖြစ်သွားမလဲ။ နောက်ပြီး အနာဂတ်မှာ ကမ္ဘာကို အုပ်ချုပ်မယ့် ချင်နိုင်ငံကရော ဘာဖြစ်သွားမလဲ။ စိတ်ခံစားချက်ဆိုတာ ပုဂ္ဂိုလ်ရေးကိစ္စပဲ။ လူတိုင်းက ကိုယ်ပိုင်ဆက်ဆံရေးတွေကိုပဲ တန်ဖိုးထားနေမယ်ဆိုရင် ဥပဒေအကြောင်း ဘယ်လိုပြောလို့ရတော့မလဲ။ ချင်နိုင်ငံက ရွာတစ်ရွာဖြစ်သွားမှာလား။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။
ညီလာခံတွင် ဝမ်ဝမ်ကို ဖယ်ရှားပြီးနောက် တစ်ယောက်ယောက်က အသနားခံမည်ဖြစ်သော်လည်း ဉာဏ်ကောင်းသောလူက လာမည်မဟုတ်သည်ကို သူသိထားသည်။ သို့သော် ဖုစုကတော့ ထိုမျှ ဉာဏ်မကောင်းခဲ့ပေ။
" သားတော်....." ရင်ကျန့်၏ စကားများကို ကြားသောအခါ ဖုစုက ဘာပြန်ပြောရမှန်းမသိတော့ပေ။ အားလုံးက အမှန်တရားများ ဖြစ်သည်။
" ထွက်သွားတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" သားတော်ကို ခွင့်ပြုပါဦး။ " ဖုစုက မတတ်နိုင်တော့ဘဲ ကျန်းထိုင်နန်းဆောင်မှ ထွက်ခွာသွားသည်။
" သူလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ဉာဏ်ကောင်းတဲ့သူက ဒီအချိန်မှာ အသနားခံမှာ မဟုတ်ဘူး။ " ရင်ကျန့်က ဖြည်းချင်းစွာ ပြောလိုက်သည်။
" မင်းသားဖုစုက ဉာဏ်မကောင်းပေမယ့် သူက စေတနာကောင်းပါတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။
" စေတနာလား ဖြစ်နိုင်ပါတယ်။ " ရင်ကျန့်က နှာခေါင်းရှုံ့လိုက်သည်။
တော်ဝင်အာဏာ၏ အမြင့်ဆုံးရာထူးတွင် စေတနာက သာမန်ပြည်သူများနှင့် သင့်တော်သော်လည်း စေတနာလွန်ကဲလျှင် နောက်ဆုံးတွင် အရာရှိများက ချင်နိုင်ငံကို ဝါးမြိုသွားပေလိမ့်မည်။
" မင်း ဖုစုကို မုန်းလား။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်လိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးက ဘယ်လိုလုပ် မင်းသားကို မုန်းရဲပါ့မလဲ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
" ငါက မင်းကို ရိုးရိုးသားသား မေးတာပါ။ ဖုစုဘေးက လူတွေက မင်းကို အမြဲတမ်း ပစ်မှတ်ထားနေတော့ မင်း ဖုစုကို မုန်းတာက သဘာဝပါပဲ။ " ရင်ကျန့်က သက်ပြင်းချလိုက်သည်။
အမှန်တော့ သူ၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေသည်။ နောင်တစ်ချိန် ကျောက်ဖုန်းကို သူ၏ သားအဖြစ် အသိအမှတ်ပြုပြီး ကျောက်ဖုန်းက အိမ်ရှေ့စံ သို့မဟုတ် ဘုရင်ဖြစ်လာခဲ့လျှင် ကျောက်ဖုန်းက ဖုစုကို ဘယ်လိုဆက်ဆံမှာလဲ။ သူ၏ မောင်နှမတွေကိုရော ဘယ်လိုဆက်ဆံမှာလဲ။ သူတို့အချင်းချင်း ရန်ဖြစ်နေလျှင် ရင်ကျန့်က ဘယ်လိုလုပ်ရမလဲ။
" ကျွန်တော်မျိုးက ဘာလို့ မင်းသားဖုစုကို မုန်းရမှာလဲ။ သူက တကယ်စိတ်ထားကောင်းတဲ့သူပါ။ သူက ကျွန်တော်မျိုးနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ချင်ပေမယ့် မလုပ်နိုင်ခဲ့ဘူး။ သူရဲ့ စိတ်ဓာတ်က ကွန်ဖြူရှပ်ဝါဒ လွှမ်းမိုးခြင်းခံနေရတယ်။ ပြဿနာကြီးကြီးမားမားတော့ ကျွန်တော်မျိုးလည်း မတွေ့မိပါဘူး။ " ကျောက်ဖုန်းက ရယ်မောပြီး ပြောလိုက်သည်။
ဖုစုက ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘဲ ဝမ်ဝမ်နှင့် အခြားသူများ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိသည်။ သူတို့က ဖုစုကို အိမ်ရှေ့စံဖြစ်လာရန် ထောက်ခံသည်ဟု ထင်ရသော်လည်း အမှန်တော့ လွယ်လွယ်နှင့် ထိန်းချုပ်ရမည့် ရုပ်သေးရုပ်ကို ရှာဖွေနေခြင်းဖြစ်သည်။ ဖုစုက သူတို့၏ အကျိုးစီးပွားဖြစ်သည်။ ထို့အပြင် ဖုစု၏ အကျင့်စရိုက်အရ သူတို့၏ အကျိုးစီးပွားကို အနာဂတ်အထိ ဆက်ထိန်းထားနိုင်မည့် ဖြစ်သည်။
ကျောက်ဖုန်းက ဖုစုကို ပြိုင်ဘက်တစ်ယောက်အဖြစ် ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပေ။ အနာဂတ်တွင် ရင်ကျန့်၏ မျက်နှာကို ထောက်ထားပြီး ကျောက်ဖုန်းက ဖုစု၏ အသက်ကို ကယ်ပေးမည်ဖြစ်သည်။ ရင်ကျန့်၏ ကျေးဇူးများကြောင့် သူ၏ မျိုးဆက်ပြတ်သွားမည်ကို မလိုလားပေ။ ရှန်းကျိုးနယ်မြေကို ပေါင်းစည်းခဲ့သော ပထမဆုံးဧကရာဇ်။ နောက်ဆုံးတွင် သူ၏ မျိုးဆက်များကပင် ၎င်းကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
" မင်းပြောတာမှန်တယ်။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ ကျောက်ဖုန်း၏ စကားများအရ သူက ဖုစုကို အမှန်တကယ် မမုန်းမှန်းသိလိုက်ရသည်။
" ဒါဆို ဟူဟိုက်ကိုရော ဘယ်လိုမြင်လဲ။ " ရင်ကျန့်က ထပ်မေးလိုက်သည်။
" ကျွန်တော်မျိုးက သူကို အကြိမ်အနည်းငယ်ပဲ တွေ့ဖူးတာမလို့ သိပ်မသိပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဟူဟိုက်က အသုံးမကျသော်လည်း အကြံအစည်များက နက်ရှိုင်းသည်။ သူက ယခုထိ ထုတ်မပြသေးသော်လည်း ထိုနေရာသို့ ရောက်သွားသည်နှင့် သူ၏ အကျင့်စရိုက်များက ထွက်ပေါ်လာမည်ဖြစ်သည်။ ဥပမာ မောနှမများကို နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ဖြစ်သည်။ ကျယ်ပြောလှသော အင်ပါယာကို သူတစ်ယောက်တည်းနှင့် ဖျက်စီးပစ်ခဲ့ခြင်းဖြစ်သည်။
" မသိတာလည်း ကောင်းပါတယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" စစ်ပွဲတွေ ပြီးသွားပြီဆိုတော့ အခုကစပြီး ရှန်းယန်မှာပဲ နားနေလိုက်ပါ။ နောက်တစ်ခါ ချင်နိုင်ငံအတွက် နိုင်ငံတစ်ခုကို ဖျက်ဆီးနိုင်တဲ့ အောင်မြင်မှုကို ရလာခဲ့ရင် မင်းကို စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ပေးမယ်။ " ရင်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" အရှင်မင်းကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက စိတ်ထဲမှ လန့်သွားပြီး ပြန်ပြောလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့