ယုံကြည်မှုမန္တာန်
Vol. 140 Ch. 1931
အမှောင်ထုအတွင်းမှ နေမင်းက မူလဥပဒေသစွမ်းအားကို ပေးစွမ်းနေသည်။ ထိုစွမ်းအားက ညအမှောင်ကို ဆုတ်ဖြဲစေနိုင်ကာ ဖော်ပြမစွမ်းသာသော အော်ရာတစ်ခု ပါဝင်၏။ ယင်းအော်ရာမှာ ဝမ်လင်း၏အပိုင် ဖြစ်၏။ အကြောင်းမှာ သူက ဒီမန္တာန်ကို ဖန်တီးခဲ့သူ ဖြစ်ခြင်းကြောင့်ပင်။
သို့ပေမည့်လည်း ယင်းအော်ရာက ဝမ်လင်း၏အပိုင် ဖြစ်နေလျှင်ပင် သူကိုယ်တိုင်သည်ပင် ၎င်းအော်ရာကို အတိအပ သေချာနားလည်ခြင်း မရှိသေးပေ။ သူက ထိုအော်ရာမှာ နေသာသောညနှင့် မူလဥပဒေသ၏ ရင်းမြစ် ဖြစ်သည်ဟုသာ ခံစားမိရုံသာ။ ၎င်းက ဝမ်လင်း၏ ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာခဲ့တာပင်။
ထိုယုံကြည်မှုက အမှောင်ထုညကို ဆုတ်ဖြဲဖွင့်လှစ်မည့် ယုံကြည်မှု၊ သာမန်ကနေ ချိုးဖျက်ထွက်မည့် ယုံကြည်မှု၊ ကောင်းကင်ကို ဖိဆန်မည့် စိတ်ဆန္ဒလည်း ဟုတ်၏။
အမှောင်ထုညကို ဆုတ်ဖြဲပစ်မည့် စွမ်းအားက သူ၏အစစ်အမှန် ဖိဆန်သော စိတ်ဆန္ဒပင်။
လူတစ်ယောက်သည် မိုးကောင်းကင်ကို ဖိဆန်သော စိတ်ဆန္ဒ မပိုင်ဆိုင်ပါက ဒီလိုမန္တာန်မျိုးကို ဖန်တီးနိုင်မည် မဟုတ်ပေ။
ဝမ်လင်းသည် အစဦးပိုင်းတုန်းက နားမလည်ခဲ့ပေ။ သို့သော် သူက နေမင်းအတွင်းရှိ အော်ရာကို တွေ့မြင်လိုက်ရသည့်နောက် သူ ဘာကြောင့် ဒီနေသာသောညမန္တာန်ကို ဖန်တီးနိုင်ခဲ့ခြင်းအကြောင်းအား ခပ်ရေးရေး သိမြင်နားလည်လာ၏။
အကြောင်းမှာ လီမူဝမ်ကို လက်မလွှတ်ချင်သော သူ၏ စိတ်ဆန္ဒကြောင့်ပင်။ သူက လောက၏ ညအမှောင်ကို ဆုတ်ဖြဲပစ်လေမည်။ လီမူဝမ်အတွက် သူက ထိုသို့ လုပ်ဆောင်မည် ဖြစ်၍ ညအမှောင်က သူ့အမြင်ကို ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။
ဤသည်ကား နေသာသောညမန္တာန်ပင်။
ထိုမန္တာန်ကို ဝမ်လင်းက လီမူဝမ်အတွက် ဖန်တီးခဲ့ခြင်း ဖြစ်၏။ ထိုမန္တာန်သည် လီမူဝမ်နှင့် မည်သို့မျှ မသက်ဆိုင်နေလျှင်ပင် ဝမ်လင်း၏ စိတ်နှလုံးသား၊ စိတ်ဆန္ဒ၊ စူးနစ်မှု၊ ဇွဲတို့က သူ ပထမဆုံးဖန်တီးခဲ့သော ဒီမန္တာန်၌ ထင်ရှားစွာ ခင်းကျင်းပေါ်လွင်နေ၏။
သူက နေမင်းအတွင်း၌ ဒီအခိုက်မှာ သူ၏ ဝမ်အာအကြောင်း တွေးမိသွားသည်။
လူများကို ဆန့်ကျင်၍၊ သားရဲများကို ဆန့်ကျင်၍၊ မြေပြင်နှင့်မိုးကောင်းကင်ကို ဆန့်ကျင်၍ ဟင်းလင်းပြင်ကို ဆန့်ကျင်၍၊ အရာအားလုံးကို ဆန့်ကျင်၍၊ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေကို ဆန့်ကျင်၍ တိုက်ခိုက်ခြင်း။ အရာအားလုံးသည် အမှောင်ထုည၊ ဝမ်လင်း လုပ်ဆောင်ခဲ့သမျှမှာ ပန်းတိုင်တစ်ခုအတွက်သာ ဖြစ်ချေ၏။
သူ၏အမြင်တွင် ဖုံးလွှမ်းထားသော အမှောင်ထုအလွှာအထပ်ထပ်ကို ဆုတ်ဖြဲဖွင့်လှစ်ဖို့၊ ညအမှောင်နောက်၏ အလင်းကို ရှာဖွေဖို့။
ဤသည်ကား နေသာသောညပင်။
ဝမ်လင်းသည် အရင်က နားမလည်ခဲ့ပေ။ သူ့ဟာသူ စိတ်ရှုပ်ထွေးနေခဲ့ဖူးသည်။ သို့ပေမည့်လည်း ခုချိန်၌ စိတ်ဝိညာဉ်ချပ်ဝတ်နှင့် သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်တို့၏ အကူအညီကြောင့် သူက နေသာသောညမန္တာန်ကို အသုံးပြုလိုက်သည့်နောက်တွင် ဤသည်ကို အနည်းငယ် နားလည်သဘောပေါက် လာခဲ့ပေပြီ။
ထိုမန္တာန်က သူ ပထမဆုံးဖန်တီးခဲ့ခြင်း ဖြစ်၏။ သူ၏ကိုယ်ပိုင် ယုံကြည်မှု ပါဝင်သော တခုတည်းသောမန္တာန်ဖြစ်၏။
ထိုမန္တာန်သည် သူ၏ခန္ဓာ၊ သူ့ဘဝ၊ သူ့ယုံကြည်မှုတို့ဖြင့် လုံးဝ ပေါင်းစပ်ထားသည်။ ဝမ်လင်းသည် ထိုသို့သော မန္တာန်က မည်သည့်အမျိုးအစား ဖြစ်သည်ကိုမူ မသိပေ။ သို့သော် ကျန်းတောက်ကျုံးနှင့် တခြားသူများကမူ သိကြ၏။
လောက၌ ပင်လယ် မြင့်တင်လာသည့်အခါ အကွာအဝေးတစ်ခု၌ နေမင်း ပေါ်လာ၏။ လူတိုင်းသည် အမှောင်ထုအတွင်းရှိ တခုတည်းသောအလင်းကို အာရုံစိုက်မိကုန်သည်။
ထိုနေမင်း ပေါ်လာကာ ရှင်းပြ၍ဖော်ပြ၍ မရသော အော်ရာ ပျံလွင့်လာသည့်အခါ၌ ကျန်းတောက်ကျုံး၏ အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်က တုန်ယင်ကာ သူ့မျက်လုံးထဲတွင် မယုံကြည်မှုတို့ ပြည့်နှက်သည်။ သည်နေမင်းနှင့်အော်ရာ ထွက်ပေါ်လာမှုက သူ့စိတ်ကို မိုးကြိုးထောင်ပေါင်းများစွာ ပစ်ချသကဲ့သို့ တုန်ဟိန်းသွားမိစေသည်။
“ဒါ…ဒီအော်ရာက…” ကျန်းတောက်ကျုံး၏ မျက်နှာက သွေးရောင်ကင်းမဲ့ကာ ချက်ခြင်း ဖြူရောသွားသည်။ သူ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု ပြည့်လာ၏။
အဘိုးအိုကျိုးလည်း ရှိသေး၏။ သူက နေမင်းကို စိုက်ကြည့်ကာ ၎င်းအတွင်းရှိ ဝိုးတဝါးအော်ရာကို ခံစားမိသည်ပင်။ သူက အသက်ရှုဖို့ပင် မေ့သွားခဲ့သည်။ တစုံတစ်ယောက်က ကောင်းကင်ဘုံနွားထီးကုန်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံး ညတွင်းချင်း သေဆုံးသွားပြီဟု ပြောလာခဲ့လျှင်ပင် သူသည် ခုလောက်ထိ တုန်လှုပ်ကြောက်ရွှံ့မိလိမ့်မည် မဟုတ်ပေ။
“ဒါ…ဒါ မဖြစ်နိုင်ဘူး။ သူဟာ ပြန်လည်မွေးဖွားတဲ့သူသာ မဟုတ်ရင်…ဒါ မဖြစ်နိုင်ဘူးမလား…”
လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးနှစ်ယောက်သည် ကြောက်မက်ဖွယ်ထိုအော်ရာကို ခံစားမိကြ၏။ သို့သော်လည်း သူတို့က အသိစိတ်လွတ်မသွားပေ။ အကြောင်းမှာ သူတို့က ထိုအော်ရာက မည်သည်ကို ကိုယ်စားပြုမှန်း နားမလည်သောကြောင့်ပင်။
သူတို့က နားမလည်ကြပေ။ သို့သော် အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်ကမူ ထိုနေမင်းကို တွေ့သည့်အခါ သူတို့၏အမူအရာများက လွန်စွာ ရုပ်စိုးသွား၏။ သူတို့၏စိတ်နှလုံးအတွင်း၌ အလွန်တရာ ကြောက်ရွှံ့ခြင်း ဖြစ်ပေါ်သည်။
“ဒါဟာ ယုံကြည်မှုမန္တာန်ပဲ။ မန္တာန်အားလုံးနဲ့ တာအိုမန္တာန်အားလုံးက သာလွန်တဲ့ မဟာအင်ပါယာတွေသာ ထုတ်ဖော်အသုံးပြုနိုင်တဲ့ ယုံကြည်မှုမန္တာန်ပဲ…”
“ဒါဟာ ယုံကြည်မှု မန္တာန်ဖြစ်တာ ကျိန်းသေတယ်။ နေမင်းထဲမှာ လုံလောက်တဲ့ ယုံကြည်မှု ပါဝင်သွားတာနဲ့ ဒါဟာ အသန်မာဆုံးမန္တာန်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒီလိုမန္တာန်ကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တာအိုမန္တာန်တွေထက် အများကြီး ပိုခက်ခဲတယ်…”
“မဟာအင်ပါယာကိုးပါးကသာ ဒီယုံကြည်မှုမန္တာန်တွေကို အသုံးပြုနိုင်ကြတာ။ ပြောကြတာကတော့ ယုံကြည်မှုမန္တာန်တွေဟာ အမွေဆက်ခံလို့ မရဘူး။ ယုံကြည်မှုမန္တာန်တိုင်းဟာ မဟာအင်ပါယာတွေ သူတို့ကိုယ်တိုင်သာ ဖန်တီးခဲ့ကြတာ ဖြစ်တယ်တဲ့…”
“သူက ဘယ်သူလဲ။ သူက ဘာကြောင့် ယုံကြည်မှုမန္တာန်ကို အသုံးပြုနိုင်နေတာလဲ။ ဒီယုံကြည်မှုဟာ အစွမ်းမထက်လွန်းနေပေမဲ့ တည်ရှိနေတယ်…”
ယုံကြည်မှုမန္တာန်များသည် တာအိုမန္တာန်များ၏အထက်တွင် ရှိ၏။ ယင်းတို့၏စွမ်းအားကို ဖော်ပြ၍ မရနိုင်ပေ။ ထိုမန္တာန်များသည် ယုံကြည်မှုသာ လို၏။ မီးအနှစ်သာရကဲ့သို့ စိတ်ဆန္ဒတစ်ခု မဟုတ်ပေ။ လူတစ်ယောက်၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် စူးနစ်ဇွဲသန်မှုတို့ကနေသာ ဖြစ်ပေါ်လာနိုင်သော မန္တာန် ဖြစ်သည်။ ၎င်းကို နယ်ပယ်များ၏ နောက်ဆုံးဆင့်ကဲတိုးတက်မှုဟုပင် ယူဆနိုင်သည်။
စိတ်ဆန္ဒနှင့် ယုံကြည်မှုက လုံးဝ ခြားနား၏။ လူတစ်ယောက်၏ စိတ်ဆန္ဒက လုံလောက်အောင် အားကောင်းလွန်းလာပြီးနောက်မှသာ ယုံကြည်မှုဆိုတာ ဖြစ်လာနိုင်၏။ စူးနစ်စွာယုံကြည်မှုကား မည်သည့်အခါမျှ နောက်တွန့်မည့်အရာ မဟုတ်လေပေ။
ထိုယုံကြည်မှုသည် အပူဇော်ခံမီးတောက်များလည်း မဟုတ်ပေ။ လူတစ်ယောက်၏ ခိုင်မာသော ယုံကြည်ချက်သာ ဖြစ်သည်။
နယ်ပယ်၊ အနှစ်သာရ၊ ယုံကြည်မှု။
နယ်ပယ်တစ်ခုက ၎င်း၏အကန့်အသတ်သို့ ရောက်သွားသည်နှင့် သက်ဆိုင်သော အနှစ်သာရ ပေါ်လာသည်။ အနှစ်သာရတစ်ခု အကန့်အသတ်သို့ ရောက်သွားသည့်နောက် ၎င်းက အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ် ဖြစ်လာလိမ့်မည်။ အနှစ်သာရအစစ်အမှန်ခန္ဓာကိုယ်သည် စိတ်ဆန္ဒ ပါဝင်လာခဲ့ပါက ၎င်းသည် အစစ်အမှန်စိတ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲလိမ့်မည်ပင်။
၎င်းကို အစစ်အမှန်စိတ်ဝိညာဉ်ဟု ခေါ်တွင်ရသည့်အကြောင်းရင်းမှာ ၎င်းက စိတ်ဆန္ဒတစ်ခုသာ ဖြစ်သော်လည်း ထပ်မံ ပြောင်းလဲဖို့ အလွန်အမင်း ခက်ခဲသောကြောင့်ပင်။ ၎င်းက ပြီးပြည့်စုံခြင်းသို့ ရောက်ပါက ယုံကြည်မှုကို မွေးဖွားပေးလိမ့်မည်။
မန္တာန်များ၊ တာအိုမန္တာန်များ၊ ယုံကြည်မှုမန္တာန်များ။
သည်မတူညီသော မန္တာန်အမျိုးစားသုံးခုသည် နယ်ပယ်များ၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နှစ်ခုပင်။ မန္တာန်များက နယ်ပယ်များနှင့် ပတ်သတ်၏။ တာအိုမန္တာန်များက အနှစ်သာရများနှင့် ဆက်နွှယ်၏။ ယုံကြည်မှုမန္တာန်များက ယုံကြည်မှုနှင့် ဆက်နွှယ်၏။
သို့ပေမည့် ထိုနောက်ဆုံးအဆင့်၊ ယုံကြည်မှုဟူသော အဆင့်ကား မဟာအင်ပါယာကိုးပါးကသာ ရောက်နိုင်သော အရာပင်။ သူတို့အောက်မှ လူတိုင်းက သူတို့ကို မော်ကြည့်ရသူများပင်။
နေသာသောညမန္တာန်ကား ဝမ်လင်းဖန်တီးထားသော မန္တာန်ဖြစ်၏။ ၎င်းထံ၌ အမှောင်ထုကို ဆုတ်ဖြဲ ဖြတ်သန်းသည့် သူ့ဘဝ ပါဝင်သည်။
မဟာအင်ပါယာများသည် မန္တာန်များကို အထည်ဒြပ်အဖြစ်သို့ ပြောင်းလဲနိုင်သည့် အကြောင်းရင်းမှာ သူတို့၏ အစွမ်းထက်လှသော ယုံကြည်မှုက ဗလာကနေ တစုံတစ်ခုကို ဖန်တီးနိုင်သောကြောင့်တည်း။
ဗလာကနေ တစုံတစ်ခုကို ဖန်တီးခြင်းက မဟာအင်ပါယာမန္တာန်များ၏ ဇာစ်မြစ် ဖြစ်၏။
ဝမ်လင်းက မြေအောက်၌ မျက်လုံးမှိတ်ထားသော်လည်း အပြင်ဘက်ရှိ အရာအားလုံးကို မြင်နိုင်နေပေသည်။ သည်အခိုက်၌ သူက နေမင်းအဖြစ် ပြန်မွေးဖွားလေသည့်အလား။ သူက အောက်ဘက်မှ ပင်လယ်ကို ကြည့်ကာ လူတိုင်း၏ ကြောက်လန့်တကြား အကြည့်များကို မြင်နေရသည်။
“မင်းတို့အားလုံးက ညအမှောင်ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ငါ ယုံတယ်…”
“မင်းတို့အားလုံးဟာ ငါ့ကို ရပ်တန့်ဖို့ ကြိုးစားနေကြတာလို့ ငါ ယုံတယ်…”
“နေမင်း မြင့်တက်လာတာနဲ့ မင်းတို့အားလုံးဟာ အမှောင်ညနဲ့အတူ လွင့်ကွယ်ပျောက်သွားလိမ့်မယ်လို့ ငါ ယုံတယ်…”
“အမှောင်ညာပြီးတဲ့နောက် ငါ နှစ်ပေါင်းထောင်ချီ ရှာဖွေနေတဲ့ အလင်း ရောက်လာလိမ့်မယ်လို့ ငါ ယုံတယ်…”
“ဒီအလင်းဟာ ကျိန်းသေပေါက် တည်ရှိတယ်လို့ ငါ ယုံကြည်တယ်…”
“ငါ့ဆံပင်ဟာ အနက်ရောင်ဆက်မဟုတ်တော့ဘူး။ ဒီညက ဆံပင်အနက်ရောင် ငါ့ကို ပေးစွမ်းတယ်။ ဒါပေမဲ့ ဒါက အလင်းရောင်ကို ကိုယ်စားပြုတာပဲ…”
“ငါ့မျက်လုံးဟာ အနက်ရောင်မဟုတ်တော့ဘူး။ ငါ့မျက်လုံးနှစ်လုံးထဲမှာ အတားအဆီးလို စည်းမျဉ်းနဲ့အတူ မီးနဲ့မိုးကြိုး ပါဝင်တယ်…။ ညအမှောင်ဟာ ငါ့မျက်လုံးတွေကို အနက်ရောင် ဖြစ်စေတယ်။ ဒါပေမဲ့ မီးဟာ ညအမှောင်ကို လောင်ကျွမ်းတယ်။ မိုးကြိုးက ညအမှောင်ကို လင်းလက်စေတယ်။ အတားအဆီးဟာ စည်းမျဉ်းတွေကို ချိုးဖျက်တယ်။ အလင်းကို မြင်ရဖို့ ငါ့မျက်လုံးတွေကို အသုံးပြုမယ်…”
ဝမ်လင်း၏အသံသည် နေသာသောညက ဖန်တီးထားသည့် ပင်လယ်တခွင်တွင် ပဲ့တင်ထပ်သည်။ ထိုစကားလုံးများက တမန်တော်လေးယောက်၊ ကျန်းတောက်ကျုံး၊ အဘိုးအိုကျိုးနှင့် လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးနှစ်ယောက်ပေါ်သို့ ကျရောက်သွား၏။ သူတို့၏ စကားလုံးတို့က အတိတ်တုန်းက တာအိုကျမ်းစာများကဲ့သို့ပင်။ သို့သော်လည်း ခုချိန်၌ သည်စကားလုံးများထဲတွင် ဝမ်လင်း၏ယုံကြည်မှု ပါဝင်သည်။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူ မျက်လုံးဖွင့်လာသည်နှင့် ပင်လယ်၏အစွန်းအဖျားရှိ နေမင်းက တလျှံလျှံတောက်ပသောအလင်းကို ထုတ်လွှတ်လာသည်။ ထိုအလင်းက အဆုံးမဲ့လေသည့်အလား ပျံ့လွင့်သည်။ ၎င်းက ဝမ်လင်း၏ယုံကြည်မှု ပါဝင်သည်။ ၎င်းက အမှောင်ထုကို ရှင်းလင်းသုတ်သင်ကာ အလင်း၏ယုံကြည်မှုကို ရှာဖွေသည်။
ဤသည်မှာ လီမူဝမ် ပြန်နိုးထလာနိုင်ဖို့ အမှောင်ထုကို ဆုတ်ဖြဲဖွင့်လှစ်ပြီး ကောင်းကင်ဘုံကို ဖိဆန်မည့် ယုံကြည်မှုပင်။
ကောင်းကင်ထက်ရှိ အမှောင်ထုသည် သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ ပင်လယ်မှာလည်း အလားတူ ကွယ်ပျောက်သွားသည်။ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်၏ မူလစိတ်ဝိညာဉ်များလည်း ပျောက်ကွယ်သွားသည်။ မည်သည့်ထိတ်လန့်နာကျင်စွာ အော်သံဟစ်သံမျှ မထွက်ပေါ်ပေ။ သူတို့က အလင်းဓာတ် အမှောင်ထုကို ဖယ်ရှားသည့်အချိန်၌ လိုက်ပါပျောက်ကွယ်သွားကြရုံသာ။ သူတို့၏မူလစိတ်ဝိညာဉ်များသည် ဖျက်စီးခံလိုက်ရချိန်၌ပင် သူတို့က ပြုံးနေကြသည်။
အဘိုးအိုကျိုးက တုန်ယင်ကာ သူ၏ခန္ဓာကိုယ်သည် အမှောင်ထုနှင့်အတူ ဆုတ်ဖြဲခံရသည်။ သူ၏မူလစိတ်ဝိညာဉ်က တုန်ယင်နေ၏။ သူက ညအမှောင်တွင် ရုန်းကန်အော်ဟစ်သည်။
သူက လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ခုလိုမျိုး မသေချင်ပေ။ သူ့ထံ၌ အစိမ်းရောင်မိစ္ဆာကုန်းမြေတွင် အမှီအခိုကင်းသော သူ့ကိုယ်ပွား ရှိနေလျှင်ပင်၊ ထိုကိုယ်ပွားကြောင့် သူ့မူလခန္ဓာကိုယ် အမှန်တကယ် အသတ်ခံရခြင်းကနေ ကာကွယ်ပေးနေလျှင်ပင် သူသည် လက်သင့်မခံနိုင် ဖြစ်နေဆဲပင်။
သို့သော် ယုံကြည်မှုမန္တာန်အောက်၌ သူ၏ရုန်းကန်မှုက သိပ်မကြာလိုက်ပါ။ ထို့နောက် သူက ပြုံး၍ မျက်လုံးမှိတ်ကာ လွင့်ပျောက်သွားတော့သည်။
ကျန်းတောက်ကျုံးကမူ သူ၏ကျင့်ကြံမှုအဆင့်သည် အဘိုးအိုကျိုးထက် အနည်းငယ်ပို မြင့်မားပေ၏။ သူမ၏ခန္ဓာကိုယ်က ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်က နောက်သို့ အော်ဟစ်ကာ ဆုတ်၏။ သူက ခပ်ဖျော့ဖျော့အလင်း ပေးစွမ်းသော ကျောက်စိမ်းပြားတစ်ခုကို ထွေးထုတ်လိုက်၏။ ၎င်းက သူ့ကို ခဏတဖြုတ် ကာကွယ်ပေးပြီးနောက် တစစီ ဖြစ်သွားချေသည်။
ကျန်းတောက်ကျုံး၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နေသည်။ သူက သူ့ဘဝတွင် ကိုယ်ပွားကို လုံးဝ မကျင့်ကြံခဲ့ပေ။ သူ့မူလစိတ်ဝိညာဉ်က ဝမ်လင်း၏ ယုံကြည်မှုမန္တာန်အောက်၌ စတင် လွင့်ကွယ်ပျောက်လာ၏။ သို့သော် ၎င်းက ဖျက်စီးမခံရသေးပေ။ သူက အလင်းလုံးအဖြစ် သိပ်သည်းကာ အကွာအဝေးတစ်ခုသို့ ပျံသန်းထွက်သည်။ သူသည် တဖြည်းဖြည်း အသိစိတ်ဆုံးရှုံးသွားပြီး လွတ်မြောက်နိုင်ရုံမျှ လွတ်မြောက်သွားသည်။
ကြေးမုံတစစီပျက်စီးသံလည်း ပဲ့တင်ထပ်၏။ အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက် ဖန်တီးထားသော ကြေးမုံက ပျက်စီးသွားက အစားထိုးထားသော အစိမ်းရောင်မိစ္ဆာကုန်းမြေမှာလည်း ပျောက်ကွယ်သွားသည်။
မြေပြင်ထုက တုန်ခါနေကာ အရာအားလုံးသည် ပုံမှန် ပြန်ဖြစ်သွား၏။ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ကတော့ ရှိနေဆဲပင်။ တမန်တော်လေးယောက်သည် သွေးအန်ထုတ်ကာ မြန်ဆန်စွာ နောက်ဆုတ်၏။ သူတို့ နောက်ဆုတ်နေကြစဉ် အနက်ရောင်ချပ်ဝတ်ဖြင့် ဝမ်လင်းက မြေပြင်ထဲမှ လှမ်းထွက်လာ၏။
သူ၏ဆံပင်ဖြူတို့က လေနှင့် တလွင့်လွင့် ဝဲနေ၏။ သူ၏ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ်အော်ရာတစ်ခုက ခြုံလွှမ်းပေးထားသည်။