ယွမ်ဟွမ်လုံ၊ ချီယွင်ရှန်းနှင့် တွေ့ဆုံခြင်း
Vol. 12 Ch. 161
အခန်း (၁၆၁) ယွမ်ဟွမ်လုံ၊ ချီယွင်ရှန်းနှင့် တွေ့ဆုံခြင်း
ထူလင်းအာ ထွက်သွားပြီးနောက် ဟန်ကျွယ်ဟာ ကြေးခွံထဲက နဂါးဝိညာဉ် သေချာလေ့လာပါတယ်။ ပြီးတဲ့အခါမှာ နတ်အာရုံကို အသုံးပြုပြီး နိုးလိုက်ပါတယ် “မင်းက... ဘယ်သူလဲ” နဂါးဝိညာဉ်က တိုးညင်းစွာ မေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်အာရုံကို အသုံးပြုပြီး နဂါးဝိညာဉ်နဲ့ ဆက်သွယ်ကာ နဂါးဝိညာဉ်ရဲ့ သရုပ်မှန်နဲ့ ဘာလို့ ဒီအခြေအနေ ဆိုက်သွားလဲဆိုတာကို မေးမြန်းပါတယ်။ နဂါးဝိညာဉ်ဟာ ဘာတစ်ခုမှ မဖုံးကွယ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နဂါးဝိညာဉ်ဟာ အဆုံးသတ်ခါနီးကို ရောက်နေပြီမို့ တစ်ယောက်ယောက်ကို သူ့ကို ရှာတွေ့ဖို့ဆိုတာ လုံးဝမလွယ်ကူတော့ပါဘူး။
ဒီနဂါးဝိညာဉ်ဟာ အထက်ဘုံရဲ့ နဂါးစစ်မျိုးနွယ်စုက လာတာပါ။ လွန်ခဲ့နှစ်ပေါင်းတစ်သိန်း သေမျိုးကမ္ဘာကို ဖန်းတီးပြီးခါစတုန်းက နဂါးဝိညာဉ်ဟာ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး ခရီးသွားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပြီး သေဆုံးကာ ဝိညာဉ်အပိုင်းအစတစ်ခုပဲ ကျန်ရှိပါတော့တယ်။
ရန်သူ ရှာတွေ့မှာစိုးတဲ့အတွက် နဂါးဝိညာဉ်ဟာ မြွေကြေးခွံတစ်ခုထဲမှာ ပုန်းအောင်းနေတာပါ။ နဂါးဝိညာဉ်ဟာ နတ်ဆိုးသားရဲတစ်ကောင်ကို ကပ်မှီပြီး အဲဒီနတ်ဆိုးသားရဲရဲ့ စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူကာ သူ့ဝိညာဉ်အပိုင်းအစကို စွမ်းအားပေးချင်တာပါ။ ဒါပေမဲ့ ကံဆိုးစွာပဲ ဒီနှစ်တစ်သိန်းရဲ့ အချိန်အများစုမှာ ဒီကြေးခွံက မြေကြီးထဲမှာပဲ မြုပ်နေခဲ့ပါတယ်။ စွမ်းအားလျော့ကျတာကို ကာကွယ်ဖို့အတွက် နဂါးဝိညာဉ်ဟာ အိပ်ပျော်တာကို ရွေးချယ်ရုံကလွဲပြီး တစ်ခြားဘာမှ မတက်နိုင်ခဲ့ပါဘူး။
“မင်း ငါ့ကိုကယ်မယ်ဆိုရင် ငါက ကျိန်းသေပေါက် ပြန်ပေးဆပ်မှာပါ” နဂါးဝိညာဉ်က ဆက်ပြောပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ် “ကောင်းပြီလေ၊ ငါ မင်းကို ကယ်ဖို့ နည်းလမ်းရှာလိုက်မယ်”
“ငါ့ဝိညာဉ်ကို မင်းရဲ့ အမတစွမ်းအားနဲ့ နေ့တိုင်း စွမ်းအားပေးချည်၊ မင်းသာ တောင့်ခံနိုင်ရင် ငါ့ကို ကယ်တင်နိုင်လိမ့်မယ်”
“ကောင်းပြီလေ”
“ကျေးဇူးပါပဲ”
“ရပါတယ်” ဟန်ကျွယ်ဟာ အပေါ်ယံမှာ သဘောတူလိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ် ‘ငါမင်းကို ကယ်ဖို့ ကတိပေးပြီးပြီလေ၊ ဘာလို့ မျက်နှာသာပေးမှု မရှိရတာလဲ’
ဟန်ကျွယ်ဟာ အမတစွမ်းအားကို အသုံးပြုပြီး နဂါးဝိညာဉ်ကို စွမ်းအားပေးလိုက်ပါတယ်။ နှစ်နာရီ ကြာပေမဲ့ နဂါးဝိညာဉ်က သူ့အပေါ် အကောင်းမမြင်တဲ့အတွက် ဟန်ကျွယ်ဟာ သူ့စွမ်းအားကို ချက်ချင်း ပြန်သိမ်းလိုက်ပါတယ်။
“ဘာလို့ ရပ်လိုက်တာလဲ” နဂါးဝိညာဉ်ဟာ ကြေးခွံထဲကနေ တအံတဩ မေးလိုက်ပါတယ်။
[ယွမ်ဟွမ်လုံသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
‘ဘာလဲဟ... မုန်းတီးမှု ကြယ်နှစ်ပွင့်တဲ့လား’ ဟန်ကျွယ်ဟာ နဂါးဝိညာဉ်ကို ဆဲဆိုပစ်လိုက်ချင်ပေမဲ့ သတိကြီးသူပီပီ ယွမ်ဟွမ်လုံရဲ့ အချက်အလက်ကို အရင်ဆုံးစစ်ဆေးလိုက်ပါတယ်။
[အသူရာချောက် နဂါးဝါ: နဂါးစစ်မျိုးနွယ်စုမှဖြစ်ပြီး မဟာညီညွှတ်မှု မြေအမတ အလယ်အဆင့်ရှိသည်။ သစ္စာဖောက်တက်ပြီး စိတ်သဘောကျဉ်းမြောင်းသူ ဖြစ်သည်။ သူသည် ချီယွင်ရှန်းအား ရန်စခဲ့သောကြောင့် အသတ်ခံခဲ့ရသည်။ သင်သည် သူ့ဝိညာဉ်အပိုင်းအစအား အမတစွမ်းအားပေးမှု ရပ်တန့်လိုက်သောကြောင့် သင့်အား မုန်းတီးသွားခြင်း ဖြစ်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ ဒီအချက်အလက်ကို မြင်လိုက်တဲ့အခါမှာ နဂါးဝိညာဉ်ကို သတ်လိုက်တဲ့လူက ချီယွင်ရှန်းမှန်း သိသွားပါတယ်။ ဒီလိုဆိုရင် ဟန်ကျွယ်ဟာ နဂါးစစ်မျိုးနွယ်စုကို ရန်စမိမှာ ကြောက်စရာ မလိုတော့ပါဘူး။
ဟန်ကျွယ်ဟာ သူ့နတ်အာရုံကို ကြေးခွံထဲ ချက်ချင်းသွတ်သွင်းပြီး နဂါးဝိညာဉ်ရဲ့ သိစိတ်ကို ဖျောက်ဖျက်ပစ်လိုက်ပါတယ်။ ဝိညာဉ်အပိုင်းအစကို ဝါးမြိုတာက ဝိညာဉ်အင်အားကို တိုးတက်စေပါတယ်။ ဒါကြောင့်လည်း ခန္ဓာကိုယ် နေရာဝင်ယူတာက အသုံးအရမ်းများတာပါ။
စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ချို့ အောင်မြင်ရတဲ့ အကြောင်းရင်းက သူတို့တွေ ငယ်ရွယ်စဉ်က စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးရဲ့ နေရာဝင်ယူတာကို ခံခဲ့ရလို့ပါ။ နောက်ဆုံးမှာ နေရာဝင်ယူတဲ့သူက တန်ပြန်ထိခိုက်ပြီး ပိုင်ရှင်က စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ ဝိညာဉ်ကို ဝါးမြိုကာ မှတ်ဉာဏ်တွေကို ရရှိသွားပါတယ်။ သူတို့ရဲ့ ဝိညာဉ်ဟာလည်း လုံးဝပြောင်းလဲသွားတာကြောင့် ကောင်းကင်ပေါ် ခြေတစ်လှမ်းတည်းနဲ့ လှမ်းတက်နိုင်တာ ဖြစ်ပါတယ်။
ဒီလိုကိစ္စမျိုးတွေက အများကြီးပါပဲ။
ဒါပေမဲ့ ဟန်ကျွယ်ကတော့ နဂါးဝိညာဉ်ကို ဝါးမြိုခြင်း မပြုဘဲ သိမ်းထားလိုက်ပါတယ်။ ဟန်ကျွယ် ရည်ရွယ်ချက်က ခေါင်းသုံးလုံး မြွေနဂါးဘုရင်သာ အလုပ်ကောင်းကောင်း လုပ်မယ်ဆိုရင် ဒီနဂါးဝိညာဉ်ကို ဆုအဖြစ် ပေးအပ်မလို့ပါ။
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို စစ်ဆေးလိုက်တဲ့အခါမှာ ယွမ်ဟွမ်လုံ မရှိတော့တာကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် ယွမ်ဟွမ်လုံ လုံးဝသေသွားပြီဆိုတာ ဟန်ကျွယ် သိလိုက်ပါတယ်။
စိတ်ချလက်ချ ဖြစ်သွားတဲ့ ဟန်ကျွယ်ဟာ စတင်ကျင့်ကြံလိုက်ပါတယ်။
ဝူတောက်ကျန့်ကတော့ ခေါင်းရှုပ်သွားပါတယ်။ သူ့အမြင်မှာ ဟန်ကျွယ်က ကြေးခွံကို ကိုင်ထားရင်းနဲ့ မျက်နှာအမူအရာ မျိုးစုံပြောင်းလဲသွားပါတယ်။ သူ့ခံစားချက်ကလည်း ဆက်တိုက်ပြောင်းလဲသွားတာကြောင့် ဝူတောက်ကျန့်ကို ထူးထူးဆန်းဆန်း ဖြစ်သွားစေပါတယ်။
ဒါပေမဲ့ ဝူတောက်ကျန့်ဟာ အကြောင်းရင်းကို မမေးမြန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ် ဒီလိုဖြစ်တာ ပမထဆုံးအကြိမ် မဟုတ်လို့ပါပဲ။
လေးနှစ်ကြာပြီးနောက်။
ဖန်းလျန်နဲ့ မုရုံချီဟာ လေ့ကျင့်ဖို့ တောင်အောက်ဆင်းသွားပါတယ်။ တစ်ခြားသူတွေကလည်း ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေကြပါတယ်။
အဲဒီနေ့ ညသန်းခေါင်ယံမှာ...။
ဟန်ကျွယ်ဟာ ကျင့်ကြံနေတုန်း စွမ်းအားကြီးတဲ့ နတ်အာရုံကို ရုတ်တရက် ခံစားလိုက်ရတာကြောင့် အလိုလို မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ သူ့သိစိတ်က ကြယ်ပင်လယ်ဆီ ရောက်သွားတာကို တွေ့လိုက်ရပါတယ်။ စကြာဝဠာတစ်ခုလုံးဟာ မှောင်မိုက်နေပြီး သန်းကျော်တဲ့ကြယ်လေးတွေကပဲ လင်းလက်နေတာကြောင့် တော်တော်လေး ကြည့်လိုကောင်းတဲ့ ရှုခင်းတစ်ခုပါပဲ။
ဟန်ကျွယ်ရှေ့မှာ အနီရောင်တိမ်တိုက်တွေ ဝန်းရံထားတဲ့ ရုပ်သွင်တစ်ခု ရှိနေပါတယ်။ ဟန်ကျွယ်ဟာ ဒီရုပ်သွင်က ဘယ်သူဘယ်ဝါဆိုတာကို ချက်ချင်း တန်းသိလိုက်ပါတယ်။
ချီယွင်ရှန်း။
ချီယွင်ရှန်းဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်း မကြောက်ဘူးလား”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ခင်ဗျားသာ ကျွန်တော်ကို သတ်ချင်ရင် ကျွန်တော် ကြောက်နေလို့ရော ဘာထူးမှာလဲ”
“ကောင်းကင်စစ်သူကြီးကို ရန်စရဲတဲ့လူ ပီသပါပေတယ်၊ မင်းက မြေလျှောက်အမတ ဖြစ်လာပြီပဲ၊ ဘာလို့ အထက်ဘုံ မတက်သေးတာလဲ”
“ကျွန်တော်က ပြဒါးငှက်ကို အပြစ်ပြုမိထားတယ်၊ သူ ကလဲ့စားချေမှာကို ကြောက်လို့ပါ”
“ငါ မင်းကို ကောင်းကင်ရုံးတော်ဆီ တိတ်တဆိတ် စေလွှတ်ပြီး ကောင်းကင်စစ်သားဖြစ်အောင် လုပ်ပေးနိုင်တယ်၊ မင်း အပြစ်ပြုမိထားတဲ့ ပြဒါးငှက် ကျိုတုတ်ရဲ့ အဖေမလား၊ အရင်တုန်းက အဲဒီပြဒါးငှက် သေမျိုးကမ္ဘာကို ဆင်းသက်တုန်းက ငါ့မျက်နှာကို မထောက်ဘူး၊ ငါလည်း သူ့ကို ကြည့်မရဘူး၊ ဒီတော့ ငါ မင်းကို ကာကွယ်ပေးမယ်” ချီယွင်ရှန်းက အပြုံးနဲ့ ပြောလိုက်ပါတယ်။ ချီယွင်ရှန်းရဲ့ သဘောထားကို ဟန်ကျွယ်ကို အံအားသင့်သွားစေပါတယ်။
ဟန်ကျွယ်ရဲ့ အမြင်မှာ အမတတွေက ဒီလောက်ကြီး တဲ့တိုးမဆန်ပါဘူး။ အမတတွေ အကုန်လုံးက လိမ္မာပါးနပ်တဲ့ မြေခွေးအိုကြီးတွေပါ။
‘ကောင်းကင်ရုံးတော်ကို ကောင်းကင်စစ်သားအနေနဲ့ ဝင်ရမှာလား’ ဟန်ကျွယ်ဟာ ဒီကိစ္စကို နည်းနည်းတော့ မကြိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်သားတစ်ယောက်အနေနဲ့ ဂူအောင်းကျင့်ကြံဖို့ အချိန်မရှိလို့ပါပဲ။ ဒါ့အပြင် ကောင်းကင်ရုံးတော်ကို နတ်ဆိုးသူတော်စင်တွေက မပြတ်တိုက်ခိုက်တာကြောင့် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှိနေမှာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကျွန်တော် ခင်ဗျားအကြောင်းကို သိလို့ရမလား”
ချီယွင်ရှန်းဟာ မုတ်ဆိတ်မွေးကိုသပ်ပြီး ပြုံးလိုက်ပါတယ် “မင်းနေတဲ့ သေမျိုးကမ္ဘာကို ငါထိန်းချုပ်ထားတာ၊ ငါ့နာမည်က ချီယွင်ရှန်း၊ ငါက ကောင်းကင်တာအိုကို ထိန်းချုပ်ပြီး ကောင်းကင်နိယာမမှာ ဘာအမှားမရှိမရှိအောင် ထိန်းသိမ်းရတယ်၊ သေမျိုးကမ္ဘာက ကိစ္စတွေကို ငါဝင်စွက်ဖက်ခွင့် မရှိဘူး၊ ဒါပေမဲ့ မင်းကို ကောင်းကင်ရုံးတော်ဆီ ပို့ပေးဖို့ကတော့ ဘာမှမခက်ဘူး”
ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ် “ကျွန်တော် ကြားထာတာတော့ ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ရှင်းလင်းမလို့ဆို၊ အဲဒါ အမှန်ပဲလား”
ချီယွင်ရှန်းရဲ့ မျက်နှာဟာ ချက်ချင်း မည်းမှောင်သွားပါတယ် “မင်းကို ဘယ်သူပြောတာလဲ”
“ရိုးရိုးသားသား ပြောရရင် ဓားတာအိုမြစ်ထဲက စီနီယာတစ်ဦးနဲ့ ကျွန်တော် ရင်းနှီးပါတယ်”
“ဓားတာအိုမြစ်လား... အဲဒီ... မင်းက ဓားတာအိုမှာ ပါရမီပါလိမ့်မယ်လို့ ထင်မထားဘူး၊ ငါရဲ့ သေမျိုးကမ္ဘာကို တကယ်ကို ကံတရား အထောက်အပံ့ ကြီးကြီးမားမား ရှိတာပဲ၊ မိစ္ဆာမျိုးနွယ်စုက ငါ့သေမျိုးကမ္ဘာကို ကြံစည်နေတာ အံဩစရာ မရှိတော့ပါဘူး”
[ချီယွင်ရှန်းသည် သင့်အပေါ် အကောင်းမြင်စိတ် တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်ခွဲ။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျေနပ်သွားပါတယ်။
ချီယွင်ရှန်းက လေးလေးနက်နက် ပြောလိုက်ပါတယ် “ရိုးရိုးသားသား ပြောရရင် ကောင်းကင်ရုံးတော်က မင်းနေတဲ့ သေမျိုးကမ္ဘာကို ရှင်းပစ်ရမဲ့စာရင်းထဲ ထည့်ထားတယ်၊ လက်ရှိအခြေအနေအရဆိုရင် ဒီကမ္ဘာက သက်ရှိတွေကို ရှင်းလင်းပစ်မှာ ကျိန်းသေသလောက် ရှိတယ်၊ အဲဒီအချိန်ကျလို့ သက်ရှိတွေ အကုန်လုံး သေသွားရင် ကောင်းကင်တာအိုကလည်း မရှိတော့ဘူး၊ ငါလည်း တစ်ခြားအမတရာထူးကို ရွှေ့ပြောင်းခံရလိမ့်မယ်၊ အဲဒါကြောင့် ငါ မင်းကို လာရှာတာ၊ ဘာပဲဖြစ်ဖြစ် မင်းက ငါရဲ့သေမျိုးကမ္ဘာကဆိုတော့ ငါ မင်းကို ကူညီချင်တယ်”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်ရဲ့ တပည့်တွေကို ခေါ်သွားလို့ရလား”
ချီယွင်ရှန်းက ခေါင်းခါလိုက်ပါတယ် “မရဘူး... သူတို့ရဲ့ ကျင့်ကြံမှုက အရမ်းအားနည်းတယ်၊ သူတို့တွေ ကောင်းကင်ရုံးတော်ဆီ ရောက်သွားရင်တောင် အမတချီဖိအားကို ခံနိုင်မှာ မဟုတ်ဘူး၊ နောက်ပြီး သေမျိုးတွေက ကောင်းကင်ရုံးတော်က ဝင်ခွင့်မရှိဘူး”
“ငါ မင်းတစ်ယောက်တည်းကိုပဲ ကောင်းကင်ရုံးတော်ဆီ ခေါ်သွားနိုင်တယ်၊ ပြဒါးငှက်က အပြင်ဘက်မှာ ပြဿနာရှာရင်တောင် ငါလည်း ဘာမှမတက်နိုင်ဘူး”
ဟန်ကျွယ်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ်။
ချီယွင်ရှန်းက သက်ပြင်းချပြီး ပြောလိုက်ပါတယ် “မိစ္ဆာတွေက နက်နက်ရှိုင်းရှိုင်းကို ကျူးကျော်ထားတာ၊ နောက်ပြီး ရန်စန်းက ကောင်းကင်စစ်သူကြီးအနေနဲ့ တိုင်စာတွေ တော်တော်လေး တင်ထားတယ်၊ ငါရဲ့ အမတရာထူးက ရန်စန်းထက် ပိုမြင့်တယ်ဆိုပေမဲ့ ကောင်းကင်ရုံးတော်နဲ့ ကောင်းကင်ဧကရာဇ်ရဲ့ မျက်စိထဲမှာ သိုင်းစွမ်းရည်က အုပ်ချုပ်မှုစွမ်းရည်ထက် ပိုမြင့်တယ်၊ ဒီထဲမှာ ငါ့အမှာလည်း ပါတယ်၊ ငါက ဒီနှစ်တွေမှာ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေပြီး သေမျိုးကမ္ဘာကို လျစ်လျူရှုထားမိလို့ ဒီလိုဖြစ်ရတာပဲ”
ဟန်ကျွယ်က မေးလိုက်ပါတယ် “သေမျိုးကမ္ဘာမှာ မိစ္ဆာတွေ ရှိနေသေးတာလား”
“ဟုတ်တယ်၊ မိစ္ဆာမျိုးနွယ်စုရဲ့ အဆက်အနွယ်တွေ အများကြီး ရှိသေးတယ်၊ သူတို့က လက်ယာဂိုဏ်းနဲ့ မိသားစုတွေကြားထဲမှာ ပုန်းအောင်းနေကြတာ၊ သူတို့မှာ မိစ္ဆာမျိုးနွယ်စုရဲ့ သွေးနည်းနည်းပဲ ရှိတယ်၊ နတ်ဆိုးသဘာဝ မရှိဘူး၊ သူတို့အကုန်လုံးကို သတ်လိုက်ရင် သေမျိုးကမ္ဘာတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်၊ ကောင်းကင်တာအို အမတအရာရှိအနေနဲ့ ငါ့လက်အောက်က သက်ရှိတွေကို ငါကိုယ်တိုင် တိုက်ခိုက်လို့ မရဘူး၊ မဟုတ်ရင် ကောင်းကင်တာအိုရဲ့ တန်ပြန်တိုက်ခိုက်တာကို ခံရပြီး ကောင်းကင်စစ်သားတွေ ကွပ်မျက်တာကို ခံရလိမ့်မယ်”
ချီယွင်ရှန်းရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မော့မိသားစုကို တွေးမိသွားပါတယ်။ ဟန်ကျွယ်ဟာ မော့မိသားစုလိုမျိုး မိသားစုတွေ အများကြီး ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ကြည့်ရတာ မိစ္ဆာတွေကို တကယ်ကို ဉာဏ်နီဉာဏ်နက် များတာပါ။
“တကယ်တော့ နည်းလမ်းတစ်ခု ရှိသေးတယ်” ချီယွင်ရှန်းက ရုတ်တရက် ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာနည်းလမ်းလဲ”
“သေမျိုးကမ္ဘာကို ဆင်းသက်လာတဲ့ ကောင်းကင်တပ်ကို တစ်ယောက်မကျန် သတ်ပစ်လိုက်”
ချီယွင်ရှန်ရဲ့စကားကြောင့် ဟန်ကျွယ်ဟာ ချီယွင်ရှန်းကို တအံတဩ ကြည့်လိုက်ပါတယ် ‘ဒီလူက... သစ္စာဖောက်များလား’
ချီယွင်ရှန်းက ဆက်ပြောပါတယ် “ဒါက ငါ့နတ်အာရုံကမ္ဘာပဲ၊ ဘယ်သူမှ ငါတို့ပြောတာကို မကြားနိုင်ဘူး၊ တကယ်တော့ ကောင်းကင်ရုံးတော်က တစ်ခြားကမ္ဘာတွေကို ထိန်းချုပ်တဲ့ အမတနဲ့နတ်ဘုရားတွေရဲ့ နေရာဆိုပေမဲ့ ရန်သူတွေကလည်း မရေမတွက်နိုင်အောင် ရှိတယ်၊ မင်းသာ ကောင်းကင်စစ်သားတွေနဲ့ ကောင်းကင်စစ်သူကြီး အကုန်လုံးကို သတ်ပြီး မင်းအရည်အချင်းကို သက်သေပြနိုင်ရင် ကောင်းကင်ရုံးတော်ကို မင်းကို သိမ်းသွင်းလိမ့်မယ်”
“ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းက အင်အားကြီးလာတော့ ကောင်းကင်ရုံးတော်မှာ ပါရမီရှင်တွေ လိုလာပြီ၊ အထူးသဖြင့် သေမျိုးကမ္ဘာကလာတဲ့လူတွေပဲ၊ သူတို့မှာ ကြီးမားတဲ့နောက်ခံမရှိဘူး၊ ဒါပေမဲ့ သူတို့က အမတနဲ့ နတ်ဘုရားတွေကို သတ်ပစ်နိုင်တယ်၊ အဲဒီလိုအရည်အချင်းရှိတဲ့လူက ကောင်းကင်ရုံးတော်ကို ရူးသွပ်သွားစေနိုင်တယ်၊ လွန်ခဲ့တဲ့နှစ်တစ်သန်းတုန်းက ကောင်းကင်ရုံးတော်ရဲ့ အခုလက်ရှိ ရှန်စစ်သူကြီးကလည်း ကောင်းကင်းရုံးတော်က သေမျိုးကမ္ဘာဆီ စေလွှတ်လိုက်တဲ့ အမတအကုန်လုံးကို သတ်ဖြတ်ပြီး ဘုံပျံတက်တာ၊ ဒီကိစ္စက ကောင်းကင်ရုံးတော် တစ်ခုလုံးကို ထိတ်လန့်သွားစေခဲ့တယ်၊ အခုဆိုရင် သူက ကောင်းကင်စစ်သူကြီးတွေထဲမှာ စွမ်းအားအကြီးဆုံး ဖြစ်နေပြီ၊ နောက်ပြီး ကောင်းကင်ရုံးတော်မှာလည်း နာမည်အကျော်ကြားဆုံးပဲ”
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။