အခန်း ၂၄
Vol. 3 Ch. 24
အခန်း (၂၄) ကိုယ်ပွား စုံစမ်းလာသည့် သတင်း
အနန္တနေရာလွတ်ထဲမှ ထွက်လာပြီးနောက် ချန်ကျီက ကိုယ်ပွား ကျောက်လင်းအာကို ဟင်းချက်ရန် ချက်ချင်း တာဝန်ပေးလိုက်သည်။
ချန်ကျီကိုယ်တိုင်ကတော့ ပက်လက် ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ လှဲလျောင်းရင်း ဤအေးချမ်းလှသည့် အချိန်လေးကို တိတ်ဆိတ်စွာ ခံစားနေလိုက်၏။
မကြာမီမှာပင် ကျောက်လင်းအာက စားပွဲပြည့် ဟင်းပွဲများကို ပြင်ဆင်ချက်ပြုတ်ပြီးသွားခဲ့သည်။
"သခင်... ဟင်းတွေ ချက်ပြီးပါပြီ၊ မြည်းစမ်းကြည့်ပါဦးရှင့်"
"ကောင်းပြီ... မင်းလည်း ထိုင်ပြီး အတူတူစားလေ"
"မလိုပါဘူး သခင်၊ လင်းအာက အစားအစာတွေ စားဖို့ မလိုအပ်ပါဘူး"
ချန်ကျီက ခေါင်းခါရင်း ပြုံးလိုက်မိသည်၊ ကိုယ်ပွားများက အစားအသောက်စားရန် မလိုဘဲ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအားကို စုပ်ယူရုံဖြင့် အခြေအနေကို ထိန်းသိမ်းထားနိုင်သည်ကို သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
"ဒါဆိုရင်လည်း ကောင်းပါပြီ"
ခဏအကြာတွင် ချန်ကျီက စားပွဲပေါ်ရှိ ဟင်းပွဲအားလုံးကို ပြောင်စင်အောင် စားသောက်ပစ်လိုက်သည်။ ဤထမင်းတစ်နပ်မှာ သူ ဤကျင့်ကြံခြင်းကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း အမြိန်ဆုံး စားခဲ့ရသည့် ထမင်းတစ်နပ်ပင် ဖြစ်သည်။
ချန်ကျီ စားသောက်ပြီးသည်နှင့် ကျောက်လင်းအာက စားပွဲကို သိမ်းဆည်းရန် ပြင်တော့သည်။
သို့သော် ချန်ကျီက ကျောက်လင်းအာ၏ လှုပ်ရှားမှုကို တားမြစ်လိုက်ကာ ပြောလိုက်၏။ "ပန်းကန် ဆေးကြောတဲ့အလုပ်ကို မင်း လုပ်စရာမလိုပါဘူး"
"ရပါတယ်၊ သခင့်အတွက် အလုပ်အကျွေးပြုခွင့်ရတာ လင်းအာရဲ့ ဂုဏ်ယူမှုပါပဲရှင်" ကျောက်လင်းအာက ပြောပြီးနောက် ဆက်လက်သိမ်းဆည်းရန် ပြင်ပြန်သည်။
"ချထားလိုက်ပါ၊ ခဏနေရင် လုပ်မယ့်သူ ပြန်လာလိမ့်မယ်"
ကျောက်လင်းအာက လက်ရှိအလုပ်ကို ရပ်တန့်လိုက်ပြီး ချန်ကျီကို အံ့အားသင့်စွာ ကြည့်နေခဲ့သည်။
ထိုအချိန်တွင် ချန်ကျီက အတွေး ဖြင့် လှမ်းမေးလိုက်၏။ "အသုံးဝင်မယ့် သတင်းတွေ စုံစမ်းရမိခဲ့လား..."
"သခင်... အနည်းငယ်တော့ စုံစမ်း မိခဲ့ပါတယ်" ချန်ဖန်က စိတ်ချင်းဆက်သွယ်ကာ ပြန်ဖြေ လာသည်။
"ကောင်းပြီ၊ ဒါဆိုရင် အရင် ပြန်လာခဲ့ချေ"
"ဟုတ်ကဲ့ပါ သခင်"
ခဏအကြာတွင် ချန်ဖန်က အနန္တနေရာလွတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ ထို့နောက် ချန်ကျီက သူ့ကို အနန္တနေရာလွတ်ထဲမှ အပြင်သို့ ဆင့်ခေါ်လိုက်၏။
ချန်ဖန်က သူစုံစမ်းရရှိလာသည့် သတင်းများကို စတင်တင်ပြရန် ပြင်လိုက်သည်။
သို့သော် ချန်ကျီက သူ၏စကားကို ဖြတ်ပြောလိုက်ကာ ပြုံးလျက် ပြော၏။ "မလောပါနဲ့၊ ဒီနေရာကို အရင်ဆုံး သိမ်းလိုက်ပါဦး"
ထိုအခါမှပင် ချန်ဖန်က အိမ်တော်အတွင်း မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသည့် ကိုယ်ပွားအသစ်တစ်ခု ထပ်တိုးနေသည်ကို သတိပြုမိသွားတော့သည်။
၎င်းတို့ ကိုယ်ပွားအချင်းချင်းကြားတွင် သိမ်မွေ့လှသည့် အာရုံခံစားမှု ရှိကြသဖြင့် လူအစစ်နှင့် ကိုယ်ပွားတို့၏ ကွာခြားချက်ကို အသေအချာ ခွဲခြားနိုင်ကြပေသည်။
ချန်ဖန်က မသိမ်းဆည်းရသေးသည့် စားပွဲဝိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ကိုယ်ပွားအသစ်လေးကိုလည်း တစ်ချက်ကြည့်ကာ စိတ်ထဲမှသာ မချိပြုံး ပြုံးလိုက်မိတော့သည်။
'ငါတို့အားလုံးက ကိုယ်ပွားတွေပဲကို... ဘာလို့ ဆက်ဆံခံရတာချင်း ဒီလောက်တောင် ကွာခြားနေရတာလဲ၊ သူမက ပိုပြီးလှပနေလို့လား... ဒါပေမဲ့ ငါကလည်း သခင့်လိုပဲ ခန့်ညားချောမောတာပဲဥစ္စာ'
ချန်ဖန်က စိတ်ထဲမှသာ ဤသို့ ရင်ဖွင့်နိုင်သော်လည်း ချန်ကျီ၏ အမိန့်ဖြစ်သဖြင့် မည်သည့်စည်းကမ်းချက်မျှမရှိဘဲ နာခံရမည်ဖြစ်သည်။ ထို့ကြောင့် ချန်ဖန်က လိမ္မာပါးနပ်စွာဖြင့် စားပွဲဝိုင်းကို သွားရောက်သိမ်းဆည်းပေးရှာသည်။
ချန်ဖန်၏ စိတ်ထဲက အတွေးများကို ချန်ကျီလည်း အာရုံရလိုက်ပုံပေါ်သဖြင့် သူ၏နဖူးထက်တွင် အတွေး များ ဖြတ်ပြေးသွားခဲ့ရသည်။
'ဒီကိုယ်ပွားက စိတ်ထဲမှာ ဘာတွေ လျှောက်တွေးနေတာလဲ မသိဘူး၊ နောက်ကျရင် သန့်ရှင်းရေးလုပ်တဲ့ မန္တန်အသေးစားလေးတစ်ခုခု ကျင့်ကြံထားမှ ဖြစ်မယ်၊ ဒါမှ ဒီလိုမျိုး ရှုပ်ရှုပ်ရှက်ရှက်တွေ မဖြစ်မှာ'
သို့သော် ချန်ကျီက သူလုပ်သည်မှာ မမှားဟု ခံစားရသည်၊ မိန်းမလှလေး က ဟင်းချက်ပြီး အမျိုးသားက ပန်းကန်ဆေးခြင်းမှာ သဘာဝကျလှသည် မဟုတ်ပါလော။
ထို့နောက် ချန်ကျီက ပက်လက် ကုလားထိုင်ပေါ်တွင် ဆက်လက်အနားယူရင်း ချန်ဖန် သန့်ရှင်းရေးလုပ်ပြီးသည်ကို စောင့်ဆိုင်းနေလိုက်သည်။
ထိုအချိန်တွင် ကျောက်လင်းအာက သူမအနေဖြင့် တစ်ခုခု လုပ်သင့်သည်ဟု ခံစားရပုံပေါ်ကာ ချန်ကျီ၏ နောက်ကျောဘက်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။ သူမ၏ လက်ကလေးများကို ချန်ကျီ၏ ပုခုံးထက်သို့ ညင်သာစွာ တင်လိုက်ပြီး နူးညံ့စွာဖြင့် အကြောလျှော့ နှိပ်နယ်ပေးလာခဲ့သည်။
ပုခုံးထက်မှ နူးညံ့လှသည့် ဖိနှိပ်မှုများကို ခံစားရစဉ် ချန်ကျီ စိတ်ထဲတွင် အံ့ဩသွားမိသည်၊ 'ကိုယ်ပွားတွေက ဒီလောက်တောင် အလိုက်သိတတ်ကြတာလား...'
သို့သော်လည်း ကျောက်လင်းအာက သူ့ကို အနားရစေရန် ပုခုံးကို ရိုးရိုးရှင်းရှင်းသာ နှိပ်နယ်ပေးနေခြင်းဖြစ်သဖြင့် ချန်ကျီကလည်း လွန်လွန်ကဲကဲ အာရုံမထားတော့ပေ။
မကြာမီအချိန်အတွင်းမှာပင်
"သခင်... အားလုံး သိမ်းဆည်းပြီးပါပြီ" ချန်ဖန်က ရိုရိုသေသေဖြင့် ပြောလေ သည်။
"ကောင်းပြီ... မင်း စုံစမ်းရရှိခဲ့တဲ့ သတင်းတွေကို ပြောပြ"
"ဟုတ်ကဲ့ပါ သခင်၊ ကျွန်တော် အပြင်မှာ စုံစမ်းစစ်ဆေးတဲ့အခါ ဒီနေ့ မြို့တော်သခင်အိမ်တော်ရဲ့ လှုပ်ရှားမှုက နည်းနည်း ထူးဆန်းနေတာကို တွေ့ရပါတယ်"
"သူတို့က ထုံဖူစားသောက်ဆိုင် ပိုင်ရှင် ထုံရဲ့ ပျောက်ဆုံးမှုကို ရိုးရိုးရှင်းရှင်းပဲ စုံစမ်းစစ်ဆေးခဲ့ပြီး ပြီးစလွယ်ပဲ ထားလိုက်ကြပါတယ်၊ အကြီးအကျယ် ရှာဖွေစုံစမ်းတာမျိုး လုံးဝ မလုပ်ကြပါဘူး"
ချန်ကျီ ခဏမျှ စဉ်းစားလိုက်ပြီး သူလည်းပဲ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ "မဖြစ်နိုင်တာ၊ ဘယ်လိုပဲပြောပြော ထုံဖူစားသောက်ဆိုင် ပိုင်ရှင် ထုံက ဝမ်နန်မြို့ရဲ့ သူဌေးတစ်ဦးပဲလေ"
"ဒါ့အပြင် ဒီထုံဖူစားသောက်ဆိုင် ပိုင်ရှင် ထုံက ကျင့်ကြံသူတစ်ဦးလည်း ဖြစ်တယ်၊ သူ ပျောက်ဆုံးသွားတဲ့အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အရိပ်အယောင်တွေလည်း ရှိနေတာကို၊ ဝမ်နန်မြို့ထဲမှာ တိုက်ခိုက်မှုတွေကို တားမြစ်ထားတာ မဟုတ်ဘူးလား"
"မြို့တော်သခင်အိမ်တော်က ရည်ရွယ်ချက်ရှိရှိ ဒီလိုပဲ ပစ်ထားတာလား၊ ဒါမှမဟုတ် တခြား ရည်ရွယ်ချက်တစ်ခုခု ရှိနေလို့လား"
ချန်ဖန်က တင်ပြသည်။ "သခင်... ဒါကိုတော့ ကျွန်တော် မစုံစမ်းရသေးပါဘူး၊ အချိန်က တိုတောင်းလွန်းတာကြောင့် သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်အမှန်ကို မသိရသေးတာပါ"
ချန်ကျီက စဉ်းစားတွေးတောပြီးနောက် ညွှန်ကြားလိုက်၏။ "ကောင်းပြီ၊ ဒါဆိုရင် ဒီသဲလွန်စကို မင်း ဆက်ပြီး စောင့်ကြည့်ထားလိုက်၊ လိုအပ်လာရင် အထူးကျွမ်းကျင်မှုကိုလည်း အသုံးပြုနိုင်တယ်"
"ဟုတ်ကဲ့ပါ သခင်"
ထို့နောက်တွင် ချန်ဖန်က ယဲ့မိသားစု နှင့် ပတ်သက်ပြီး စုံစမ်းရရှိထားသည့် သတင်းအချို့ကို ဆက်လက်တင်ပြလာခဲ့သည်။
"သခင်... ဒီ ယဲ့မိသားစုက အမြဲတမ်း သိုသိုသိပ်သိပ် နဲ့ပဲ လှုပ်ရှားလေ့ရှိပြီး မြို့ထဲက တခြားမိသားစုတွေနဲ့ ပဋိပက္ခဖြစ်ပွားတာမျိုး လုံးဝ မရှိသလောက်ပါပဲ"
"ဒါပေမဲ့ ယဲ့မိသားစုတစ်ခုလုံးရဲ့ မာနထောင်လွှားမှုကတော့ ထင်ရှားလှပါတယ်"
"ယဲ့မိသားစုရဲ့ စီးပွားရေးလုပ်ငန်းတွေက ဝမ်နန်မြို့တစ်ခုလုံးမှာ ပျံ့နှံ့နေပြီး ဝမ်နန်မြို့ရဲ့ နံပါတ်တစ် မိသားစုအဖြစ် ရပ်တည်နေပါတယ်"
"ဒါ့အပြင် ကောလာဟလတွေအရ ယဲ့မိသားစုရဲ့ ဘိုးဘေးကြီးက အခုထက်ထိ သက်ရှိထင်ရှား ရှိနေသေးတယ်လို့ သိရပါတယ်၊ ယဲ့မိသားစုက ဝမ်နန်မြို့မှာ အခြေစိုက်လာတာ နှစ်ပေါင်း ရာချီနေပါပြီ"
"ယဲ့မိသားစု ဘိုးဘေးရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်အထိ ရှိနေလဲဆိုတာကိုတော့ စုံစမ်းလို့ မရသေးပါဘူး"
"ပြီးတော့ ချင်းယွမ်ဂိုဏ်း ထဲမှာလည်း ယဲ့မိသားစုရဲ့ ထူးချွန်တဲ့ တပည့်တွေ အများကြီး ရှိနေပြီး ယဲ့မိသားစုက ဆယ်နှစ်တစ်ကြိမ် သူတို့ရဲ့ မိသားစုဝင်တွေကို ချင်းယွမ်ဂိုဏ်းဆီ ပို့ဆောင်ပေးလေ့ ရှိပါတယ်"
ချန်ဖန်၏ တင်ပြချက်ကို နားထောင်ပြီးနောက် ချန်ကျီက ခဏမျှ တွေးတောလိုက်ပြီး "ဟားဟား... ဒါက ချင်းယွမ်ဂိုဏ်းဆိုတဲ့ သစ်ပင်ကြီးကို မှီခိုပြီး သူတို့ရဲ့ မိသားစုကို ကြီးထွားအောင် လုပ်နေတာပဲ"
"ဒါပေမဲ့ ယဲ့မိသားစုက ချင်းယွမ်ဂိုဏ်းကို မှီခိုနေပြီပဲဥစ္စာ၊ ဘာဖြစ်လို့ ထုံဖူစားသောက်ဆိုင် ပိုင်ရှင် ထုံလို လူမျိုးနဲ့ ပူးပေါင်းဆောင်ရွက်နေရဦးမှာလဲ၊ ဒါက တကယ်ကို ထူးဆန်းလွန်းတယ်"
"ယဲ့မိသားစုရဲ့ အင်အားအရဆိုရင် သံနက် မိုင်း တွင်း တစ်ခုတည်းကိုတင် ပုံမှန်အတိုင်း တရားဝင် တူးဖော်လို့ ရနေတာပဲကို"
"ဒီလိုမျိုး ခိုးကြောင်ခိုးဝှက် ကိစ္စတွေကို လုပ်စရာ လုံးဝ မလိုပါဘူး၊ ဒါဆိုရင် တခြား ကွယ်ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေသေးလို့လား"
ချန်ကျီ စိတ်ထဲတွင် သံသယဖြစ်သွားမိပြီး ဆက်ပြောလိုက်သည်။ "ဒီ ယဲ့မိသားစုရဲ့ အင်အားက ငါ ထင်ထားတာထက် ပိုကြီးမားနေတာပဲ၊ သံနက် မိုင်း တွင်း ကိစ္စကိုတော့ ရေရှည် အစီအစဉ် ချရလိမ့်မယ်"
"မင်း အပြင်မှာ သတင်းတွေကို ဆက်ပြီး စုံစမ်းထားလိုက်၊ မြို့တော်သခင်အိမ်တော်ဘက်က ကြီးကြီးမားမား လှုပ်ရှားမှု မရှိဘူးဆိုရင်လည်း အလွန်အမင်း အာရုံစိုက်နေစရာ မလိုတော့ဘူး၊ ယဲ့မိသားစုနဲ့ သက်ဆိုင်တဲ့ သတင်းတွေကိုပဲ အတတ်နိုင်ဆုံး ပိုပြီး စုဆောင်းထားလိုက်ပါ"
"ဟုတ်ကဲ့ပါ သခင်" ချန်ဖန်က လက်သီးဆုပ် အရိုအသေပြုကာ နောက်ဆုတ် ထွက်သွားခဲ့သည်။
ချန်ဖန် ထွက်သွားပြီးနောက် ချန်ကျီက အတွေးနက်သွားခဲ့ရသည်။
ရုတ်တရက် သူ၏ဘေးနားတွင် ကျောက်လင်းအာ ရှိနေသေးသည်ကို သတိရသွားကာ လူပိုရှိရင် အတွေး ပိုရနိုင်သည်ဟူသော သဘောဖြင့် ကျောက်လင်းအာကို လှမ်းမေးလိုက်၏။
"လင်းအာ... မင်းကော ဘယ်လိုထင်လဲ၊ ယဲ့မိသားစုက တကယ်ပဲ ဘာကို ရည်ရွယ်နေတာလဲ၊ သူတို့ လုပ်နေတဲ့ ကိစ္စတွေ ပေါက်ကြားသွားမှာကို မကြောက်ကြဘူးလား"
"မိုင်းတွင်းကို တိတ်တဆိတ် တူးဖော်တာက ကိစ္စကြီးမဟုတ်ဘူး ဆိုရင်တောင် ကျင့်ကြံသူတွေကို အတင်းအကျပ် အဓမ္မစေခိုင်းပြီး မိုင်းတွင်း တူးခိုင်းနေတာကတော့... ဒီအချက်တစ်ချက်တည်းနဲ့တင် အပြင်လူတွေ သိသွားရင် နောက်ဆက်တွဲ အကျိုးဆက်က တွေးဝံ့စရာ မရှိဘူး"
ကျောက်လင်းအာက ကိုယ်ပွားတစ်ခု ဖြစ်သော်လည်း သူမတွင်လည်း ကိုယ်ပိုင်အတွေး ရှိနေသဖြင့် ခဏမျှ စဉ်းစားပြီးနောက် ပြောလာသည်။
"သခင်... ဒီယဲ့မိသားစုက 'လှေလှော်ရင်း အဝတ်လျှော်' (တစ်ခုခုကို အကာအကွယ်ယူပြီး တခြားလျှို့ဝှက်ချက်တစ်ခု လုပ်ဆောင်ခြင်း) တဲ့ အစီအစဉ်ကို လုပ်နေတာ မဟုတ်နိုင်ဘူးလားရှင့်"
"ဘယ်လို မျိုး လဲ..." ချန်ကျီက ကျောက်လင်းအာကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်လိုက်သည်။
သူမကို အမှတ်မထင် မေးမြန်းလိုက်ခြင်း ဖြစ်သော်လည်း ကျောက်လင်းအာတွင် ထူးခြားသည့် အတွေး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
"သခင်... ဒီ ယဲ့မိသားစုက ဝမ်နန်မြို့မှာ နံပါတ်တစ် မိသားစု ဖြစ်နေပြီ၊ ပြီးတော့ နှစ်ပေါင်း ရာချီ သက်တမ်းရှိပြီး ကျင့်ကြံခြင်းအဆင့်ကို မခန့်မှန်းနိုင်တဲ့ ဘိုးဘေးကြီးတစ်ယောက်လည်း ရှိနေသေးတယ်"
"ဒါ့အပြင် ချင်းယွမ်ဂိုဏ်းထဲမှာလည်း ယဲ့မိသားစုရဲ့ တပည့်တွေ မနည်းဘူးရှိနေတော့ ယဲ့မိသားစုက အင်အားကြီး အဖွဲ့အစည်းတစ်ခု ဖြစ်နေပါပြီ"
"ယဲ့မိသားစုအနေနဲ့ နောက်ထပ်တစ်ဆင့် တက်လှမ်းချင်တယ်ဆိုရင် ချင်းယွမ်ဂိုဏ်းဆီကနေပဲ စတင်ရပါလိမ့်မယ်"
"ဒါပေမဲ့ ချင်းယွမ်ဂိုဏ်းက ဘယ်လိုပဲပြောပြော ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခု ဖြစ်တာမို့ သူ့ရဲ့ အခြေခံအုတ်မြစ်က သာမန်မိသားစုတစ်ခုနဲ့ ယှဉ်လို့မရပါဘူး"
"ယဲ့မိသားစုက ပိုပြီး မြင့်မားတဲ့အဆင့်ကို တက်ချင်ရင် ပထမဆုံးအနေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကနေ စတင်ရပါမယ်၊ အရင်းအမြစ်တွေ များပြားလာရင် ယဲ့မိသားစုရဲ့ အင်အားကို ပိုမိုမြှင့်တင်နိုင်မှာပါ"
"ပြီးတော့ ချင်းယွမ်ဂိုဏ်းထဲမှာ ရှိနေတဲ့ တပည့်တွေကိုလည်း အကူအညီပေးနိုင်ပြီး ယဲ့မိသားစုဝင်တွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို ပိုမိုလျင်မြန်စွာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်"
"ဒီလိုနည်းနဲ့ ယဲ့မိသားစုရဲ့ သြဇာအာဏာက ချင်းယွမ်ဂိုဏ်းအတွင်းမှာ ပိုမိုမြင့်မားတဲ့ ရာထူးနေရာတွေကို ရရှိလာစေမှာပါ"
"ဒီအတိုင်း ရေရှည်သွားမယ်ဆိုရင် ယဲ့မိသားစုရဲ့ အင်အားက ပိုပြီးတော့ပဲ အားကောင်းလာလိမ့်မယ်၊ တစ်နေ့နေ့မှာ ချင်းယွမ်ဂိုဏ်းတစ်ခုလုံးကိုတောင် ယဲ့မိသားစုက နောက်ကွယ် ကနေ တိတ်တဆိတ် ထိန်းချုပ်သွားနိုင်ပါတယ်"
ချန်ကျီက ခဏမျှ စဉ်းစားလိုက်ပြီး ကျောက်လင်းအာ ခွဲခြမ်းစိတ်ဖြာပြသည့် ဖြစ်နိုင်ခြေကို တွေးတောကြည့်ကာ "မင်းပြောတဲ့အတိုင်းဆိုရင်တော့ ယဲ့မိသားစုက တကယ့်ကို အကွက်ကြီး ရွှေ့နေတာပဲ"
"ဒါပေမဲ့ ယဲ့မိသားစုက ချင်းယွမ်ဂိုဏ်းရဲ့ နေရာကို အစားထိုးချင်တယ်ဆိုရင်တော့ ဒါက တစ်ရက်၊ နှစ်ရက်နဲ့ ဖြစ်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး"
"ဘာပဲဖြစ်ဖြစ် ချင်းယွမ်ဂိုဏ်းက နှစ်ပေါင်း ထောင်ချီ သမိုင်းကြောင်းရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းကြီးတစ်ခုပဲဥစ္စာ"
"ဒီလောက်အထိ လွယ်လွယ်ကူကူနဲ့ ယဲ့မိသားစုက ချင်းယွမ်ဂိုဏ်းထဲကို ထိုးဖောက် ဝင်ရောက်နိုင်တယ်ဆိုရင်တော့ ဒီနောက်ကွယ်မှာ ငါတို့ မသိသေးတဲ့ လျှို့ဝှက်ချက်အကြီးကြီးတစ်ခု သေချာပေါက် ရှိနေရမယ်"
ချန်ကျီ ပြောပြီးနောက် ထပ်မံ၍ အတွေးနက်သွားပြန်သည်။
သူက ကျောက်လင်းအာ၏ ခွဲခြမ်းစိတ်ဖြာချက်ကို အတိုင်းအတာတစ်ခုအထိ လက်ခံသလို သူမ၏ အတွေးကလည်း အကျိုးအကြောင်း သင့်လျော်လှပေသည်။
သို့သော်လည်း ကျောက်လင်းအာက ဤမျှအထိ အမြော်အမြင်ရှိသည့် အတွေးမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။
သူ စတင် သံသယဝင်မိသည်မှာ... ဒီကျောက်လင်းအာက တကယ်ပဲ ကိုယ်ပွားတစ်ခု ဟုတ်ရဲ့လား။
စနစ် ဆီကနေ လဲလှယ်ထားတဲ့ ကိုယ်ပွားတွေက သူ့ရဲ့ ဉာဏ်ရည် အတိုင်းပဲ ရှိရမှာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ကျောက်လင်းအာရဲ့ စဉ်းစားတွေးတောမှုနဲ့ တုံ့ပြန်မှုတွေက သူ့ထက်တောင်မှ အကွက်စိပ်ပြီး မြန်ဆန်နေရတာလဲ။