ပြန်လည်မွေးဖွားခြင်း မြေအမတ
Vol. 12 Ch. 164
အခန်း (၁၆၄) ပြန်လည်မွေးဖွားခြင်း မြေအမတ
ရုတ်တရက်ထွက်ပေါ်လာတဲ့ လျှပ်စီးဟာ ကောင်းကင်စစ်သားတွေကို ထိတ်လန့်သွားစေပါတယ်။ ရန်သူတိုက်ခိုက်တယ်ထင်ပြီး ကောင်းကင်စစ်သူကြီးဆီ ချက်ချင်း သတင်းပို့ကြပါတယ်။ အဲဒီနောက် လျှပ်စီး ဘယ်ကလာတယ်ဆိုတာကို စုံစမ်းကြပါတယ်။
ဖီးနစ်တောင်ပံနဲ့ ပြုလုပ်ထားတဲ့ သရဖူကို ဆင်မြန်းပြီး ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားတဲ့ ကောင်းကင်စစ်သူကြီးတစ်ဦးဟာ ဓားကြီးတစ်လက်နဲ့ ခပ်မြန်မြန် ရောက်ချလာပါတယ်။ ကောင်းကင်စစ်သူကြီးရဲ့ မျက်နှာဟာ တည်ကြည်နေပြီး မျက်လုံးတွေက မီးတုတ်လို တောက်ပနေပါတယ်။
“လျှပ်စီးက ဘယ်ကနေ ရောက်လာတာလဲ” ကောင်းကင်စစ်သူကြီးက မေးမြန်းလိုက်ပါတယ်။
ကောင်းကင်စစ်သားတစ်ဦးက ပြန်ဖြေပါတယ် “သေမျိုးကမ္ဘာကပါ”
“သေမျိုးကမ္ဘာ...”
ကောင်းကင်စစ်သူကြီးဟာ စိတ်ဝင်စားသွားတာကြောင့် ရှေ့သုံးလေးငါးလှမ်း လှမ်းလိုက်ပြီး ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ဘယ်လက်ကို အသုံးပြုပြီး ကြေးမုံရဲ့ကျောဘက်မှာ မန္တန်တစ်ပုဒ် ထုတ်သုံးလိုက်ပါတယ်။
ကြေးမုံပြင်ဟာ အလင်းရောင် ထွက်ပေါ်လာပြီး တိမ်ပင်လယ်ထဲ ကျရောက်သွားပါတယ်။ မကြာခင်မှာပဲ အလင်းရောင်ဟာ ကွယ်ပျောက်သွားပါတယ်။ ကောင်းကင်စစ်သူကြီးဟာ မှန်ကိုကြည့်လိုက်တဲ့အခါမှာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နေတဲ့ ဂျိရှင်းရှန်ကို တွေ့လိုက်ရပါတယ်။
“အား... ဒီလိုပါရမီရှင်မျိုးက သေမျိုးကမ္ဘာမှာ ထပ်ပေါ်လာပြန်ပြီလား၊ ကောင်းကင်နိယာမကိုတောင် တုန်လှုပ်စေနိုင်တယ်ဆိုတော့ တော်တော်လေး အထင်ကြီးဖို့ကောင်းတယ်”
ကောင်းကင်စစ်သူကြီးဟာ ရေရွတ်လိုက်ပြီးနောက် မျက်လုံးတွေ တောက်ပသွားပါတယ် ‘ငါ ဒီကောင်လေးကို ငါ့လက်အောက်ရောက်အောင် သိမ်းသွင်းရမယ်’
နှစ်သုံးဆယ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း မြေလျှောက်အမတ ထိပ်ဆုံးအဆင့်ကို ထိုးဖောက် ရောက်ရှိသွားပါတယ်။ ဒီကျင့်ကြံမှုအလျင်က မြေလျှောက်အမတအဆင့်ကို မရောက်ခင်တုန်းကနဲ့ သိပ်ပြီးတော့ ကွာခြားမှုမရှိလှပါဘူး။ တန်းတူရည်တူ ရှိတယ်လို့တောင် ပြောလို့ရပါတယ်။
အရင်တုန်းက ဟန်ကျွယ်ဟာ အဆင့်ကြီးတစ်ဆင့်တက်ဖို့ နှစ်တစ်ရာနီးပါး ကျင့်ကြံခဲ့ရပါတယ်။ အခုလည်း တူတူလောက်ပါပဲ။
အဆင့်တက်ပြီးနောက် ဟန်ကျွယ်ဟာ ထုံးစံအတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ရန်သူတွေကို ကျိန်စာတိုက်ပါတော့တယ်။ ဟန်ကျွယ်ဟာ သူ့ရန်သူတွေ အေးအေးချမ်းချမ်း နေရမှာစိုးတဲ့အတွက် ဆယ်နှစ်တိုင်း ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်တပည့် ထူလင်းအာသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၄၈၉
[သင့်တပည့် ထူလင်းအာသည် နတ်ဆိုးဘုရင်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။ သေရေးရှင်ရေး အခြေအနေ၌ မဟာမှော်ဆရာ၏ ဝိညာဉ်စွမ်းအားကို အသက်သွင်းမိလိုက်သည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် သေမျိုးကမ္ဘာသို့ ပြန်ရောက်လာပြီး ကံတရား အထောက်အပံ့ များစွာ တိုးပွားသွားပါပြီ။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် အမတနတ်ဘုရားနှင့် အိပ်မက်ထဲတွင် တွေ့ဆုံမိပြီး ကံတရား အထောက်အပံ့ များစွား တိုးပွားသွားသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကျိုးဖန်သည် ရှေးဟောင်းဆန်းကြယ်စွမ်းအားကို သိမြင်နားလည်သွားသောကြောင့် ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ လျူပုမီသည် ရက်စက်သောနတ်ဆိုးတစ်ကောင် တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးမျိုးနွယ်စု၏ သူတော်စင်မအတွက် ကိုယ့်ကိုကိုယ် စတေးခံခဲ့ရာ ငါးအသွင်သို့ ပြောင်းလဲသွားပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
‘မိုးမြေသားတော်ရဲ့ ကံတရားက ရူးဖို့ကောင်းအောင် ကောင်းလှချည်လား’
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ကံတရားကို နည်းနည်းတောင် မခံချင်ဖြစ်သွားပါတယ်။
ဒီအတောအတွင်းမှာ လူအများကြီးက အခွင့်အရေးတွေ ရကြပါတယ်။ ဟန်ကျွယ်ဟာ လျူုပုမီတစ်ယောက် နတ်ဆိုးတွေ တိုက်ခိုက်တာ ခံရတာကို သတိပြုမိသွားပါတယ်။ အခုလက်ရှိ လျူပုမီက ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဥပဒေအကြီးအကဲ ဖြစ်ပြီး အထူးအဆင့်အတန်း ရှိပါတယ်။
ဟန်ကျွယ်ဟာ လျူပုမီရဲ့ ပုံကို စစ်ဆေးလိုက်တဲ့အခါမှာ ရှိနေသေးတဲ့အတွက် မသေသေးမှန်း သိလိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျိန်စာဆက်တိုက်ပါတယ်။
လဝက်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို စတင်ကျင့်ကြံပြီး မြေအမတအဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်လွှဲကျောက်တုံးကို လက်ပေါ်တင်ထားလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီကျောက်တုံးက သူနဲ့ အနီးမှာရှိလေလေ လုံခြုံတယ်လို့ ခံစားရလေလေပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်လွှဲကျောက်တုံးက သူ့ကို သေမျိုးကမ္ဘာမှာ ဘယ်လောက်ကြာကြာ နေခိုင်းမလဲဆိုတာတော့ သိချင်သွားပါတယ်။
ဝီရိယတောင်ရဲ့ အမတချီဟာ ဟန်ကျွယ်ဆီကို ဟတုန်ထိုး ပျံသန်းလာပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ လေပွေတစ်ခု ဖြစ်ပေါ်လာတာကြောင့် ဝူတောက်ကျန့်တောင် အေးအေးဆေးဆေး ကျင့်ကြံလို့ မရတော့ပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ခိုင်းလိုက်ပါတယ်။
...
ကောင်းကင်ပြင်အောက်မှာ ကျယ်ပြန်တဲ့ ပင်လယ်တစ်စင်း တည်ရှိနေပါတယ်။
ပင်လယ်ကမ်းခြေမှာတော့ ဖန်းလျန်ဟာ ကျောက်ဆောင်ပေါ်ထိုင်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ငေးမောနေပါတယ်။ ဖန်းလျန်ဟာ အရင်လို လူငယ်လေးတစ်ယောက် မဟုတ်တော့ဘဲ သန်မာထွားကြိုင်းပြီး ကြည့်ကောင်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်နေပါပြီ။
လှပတင်တယ်တဲ့ အမျိုးသမီးတစ်ဦးဟာ ဖန်းလျန်နောက်က တောအုပ်ထဲကနေ ထွက်လာပါတယ်။ ဒီအမျိုးသမီးမှာ ချောမောလှပတဲ့မျက်နှာရှိပြီး ခေါင်းပေါ်မှာတော့ သားရဲနားရွက်တစ်စုံ ရှိနေပါတယ်။ အမျိုးသမီးဟာ ဖန်းလျန်ဘေးနားကို လျှောက်သွားပြီး ကျောက်ဆောင်ပေါ် ထိုင်လိုက်ကာ ညင်သာစွာ မေးလိုက်ပါတယ် “လျန်... ကျွန်မတို့တွေ ဘာဆက်လုပ်ကြမှာလဲ”
ဖန်းလျန်ဟာ အသိပြန်ဝင်လာပြီး ပြောလိုက်ပါတယ် “ငါ ပြန်သွားပြီး ဆရာဘိုးဘိုးကို သွားတွေ့ရမယ်”
“ဘာဖြစ်လို့လဲ၊ ကျွန်မအဖေဆီသွားပြီး လက်ထပ်ခွင့်တောင်းမယ်လို့ မပြောခဲ့ဘူးလား”
“ဒီကိစ္စက ဆရာဘိုးဘိုး သဘောတူဖို့ လိုတယ်”
“အို... ဆရာဘိုးဘိုးက ရှင့်ကို ကျွေးမွေးခဲ့တာလား”
“မဟုတ်ပါဘူး... ဒါပေမဲ့ ဆရာဘိုးဘိုးမရှိရင် ဒီနေရာမှာ ငါ ရှိမနေဘူး”
“ဒါဆို ကျွန်မလည်း ရှင်နဲ့လိုက်မယ်”
“မင်း အရင်ပြန်သွားလိုက်ပါ၊ ဆရာဘိုးဘိုး သဘောတူတာနဲ့ ငါ လက်ထပ်ခွင့် လာတောင်းမယ်”
“ရှင့်ရဲ့ဆရာဘိုးဘိုးက သဘောမတူရင်ရော...”
“သဘောတူမှာပါ၊ မစိုးရိမ်ပါနဲ့... ငါရဲ့ဆရာဘိုးဘိုးက တပည့်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ဝင်ပါရတာ မကြိုက်ဘူး၊ ဒီလိုခွင့်ပြုချက်တောင်းတာက လေးစားကြောင်းပြုရုံပဲ”
“ကောင်းပြီလေ”
အမျိုးသမီးဟာ မျက်မှောင်ကြုတ်သွားပေမဲ့ ဖန်းလျန်စကားကို သဘောတူလိုက်ပါတယ်။
ဖန်းလျန်က မတ်တတ်ရပ်ပြီး ပြောလိုက်ပါတယ် “ကောင်းပြီ ငါ သွားတော့မယ်၊ နောက်မှ တွေ့ကြတာပေါ့”
အမျိုးသမီးဟာ ခေါင်းညိတ်လိုက်ပြီး ဖန်းလျန်ထွက်သွားတာကို ထိုင်ကြည့်နေပါတယ်။
“ဟမ်... ဒါက မင်းကြိုက်တဲ့ ကောင်လေးလား၊ သူ့အရည်အချင်းက မဆိုးပါဘူး၊ ဒါပေမဲ့ ဒီလောက်အသက်ကြီးနေတာတောင် သူ့ဆရာဘိုးဘိုးစကားကို နားထောင်နေသေးတယ်၊ သူ့ဆရာဘိုးဘိုးက ကောင်းကင်ဘုံဝင်ကျင့်ကြံသူမို့လို့လား”
ကြမ်းတမ်ပြီး ဩဇာပြည့်ဝလှတဲ့ အသံတစ်သံဟာ အမျိုးသမီးနားထဲ ရောက်လာပါတယ်။ အမျိုးသမီးက ချစ်စရာအသံနဲ့ ပြောလိုက်ပါတယ် “အဲဒါ မကောင်းဘူးလား၊ သူက အရမ်း ကျေးဇူးသိတက်တာ”
“လူသား-နတ်ဆိုး ဆက်ဆံရေးက ပြောဖို့ခက်တယ်၊ သူ့ဆရာဘိုးဘိုးက သဘောမတူရင်...”
“မဖြစ်နိုင်ဘူး၊ လျန်က သမီးကို ဘယ်တော့မှာ ခွဲသွားမှာ မဟုတ်ဘူး”
“စောင့်ကြည့်ကြတာပေါ့”
နှစ်နှစ်ကြာပြီးနောက် ဟန်ကျွယ်ဟာ အဆင့်တက်သွားပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၈၇၃/၅,၇၆၁,၂၀၀]
[မျိုးနွယ်စု: အမတ]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း မြေအမတ ကနဦးအဆင့်။]
ဟန်ကျွယ်ဟာ သူ့ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး အရမ်းစိတ်လှုပ်ရှားသွားပါတယ်။
‘သက်တမ်း ၅.၇ သန်း၊ ဒါကမှ တကယ် အသက်ရှည်တာ’
ဟန်ကျွယ်ရဲ့ ဝိညာဉ်စွမ်အားဟာလည်း ဆက်တိုးတက်သွားပြီး နတ်အာရုံလည်း အရင်ကထက် ပိုပြီးတော့ စူးရှထက်မြက်လာပါတယ်။ မြေအမတအဆင့်ကို ရောက်ပြီးတဲ့နောက်မှာ ဟန်ကျွယ်ရဲ့ အာရုံခြောက်ပါးလုံး လုံးဝ ပြောင်းလဲသွားပါတယ်။ ဟန်ကျွယ် မျက်လုံးထဲမှာ လောကကြီးက အရင်နဲ့ လုံးဝ မတူတော့ပါဘူး။
‘ငါ မာနကြွလို့ မဖြစ်ဘူး၊ ဒီကျင့်ကြံမှုအဆင့်လေးက ဘာမှ မဟုတ်သေးဘူး’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပြီး မြေအမတအဆင့်ရဲ့ ဝိညာဉ်စွမ်အားကို လုံးဝခိုင်မြဲသွားအောင် လုပ်ပါတယ်။ နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ မြေအမတအဆင့် ဝိညာဉ်စွမ်းအားဟာ လုံးဝခိုင်မြဲသွားပါတယ်။ ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး သူ့အချစ်တော်လေးတွေကို လက်ဆောင်ပေးပါတယ်။
အချစ်တော်လေးတွေကို လက်ဆောင်ပေးပြီးနောက်မှာ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ခေါ်ပြီး ဆက်လက်အားထုတ်ပါတယ်။
ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်တာနဲ့ စပ်စုပါတော့တယ် “သခင်... အဆင့်ထပ်တက်တာလား” ဝူတောက်ကျန့်ဟာ တစ်နေ့တစ်ခြား စွမ်းအားကြီးလာပေမဲ့ ဟန်ကျွယ်က သူ့မျက်လုံးထဲမှာ ပိုပိုပြီးတော့ ဉာဏ်မမီနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာပါတယ်။
“ဟုတ်တယ်” ဟန်ကျွယ်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။
ဝူတောက်ကျန့်က ဆက်ပြောပါတယ် “ရွှင်ချန်းအန်းက သခင်နဲ့ စကားပြောချင်နေတယ်၊ ဒါပေမဲ့ သူ့ကို သခင်ကို မပြောရဲရှာဘူး”
ဝူတောက်ကျန့်စကားကြောင့် ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
“သူက မိန်းကလေးချန်အာရဲ့ လူဝင်စားကို ရှာချင်နေတာ၊ ဒီအတောအတွင်းမှာ သူက နည်းနည်းလေးတောင် မကျင့်ကြံဘူး၊ ဖူစန်းသစ်ပင်အောက်မှာ တစ်နေကုန်ထိုင်နေတာ ဝိညာဉ်မရှိသလိုပဲ”
ဝူတောက်ကျန့်ဟာ ခေါင်းခါလိုက်ပါတယ်။ ရွှင်ချန်အန်းရဲ့ အခြေအနေကို ဝူတောက်ကျန့် လုံးဝ နားမလည်နိုင်ပါဘူး ‘ဒီမိန်းမကို ဒီလောက်တောင် စွဲလမ်းနေဖို့ လိုလို့လား’
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ကြည့်ရတာ ရှန်ဗုဒ္ဓရဲ့ ကျိန်စာက တော်တော်လေး ကြောက်ဖို့ကောင်းပုံပါပဲ။ နှလုံးသားမဲ့ဓားသိုင်းတောင် ရွှင်ချန်အန်းကို အချစ်မဲ့အောင် မလုပ်နိုင်ပါဘူး။
“ထားလိုက်ပါတော့၊ ရုံချီလေးကိုပဲ အဖော်ထည့်လိုက်မယ်၊ ဒါက ရုံချီလေးကို လေ့ကျင့်ပေးဖို့ အခွင့်ကော်းပဲ” ဟန်ကျွယ်က ပြောလိုက်ပါတယ်။
မုရုံချီဟာ အပြင်ကနေ ပြန်ရောက်လာပြီး ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံနေတာ အတော်ကြာပါပြီ။
ဝူတောက်ကျန့်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး သတင်းသွားပါးပါတယ်။ ငေးကြောင်ကြောင် ဖြစ်နေတဲ့ ရွှင်ချန်အန်းဟာ ဝူတောက်ကျန့်လာပေးတဲ့ သတင်းကြောင့် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဘက် ချက်ချင်းလှည့်ကာ ရှိုခိုးပါတယ်။
မုရုံချီက နှုတ်ခမ်းမဲ့ပြီး ပြောလိုက်ပါတယ် “ငါက ဆရာသခင်ကို ကာကွယ်ရမှာလား”
ရွှင်ချန်အန်းဟာ မုရုံချီကို စိန်းစိန်းဝါးဝါးကြီးပြီး ဒေါသတကြီး ပြောလိုက်ပါတယ် “ဘာလဲ... မင်းက ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ် မပြုဘူးလား”
“မဟုတ်ပါဘူး... ဆရာသခင်က အပိုတွေ လုပ်နေတယ်လို့ ခံစားရလို့ပါ၊ လောကမှာ မိန်းမတွေ ဒီလောက်များတာ ဘာလို့ ဒီတစ်ယောက်တည်းကိုပဲ အတင်းလိုက်ကြိုက်နေရတာလဲ”
“ဟမ်... မင်း နားမလည်ပါဘူး၊ ဒီကမ္ဘာမှာ စိတ်ရင်းအမှန်ဆုံး အဖြူစင်ဆုံး အရိုးသားဆုံး အမြင့်မြတ်ဆုံးက အချစ်ပဲ”
“အဲဒီလောက် ကောင်းခြင်းအဖြာဖြာရှိတဲ့ အချစ်က ဘာလို့ ရုပ်ရည်ကို မကျော်လွှားနိုင်ရတာလဲ”
မနီးမဝေးမှာ ရှိနေတဲ့ ရန်ထျန်တုန်းဟာ မနာလို ဖြစ်သွားပါတယ် ‘ဒီရုပ်ဆိုးဘုန်းကြီးက ဒီလိုစွမ်းအားကြီးတပည့်ရှိနေတာ တော်တော်လေး ကံကောင်းတာပဲ၊ ငါသာ ဒီလိုမျိုး စွမ်အားကြီးတဲ့ တပည့်ရှိရင် နတ်ဆိုးဘုရင်ဖြစ်လာဖို့ ဘာမှကြိုးစားနေစရာ မလိုဘူး’
‘ကောင်းတယ်၊ သူထွက်သွားတာလည်း ကောင်းတယ်၊ ဆရာသခင်က နောက်တစ်ခါ တပည့်သစ်လက်ခံရင် ငါလည်း ဆရာသခင် ဖြစ်လာမှာ’ ရန်ထျန်တုန်းဟာ ပျော်ရွှင်စွာ တွေးတောလိုက်ပါတယ်။ ရန်ထျန်တုန်းဟာ မုရုံချီနဲ့ ဖန်းလျန်လိုမျိုး စွမ်းအားကြီး တပည့်ကို တော်တော်လေး လိုချင်နေတာပါ။
သူတို့အရည်အချင်းက အရမ်းအရမ်းကို ကြောက်ဖို့ကောင်းတာပါ။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။