← Chapters

နေသာသောည၏ ပြောင်းလဲမှုများ

Vol. 140 Ch. 1930

နေသာသောည၏ ပြောင်းလဲမှုများ

Vol. 140 Ch. 1930

ဝမ်လင်းက သူ့စိတ်ကို ပြင်ဆင်၍ ရုတ်တရက် လှည့်လိုက်၏။ သူ၏ရှေ့မှ အစိမ်းရောင်ကင်းမြှီးကောက်နှစ်ကောင်သည် ကြောက်လန့်မှု အရိပ်အမြွက်ပါသော  အကြည့်ဖြင့် သုန်မှုန်စွာ လှမ်းကြည့်လာသည်။ ယင်းတို့က သူ့ထံသို့ ဆက်၍ တိုးဝင်လာခြင်း မရှိတော့ဘဲ မြေမျက်နှာပြင်ထက်သို့ မြန်ဆန်စွာ နောက်ပြန်ဆုတ်သည်။

ဝမ်လင်း၏ခွန်အားက အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက် မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ သူတို့က ဝမ်လင်းသည် ကောင်းကင်ဘုံနွားထီး၏ အသိအမှတ်ပြုခြင်း ခံရပြီးနောက် ခုလောက်ထိ သန်မာလာလိမ့်မည်ဟု မထင်ထားပေ။ ထိုစွမ်းအားက လေဟာနယ်အတိဒုက္ခအလယ်အဆင့်ထက် သာလွန်ပြီး နောက်ဆုံးအဆင့်နှင့် လွန်စွာ နီးကပ်နေလေပြီ။

“ဒီနေရာဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေ ဖြစ်ဖို့ ထိုက်တန်လှတယ်။ ငါသာ လှိုဏ်ဂူလောကမှာဆို ခုနစ်ရောင်စုံတာအိုသခင် ဖြစ်ဖြစ် တစ္ဆေအိုကြီးကျန့်ဖြစ်ဖြစ် ငါ့ကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး…”  ဝမ်လင်းက စိတ်လှုပ်ရှားမှုကို ခံစားမိသည်။

“ဒီအင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာ ဝမ်အာကို ပြန်နိုးထအောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိကို ရှိရမယ်…”  ဝမ်လင်းသည် မြန်ဆန်စွာ နောက်ဆုတ်သွားသော ကင်းမြှီးကောက်နှစ်ကောင်ထံ ကြည့်ကာ ပြတ်သားအကြည့် ထုတ်ဖော်သည်။ သူက အေးစက်စက် ပြုံး၍ ၎င်းတို့နောက်သို့ လိုက်လံတော့၏။

ထိုကင်းမြှီးကောက်နှစ်ကောင်က အလွန်မြန်၏။ သို့သော် ဝမ်လင်းက ပိုမြန်သည်။ ခြေတလှမ်းဖြင့် မြေပြင်ထု တုန်ဟည်းကာ သူက ချက်ခြင်း နီးကပ်သွားသည်။ သူ့ညာလက်ကို ပင့်မြှောက်၏။ သူ၏မျက်လုံးထဲမှ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်ထွက်သည်။

“စစ်စိတ်ဝိညာဉ်လက်ဝါး…” သူ၏စကားသံ ပဲ့တင်ထပ်သည့်အခါ ဝမ်လင်းက ရှေ့သို့ လက်ညွှန်လိုက်၏။

ထိုသို့ဖြင့် မြက်ခင်းပြင်ထက်ရှိ ကောင်းကင်သည် ချက်ခြင်း ပြောင်းလဲသွားတော့သည်။ တိမ်စိုင်များ ပြန့်ကြဲကာ အလင်းဓာတ်ပင် ကွယ်ပျောက်သွား၏။ ဒီမြက်ခင်းပြင်တခုလုံးကို ဖုံးလွှမ်းသော ဧရာမလက်ဝါးကြီးတစ်ခု ပေါ်လာ၏။

ထိုလက်ဝါးချက် ပေါ်လာသည့်နောက် ၎င်းက မြေပြင်ထက်သို့ မြန်ဆန်စွာ သက်ဆင်းလာသည်။ ၎င်းက နေမင်းကို ဖုံး၍ ကောင်းကင်ကို အစားထိုး၏။

၎င်းလက်ဝါးချက်က အံ့အားသင့်ဖွယ် ကောင်းလွန်းလှသည်။

သို့သော် ထူးဆန်းစွာ ထိုသာမန်အသွင်ပုံစံ ရှိသောလက်ဝါးက ၎င်း၏အရေပြားများ ကွာကျလာသည်။ ၎င်း ပတ်လည်ရှိ ချိပ်ဟိန်အလွှာများက ထွေးခြုံပတ်နေပြီး အဆင့်တစ်ခုသို့ ရောက်လာသောအခါ ယင်းချိပ်ဟန်များသည် ထိုလက်ဝါး၌ ဆက်လက် မပါဝင်လေတော့ချေ။

ထိုချိပ်ဟန်များ ပျက်စီးသွားသည့်နောက် ကောင်းကင်ထက်၌ အစောပိုင်းတုန်းက အရွယ်အစားရှိသော လက်ဝါးရာတစ်ခု ပေါ်လာသည်။ သို့သော် ထိုလက်ဝါး၏ပုံပန်းသွင်ပြင်ကမူ ကွာခြားလှသည်။

ထိုလက်ဝါးသည် လက်ငါးချောင်း မဟုတ်လေတော့၊ လက်ခြောက်ချောင်း  ဖြစ်နေ၏။ ခြောက်ခုမြောက်လက်ချောင်းက တုန်လှုပ်ဖွယ်လက်သည်းများနှင့် နီရဲရှည်လျားသည်။ ၎င်းက တခြားလက်ငါးချောင်းနှင့် လုံးဝ ကွာခြားသည်။ ကျန်သည့်လက်ငါးချောင်းနှင့် လက်ဝါးက နက်မှောင်နေပြီး ယင်းတို့နှင့် ချိက်ဆက်ထားသော အနီရောင်တောက်တောက်လက်တစ်ချောင်းတစ်ခုပါ ခုဆို ရှိလာခဲ့ပြီ။

ထိုလက်ဝါးသည် တာအိုနှင့်မိစ္ဆာပေါင်းစပ်ထားသည့်ပုံ ရသည်။ ခြောက်ခုမြောက်လက်ချောင်းကတော့ မိစ္ဆာတစ်ပါး၏ လက်ချောင်း ဖြစ်ပုံ ရ၏။

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ပေါ်၌ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျန်သည့်ကျင့်ကြံသူတစ်ထောင်ကျော်၏ မျက်နှာထက်တွင် ကြောက်ရွှံ့မှုများ ပေါ်နေသည်။ သူတို့က ကောင်းကင်ထက်သို့ စိုက်ကြည့်ကာ သူတို့၏ခန္ဓာကိုယ်များသည် တုန်ယင်၍ သူတို့စိတ်နှလုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပေါ်လာသည်။

လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးနှစ်ယောက်လည်း ရှိသေး၏။ သူတို့၏စိတ်နှလုံးက ထိုလက်ဝါးရာကို တွေ့မြင်သည့်အခါ တုန်ခါကုန်သည်။ သူတို့က သူတို့၏ အသန်မာဆုံးအကာအကွယ်ရတနာများနှင့် မန္တာန်များကို ချက်ခြင်း ထုတ်ဖော်လိုက်သည်။

ထိုအခိုက်တွင် သူတို့ထံ၌ တခြားသူများကို အာရုံစိုက်နေဖို့ အချိန်မရှိပေ။ သူတို့စိတ်ထဲရှိ တခုတည်းသောအတွေးမှာ သည်ကြောက်မက်ဖွယ်ရာ လက်ဝါးထံကနေ သူတို့အသက်ရှင်နိုင်ဖို့သာ ဖြစ်သည်။

ကျန်းတောက်ဇုံက မင်သက်မိနေ၏။ သူက ထိုဧရာမလက်ဝါးကို မယုံကြည်နိုင်ဟန် ကြည့်နေသည်။

“မိစ္ဆာတာအိုမဟာလက်ဝါး။ ဒါက မိစ္ဆာတာအိုမဟာလက်ဝါးပဲ။ ဒါက လက်ခြောက်ချောင်းနဲ့ မိစ္ဆာတာအိုမဟာလက်ဝါးပဲ…။ ဒါဟာ မိစ္ဆာတာအိုကလန်ရဲ့ အစွမ်းထက်ဆုံး မန္တာန်ဖြစ်ပြီး တခြားသူတွေကို လွှဲပြောင်းမပေးအပ်တဲ့ လျှို့ဝှက်မန္တာန်တစ်ခုလည်း ဟုတ်တယ်…”

“မျိုးဆက်တိုင်းရဲ့ ကလန်ဆောင်းဆောင်တစ်ယောက်ကသာ ဒီမန္တာန်ကို သင်ယူနိုင်တယ်။ ကလန်ရဲ့ တခြားသူတွေတောင် ဒါကို မသင်ယူနိုင်ကြဘူး။ အပြင်လူတွေဆို ပြောနေစရာတောင် မလိုတော့ဘူး။ ဒီဝမ်လင်းက ဒီမန္တာန်ကို ဘယ်လိုများ သိနေရတာလဲ…”

တုန်လှုပ်မှုနှင့် ပြည့်နေသော အဘိုးအိုကျိုးလည်း ရှိသေး၏။ သူက တုံ့နှေးမနေဘဲ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ သူ့ခန္ဓာကိုယ်သည် ဝေဝါးမှုနှင့် ထွေးခြုံ့သွား၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်စေကာ အကာအကွယ်မန္တာန်များကို ထုတ်ဖော်သည်။

အဖြစ်အပျက်အားလုံးမှာ မြန်လှ၏။ ထိုလက်ဝါး  ဖွဲ့စည်းလာသည့်နောက် ၎င်းက ရုတ်တရက် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ပေါ်သို့ ကျဆင်းလာ၏။ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူတစ်ထောင်ကျော်သည် တစ်စက်လေးမျှ မခုခံနိုင်ဘဲ ဦးဆုံး သေဆုံးကုန်၏။

သူတို့၏မူလစိတ်ဝိညာဉ်များသည်ပင် လုံးဝပျက်စီးသွားသည်။

ထိုလက်ဝါးတဖက်ဖြင့် လူတစ်ထောင်ကျော်ကို သတ်နိုင်ခဲ့လေပြီ။ ဒီလိုကြောက်မက်ဖွယ်စွမ်းအားက ဝမ်လင်းကိုပါ မင်သက်မိစေ၏။

ထိုမျှဖြင့် အဆုံးသပ် မဟုတ်သေးပေ။ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးနှစ်ယောက်က သူတို့၏မန္တာန်များနှင့် ရတနာများကို ထိုလက်ဝါးရှေ့တွင် အသုံးပြုလိုက်ကြ၏။ သူတို့က သွေးအန်ကာ အားနည်းသွားပုံရသည်။ သူတို့သည် မသေသော်လည်း ဒဏ်ရာအပြင်းအထန် ရသွား၏။ သူတို့၏ခန္ဓာအင်္ဂါအစိတ်အပိုင်းများသည် အသက်တရှိုက်စာမျှသာ တောင့်ခံလိုက်နိုင်ပြီး ပေါက်ကွဲကုန်ကာ သူတို့၏မူလစိတ်ဝိညာဉ်များသာ ကျန်ခဲ့လေ၏။

ကျန်းတောက်ကျုံးနှင့် အဘိုးအိုကျိုးတို့လည်း သွေးအန်လိုက်ရ၏။ သူတို့၏မျက်နှာများက ချက်ခြင်း ဖြူရောသွားသည်။ သူတို့အောက်မှ အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်သည် တုန်ယင်၍ သူတို့၏ပါးစပ်ထောင့်မှ သွေးများ စီးကျသည်။ သူတို့အထက်ရှိ အစိမ်းရောင်ကြေးမုံကြောင့် သူတို့၏ဒဏ်ရာများကတော့ ပြင်းပြင်းထန်ထန် ဖြစ်မသွားပေ။

သို့ပေမည့်လည်း မြေအောက်မှ အစိမ်းရောင်ကင်းမြှီးကောက်နှစ်ကောင်ကမူ ဒီအားကို မခံနိုင်ပေ။ လက်ဝါးမြေပြင်ထက်သို့ ကျရောက်လာသည့်အခါ၌ ပြင်းထန်သောတုန်ခါလှိုင်းက မြေပြင်ထဲ ဖြတ်သန်းသွားသည်။ ကင်းမြှီးကောက်နှစ်ကောင်က အော်ဟစ်လိုက်ရပြီး ဝမ်လင်း၏ရှေ့တွင် ပေါက်ကွဲသွားချေ၏။

“ဒါက အစစ်အမှန်စစ်စိတ်ဝိညာဉ်လက်ဝါးလား…”  ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွား၏။ သူက မြေမျက်နှာပြင်ထက်သို့ ဦးတည်လာသည်။ သူက အလွန်မြန်၏။ ချက်ခြင်းပင် မြေမျက်နှာပြင်နား ရောက်လာကာ သည်မြက်ခင်းပြင်တစ်ခုလုံး တုန်ခါသွားသည်။

ဝမ်လင်း ထိုးထွက်လာတော့မည်ကို မြင်သည့်အခါ တမန်တော်လေးယောက်၏ မျက်နှာထက်၌ ကြောက်ရွှံ့မှု ပေါ်လာ၏။

“ငါတို့ သူ့ကို ထွက်လာခွင့် ပေးလို့ မဖြစ်ဘူး…” သူတို့လေးယောက်က တချိန်တည်းလိုလို မာန်သွင်းဟစ်အော်၏။ ဒီအခိုက်တွင် သူတို့၏အော်သံထဲ၌ အကြောက်တရား ပါနေသည်။ ထိုသို့ အော်ဟစ်လိုက်ရင်း သူတို့၏လက်များကို မြေပြင်ထက်သို့ တွန်းထိုးပြီး သူတို့၏နှဖူးက မြေပြင်နှင့် ထိသည်။ ထိုအပြုအမူက ပူဇော်ခြင်းနှင့် ဆင်တူသည်။

ထိုပူဇော်သမှု အပြုအမူက အစိမ်းရောင်ကြေးမုံကို တဝီဝီစူးစူးရှရှ အသံများ ထုတ်လွှတ်စေကာ မြေပြင်ထက်သို့ ကျရောက်လာစေသည်။ ထိုကြေးမုံက ချက်ခြင်း အတိုင်းမသိချဲ့ကားကာ ဒီမြက်ခင်းပြင်တခုလုံးကို ခြုံလွှမ်းသည်။

“ကျုပ်တို့အနေနဲ့ ဒီလူ့ကို ဖိနှိပ်နိုင်ဖို့ အစိမ်းရောင်မိစ္ဆာစိတ်ဝိညာဉ်ကို ဆင့်ခေါ်ပါတယ်…”

သူတို့လေးယောက်က ထိုသို့ တချိန်တည်း ပြောလာ၏။ သူတို့၏အသံများက မြေပြင်အနှံ့ ပဲ့တင်ထပ်သည်။ မြက်ခင်းပြင်တခုလုံးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။မြေပြင်သည် ရွှံ့နွံ့စိမ့်အဖြစ် ပြောင်းသွား၏။ မြက်ခင်းပြင် ပတ်လည်ရှိ တောင်တန်းများသည်ပင် ကွယ်ပျောက်ကုန်သည်။

သည်နေရာရှိ အရာအားလုံးက အစိမ်းရောင်မိစ္ဆာကုန်းမြေ၏လောကတစ်ခု ဖြစ်လာသည်။

ပုံရိပ်ယောင် ဖြစ်စေ၊ အစစ်အမှန်ဖြစ်စေ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်သည် ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ ပျောက်ကွယ်သွားပြီဟု ပြောနိုင်သည်။ အတိအကျဆိုရသော် ၎င်းက ပျောက်ကွယ်သွားခြင်းမဟုတ် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အစားထိုးခြုံလွှမ်းခြင်းကို ခံလိုက်ရတာဟု ဆိုနိုင်သည်။

ထိုအစားထိုးမှုကို ဖိနှိပ်မှုတစ်ခုအဖြစ် အသုံးပြုလေမည်။

ကျန်းတောက်ကျုံး၊ အဘိုးအိုကျိုးနှင့် မူလစိတ်ဝိညာဉ်သာ ကျန်ရှိသည့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်တို့ ရှိနေကြ၏။ သူတို့က စစ်စိတ်ဝိညာဉ်လက်ဝါးကနေ ရှင်သန်နိုင်ခဲ့ရုံမျှ ဖြစ်ခဲ့ကြ၏။ ခုချိန်၌ သူတို့အားလုံးက တကွဲတပြား လေထဲကနေ ဆင်းသက်လာ၏။ သူတို့၏ ကျင့်ကြံမှုအပြည့်အဝကို အသုံးပြုကာ ဖိနှိပ်ဖို့အတွက် တမန်တော်လေးယောက်ကို ကူညီပေးသည်။

သူတို့က သူတို့ကသာ ဝမ်လင်းကို မဖိနှိပ်နိုင်ပါက ကြောက်မက်ဖွယ်ကံကြမ္မာနှင့် တိုးသွားနိုင်သည် မဟုတ်လား။

“ကောင်းကင်ဘုံနွားထီးတမန်တော်တွေက ငါတို့နဲ့ မတူဘူး။ သူတို့က စွမ်းအားအထွတ်အထိပ်ကို ရနိုင်ကြတယ်။ ဒါပေမဲ့ အဲ့တာက ယာယီပဲ။ ဒါက ဘယ်လောက်ကြမလဲ ငါ မသိပေမဲ့ သိပ်ကြာမှာတော့ မဟုတ်ဘူး။ ငါတို့ သူ့ကို ဖိနှိပ်ထားနိုင်သ၍ အချိန်ပြည့်သွားတာနဲ့ ငါတို့ သူ့ကို သတ်နိုင်မှာ…”

တမန်တော်များထဲမှ တစ်ယောက်က အော်ဟစ်ကာ ပြောလာသည်။

သူ ထိုသို့ ပြောနေစဉ် ကျန်းတောက်ကျုံးနှင့် တခြားသူများကလည်း အကန့်အသတ်မဲ့စွမ်းအားနှင့် မျှော်လင့်ချက်တို့ ပြည့်လာသလို ထင်ရ၏။ သူတို့၏ ကျင့်ကြံခြင်းကို ဖြန့်ကျက်ကာ ဖိနှိပ်ခြင်း၌ ကူညီကြသည်။

မြေပြင်က တုန်ယင်နေ၏။

ဝမ်လင်းက အောက်ဘက်ကနေ အဆက်မပြန် တိုက်ခိုက်နေ၏။ သူက ဒီအစားထိုးခြင်းကို ဖျက်စီးကာ ထိုးထွက်နိုင်ရန် လုပ်ဆောင်နေသည်။

“နယ်မြေလောင်ကျွမ်းခြင်းထီး…”  ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေ၏။ မရေမတွက်နိုင်သော အတားအဆီးများ ပေါ်လာသည်။ အစားထိုးထားသော အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ အထက်ကောင်းကင်တွင် ဧရာမမီးထီးတလက် ပေါ်လာသည်။

ထိုထီးက သည်အခိုက်တွင် ပွင့်ဟကာ ကြောက်မက်ဖွယ်မီးက ဆင်းသက်လာကာ ဒီအစားထိုးမှုနှင့် လောကကို လောင်ကျွမ်းသည်။ မီးပင်လယ်ပေါ်လာသည့်အခါ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူအမျိုးသမီးနှစ်ယောက်၏ မူလစိတ်ဝိညာဉ်များက ငြီးတွားလိုက်ရသည်။ သို့သော် သူတို့က အံတင်းတင်းကြိတ်ကာ သူတို့၏အသက်ကယ်ရတနာများကို စတေးကာ ပူးပေါင်း၍ ဒီမီးကို ခုခံသည်။

နယ်မြေလောင်ကျွမ်းခြင်းထီးက ခုနစ်ရောင်စုံလှံနှင့် စစ်စိတ်ဝိညာဉ်လက်ဝါးတို့ကဲ့သို့ အသွင်ပြောင်းခြင်း မရှိခဲ့ပေ။ များစွာ ပိုသန်မာလာခဲ့တာသာ ရှိ၏။ သို့သော် ၎င်းက ခုနစ်ရောင်စုံလှံနှင့် စစ်စိတ်ဝိညာဉ်လက်ဝါးတို့လောက်တော့ ပုံသိပ်မကျပေ။

“ဒီမန္တာန်က အလွန်အစွမ်းထက်တဲ့ပုံ ပေါ်တယ်။ ဒါပေမဲ့ အရူးတောင် ဒီမန္တာန်ရဲ့ အပေါ်ယံကိုပဲ ဖော်ထုတ်နိုင်တာ။ ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့တောင် ဒီမန္တာန်ရဲ့ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်ဘူး။ ဒါမှမဟုတ် ဒီမန္တာန်က ငါ ထင်ထားသလို အစွမ်းမထက်တာလား။ ဒါက အကန့်အသတ်တစ်ခုပဲ…”

ဝမ်လင်းက သူ့ဟာသူ တွေးလိုက်၏။

“ဒီတော့ နောက်တကြိမ်တော့ ငါ့ကိုယ်ပိုင်မန္တာန်တွေကိုပဲ ကြိုးစားကြည့်မယ်…”

ဝမ်လင်း၏မျက်လုံးထဲ၌ ထူးခြားသောအလင်းတစ်ခု လှစ်ဟပေါ်လာကာ သူက အပေါ်သို့ မော့ကြည့်၏။ သူ့ညာလက်ကို ပင့်မြှောက်ကာ ရုတ်တရက် ဝေ့ယမ်းလိုက်သည်။

သူ၏ရှေ့ရှိ ကုန်းမြေက ရုတ်တရက် ဝေဝါးလာ၏။ လှိုင်းထန်သောမီးပင်လယ်တစ်ခုက အစားထိုးသည်။ ထိုမီးပင်လယ်က အစိမ်းရောင်မိစ္ဆာတမန်တော်များ၏ မျက်လုံးထဲတွင်လည်း ပေါ်လာ၏။ ထိုမိးက အရူးအမူး ပျံ့လွင့်ကာ ကောင်းကင်ထက်ရှိ ထီးက လွင့်ပြယ်ကာ အမှောင်ထု၏ အစားထိုးခြင်းကို ခံရလေသည်။

ထိုအမှောင်ထုက အဆုံးအစမဲ့ အေးစက်မှုကို ထုတ်လွှတ်၏။ လေအေးများ တိုက်ခိုက်လာကာ ကျန်းတောက်ကျုံးနှင့် တခြားသူများကို ထွေးခြုံသည်။

အရှေ့အရပ်၌ ရွှေရောင်အလင်း ထွက်ပေါ်လာကာ နေမင်းသည် တဖြည်းဖြည်း စတင် မြင့်တက်လာသည်။ ၎င်းထံ၌ အလွန်တရာ အစွမ်းထက်လှသော မူလဥပဒေသတစ်ခု ပါဝင်သည်။

ထိုစွမ်းအားက အမှောင်ထုကို ဆုတ်ဖြဲပစ်နိုင်သည်။ လောကရှိ ညအားလုံးကို ပျက်စီးစေနိုင်သည်။ ဝမ်လင်းက ဒီမန္တာန်ကို ဖန်တီးခဲ့ချိန်တုန်းက သူသည် ၎င်းကို အမှန်တကယ် နားမလည်ခဲ့ပေ။ မတော်တဆ ဖန်တီးနိုင်ခဲ့ခြင်းသာ ဖြစ်သည်။ အခုတွင်တော့ သူသည် ထိုနေမင်းအတွင်း၌ အံ့အားသင့်ဖွယ်မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရတော့၏။

ထိုမြင်ကွင်းက သူ့ကို မင်သက်မိသွားစေသည်။

All Chapters