← Chapters

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း ၄၂၀

Vol. 42 Ch. 420

အခန်း (၄၂၀)

" ပျက်စီးနေတဲ့ ကမ္ဘာတစ်ခု၊ စိတ်ဝိညာဉ်သွေးကြောက ဒီကမ္ဘာကို အသက်စွမ်းအားတွေ ပြန်လည်ပြည့်ဝစေခဲ့တယ်။ ဒါဆို ဒီကမ္ဘာက ပြန်လည်ရှင်သန်ပြီး ကြီးထွားလာဖို့ အခွင့်အရေး ရှိသေးတယ်ဆိုတာ ပြနေတာပဲ။ ပိုအဆင့်မြင့်တဲ့ ကမ္ဘာတစ်ခုအဖြစ် ကြီးထွားနိုင်မလားမသိဘူး။ ဒီကမ္ဘာသာ အစစ်အမှန်ကမ္ဘာတစ်ခုအဖြစ် ကြီးထွားလာရင် ငါက ကောင်းကင်တာအိုဖြစ်သွားမှာပေါ့။ " ကျောက်ဖုန်းက စိတ်ထဲမှ တွေးလိုက်သည်။

၎င်းက အနည်းငယ် ဝေးကွာနေပုံရသော်လည်း ထိုပျက်စီးနေသော ကမ္ဘာငယ်ကို ရရှိလိုက်ခြင်းက ကျောက်ဖုန်းအတွက် နောက်ထပ်လမ်းကြောင်းတစ်ခု ပေးလိုက်ခြင်းဖြစ်သည်။

" သုံးလကြာ ကျင့်ကြံမှုက ကြီးမားတဲ့ အကျိုးအမြတ်တွေ ရရှိခဲ့တာပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ခန်းမအပြင်ဘက်သို့ ထွက်သွားသည်။

သူထွက်လာသည်နှင့် ကိုယ်ရံတော်များက သူ့ကို ကြည့်လိုက်ကြပြီး ဦးညွှတ်လိုက်ကြသည်။ " အရှင်ကို ဂုဏ်ပြုပါတယ်။ "

" ဘာလို့လူအများကြီး စုနေတာလဲ။ " ကျောက်ဖုန်းက ခန်းမအပြင်ဘက်တွင် ကိုယ်ရံတော်ရာချီက စောင့်ကြပ်နေသည်ကို တွေ့လိုက်ရသည်။

" အရှင် အစောက ဖြစ်ပေါ်ခဲ့တဲ့ ကောင်းကင်ဖြစ်စဉ်ကို မသိဘူးလား။ " ကျန်းမင်က ရှေ့ထွက်လာပြီး မေးလိုက်သည်။

" ဘယ်လိုကောင်းကင်ဖြစ်စဉ်လဲ။ " ကျောက်ဖုန်းက အံ့ဩသွားပြီး မေးလိုက်သည်။

" အရှင် အခု အဆင့်တက်လိုက်တော့ ခန်းမထဲမှာ သွေးရောင်အလင်းတွေပေါ်လာပြီး ကောင်းကင်ကို တက်သွားတယ်။ ပြီးတော့ သွေးနီရောင်တိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး ရှန်းယန်မြို့တစ်ဝက်ကျော်ကို ဖုံးလွှမ်းသွားတယ်။ " ကျန်းမင်က အမြန်ရှင်းပြလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက အလွန်အံ့အားသင့်သွားသည်။

" ဒါက ငါ နတ်စွမ်းရည်ကို စုစည်းလိုက်တုန်းက ဖြစ်ပေါ်လာတာလား။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" အရှင် စိတ်ချပါ။ အချက်အလက်တွေအားလုံးကို ဖုံးကွယ်ထားပါတယ်။ ပြီးတော့ သွေးနီရောင်တိမ်တိုက်တွေက မြန်မြန် ဖြစ်ပေါ်လာတာမလို့ အိမ်တော်က ထွက်လာတာ ဘယ်သူမှမမြင်နိုင်ပါဘူး။ " ကျန်းမင်က ချက်ချင်း ပြောလိုက်သည်။

" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒီတစ်ခါတော့ တကယ် ကြီးကြီးမားမား ဖြစ်သွားတာပဲ။ ရှန်းကျိုးနယ်မြေမှာ ကျင့်ကြံသူတွေ တကယ်ရှိရင်လည်း သူတို့ သတိထားမိကြမှာပဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သို့သော် သူက သိပ်မတွေးပေ။ သူက ရှန်းထုံအဆင့်သို့ ရောက်နေပြီဖြစ်ပြီး ကျင့်ကြံသူများ ရောက်လာလျှင်လည်း သူ မကြောက်ပေ။ သူ၏ သိုင်းပညာများ၊ နတ်စွမ်းရည်များ၊ နတ်ဘုရားလက်နက်များနှင့် သူ၏ စွမ်းအားက ရှန်းထုံအဆင့်ထက် ကျော်လွန်နေပြီဖြစ်သည်။

" ရထားလုံးပြင်ထားလိုက်။ ငါ နန်းတော်ကို သွားမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း သွားရောက်ပြင်ဆင်လိုက်သည်။

သုံလကြာတံခါးပိတ်ကျင့်ကြံပြီးနောက် သူက နန်းတော်ထဲသို့ ဝင်ရောက်ပြီး ရင်ကျန့်နှင့် တွေ့ရန် အချိန်ကျပြီဖြစ်သည်။

ကျန်းထိုင်နန်းတော်။

" ဒါဆို လေ့ကျင့်တာ ပြီးသွားပြီလား။ စစ်ရေး​ဗျူဟာတွေ ဘယ်လောက်များ နားလည်ခဲ့လဲ။ " ရင်ကျန့်က ပြုံး၍ မေးလိုက်သည်။

" ကျွန်တော်မျိုး အတော်လေး သင်ယူခဲ့ရပါတယ်။ အခုချိန် စစ်မြေပြင်ကို သွားရင် ရန်သူတွေကို ကြောက်ရွံ့သွားအောင် လုပ်နိုင်မှာ သေချာပါတယ်။ " ကျောက်ဖုန်းက ထိုင်ပြီး ပြောလိုက်သည်။

" သုံးလအနားယူပြီးသွားပြီဆိုတော့ မနက်ဖြန် ညီလာခံလာခဲ့ဦး။ " ရင်ကျန့်က အစီရင်ခံစာများကို စစ်ဆေးရင်း ပြောလိုက်သည်။

" ကျွန်တော်မျိုး သေချာပေါက် လာခဲ့ပါမယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" မင်းက သုံးလလုံး ညီလာခံမတက်လို့ တော်ဝင်ကြီးကြပ်ရေးမှူးက မင်းကို အဆက်မပြတ် စွပ်စွဲနေတယ်။ " ရင်ကျန့်က ပြောလိုက်သည်။

" ကျွန်တော်မျိုးက စစ်ဘက်အရာရှိတစ်ယောက်ပါ။ အခု စစ်ပွဲတွေပြီးသွားပြီဆိုတော့ ကျွန်တော်မျိုး ညီလာခံမှာ ရှိနေဖို့ မလိုပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒီအတော်အတွင်း ကျောက်ချီနဲ့ ကျောက်လင်းတို့ ဘာလုပ်နေကြလဲ။ သူတို့က အခုဆိုရင် တစ်လကို နှစ်ကြိမ် သုံးကြိမ်လောက်ပဲ လာတော့တယ်။ ဘာလို့လဲ။ မင်းက သူတို့ကို ငါ့ဆီလာခွင့်မပြုဘူးလား။ " ရင်ကျန့်က ဒေါသအရိပ်အယောင်များနှင့် ပြောလိုက်သည်။

ကျောက်ဖုန်းပြန်မရောက်ခင် ကလေးနှစ်ယောက်က နန်းတော်သို့ မကြာခဏလာရောက်ပြီး ကျန်းထိုင်နန်းဆောင်တွင် ဆော့ကစားလေ့ရှိသည်။ သို့သော် ကျောက်ဖုန်း ပြန်ရောက်လာပြီးနောက် ထိုကလေးနှစ်ယောက်က အလုပ်ရှုပ်နေပုံရပြီး နန်းတော်ကို သိပ်မလာတော့ပေ။

" ချီအာနဲ့ လင်းအာက အခု အသက်ခြောက်နှစ်ရှိနေပြီ။ သူတို့ ပညာသင်ဖို့ အချိန်ကျပြီ။ ဒါကြောင့် ကျွန်တော်မျိုးက သူတို့အတွက် ဆရာအချို့ ရှာပေးထားတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" အင်း ဟုတ်ပါပြီ။ " ရင်ကျန့်က ခေါင်းညိမ့်ပြီး ဘာမှမပြောပေ။

" အရှင်မင်းကြီးက ဟန်ဖေးကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကြားမိပါတယ်။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဘာလို့လဲ။ ဟန်ဖေးက မသင့်တော်ဘူးလို့ ထင်လို့လား။ " ရင်ကျန့်က မေးလိုက်သည်။

" အယ် မဟုတ်ပါဘူး။ " ကျောက်ဖုန်းက ခေါင်းခါလိုက်သည်။ " တစ်နိုင်ငံလုံးမှာ ဟန်ဖေးက အသင့်တော်ဆုံးပါပဲ။ နန်းတော်မှာ အဖွဲ့အစည်းတွေ ပေါနေပေမယ့် ဟန်ဖေးက ဘယ်အဖွဲ့အစည်းမှမပါတော့ သူ့ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာက ညီလာခံကို မျှတမှုရှိစေလိမ့်မယ်။ "

" မင်းရဲ့ အကြံပြုချက်က မှန်တယ်။ " ရင်ကျန့်က ချီးကျူးလိုက်သည်။

" အရှင်မင်းကြီး ကျွန်တော်မျိုးက ဟန်ဖေးကို အကြံပြုတာက ကိုယ်ကျိုးအတွက်ပါ။ ဘာလို့လဲဆိုတော့ ညီလာခံမှာ သူတစ်ယောက်ပဲ ကျွန်တော်မျိုးနဲ့ ရင်းနှီးတာလေ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဒီမှတ်တမ်းကို ကြည့်လိုက်ပါဦး။ " ရင်ကျန့်က ဟန်ဖေးအကြောင်း မပြောတော့ဘဲ မှတ်တမ်းတစ်ခုကို ကျောက်ဖုန်းအား ပေးလိုက်သည်။

ကျောက်ဖုန်းက ယူပြီး ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

" ဒီချိုင်စီက တကယ်ထူးချွန်တာပဲ။ ယန်နယ်မြေက အခု လုံးဝထိန်းချုပ်ပြီးသွားပြီ။ ယန်နိုင်ငံမှာ ကိုယ်လူမျိုးကို သစ္စာဖောက်တဲ့ ဘုရင်တစ်ပါးရှိနေတာကို ယန်ပြည်သူတွေက အရှက်ရစရာလို့ မြင်ကြတယ်။ သူတို့က ချင်လက်အောက်ကို လိုလိုလားလား ဝင်ကြတာပဲ။ ဒါက ကောင်းတဲ့ အချက်ပါပဲ။ ချိုင်စီရဲ့ အရည်အချင်းကလည်း ချီးကျူးစရာကောင်းတယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" မှန်တယ်။ သူက အရည်အချင်းရှိတော့ အနာဂတ်မှာ အသုံးချလို့ရတယ်။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်သည်။

" ဒါနဲ့ ရှောင်ဟီလို့ခေါ်တဲ့ တစ်ယောက်က တကယ်တော်တယ်။ ဟန်ဖေး ဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်မှာ သူ့ရဲ့ အရင်တာဝန်တွေကို ရှောင်ဟီကို လွှဲပေးလိုက်တယ်။ ဟန်ဖေးနဲ့ယှဉ်ရင် သူက စိုက်ပျိုးရေးဝန်ကြီးနေရာကို ပိုကျွမ်းကျင်တဲ့ပုံပဲ။ ရှချူးခရိုင်က အရည်အချင်းရှိတဲ့သူတွေ တကယ်ပေါတာပဲ။ အရင်က ယန်ပင်း အခု ရှောင်ဟီလာပြန်ပြီ။ အဓိကကတော့ မင်းပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

လွန်ခဲ့သော သုံးလက ကျောက်ဖုန်းက ဟန်ဖေးကို ရှောင်ဟီတွင် အရည်အချင်းများရှိပြီး သူ့အတွက် နေရာပေးရန် အကြံပြုခဲ့သည်။ မမျှော်လင့်ဘဲ အချိန်တိုအတွင်း ရှောင်ဟီက ဟန်ဖေး၏ လက်ထောက်ဖြစ်လာခဲ့သည်။ တစ်နေ့တွင် ဟန်ဖေးက ဝန်ကြီးချုပ်အာဏာကို အပြည့်အဝ ကိုင်တွယ်နိုင်လျှင် ရှောင်ဟီက ဝန်ကြီးကိုးပါးထဲမှ စိုက်ပျိုးရေးဝန်ကြီး ဖြစ်လာနိုင်သည်။

" အရှင်မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ အရည်အချင်းရှိတဲ့သူတွေ ထွက်ပေါ်လာတာပါ။ အနာဂတ် ရှန်းကျိုးကို စုစည်းပြီးသွားရင် အရှင်မင်းကြီးလက်အောက်မှာ အရည်အချင်းရှိတဲ့သူတွေ ပိုများလာပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ရှန်းကျိုးကို မကြာခင်စုစည်းနိုင်တော့မှာ။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။ " အခု ရှန်းကျိုးနယ်မြေမှာ ချီနဲ့ ချူပဲ ကျန်တော့တာဆိုတော့ ဘယ်နိုင်ငံကို အရင်သိမ်းပိုက်သင့်တယ်လို့ မင်းထင်လဲ။ "

" ချူနိုင်ငံပါ။ " ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

" ဘာလို့လဲ။ " ရင်ကျန့်က ထပ်မေးလိုက်သည်။

" ချီနဲ့ ချူကြားမှာ ချူနိုင်ငံရဲ့ နိုင်ငံရေးအင်အားက ပိုသာတယ်။ ကျွန်တော်မျိုးတို့ချင်က ချီနိုင်ငံကို တိုက်ရင် ချူနိုင်ငံက ကျွန်တော်တို့ကို တိုက်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်မျိုးတို့က ချူနိုင်ငံကို တိုက်ရင် ချီက ကူညီရဲမှာမဟုတ်ဘူး။ တကယ်လို့ သူတို့ ကျူးကျော်ချင်ရင်တောင် နယ်စပ်ကို စစ်တပ်တစ်ခုလောက် ပို့လိုက်ရင် သူတို့ကို တားဆီးနိုင်လိမ့်မယ်။ "

" ချီဘုရင်က ရည်မှန်းချက်ကြီးတဲ့သူမဟုတ်ဘဲ သာမန်အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတစ်ယောက်ပဲ။ ဒါကြောင့် ချူကို အရင်ဖျက်ဆီးလိုက်ရင် ချီကို ဖျက်ဆီးဖို့ လွယ်ကူတဲ့ကိစ္စပဲ။ " ​ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" ကောင်းတယ်။ " ရင်ကျန့်က ရယ်မောလိုက်သည်။ သူကလည်း ကျောက်ဖုန်းကဲ့သို့ တွေးနေသည်မှာ ထင်ရှားသည်။

" ဒါပေမယ့် ချူနယ်မြေက ကျယ်ဝန်းပြီး စစ်အင်အားက ကျောက်နိုင်ငံထက် မနိမ့်ဘူး။ ဒါပေမယ့် ​ကျောက်နဲ့ယှဉ်ရင် ချူနိုင်ငံကို မိသားစုသုံးခုက အုပ်ချုပ်နေတာပဲ။ အရင်းအမြစ်တွေကို သူတို့ကြားမှာ ခွဲဝေယူကြတယ်။ ချူနိုင်ငံမှာ စစ်သည်ခုနှစ်သိန်းရှိပေမယ့် အများစုကို မိသားစုသုံးခုကပဲ ချုပ်ကိုင်ထားတာ။ ကျွန်တော်မျိုးတို့ ချူနိုင်ငံကို ဖျက်ဆီးဖို့ ရည်ရွယ်ထားရင် အခွင့်အရေးတစ်ခု ရနိုင်တယ်။ " ကျောက်ဖုန်းက စဉ်းစားပြီး ပြောလိုက်သည်။

" အရင်တုန်းက ချူက ဝေကို ကူညီဖို့ ကြိုးစားခဲ့ပေမယ့် ငါတို့ ချင်ရဲ့ အစီအစဉ်တွေကြောင့် ဟွမ်ရှဲက သေသွားပြီး လီယွမ်က အာဏာရလာတယ်။ အဲ့ဒီနည်း​ဗျူဟာကို ပြန်သုံးလို့ရတယ်။ လီယွမ်ကြောင့် မိသားစုသုံးခုရဲ့ အကျိုးစီးပွားတွေ ထိခိုက်သွားတယ်။ " ရင်ကျန့်က ပြုံးလိုက်သည်။

" အရှင်မင်းကြီးမှာ အစီအစဉ်တွေ ရှိပုံရတယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါတွေးသမျှကို မင်းက ကြိုသိနေတာပဲ။ မင်းသာ ငါ့သားဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ဒါဆို ချင်ကို မင်းဆီ စိတ်အေးလက်အေးနဲ့ လွှဲပေးလို့ရတယ်။ " ရင်ကျန့်က ရုတ်တရက် ပြောလိုက်သည်။ ၎င်းက အမှန်တရားဖြစ်သော်လည်း ရင်ကျန့်က ကျောက်ဖုန်း၏ တုန့်ပြန်မှုကို သိလိုသောကြောင့် စနောက်သည့်ပုံစံဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီးက နောက်နေပြန်ပါပြီ။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" ကောင်းပြီ။ မင်း ပြန်နားလိုက်ပါဦး။ မနက်ဖြန်ညီလာခံကို တက်ဖို့ မမေ့နဲ့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" ကျွန်တော်မျိုးကို ခွင့်ပြုပါဦး။ " ကျောက်ဖုန်းက အရိုအသေပေးပြီး ကျန်းထိုင်နန်းဆောင်မှ ထွက်ခွာသွားသည်။

All Chapters