ပါရမီရှင်များ၏ စိန်ခေါ်မှု၊ ဟန်ကျွယ်၏ ရည်မှန်းချက်
Vol. 12 Ch. 165
အခန်း (၁၆၅) ပါရမီရှင်များ၏ စိန်ခေါ်မှု၊ ဟန်ကျွယ်၏ ရည်မှန်းချက်
မုရုံချီနဲ့ ရွှင်ချန်အန်း ထွက်သွားတဲ့အခါ ရန်ထျန်တုန်းက ဟန်ကျွယ်ကိုရှာပြီး သူ့ဆန္ဒကို ပြောပြပါတယ်။ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကြောင့် တော်တော်လေး ရယ်ချင်သွားပါတယ် ‘ငါ့တပည့်တွေက အဲဒီလောက်တောင် တပည့်လိုချင်နေကြတာလား’
“မင်း တပည့်လိုချင်တာက နတ်ဆိုးတွေဆီမှာ နယ်မြေလုခိုင်းမလို့မလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ရန်ထျန်တုန်းဟာ တစ်ကိုယ်လုံး ထိုးဖောက်မြင်ခံရသလို ချက်ချင်းပဲ ကသိကကအောက် ဖြစ်သွားတာကြောင့် အမြန်လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ကြည့်ကြသေးတာပေါ့... အခုအချိန်မှာ လူတော်တွေ မရှိသေးဘူး၊ ငါ တပည့်လက်ခံတာက အရည်အချင်း ရှိတဲ့သူကိုပဲ လက်ခံတာ၊ မင်း လျှောက်သွားပြီးတော့ အမှိုက်တွေကို တပည့်အဖြစ် လက်မခံနဲ့နော်”
“ဟီးဟီး... လက်မခံပါဘူး၊ ကျွန်တော်လည်း ပြဿနာကို ကြောက်ပါတယ်”
“သွားစမ်းပါ၊ မင်းက အခုထိ ဟင်းလင်ပြင်ပေါင်းစပ်အဆင့်ကိုတောင် မရောက်သေးဘူး၊ ကြာရင် ငါ့တပည့်တွေထဲမှာ အားအနည်းဆုံဂ ဖြစ်လာလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ရန်ထျန်တုန်းဟာ စိတ်ပျက်အားလျော့စွာ ထွက်ခွာသွားပါတယ်။ ရန်ထျန်တုန်းရဲ့ ကျင့်ကြံမှုက တကယ်ကို အောက်ဆုံးပါ။ ကံကောင်းတာတစ်ခုက ရန်ထျန်တုန်းမှာ သူနဲ့အဆင့်တူတဲ့ ရွှင်ချန်အန်းတစ်ယောက် ရှိနေပါသေးတယ်။
ဝူတောက်ကျန့်က ရုတ်တရက် မေးလိုက်ပါတယ် “သခင်... ကျွန်မကိုလည်း ဘယ်အချိန်ကျမှ တပည့်တစ်ယောက် စီစဉ်ပေးမှာလဲ” ဝူတောက်ကျန့်ကို တပည့်တစ်ယောက်ကို ဂရုစိုက်ရတာက ပျော်စရာကောင်းလိမ့်မယ်လို့ ခံစားလိုက်ရပါတယ်။
“မင်းက ယောက်ျားလေး တပည့် လိုချင်တာလား၊ မိန်းကလေး တပည့် လိုချင်တာလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဝူတောက်ကျန့်က ရယ်မောလိုက်ပါတယ် “ခစ်..ခစ်... မိန်းကလေးတပည့်ပေါ့၊ သခင်မှာ ယောက်ျားလေး တပည့်တွေ အများကြီး ရှိတယ်၊ သူတို့ကို ကြည့်ရမြင်ရတာ ရိုးလာပြီ၊ ဒါပေမဲ့ မိန်းကလေးတပည့်က တစ်ယောက်ပဲ ရှိသေးတယ်၊ ရှိတဲ့လင်းအာကလည်း ကျင့်ကြံခြင်းကိုပဲ ဂရုစိုက်နေတယ်၊ ကျွန်မနဲ့ စကားမပြောချင်ဘူး”
“မင်းလည်း ကျင့်ကြံအားထုတ်လေ၊ ဘာလို့ စကားပြောချင်နေတာလဲ”
“ကျွန်မပြောတာ အဲဒီအဓိပ္ပာယ် မဟုတ်ဘူး၊ ကျွန်မ ပြောချင်တာက...”
“တော်ပြီ... မင်း ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရင် ထပ်ပြောကြတာပေါ့”
ဝူတောက်ကျန့်ဟာ နှုတ်ခမ်းမဲ့လိုက်ပြီး အထင်လွဲခံရသလို ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ရဲ့ စိတ်မချမ်းမသာ ဖြစ်သွားတဲ့ မျက်နှာလေးကို မြင်ရတာ သဘောကျပါတယ်။ ဝူတောက်ကျန့်ဟာ ရေခဲနတ်ဘုရားမလိုမျိုး မျက်နှာရှိတာကြောင့် အထင်လွဲခံရတဲ့ မိန်းမငယ်လေးတစ်ယောက်လိုမျိုး ပြုမူတဲ့အခါ တော်တော်လေး ချစ်စရာ ကောင်းပါတယ်။
“နောက်မိန်းကလေး တပည့်ကျရင် မင်းကို ပေးမယ်”
“သခင်ကို ကျေးဇူးတင်ပါတယ်” ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ ပျော်ရွှင်စွာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကိုကြည့်ပြီး ကလေးတစ်ယောက်ကို စနောက်နေသလိုမျိုး ခံစားလိုက်ရပါတယ် ‘ဟင်း... ငါတောင် အသက်ကြီးလာပါပြီလား’ အကြောင်းအရင်း တစ်ချို့ကြောင့် ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အရင်လောက် အသည်းမမာတော့ဘူးလို့ ခံစားလိုက်ရပါတယ် ‘မဖြစ်သေးဘူး... ငါ့တာအိုနှလုံးသားကို ခိုင်ခံ့အောင် လုပ်ရမယ်’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ကျိန်စာတိုက်ပါတော့တယ်။
သုံးနှစ်ကြာပြီးနောက်။
ဖန်းလျန် ပြန်ရောက်လာပြီး ဟန်ကျွယ်ဆီ အလောတကြီး လာလည်ပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်ရှေ့ရှောက်တဲ့အခါ ဒူးထောက်ချပြီး အရင်ဆုံး ဦးညွှတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ သူနဲ့ နတ်ဆိုးမျိုးနွယ်စုက သူတော်စင်မရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါတယ်။
အကြောင်းအရင်းတစ်ချို့ကြောင့် ဖန်းလျန်ဟာ သောင်ပေါ်တင်နေတဲ့ ငါးတစ်ကောင်ကို တွေ့ခဲ့ရပါတယ်။ ဖန်းလျန်ဟာ အဲဒီငါးကို မြစ်ထဲ လွှတ်ပေးခဲ့ပါတယ်။ ဖန်းလျန်ဟာ သူရဲ့အပြုအမူက နတ်ဆိုးသူတော်စင်မရဲ့ မျက်နှာသာပေးမှုကို ရရှိလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။
နတ်ဆိုးသူတော်စင်မှာ ရန်သူနဲ့ တိုက်ခိုက်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာတာကြောင့် ငါးယောင်ဆောင်ပြီး ပုန်းနေတာ ဖြစ်ပါတယ်။
ဖန်းလျန်ဟာ သူကယ်လိုက်တဲ့ငါးက သူ့နောက်ကို လိုက်ချင်တာ မြင်တဲ့အတွက် ကရုဏာသက်သွားပြီး ဝါးခြင်းတောင်းထဲ ထည့်လိုက်ပါတယ်။ အဲဒီနောက် ငါးက သာမန်ထက်ထူးခြားနေပြီး ဒဏ်ရာရထားတာကို တွေ့လိုက်ရတဲ့အတွက် ဖန်းလျန်ဟာ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုပြီး ကုသပေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ အကြောင်းကို စိတ်ဝင်တစား နားထောင်ပါတယ်။
ဖန်းလျန်က စိုးရိမ်စွာနဲ့ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ကျွန်တော် သူ့ကို လက်ထပ်လို့ရမလား”
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “မင်း သူ့ကို ကြိုက်ရင် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ မိန်းမတစ်ယောက်ကြောင့် မင်းရဲ့ကျင့်ကြံမှုကိုတော့ မနှောင့်နှေးစေနဲ့၊ မင်း ရည်ရွယ်ချက်က အမတဖြစ်လာဖို့ပဲ၊ သေမျိုးတစ်ယောက်လို နေထိုင်ဖို့ မဟုတ်ဘူး”
ဖန်းလျန်ဟာ စိတ်သက်သာရာ ရသွားပါတယ် “ကျွန်တော် နားလည်ပါပြီ”
တကယ်တော့ ဖန်းလျန်လည်း နည်းနည်း ရှုပ်ထွေးနေပါတယ်။ ဒါပေမဲ့ ပထမဆုံးအချစ်စစ်မို့ ဖန်းလျန်ဟာ ဝေခွဲမရ ဖြစ်နေတာပါ။ အကြောင်းအရင်းတစ်ချို့ကြောင့် ဖန်းလျန်ဟာ လက်ထပ်ပြီး ကလေးယူတာက သူလိုချင်တဲ့ ဘဝမဟုတ်ဘူးလို့ ခံစားနေရပါတယ်။ ဖန်းလျန်ရဲ့ ပန်းတိုင်က ဟန်ကျွယ်ပါ။ ဟန်ကျွယ်လိုမျိုး နေထိုင်ပြီး ဟန်ကျွယ်လိုမျိုး စွမ်းအားကြီးချင်တာပါ။
ဖန်းလျန် ထွက်သွားပြီးနောက် ဟန်ကျွယ်ဟာ ဒီအကြောင်းကို ဆက်မတွေးပါဘူး။ ဟန်ကျွယ် အမြင်မှာတော့ ဒီအချစ်ရေးက ဖန်းလျန်ရင်ဆိုင်ရမဲ့ ကပ်ဘေးတစ်ခုလို့ ယူဆထားပါတယ်။ ဖန်းလျန်သာ သေမျိုးကမ္ဘာကို ထိုးဖောက်မမြင်နိုင်ရင် မဟာတာအိုကိုလည်း မြင်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်လည်း မချစ်ခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဘဝဟောင်းတုန်းက ချစ်ကြိုက်ခဲ့ဖူးပါတယ်။ ပျော်ရွှင်ခဲ့ဖူးပါတယ်။ ဝမ်းနည်းကြွေကွဲခဲ့ဖူးပါတယ်။
ယောက်ျားလေး မိန်းကလေး အတူနေရင် ပြဿနာပေါင်း သောင်းခြောက်ထောင်က ဖိတ်ခေါ်စရာမလိုဘဲ အလိုလို ရောက်လာမှာပါ။
ပြန်လည်မွေးဖွားခြင်း မြေအမတအဆင့်ကို ရောက်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်လက် ကျင့်ကြံအားထုတ်ပြီး ကောင်းကင်အမတအဆင့်ကို အမြန်ဆုံး ထိုးဖောက်နိုင်အောင် ကြိုးစားပါတယ်။
ကျန်းကူရှင်းရဲ့ စကားအရ သေမျိုးကမ္ဘာကို ရှင်းလင်းဖို့ ကောင်းကင်အမတတစ်ပါး ပေါ်လာနိုင်ပါတယ်။ ဟန်ကျွယ်ဟာ မြေအမတအဆင့်ပဲ ရှိသေးတာကြောင့် လုံခြုံမှုမရှိသေးပါဘူး။
ဟန်ကျွယ်က ဂူအောင်းကျင့်ကြံနေတုန်း ကျင့်ကြံခြင်းလောကမှာတော့ သူရဲကောင်းတွေနဲ့ ပျားပန်းခပ်မျှ လှုပ်ရှားနေပါတယ်။ ကောင်းကင်အမတစံအိမ်က ဂျိရှင်းရှန်ဟာ လက်ဝဲကျင့်ကြံသူတွေကို နေရာတိုင်းမှာ လိုက်နှိမ်နင်းပြီး မြင့်မြတ်နယ်မြေတွေက ထိပ်သီးပုဂ္ဂိုလ်တွေကို တစ်ချိန်တည်းမှာ စိန်ခေါ် တိုက်ခိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ တိုက်ပါဲတိုင်းမှာ တစ်ခါမှာ မရှုံးတာကြောင့် ပြိုင်ဘက်ကင်း နာမည်နဲ့ ကျော်ကြားလာပါတယ်။
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက သက်ပြင်းချလိုက်ပါတယ် “ပါရမီရှင်တွေက အမတလိုမျိုး ဖြစ်သင့်တယ်”
ဒီစကားကြောင့် တစ်ခြားပါရမီရှင်တွေလည်း ဂျိရှင်းရှန်လိုမျိုး လိုက်လုပ်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ လောကမှာရှိတဲ့ ဂိုဏ်းအသီးသီး ပါရမီရှင်အသီးအသီးရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရပါတော့တယ်။
ယွီဂျင်ဂိုဏ်းတော်ကြီးလည်း ပါရမီရှင်တွေရဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်ခဲ့ပါတယ်။
ရှောင်ယောင်ဟာ သူ့ရဲ့ကြီမားတဲ့ စွမ်းအားကို အသုံးပြုပြီး ပါရမီရှင်အချို့ကို ဖိနှိပ်ခဲ့ပါတယ်။ ဒီအိုမင်းနေတဲ့ မျက်မမြင်အဘိုးကြီးက လွန်ခဲ့နှစ်ပေါင်းငါးထောင်တုန်းက ကောင်းကင်အမတစံအိမ်ရဲ့ နံပါတ်တစ်ပါရမီဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်လှပါတယ်။
ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားပြီး ခုနစ်နှစ် ကြာသွားပါတယ်။
ဂျိရှင်းရှန် ထပ်ရောက်လာပါတယ်။
“တာအိုရောင်းရင်းကွမ်း... ထွက်တွေ့ပါအုန်း၊ ဒီတစ်ခါက တိုက်ခိုက်ဖို့ မဟုတ်ပါဘူး၊ အခွင့်အရေးကောင်းတစ်ခုကို မျှဝေချင်လို့ပါ”
ဂျိရှင်းရှန်ရဲ့ လေသံဟာ အနည်းငယ် ကောင်းနေတာကြောင့် စိတ်ကောင်းဝင်နေမှန်း သိသာလှပါတယ်။
ဒီတစ်ခါမှာလည်း အရင်တုန်းက တောအုပ်မှာပါပဲ။
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အခါ ဟန်ကျွယ်ကို ထိုးဖောက်မမြင်နိုင်သေးပါဘူး ‘ဒီကောင်က ဘယ်လောက်ထိတောင် စွမ်းအားကြီးတာလဲ’
ဂျိရှင်းရှန်ဟာ စိတ်ထဲမှာ ကြိမ်းမောင်းလိုက်ပါတယ်။ ဂျိရှင်းရှန်ဟာ အခုဆိုရင် ကောင်းကင်ဘုံဝင် အဋ္ဌမအဆင့်ကို ရောက်နေပြီး မိုးပြာမိုးကြိုး အဂ္ဂခန္ဓာကိုယ်ကို ကျင့်ကြံပြီးတာတောင် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကို မမြင်နိုင်သေးပါဘူး။ ဒီတစ်ခါမှာတော့ ဂျိရှင်းရှန်ဟာ အရင်ကလို ဘဝမမြင့်တော့ပါဘူး။ မဟုတ်ရင် ထပ်ပြီးတော့ အရှက်ရအုန်းမှာပါ။
“ဘာကိစ္စလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
‘အခွင့်အရေး... မင်းက ငါ့ကို လက်ဆောင်ပေးမလို့လား’
‘ဒါမှမဟုတ် ငါ့ကို ဆရာသခင်အဖြစ် အသိအမှတ်ပြုမလို့လား’
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်က ပိုပိုပြီး ကြည့်ကောင်းလာတယ်လို့ ခံစားလိုက်ရပါတယ်။ လက်ဆောင်ပေးတဲ့လူမှန်သမျှဟာ ဟန်ကျွယ်အတွက်တော့ လူကောင်းတွေချည်းပါပဲ။
ဂျိရှင်းရှန်ဟာ ချောင်းတစ်ချက် ဆိုးလိုက်ပါတယ် “အဟွတ်... ကျုပ် အမတနတ်ဘုရားကို အိပ်မက်ထဲမှာ တွေ့ခဲ့တယ်၊ သူက အထက်ဘုံ ကောင်းကင်ရုံးတော်ရဲ့ ကောင်းကင်စစ်သူကြီးပဲ၊ သူက ကျုပ်ကို လက်ခံချင်နေတယ်၊ ဒီတစ်ခါ ကျုပ်ဘုံပျံတက်တာနဲ့ ကောင်းကင်ရုံးတော်ထဲကို ဝင်ခွင့်ရမှာ”
‘ဒါလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ဖြစ်သွားပါတယ်။
‘မင်းက ငါ့ကို ဒီကိစ္စ လာကြွားတာလား’
“တာအိုရောင်းရင်းရဲ့ အစွမ်းကလည်း မဆိုးဘူးဆိုတော့ ကျုပ်တို့တွေ အတူဘုံပျံတက်ကြရအောင်၊ အချိန်ကျလာရင် ကျုပ်တို့နှစ်ယောက်က ကောင်းကင်ရုံးတော်ရဲ့ စစ်နတ်ဘုရားနှစ်ပါး ဖြစ်လာမှာ၊ ဒီကိစ္စကို ဘယ်လိုသဘောရလဲ”
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မနိုင်တဲ့အတွက် ဗျူဟာပြောင်းပြီး မိတ်ဖွဲ့နေတာပါ။
ဟန်ကျွယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “မင်းက ကောင်းကင်ရုံးတော်ရဲ့ ခွေးလုပ်မလို့လား”
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ရဲ့စကားကြောင့် ရုတ်ခြည်းဆိုသလို မျက်နှာတစ်ခုလုံး မည်းမှောင်ထွက်သွားပါတယ် “ခင်ဗျားစကားက ဘာကိုဆိုလိုတာလဲ” ဂျိရှင်းရှန်ဟာ ရည်ရွယ်ချက်ကောင်းနဲ့ လာပေမဲ့ ဟန်ကျွယ် ကြိမ်းမောင်းတာကို ခံလိုက်ရပါတယ်။ ဟန်ကျွယ်ကို မနိုင်လို့သာ ဂျိရှင်းရှန်က ငြိမ်နေလိုက်တာပါ။ မဟုတ်ရင် တိုက်ခိုက်ပြီးပါပြီ။
“ကောင်းကင်ရုံးတော်က သေမျိုးကမ္ဘာကို ရှင်းလင်းမဲ့အကြောင်း မင်း မသိသေးဘူးလား၊ ကောင်းကင်အမတစံအိမ်ရဲ့ ပါရမီရှင်တစ်ယောက်အနေနဲ့ မင်းရဲ့မွေးရပ်မြေ မျိုးတုံးအောင် အသတ်ခံရမှာကို လက်ခံနိုင်လား” ဟန်ကျွယ်က တဲ့တိုးမေးလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ကောင်းကင်အမတစံအိမ်ဟာ အထက်ဘုံ စီနီယာတစ်ချို့ဆီကနေ သတင်းတစ်ချို့ ရရှိထားပါတယ်။ ဒီစီနီယာတွေက ကောင်းကင်အမတစံအိမ်ကနေ ဘုံပျံတက်သွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သူတို့က ကောင်းကင်အမတစံအိမ်ကို တက်နိုင်သလောက် အမြန်ဆုံး ဘုံပျံတက်ခိုင်းနေပါတယ်။
ဂျိရှင်းရှန်လည်း ဒီကိစ္စကို ကြားထားပါတယ်။ ဒါကြောင့် ကောင်းကင်စစ်သူကြီးရဲ့ ဖိတ်ခေါ်မှုကို ရရှိတဲ့အခါ ဂျိရှင်းရှန်ဟာ အလွန်ပျော်ရွှင်သွားပါတယ်။
“ကျုပ်က ဘာလုပ်ရမှာလဲ၊ ကောင်းကင်ရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ပြောင်းလဲလို့ရတာမှ မဟုတ်တာ” ဂျိရှင်းရှန်ဟာ ဒေါသကို ဖိနှိပ်ပြီး မေးလိုက်ပါတယ်။
ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ငါတို့လူသားမျိုးနွယ်စုကို ဖျက်ဆီးချင်ရင် ငါတို့လိုကျင့်ကြံသူတွေက ကောင်းကင်ရုံးတော်ကို ဖြုတ်ချပစ်မယ်၊ မင်းမှ ဒီလောက်လေးတောင် သတ္တိမရှိရင် ကောင်းကင်ရုံးတော်က မင်းကို ဘယ်လိုတွေးမလဲ”
“မင်းရဲ့ မွေးရပ်မြေ မျိုးတုံးသတ်ခံရတာကို မင်းက ဘာမှမဖြစ်သလို နေနေမယ်ဆိုရင် အဲဒီအမတတွေက မင်းကို ဘယ်လိုတွေးမလဲ”
ဂျိရှင်းရှန်ဟာ နှလုံးသားတစ်ခုလုံး မီးအပ်နဲ့ထိုးဆွခံရသလို ခံစားလိုက်ရပါတယ်။ ဂျိရှင်းရှန်ဟာ ပြိုင်ဘက်ကင်းနှလုံးသားနဲ့ မွေးဖွားလာသူ ဖြစ်တာကြောင့် ဟန်ကျွယ်ရဲ့စကားတွေက ဂျိရှင်းရှန်ရဲ့ မာနကို လှုပ်နိုးလိုက်ပါတယ်။
‘ငါက အစွမ်းဆုံး အမတနတ်ဘုရား ဖြစ်ချင်တာ၊ အခု ငါ့ဦးခေါင်းကို ညွှတ်လိုက်မယ်ဆိုရင် နောက်ကျ ဘယ်လိုလုပ်မလဲ... အမြဲတမ်း ခေါင်းငုံ့ထားရမလား’
ဂျိရှင်းရှန်ဟာ လက်သီးကို တင်းနေအောင်ဆုပ်ပြီး အံကြိတ်လိုက်ပါတယ် “ကျုပ်တို့နှစ်ယောက်တည်းနဲ့ ကောင်းကင်ရုံးတော်ကို ဖြတ်ချလို့ရပါ့မလား”
ဟန်ကျွယ်ဟာ တည်ငြိမ်စွာ ပြောလိုက်ပါတယ် “ငါတို့နှစ်ယောက်တည်းနဲ့ ကောင်းကင်ရုံးတော်ကို ဖြုတ်ချလို့မရဘူး၊ ဒါပေမဲ့ ကောင်းကင်ရုံးတော်ကို ငါတို့သေမျိုးကမ္ဘာဆီ စစ်တပ် မစေလွှတ်ရဲအောင် အစွမ်းပြလို့ရတယ်”
ဟန်ကျွယ်စကားက ဂျိရှင်းရှန်ရဲ့ သွေးတွေကို ဆူပွက်သွားစေပါတယ်။
‘ငါဘာလို့ ဒါကို မတွေးမိရတာလဲ’
‘ဒီအကြောင်းကြောင့် သူက ငါ့ထက် စွမ်းအားပိုကြီးတာလား’
[မိစ္ဆာနှိမ်နင်း ကောင်းကင်ဘုရင်သည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]
[ချွီရှင်းသည် သင့်အား မုန်းတီသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]
[စိတ်ဝိညာဉ် သိုင်းနတ်ဘုရားသည် သင့်အပေါ်တွင် အကောင်းမြင်စိတ် ရှိလာပါသည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]
[နတ်မျက်စိသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု:ကြယ်တစ်ပွင့်။]
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။