← Chapters

ဇာတ်လိုက်ငါးယောက်၊ အရှေ့ကောင်းကင်မုခ်ဝ

Vol. 12 Ch. 163

ဇာတ်လိုက်ငါးယောက်၊ အရှေ့ကောင်းကင်မုခ်ဝ

Vol. 12 Ch. 163

အခန်း (၁၆၃) ဇာတ်လိုက်ငါးယောက်၊ အရှေ့ကောင်းကင်မုခ်ဝ

“အဲဒါ ဘာကြီးလဲ”

“ကောင်းကင် ပွင့်ထွက်သွားတာလဲ”

“နတ်ဆိုးလမ်းစဉ်က ထပ်တိုက်တာလား၊ လူတိုင်း ဂရုစိုက်ကြ”

“တစ်ခုခုတော့ မှားနေပြီ၊ နတ်ဆိုးချီရောင် နတ်ဆိုးရောင်ဝါရော မရှိဘူး”

“ဒီအက်ကြောင်းက ဘယ်လောင်တောင် ရှည်တာလဲ”

ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ တပည့်တွေဟာ ကောင်းကင်ပေါ်က အက်ကြောင်းကိုကြည့်ပြီး အံဩတကြီး ဖြစ်ကုန်ကြပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံနေတဲ့ ဟန်ကျွယ်လည်း အပြင်ဘက်က ထူးခြားမှုကို ခံစားမိတာကြောင့် နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ ကောင်းကင်ပေါ်က ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို မြင်သွားပါတယ်။

ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းတော်ကြီးထဲက ကျင့်ကြံသူတွေကို ချက်ချင်း စစ်ဆေးလိုက်တဲ့အခါ ကျင့်ကြံခြင်းအဆင့်မြင့်မားတဲ့ ရန်သူတစ်ယောက်မှ မတွေ့ရပါဘူး။ ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး လိုဏ်ဂူအပြင်ဘက်ကို ထွက်လိုက်ပါတယ်။ ဝူတောက်ကျန့်လည်း ဟန်ကျွယ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။

ရွှင်ချန်အန်း၊ ရန်ထျန်တုန်းနဲ့ တစ်ခြားသူတွေလည်း ရောက်လာကြပါတယ်။

“ဆရာသခင်... ဒီအက်ကြောင်းကြီးက ဘယ်ကနေ ရောက်လာတာလဲ၊ ရန်သူ တိုက်ခိုက်တာလား” ရန်ထျန်တုန်းက မေးလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်ပေါ် မော့ကြည့်ပြီး မျက်လုံးပေါက်ကို ကျဉ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘာမှမပြောဘဲ ဒီအတိုင်း ကြည့်နေလိုက်ပါတယ်။

မကြာခင်မှာပဲ...။

ကောင်းကင်ပေါ်က အက်ကြောင်းကြီးဟာ ပျောက်ကွယ်သွားပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။ မသိရင် စောစောက အက်ကြောင်းကြီးက ပုံရိပ်ယောင်တစ်ခုလိုပါပဲ။ ရန်သူတိုက်ခိုက်တာ မဟုတ်တဲ့အတွက် ဟန်ကျွယ်ဟာ သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ဒီအချိန်မှာ ကောင်းကင်ရုံးတော်က လာတိုက်မှာကို တကယ်ကြောက်နေတာပါ။ ဟန်ကျွယ်ရဲ့ လော‌လောဆယ် ကျင့်ကြံမှုအဆင့်နဲ့ ကောင်းကင်တပ်ကို ဟန့်တားဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...။

‘နတ်ဆိုးသူတော်စင်... မင်း တောင့်ခံထားရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပြီး ဖူစန်းသစ်ပင်နဲ့ မြေအမတဘူးပင်ကို စစ်ဆေးပါတယ်။

‘မဆိုးဘူး’

ဖူစန်းသစ်ပင်ဟာ ပေတစ်ထောင်နီးပါး ရှည်လာပြီး မြေအမတဘူးပင်ကလည်း ဖူစန်းသစ်ပင်ရဲ့ ပင်စည်မှာ မြွေတစ်ကောင်လို ရစ်ပတ်နေပါတယ်။ ရွှေကျီးကန်းလေးနှစ်ကောင်ကတော့ ဖူစန်းသစ်ပင်မှာ အသိုက်ဆောက်ထားပြီး အေးအေး‌‌ဆေးဆေး ကျင့်ကြံနေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ရွှေကျီးကန်းလေးနှစ်ကောင်ဟာ ပူးပူးကပ်ကပ် မနေကြတော့ပါဘူး။

ပြောစရာရှိတာကတော့ ငရဲကြက်နက်ရဲ့ လွှမ်းမိုးမှုကြောင့် ‌ရွှေကျီးကန်းလေးနှစ်ကောင်ဟာ စကားတက်လာပါတယ်။ မကြာခဏဆိုသလို တစ်ခြားသူတွေ အထူးသဖြင့် ပဋိပက္ခကောင်းကင်ခွေးနဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်ကို လှောင်ပြောင်ပါတယ်။

“ဆရာသခင်... ကျွန်မ ကောင်းကင်အမတစံအိမ်ကို ပြန်ပြီး တစ်ချက်လောက် သွားကြည့်အုန်းမှာ၊ ပြီးရင် ကျွန်မ ပြန်လာခဲ့မယ်” ထူလင်းအာဟာ ဟန်ကျွယ်ဘေးကို လျှောက်သွားပြီး ဂရုတစိုက် ပြောလိုက်ပါတယ် ‘ဆရာသခင်က ငါထွက်ပြေးတယ်လို့ ထင်သွားမလား’

“သွားလေ”

ဟန်ကျွယ်ဟာ ထူလင်းအားကို မစိုးရိမ်ပါဘူး။ မဟာမှော်ဆရာ လူဝင်စားက တော်တော်နဲ့သေမဲ့အမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ထူလင်းအာထွက်သွားတာကို ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။

ထူလင်းအာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အခါမှာ စိတ်သက်သာရာ ရသွားပါတယ် “ကျွန်မကို မစိုးရိမ်ပါနဲ့၊ ကျွန်မ ကျိန်းသေပေါက် အမြန်ဆုံး ပြန်လာမှာပါ”

“မလိုပါဘူး”

‘ဆရာသခင်က ငါ့ကို အပင်ပန်းမခံစေချင်ဘူးပဲ’ ထူလင်းအာက စိတ်ထဲမှာတွေးတောပြီး နည်းနည်း ပျော်ရွှင်သွားပါတယ်။

ထူလင်းအာ ထွက်သွားပြီးနောက် ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် ကျင့်ကြံခြင်းလောကက အရင်လို အေးချမ်းနေသလားဆိုတာ မသိနိုင်ပါဘူး။

[သင့်မိတ်ဆွေ မော့ဖူချိုသည် လက်ယာကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၉၃၃

[သင့်မိတ်ဆွေ ကျိုးဖန်သည် အမတတောင်ငါးလုံးဂိုဏ်းအား ဝင်ရောက်ပြီး မြေနတ်၏ တပည့်ဖြစ်လာခဲ့သောကြောင့် ကံတရားအထောက်အပံ့ များစွားတိုးပွားသွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် လက်ဝဲကျင့်ကြံသူတစ်ဦး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၄၃၃၃

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ပြင်းထန်စွာ ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်သွား၏။ ကံကောင်းထောက်မစွာပင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]

[သင့်မြေးတပည့် ဖန်းလျန်သည် သေမျိုးကမ္ဘာမှ ထွက်ခွာသွားသည်။]

[သင့်မြေးတပည့် မုရုံချီသည် ဘဝဟောင်းမှာ ဆန်းကြယ်စွမ်းအား နိုးထလာသောကြောင့် ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိုးပြာမိုးကြိုး အဂ္ဂခန္ဓာကိုယ်အား ကျင့်ကြံနိုင်ခဲ့၍ ကောင်းကင်ကိုဆွဲဖြဲပြီး လောကတစ်ခုလုံးကို အံဩတကြီး ဖြစ်စေခဲ့သည်။]

…

ကျိုးဖန်၊ ဟွမ်ဂျိဟောင်၊ ဖန်းလျန်၊ မုရုံချီနဲ့ ဂျိရှင်းရှန်တို့မှာ အခွင့်အရေးကိုယ်စီ ရှိနေကြပါတယ်။ သူတို့ကို ဇာတ်လိုက်ငါးယောက်လို့ ခေါ်ဆိုရပါမယ်။

ဟန်ကျွယ် ဖန်းလျန်ပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ရှိနေသေးတာကြောင့် မသေသေးဘဲ သေမျိုးကမ္ဘာကနေ ခဏထွက်သွားမှန်း သိလိုက်ပါတယ်။ ဟန်ကျွယ် ကျင့်ကြံနေတဲ့အချိန်မှာ သူတို့အားလုံး အခွင့်အရေးကိုယ်စီ စိတ်လှုပ်ရှားစရာကိုယ်စီ ရှိကြပါတယ်။

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူထဲပြီး ဆက်အားထုတ်ပါတယ်။

လေးငါးဆယ်လ အကြာမှာတော့...။

မိတ်ဆွေဟောင်း တစ်ဦး ရောက်လာပါတယ်။

အနောက်ဘက် အသူရာချောက်ဒေသက နဂါးကိုးကောင်ဂိုဏ်းချုပ် ဝေ့ယွမ်။

သူရဲ့သရုပ်မှန်ကတော့ မိုးကာဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်ပဲ ဖြစ်ပါတယ်။

ဟန်ကျွယ်သာ ဟွမ်ဇွမ်တျန်ကို အခွင့်အရေးတစ်ခု မပေးခဲ့ရင် ဟွမ်ဇွမ်တျန် သေသွားတာ ကြာပါပြီ။ ဝေ့ယွမ်ခန္ဓာကိုယ်ကို နေရာယူပြီး မိုးကာဂိုဏ်းထက် အင်အားပိုကြီးတဲ့ နဂါးကိုးကောင်ဂိုဏ်းချုပ် ဖြစ်လာဖို့ဆိုတာ ပိုတောင်ဝေးပါ‌သေးတယ်။

ဟွမ်ဇွမ်တျန်ဟာ တာအိုသခင်ကျိုးတိကိုရှာပြီး သူ့ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ရည်ရွယ်ချက်က အညံလာခံတာပါ။

တာအိုသခင်ကျိုးတိဟာ လန့်သွားပါတယ် ‘ယွီဂျင်ဂိုဏ်းတော်ကြီးက နဂါးကိုးကောင်ဂိုဏ်းကို ပစ်မှတ်ထားပြီး တစ်ခါမှ ပြဿနာမရှာခဲ့ပါဘူး၊ နဂါးကိုးကောင်ဂိုဏ်းချုပ်က ငါတို့ဆီမှာ ဘာလို့ အညံလာခံတာလဲ၊ သူတို့ဂိုဏ်းမှာ ပြဿနာတက်နေလို့လား’

အရင်တုန်းက ကောင်းသွေးမီးလျှံဂိုဏ်းဟာ အသွင်မဲ့ဂိုဏ်းကို အနိုင်မယူနိုင်တာကြောင့် ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်ရောက်ခဲ့တာပါ။ စကားအချို့ ပြောပြီးတဲ့နောက်မှာတော့ နဂါးကိုးကောင်းဂိုဏ်းက ယွီဂျင်ဂိုဏ်းတော်ကြီးထဲ တကယ်ဝင်ချင်နေမှန်း တာအိုသခင်ကျိုးတိ ယုံကြည်သွားပါတယ်။

သတိဆိုတာ ပိုတဲ့မရှိဆိုတဲ့ စကားအတိုင်း တာအိုသခင်ကျိုးတိဟာ ဂိုဏ်းအကြီးအကဲတွေနဲ့ ဆွေးနွေးရအုန်းမယ်ပြောပြီး ဟွမ်ဇွမ်တျန်ကို တစ်ခဏ ဧည့်သည့်လုပ်ခိုင်းပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ငြင်းဆန်ခြင်းမရှိဘဲ ဟန်ကျွယ်ဆီကို အလည်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ကို ဝီရိယတောင်ထဲ ဝင်ခွင့် ပြုလိုက်ပါတယ်။

ဝီရိယတောင်ထဲကို ဝင်ရောက်သွားတဲ့ ဟွမ်ဇွမ်တျန်ဟာ အလွန်အံအားသင့်သွားပါတယ်။

‘ဒီနေရာက စိတ်ဝိညာဉ်ချီက...’

ရန်ထျန်တုန်း၊ ရွှင်ချန်အန်းနဲ့ တစ်ခြားသူတွေကို မြင်လိုက်ရတာကြောင့် ဟွမ်ဇွမ်တျန်ဟာ ဝီရိယတောင်မှာ နေလိုစိတ် ပြင်ထန်းသွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ ကျေးကျွန် ဖြစ်ချင်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ကို ထပ်တွေ့ရတဲ့အတွက် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ ဟွမ်ဇွမ်တျန်က ဟင်းလင်းပြင်ပေါင်းစပ် ဒုတိယအဆင့်မှာ ရှိပါသေးတယ်။ နှစ်ရာချီကြာတာတောင် အဆင့်လေးတစ်ခုပဲ ထိုးဖောက်နိုင်ပါသေးတယ်။ တော်တော်လေးကို အရည်အချင်းမရှိတဲ့လူပါ။

ဟန်ကျွယ်ဟ စကားလမ်းကြောင်း ပြောင်းလိုက်ပါတယ် “ဒီနှစ်တွေမှာ ဘယ်လိုနေလဲ”

အရင်တုန်းက ဟွမ်ဇွမ်တျန်ဟာ ရန်ထျန်တုန်းနဲ့ ပဋိပက္ခကောင်းကင်ခွေးကို ကယ်တင်ခဲ့တဲ့အတွက် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ဟန်ကျွယ်ကို ဒီကိစ္စကို တစ်ခါမှ မမေ့ခဲ့ပါဘူး။

ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ အပြုံးကို မြင်လိုက်ရတဲ့အခါမှာ စိုးရွံ့ထိတ်လန့်ခြင်း မရှိတော့ဘဲ ဒီနှစ်တွေမှာ သူတွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို စပြောပြပါတယ်။

ဝူတောက်ကျန့်လည်း တိတ်တဆိတ်ထိုင်ပြီး နားထောင်ပါတယ်။

အချိန်အတော်ကြာ နားထောင်ပြီးနောက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားပါတယ်။ ဟွမ်ဇွမ်တျန်ဟာ နဂါးကိုးကောင်းဂိုဏ်းရဲ့ ဖိအားကို တောင်မခံနိုင်တော့ကြောင့် ဂိုဏ်းချုပ် မလုပ်ချင်တော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ချင်နေတာပါ။

“မင်း ငါ့နားမှာနေချင်ရင် အကျိုးဆောင်ရမယ်၊ နဂါးကိုးကောင်ဂိုဏ်း ယွီဂျင်ဂိုဏ်းတော်ကြီးထဲ ဝင်လိုကတာနဲ့ မင်း ငါတို့ဂိုဏ်းအတွက် အကျိုးဆောင်မှု လုပ်ရမယ်၊ ဂိုဏ်းထဲမှာ မင်းက လေးစားရတဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာပြီဆိုရင် ငါ မင်းကို ဒီဝီရိယတောင်မှာ နေခိုင်းမယ်” ဟန်ကျွယ်က ပြောလိုက်ပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ဟွမ်ဇွမ်တျန်နဲ့ ဟန်ကျွယ်ဟာ စကားအနည်းငယ် ထပ်ပြောပြီးတဲ့နောက်မှာတော့ ဟွမ်ဇွမ်တျန်ဟာ ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ နက်နက်နဲနဲ စဉ်းစားလိုက်ပါတယ်။ အနာဂတ်မှာ ဝီရိယတောင်ရဲ့ စိတ်ဝိညာဉ်ချီက ပိုပိုပြီး သိပ်သည်းလာတာနဲ့ လူတွေကို ပိုပိုပြီး ဆွဲဆောင်လာမှာပါ။ ဟန်ကျွယ်အနေနဲ့ ဝီရိယတောင်မှာ လူများပြီး စိတ်ဝိညာဉ်ချီ လျော့ပါးသွားတာကို ကာကွယ်ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

‘ကံတရား အထောက်အပံ့ကြီးကြီးရှိတဲ့ လူတွေကို ဆွဲဆောင်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ၊ အဲဒီအချိန်ကျရင် ငါသူတို့ကို ကိုယ်တိုင်သင်ပေးစရာ မလိုဘူး၊ တပည့်တွေကို ပြန်သင်ခိုင်းရင် ရပြီ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလောကမှာ အဆက်အသွယ်တွေ မရှိပါဘူး။ ဒါပေမဲ့ ဖန်းတီးယူလို့ရပါတယ်။ စွမ်းအားကြီးမားပါတယ်ဆိုတဲ့ မျောက်ဘုရင် စွန်းဝူခုန်းတောင် အနာက်အရပ်ကို ခရီးထွက်ရတဲ့အခါ ကောင်းကင်ရုံးတော်က အဆက်အသွယ်တွေကို မှီခိုပြီး အခက်အခဲတွေကို ဖြေရှင်းခဲ့ရတာပါ။

ဒါပေမဲ့ ဒီကိစ္စတွေ အကုန်လုံးက ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်ရပါဘူး။

တိမ်ပင်လယ်ထက်မှာ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေက တစ်နေရာတည်းကို ဆက်တိုက်ကျနေပါတယ်။ ဒီနေရာကတော့ လူတစ်ယောက် ဖြစ်ပါတယ်။

ဂျိရှင်းရှန်။

ဂျိရှင်းရှန်ဟာ လေပေါ်မှာ ထိုင်နေပါတယ်။ သူ့ခန္ဓာကိုယ်ကိုတော့ လျှပ်စီးတွေက ဝန်းရံထားပါတယ်။ ဂျိရှင်းရှန်ရဲ့ ဆံပင်တွေကတော့ မြွေအုပ်လိုပဲ လိမ်ကောက်နေပါတယ်။

ဒီအချိန်မှာ ဂျိရှင်းရှန်ဟာ အမတတစ်ဦးလို ပြိုင်ဘက်ကင်းတဲ့ ‌ရောင်ဝါ ရှိနေပါတယ်။ အဝေးတစ်နေရာမှာတော့ ရုပ်သွင်ဆယ်ခုဟာ တိမ်ပေါ်မှာ မတ်တတ်ရပ်နေကြပါတယ်။ သူတို့ဆယ်ယောက်ကတော့ ကောင်းကင်အမတစံအိမ်ရဲ့ အထက်ပိုင်း အကြီးအကဲတွေ ဖြစ်ပါတယ်။

“ယုံနိုင်စရာ မရှိဘူး၊ သူ မိုးပြာမိုးကြိုး အဂ္ဂခန္ဓာကိုယ်ကို တကယ်ကျင့်ကြံလိုက်တာပဲ”

“သူက ကောင်းကင်အမတစံအိမ်မှာ ပေါ်ထွက်ခဲ့တဲ့ ပါရမီရှင်အကုန်လုံးကို ကျောက်တက်သွားပြီ၊ သူ့အနာဂတ်က မှန်းဆလို့မရတော့ဘူး”

“တော်တော်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါပဲ၊ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတောင် သူ့တိုက်ကွက်တစ်ကွက်ကို ခံနိုင်မှာ မဟုတ်ဘူး”

“လောကနံပါတ်တစ်ပဲ”

“သူ ဘယ်အချိန် ဘုံပျံတက်မလဲ မသိဘူး”

ကောင်းကင်အမတစံအိမ်က အထက်ပိုင်းလူတွေ ဆွေးနွေးနေကြတုန်းမှာပဲ ကြီးမားလှတဲ့ မျက်လုံးတစ်လုံးဟာ ဂျိရှင်းရှန်ခေါင်းပေါ်က မိုးကြိုးတိမ်တိုက်တွေရဲ့ အထက်မှာ ပေါ်လာပြီး ဂျိရှင်းရှန်ကို ငုံ့ကြည့်လိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ...။

ကောင်းကင်ပြင်ရဲ့ နောက်ထပ်နေရာတစ်ခုမှာ ကြမ်းပြင်ကို တိမ်ပင်လယ်နဲ့ ဖွဲ့စည်းထားပါတယ်။ ကြီးမားလှတဲ့ ကျောက်တိုင်နှစ်တိုင်ဟာ မိုးထိမတက် မြင့်မားစွာ တည်ရှိနေပြီး နဂါးဖြူနှစ်ကောင်က ကျောက်တိုင်နှစ်တိုင်ကို ရစ်ပတ်ထားပါတယ်။ အောက်ခြေမှာတော့ ငွေရောင်ချပ်ဝတ်နဲ့ ကောင်းကင်စစ်သားတွေ မတ်တတ်ရပ်နေကြပါတယ်။

ကျောက်တိုင်နှစ်တိုင်ရဲ့ ထိပ်မှာတော့ ရွှေရောင်ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး စာလုံးထွင်းထားပါတယ်။

အ‌ရှေ့ကောင်းကင်မုခ်ဝ။

လျှပ်စီးကြောင်းတစ်ခုဟာ တိမ်ပင်လယ်ကနေ ထွက်ပေါ်လာပြီး ဆိုင်းဘုတ်ဆီ ထိုးတက်သွားပါတယ်။ ကောင်းကင်စစ်သားတစ်ဦးဟာ သူ့လှံကိုဝှေ့ယမ်းပြီး လျှပ်စီးကို ဖယ်ရှားပစ်လိုက်ပါတယ်။

စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။

All Chapters