← Chapters

လုဝမ်ရန်ကို သတ်ဖြတ်ခြင်း

Vol. 140 Ch. 1928

လုဝမ်ရန်ကို သတ်ဖြတ်ခြင်း

Vol. 140 Ch. 1928

လုဝမ်ရန်က ထိုမရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများ ဝမ်လင်း၏ခန္ဓာကိုယ် ပတ်လည်၌ လည်ပတ်နေသည်ကို သူ့ပကတိမျက်လုံးဖြင့် စောင့်ကြည့်နေရသည်။ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ အော်ရာက ပို၍ အစွမ်းထက်လာနေ၏။

ထိုသည်က လုဝမ်ရန်ကို ချွေးပြန်စေသည်။ သူ့စိတ်ကို တုန်ယင်စေသည်။ သူ့မျက်လုံးထဲ၌ ဖော်ပြ၍မရသော ကြောက်ရွှံ့မှုကို ဖြစ်ပေါ်စေသည်။

သည်အရာများက သူ၏အပိုင် ဖြစ်သင့်ပေ၏။ ထိုအော်ရာက သူ့အပိုင် ဖြစ်ရမည် မဟုတ်လား။

ကျယ်လောင်စွာ တုန်ဟိန်းသံ ပဲ့တင်ထပ်သည်။  အနက်ရောင်အမျှင်တန်းများနှင့် ခြုံလွှမ်းထားသော ဝမ်လင်းက သူ့လက်ဖြင့် အသွားချိန်းကြိုးကို ဆန့်ကျင်သည်။ အက်ကြောင်းများ ၎င်းပေါ်၌ ပေါ်လာကာ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ကွဲထွက်ပျက်စီးသွားသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က လှုပ်ရှားနေသည်ဟု ထင်ရသည်။ မရေမတွက်နိုင်သော အမျှင်တန်းများ ရွှေ့လျားနေကြစဉ် ယင်းတို့က ချပ်ဝတ်နက်တစ်ခုအသွင် ဖြစ်တည်လာ၏။ ထိုချပ်ဝတ်က ဝမ်လင်း၏ခန္ဓာကိုယ်၊ ခေါင်းအစ၊ခြေအဆုံးကို ဖုံးလွှမ်းကာ သူ၏မျက်လုံးနှင့်ဆံပင်ဖြူတို့သာ ကျန်၏။

ဝမ်လင်း၏နောက်တွင် ဧရာမကောင်းကင်ဘုံနွားထီးအရိပ်တစ်ခုလည်း ပေါ်လာသည်။ ထိုနွားထီး၌ ကောင်းကင်ကိုဖိဆန်သော အော်ရာတစ်ခု ပါဝင်သည်။ ၎င်း၏မျက်လုံးကလည်း မှိတ်ထားလျက် ရှိသည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က ရူးသွပ်လောက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာနေ၏။ သူက စိတ်ဝိညာဉ်ချပ်ဝတ်၏ စွမ်းအားကို ငှားယမ်းအသုံးချနေ၏။ ၎င်းက ယာယီမျှသာ ဖြစ်သော်ငြားလည်း ဝမ်လင်းအတွက် အံ့မခန်းအကျိုးကျေးဇူးကို ရစေနိုင်၏။

သူက သူ့ထံ၌ အနှစ်သာရတစ်ခု လိုအပ်နေဆဲ ဖြစ်သည့်အချက်ကို လစ်လျူရှု၍ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်သို့ တိုက်ရိုက် တက်လှမ်းသွားသည်။

ထိုအဆင့်သို့ အသက်တရှိုက်စာအချိန်ဖြင့် ရောက်ရှိပြီးနောက် သူ၏ကျင့်ကြံမှုက ဆန်းကြယ်လေဟာနယ်အလယ်အဆင့်သို့ ခုန်တက်သွားပြန်သည်။

သည့်နောက်တွင် ပိုမြန်သောနှုန်းဖြင့် သူ၏အော်ရာက ဆန်းကြယ်လေဟာနယ် နောက်ဆုံးအဆင့်သို့ ရောက်သွားသည်။ သူ၏ကျင့်ကြံမှုက ဆက်၍ တိုးတက်နေဆဲ ဖြစ်၏။ လုဝမ်ရန်သာ မင်သက်နေသည်မဟုတ်၊ ယန်လု၊ ရှုတန်သဲနှင့် တခြားလေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူသုံးယောက်မှာလည်း တုန်လှုပ်နေကြသည်။

အောက်ဘက်မှ ကျင့်ကြံသူတစ်ထောင်ကျော်ကိုမူ ထည့်ပြောနေရန်ပင် မလိုပါ။ သူတို့အားလုံးက ဝမ်လင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိ၏။

“ငါ သူ့ကို ဆက်ပြီး ခွင့်ပြုပေးလို့ မရဘူး…”  လုဝမ်ရန်က ကြောက်ရွှံ့မှုကို ခံစားမိ၏။ သူ၏မျက်လုံးက နီရဲလာ၏။ သူက ရူးသွပ်စွာ မာန်သွင်းအော်ဟစ်သည်။ သူက ရှေ့သို့ တရကြမ်းတိုးဝင်ကာ ဝမ်လင်း၏ရှေ့တွင် ပေါ်လာသည်။ သူ၏တဖက်တည်းသော လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူ၏ကျင့်ကြံမှုကို အပြည့်အဝ ပေါက်ကွဲထွက်စေပြီး ဝမ်လင်းကို ထိုးနှက်တိုက်ခိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ မန္တာန်များထံမှ အလင်းက စူးရှတောက်ပလို့နေ၏။ သို့ပေမည့် မည်သည့်မန္တာန်ကမျှ ဝမ်လင်းအပေါ် သက်ရောက်မှု မရှိနိုင် ဖြစ်ရသည်။ ဝမ်လင်းက မျက်လုံးမှိတ်လျက်ဖြင့်ပင် လုဝမ်ရန်၏ မန္တာန်အမျိုးမျိုး အသုံးပြုသည်ကို ခွင့်ပြုပေးထားသည်။

လုဝမ်ရန်သည် ဝမ်လင်းကို တစက်လေးမျှ ထိခိုက်နိုင်စွမ်းရှိအောင် မလုပ်နိုင် ဖြစ်နေရ၏။

ထိုသို့ ဆက်ဖြစ်လေလေ လုဝမ်ရန်၏ မနာလိုမှုက သာ၍ ပိုလာလေပင်။ သူက မာန်သွင်းဟစ်အော်ကာ မန္တာန်များဖြင့် အဆက်မပြတ် ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေသည်။ သို့ပင်မည့်လည်း ရလဒ်က အလားတူသာ ဖြစ်နေ၏။

“ဒါက ငါ့အပိုင်ပဲ။ မင်းဟာ မဟုတ်ဘူးကွ…”

“ဝမ်လင်း…ဒီစိတ်ဝိညာဉ်ချပ်ဝတ်က ငါ့အပိုင်ကွာ။ မင်းက ငါ့ရှိက‌နေ ဒါကို လုယူခဲ့တာ။ မင်း အသေဆိုးနဲ့ သေရမယ်…”

“ငါ မင်းကို သတ်မယ်။ မင်းကို သတ်မယ်…”  လုဝမ်ရန်သည် အတွင်းစိတ်ရိုင်း၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီ ဖြစ်၏။ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ထိုသို့ မဖြစ်သင့်သော်လည်း သူ့မျှော်လင့်ချက်က မြင့်မားလွန်းခဲ့ပြီး သူ၏မျက်လုံးရှေ့မှာပင် ယင်းအရာက ပျောက်ကွယ်သွားခဲ့သောကြောင့်ပင်။

ထိုသည်ကို သူ့အနေဖြင့် လုံးဝ လက်မခံနိုင်ပေ။

သူ၏ရူးသွပ်မှုတို့မှာ ဝမ်လင်းကြောင့် ဖြစ်ပေါ်လာရခြင်းပင်။ သို့သော် ထိုသို့ မြင်နေရသော လုဝမ်ရန်၏ အသွင်အပြင်မှာ အပြင်ဘက်မှ လူတိုင်း၏ အမြင်သာ ဖြစ်၏။ ဝမ်လင်းတစ်ယောက်သာ လုဝမ်ရန်၏ စိတ်ကို သိထား၏။ အကြောင်းမှာ ငိုကြွေးနေသော ဝတ်ရုံဖြူအမျိုးသမီးကြောင့်ပင်။

ဝမ်လင်းသည် လှုပ်ရှားမည်ဟု ဆုံးဖြတ်ထားပြီးသည် ဖြစ်၍ သူက ရလဒ်များကို အကောင်းဆုံး တွက်ချက်ထားပြီးသားပင်။ လုဝမ်ရန်ပင် သတိမပြုမိဘဲ သူက အလွှာအထပ်ပုံရိပ်ယောင်မန္တာန်ကို တိတ်တဆိတ် နေရာချထားခဲ့ပြီး ဖြစ်၏။

လုဝမ်ရန်က အရူးအမူး တိုက်ခိုက်နေစဉ် ဝမ်လင်း၏အော်ရာက တဖန် မြင့်တက်လာ၏။ သူက ဆန်းကြယ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ တိုက်ရိုက် ခုန်တက်ကာ ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ဝင်ရောက်လာသည်။

ထိုပြောင်းလဲတိုးတက်မှုက လုဝမ်ရန်၏ စိတ်အပေါ် မမြင်ရသောလေးလံသည့် ရိုက်ချက်တစ်ခုဖြင့် ထိုးနှက်လိုက်သည့်နှယ်။ သူ့ကို သွေးတပွက်ပါ အန်ထွက်သွားစေ၏။ သူ၏မျက်လုံးက ချင်းချင်းနီရဲနေကာ သူက အရူးအမူး တိုက်ခိုက်လေတော့၏။

“ငါလည်း ဆေးလုံးပင်လယ်မှာ ရှိခဲ့တယ်။ မင်းကလည်း ဆေးလုံးပင်လယ်မှာ ရှိခဲ့တယ်။ ငါဟာ ထွက်ပြေးဖို့အတွက် တာဝန်ပေးခံခဲ့ရတယ်။ မင်းကတော့ အဲ့မှာနေခဲ့ပြီး ဆေးလုံးပင်လယ်ကို ပေါက်ကွဲစေပြီး အကျိုးအမြတ်တွေ ရခဲ့တာ မလား။ ငါသာဆိုလည်း မင်းလိုမျိုး လုပ်နိုင်တယ်ကွ…”

“ငါဟာ တတိယမြောက်သွေးကြောနေရာမှာ ကြီးကြပ်ရသလို မင်းလည်း ဒီမှာ ရှိနေတယ်။ ငါ့ကျင့်ကြံမှုအဆင့်က မင်းထက် ပိုမြင့်မားတယ်ကွ။ ဒီစိတ်ဝိညာဉ်ချပ်ဝတ်က ငါ့အပိုင်ပဲ။ မင်းမှာ ဘာသောက်အရည်အချင်း ရှိလို့ ငါ့ရှိကနေ ဒါကို လုယူခဲ့ရတာလဲ…”

ဝမ်လင်းက မျက်လုံးမှိတ်ထား၏။ သူက ခုထိ ပြန်မဖွင့်လာသေးပေ။ ဆန်းကြယ်အတိဒုက္ခအဆင့်သို့ ရောက်လာပြီးနောက် သူ၏အော်ရာက ထပ်မံ တိုးတက်သည်။

“ပထမဆန်းကြယ်ဒုက္ခ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ …ဆန်းကြယ်ဒုက္ခအဆင့်ရှစ်၊ ဆန်းကြယ်ဒုက္ခအဆင့်ကိုး…”

မည်သည့်ဆန်းကြယ်ဒုက္ခ ကပ်ဘေးမှ ကျရောက်မလာခဲ့ပေ။ ဝမ်လင်း၏အော်ရာကတော့ ကိုးကြိမ်တိုင်ပြောင်းလဲ၊ ကိုးကြိမ်တိုင် တိုးတက်လာခဲ့ပြီ ဖြစ်သည်။ သူသည် ဆန်းကြယ်ဒုက္ခအဆင့်များကနေ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ တိုက်ရိုက် ဝင်ရောက်လာသည်။

လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်။

လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ ရောက်လာသည့်နောက်တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်၏။ သူ၏နောက်မှ ကောင်းကင်ဘုံနွားထီးအရိပ်ကလည်း မျက်လုံးဖွင့်လာကာ ကြမ်းကြုတ်ဟန်နှင့် ထီမထင်ဟန်အကြည့်ကို ထုတ်ဖော်၏။

ဝေါင်း။

ကောင်းကင်ဘုံနွားထီးအရိပ်က ခေါင်းမော့ကာ ဟိန်းသံထုတ်ဖော်၏။ ဒီဟိန်းသံက မြေအောက်နန်းတော်၊ မြေပြင်၊ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်နှင့် ကုန်းမြေတခွင်သို့ ပျံ့နှံ့လေ၏။

မြေမျက်နှာပြင်ထက်ရှိ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူခြောက်ယောက်က ထိုဟိန်းသံကို ကြားသည့်အခါ သူတို့၏အမူအရာများ ပြောင်းလဲသွားကြသည်။

“ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံ…”

“ဒါက ကောင်းကင်ဘုံနွားထီးရဲ့ဟိန်းအော်သံပဲ။ ဒီအသံကသာ ငါ့စိတ်နှလုံးကို တုန်ယင်အောင် လုပ်နိုင်မှာ…”

“အရင်တုန်းက အလားတူ ဟိန်းအော်သံမျိုး အစိမ်းရောင်မိစ္ဆာဆီကနေ ငါ ကြားခဲ့ဖူးတယ်။ ဒါက ကောင်းကင်ဘုံနွားထီးပဲ ဖြစ်ရမယ်…”

သူတို့ခြောက်ယောက်၏ စိတ်ထဲ၌ မကောင်းသောခံစားချက်များ ရလာ၏။

သူတို့ပင် ထိုသို့ ဖြစ်နေသဖြင့် ကျန်သည့် အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူတစ်ထောင်ကျော်ဆို ပြောနေဖို့ပင် မလိုတော့ပေ။ သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်ကာ သူတို့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ဖြစ်ပေါ်သည်။ ထိုဟိန်းသံက သူတို့၏မူလစိတ်ဝိညာဉ်များကိုပါ ပျက်စီးစေလုနီးပါး ဖြစ်သွားစေသည် မဟုတ်လား။

မြေအောက်နန်းတော်၌ ဝမ်လင်း၏မျက်လုံးက နီရဲနေသည်။ ထိုနီရဲမှုကား ရူးသွပ်မှုကြောင့် မဟုတ်၊ စိတ်ဝိညာဉ်ချပ်ဝတ်ကြောင့်ပင်။ ယင်းက ကောင်းကင်ဘုံနွားထီး၏ ကောင်းကင်ကိုဖိဆန်သော မကျေမချမ်းမှုမှ လာ၏။

“မင်းက ငါ့ကို သတ်ချင်တာလား…”  ဝမ်လင်း၏ နီရဲရဲမျက်လုံးများထံမှ မည်သည့်စိတ်ခံစားချက်မျှ မပြပေ။ သူက အဆက်မပြတ်တိုက်ခိုက်မှုများကို ရပ်တန့်ကာ ဖြူရောသောမျက်နှာဖြင့် ရှိနေသော လုဝမ်ရန်ထံ အေးစက်လွန်းစွာ စိုက်ကြည့်လာ၏။

“မင်းက ငါ့ကို သတ်ချင်တာလား…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ ဝေ့ယမ်းလိုက်၏။

ထိုဝေ့ယမ်းမှုနှင့်အတူ လောကသည် တုန်ဟိန်းကာ ဝမ်လင်း၏ ညာလက်က ကောင်းကင်ဘုံနွားထီးအဖြစ်သို့ ပြောင်း၍ လုဝမ်ရန်ထံ တိုးဝင်လာသည်။ ပေါက်ကွဲသံနှင့်အတူ လုဝမ်ရန်၏ ခန္ဓာကိုယ်သည် ကြိုးပျက်စွန်ကဲ့သို့ လွင့်ထွက်သွား၏။

ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေသည်။ သူက အနက်ရောင်ချပ်ဝတ်နှင့်အတူ ရှေ့သို့ တိုးဝင်လာ၏။ ခြေတစ်လှမ်းဖြင့် သူက လုဝမ်ရန်၏ ရှေ့သို့ ရောက်လာသည်။ သူက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုဘဲ လုဝမ်ရန်ကို ဒီအတိုင်း ကန်ထုတ်လိုက်သည်။

ဝမ်လင်းက သူ၏ညာခြေကို မြှောက်၏။ ကောင်းကင်ဘုံနွားထီး၏ ဦးချိုပုံရိပ်ယောင် ပေါ်လာသည်။

ကျယ်လောင်စွာ ပေါက်ကွဲသံများနှင့်အတူ လုဝမ်ရန်က နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က သွေးမြူအဖြစ်သို့ ပျက်စီးသွားသည်။ သူ့မူလစိတ်ဝိညာဉ်က အလျင်အမြန် ထွက်ပြေးတော့သည်။ သူက ဆက်လက်၍ ရူးသွပ်နေခြင်း မရှိတော့၊ သူ၏အတွေး၌ ကြောက်ရွှံ့မှုသာ အစားထိုးသွားခဲ့ပေပြီ။

ထိုအခိုက်၌ သူသည် မနာလိုမှု၊ ရူးသွပ်မှုတို့ မရှိတော့ပေ။

“ငါဟာ မဟာစိတ်ဝိညာဉ်ကလန်က အကြီးအကဲတစ်ယောက်ပဲ။ မင်း ငါ့ကို သတ်လို့ မရဘူး…” ဝမ်လင်းက အမှီလိုက်လာ၏။ သူ၏မျက်လုံးတို့က အေးစက်နေသည်။ သူက ညာလက်ကို ဝေ့ယမ်းလိုက်ရာ လုဝမ်ရန်၏ မူလစိတ်ဝိညာဉ်သည် ပေါက်ကွဲသွားချေသည်။ သူက သူ့ခန္ဓာကိုယ်တဝက်ကို ဆုံးရှုံးသွားရပြီ။

“ငါဟာ အရှင်ကုန်းနျန်ရဲ့ တပည့်တစ်ယောက်ပဲ။ မင်း ငါ့ကို သတ်ရင် ဆရာက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး…”  လုဝမ်ရန်သည် ခန္ဓာကိုယ်တဝက်သာ ရှိတော့သည့်နောက် အားနည်းသွားခဲ့ပြီ။ သူ၏အသံသည်ပင် အားနည်းသွားလေပြီ။ သူက အကြောက်အကန် နောက်ဆုတ်လေသည်။

သို့သော် ဝမ်လင်းက နောက်ထပ်ခြေတလှမ်းလှမ်းကာ ထပ်မံ နီးကပ်လာသည်။ သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လုဝမ်ရန်၏ ခန္ဓာကိုယ်က ထပ်မံပျက်စီးပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်သော ဦးခေါင်းတလုံးအဖြစ်သာ ကျန်တော့သည်။

“မဟာစိတ်ဝိညာဉ်ကလန်မှာ ငါ့အဆင့်အတန်းက မြင့်မြတ်လှတယ်။ မင်း…”

သူက တုန်တုန်ယင်ယင်‌ နောက်ဆုတ်၏။ သည်အခိုက်၌ သူကား အမှန်အကန် ကြောက်လန့်နေပေပြီ။ သူက မသေချင်သေးပေ။ သူသည် လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လား။ သူ့အတွက် သေဖို့ ခက်ခဲလွန်း၏။ သို့ပေမည့် ခုချိန်၌ သူက သူ့အပေါ်သို့ ဆင်းသက်လာသော သေခြင်းတရားကို ခံစားမိနေပြီ။

“ငါ့ကို မသတ်ပါနဲ့…”  သူ့စကား ထွက်ပေါ်လာရုံ ရှိသေး ဝမ်လင်းက ကြောက်မက်ဖွယ်အနက်ရောင်ချပ်ဝတ်ဖြင့် ဦးခေါင်းနှင့်အတူ သူ၏ဦးခေါင်းနား ရောက်လာ၏။ ဝမ်လင်းက အေးတိအေးစက် မထူးခြားနားဟန်ဖြင့် ရိုက်ချလာ၏။

“ငါ သင့် တမလွန်ခရီးကို လိုက်မပို့ပေးတော့ဘူး…”

ထိုလက်ဝါးချက် ဆင်းသက်လာသည့်အခါ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ လုဝမ်ရန်၏ မူလစိတ်ဝိညာဉ် ဦးခေါင်းက ပေါက်ကွဲကာ သေဆုံးသွားတော့သည်။

ဤသည်ကား ဝမ်လင်း မည်၏။ သူသည် သူ သတ်ခဲ့သောသူ၏ အဆင့်အတန်း၊ သို့မဟုတ် နောက်ခံနှင့် ပတ်သတ်၍ ဂရုမစိုက်ပေ။ သူသာ လုဝမ်ရန်ကို ဒီကနေ့ မသတ်ခဲ့ပါက ချပ်ဝတ်ချွတ်လိုက်ရသည်နှင့် အကျိုးဆက်မှာ ထိုသူက သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်တော့ပေ။

သည်အခြေအနေ၌ လုဝမ်ရန်ဖြစ်ဖြစ်၊ ဝမ်လင်းဖြစ်ဖြစ် သေရပေမည်။ ဝမ်လင်းအနေဖြင့် ထိုသူ၏အဆင့်အတန်းကို ဂရုမစိုက်နိုင်ပေ။ တဖက်လူက ကောင်းကင်ဘုံအင်ပါယာ၏ သားတော် ဖြစ်နေခဲ့လျှင်ပင် သူက သတ်ပစ်ရလိမ့်မည်။

ထိုအခိုက်၌ ဝမ်လင်းက စွမ်းအားတည်ရှိမှုကို ကောင်းစွာ ခံစားမိ၏။ လှုပ်ရှားမှုတိုင်းက မန္တာန်များနှင့် ပြည့်နေသည်။ သူက ဒီလိုမျိုး အရင်က လုံးဝ မခံစားမိခဲ့ဖူးပေ။ အနှစ်သာရများက ဒီအခိုက်၌ အရေးမကြီးလေတော့၊ အကြောင်းမှာ သူက သူ့အနှစ်သာရအားလုံး ပျောက်ကွယ်ကာ သူ့သွေးမျိုးဆက်၏ အစိတ်အပိုင်း ဖြစ်လာသည်ဟု ခံစားမိသောကြောင့်ပင်။

သူ၏ခန္ဓာကိုယ်ကိုပင် အနှစ်သာရများကြောင့် ဖြစ်ပေါ်သော ခန္ဓာကိုယ်ဟု ယူဆ၍ ရနိုင်သည်။ သူ၏သွေးက ရေအနှစ်သာရ၊ သူ့မျက်လုံးတို့မှာ မိုးကြိုး၊ သူ၏တည်ရှိမှုက ထိုအနှစ်သာရများကြောင့် ဖြစ်ပေါ်၏။

ထိုခံစားချက်က သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ထံမှ လာ၏။ ဒီအခိုက်၌ သူက ကျင့်ကြံသူတစ်ယောက်ဟု မခံစားမိလေတော့၊ ဟိုးလွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သော အချိန်က ကျယ်ပြောသည့် ဟင်းလင်းပြင်တွင် ကျင့်ကြံခဲ့ပြီးသော ကြမ်းကြုတ်သည့် ကောင်းကင်ဘုံနွားထီးတစ်ကောင်ဟုသာ ခံစားမိရသည်။

ဝမ်လင်းက ခေါင်းမော့ကာ မြေအောက်နန်းတော်အထက်သို့ အေးတိအေးစက် စိုက်ကြည့်သည်။

“ကျန်းတောက်ကျုံး…ငါ လာနေပြီ…”   ဝမ်လင်းက သူ့နောက်မှ ကောင်းကင်ဘုံနွားထီးအရိပ်နှင့် ပေါင်းစပ်ကာ အထက်သို့ ထိုးတက်သွားသည်။

All Chapters